အခန်း (၁၀၈၃)
Vol. 78 Ch. 1083
ဟန်မူယဲ့က လှံကျိုးကို ကိုင်ထားပြီး ခံစားချက်များနှင့်အတူ ညင်သာစွာ ခေါင်းခါလိုက်သည်။ ဤနေရာသည် မဟာတောရိုင်းကမ္ဘာ ဖြစ်သည်။
လှံကျိုးကို သန့်စင်ထားသော နည်းစနစ်သည် ရိုးရှင်းပြီး အစစ်အမှန်ဝိညာဉ်အင်းကွက် သုံးခုသာ ပါဝင်သည်။
သို့သော် လှံရှည်၏ မာကျောမှုကို အနာဂတ်၏ အဆင့်နိမ့်ဝိညာဉ်ရတနာများက ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။
ထို့အပြင် လှံရှည်သည် မဟာတောရိုင်းကမ္ဘာ၏ မျိုးနွယ်စုများကို ရောင်းချသော သာမန်လက်နက်တစ်ခုသာ ဖြစ်သည်။
‘ကျွမ်းကျင်သူတွေအတွက် ရည်ရွယ်ထားတဲ့ လက်နက်က ဘယ်လောင်တောင် အားကောင်းလိုက်မလဲ’
‘မဟာတောရိုင်းကမ္ဘာမှာ လူသားတွေက တိုးတက်လာတာ မထူးဆန်းတော့ပါဘူး’
အားကောင်းသော ပန်းပဲနည်းစနစ်ကို ပိုင်ဆိုင်ထားသည့် လူသားမျိုးနွယ်သည် တိုးတက်လာလိမ့်မည်။
“ကောင်းကင်တစ်သောင်းအင်မော်တယ်တိုင်းပြည်”
အာခီမီနှင့် ပန်းပဲပညာကို အားကိုး၍ တိုးတက်လာသော အံ့ဖွယ်ဝိညာဉ်တိုင်းပြည်က ထိုအဆင့်အထိ ရောက်နေလျှင် ကောင်းကင်တာအို၏ အထောက်အပံ့ကို ရရှိထားသော ကောင်းကင်တစ်သောင်းတိုင်းပြည်က မည်သို့ ဖြစ်နေမည်နည်း။
ကောင်းကင်တစ်သောင်းတိုင်းပြည်ကို အင်မော်တယ်ဘုရင်ချန်ယွမ်က ထိန်းချုပ်ထားခြင်း ဖြစ်နိုင်သည်။ သူက တိုင်းပြည်၏ ဧကရာဇ် ဖြစ်လိမ့်မည်။
အင်မော်တယ်ဘုရင်ချန်ယွမ်က မဟာတောရိုင်းကမ္ဘာတွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျင့်ကြံပြီး လွှမ်းမိုးနိုင်သော အင်အားစုတစ်ခုကို တည်ထောင်ခဲ့သည်။ သူက လေးနက်သောအစီအစဉ်ကို ချမှတ်ထားလိမ့်မည်။
ရွှေကျီးကလန်ကို အမဲလိုက်ပြီး ဖိနှိပ်နေခြင်းသည် ပထမခြေလှမ်းသာ ဖြစ်သည်။ သူက ရွှေကျီးကန်းမဟာနေမင်း၏ နတ်ဘုရားဝိညာဉ်ကို လိုချင်နေသည်။
ဟန်မူယဲ့က အပြင်ဘက်တွင်ရှိသော ကောင်းကင်တွင် တောက်ပနေသည့် နေမင်းကို လှမ်းကြည့်သည်။
နေရောင်ခြည်သည် နွေးထွေးနေသည်။
ထိုနေမင်းသည် ရွှေကျီးကန်း၏ နတ်ဘုရားဝိညာဉ် ဖြစ်သည်။
သို့သော် အင်မော်တယ်ဘုရင်ချန်ယွမ်က ကောင်းကင်ထက်တွင်ရှိသော နတ်ဘုရားဝိညာဉ်ကို ရယူရန် မတတ်နိုင်သေးပေ။
မဟာတောရိုင်းကမ္ဘာတွင် အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများ ရှိကြသည်။ သို့သော် သူတို့က ရွှေကျီးကန်းမဟာနေမင်းနှင့် မယှဉ်နိုင်ကြပေ။
“သွေးမျိုးဆက်အမွေအနှစ်ကို ဖြတ်တောက်ပြီး ရွှေကျီးကန်းမဟာနေမင်းရဲ့ နတ်ဘုရားဝိညာဉ်ကို လှုံ့ဆော်ချင်တာလား”
“တကယ်လို့ ရွှေကျီးကန်းက ကောင်းကင်ကနေ ပြုတ်ကျလာမယ်ဆိုရင် အင်မော်တယ်ဘုရင်ချန်ယွမ်က တိုက်ခိုက်ဖို့ အခွင့်အရေးရှိလိမ့်မယ်”
ဟန်မူယဲ့က ကောင်းကင်ကို ကြည့်နေပြီး တီးတိုးပြောသည်။
ထို့ကြောင့် အနာဂတ်တွင် ရွှေကျီးကလန်၏ အကြီးမားဆုံးရန်သူသည် ကောင်းကင်တစ်သောင်းတိုင်းပြည် ဖြစ်လာလိမ့်မည်။
အင်မော်တယ်ဘုရင်ချန်ယွမ်က မဟာတောရိုင်းကမ္ဘာတွင် နှစ်ပေါင်းများစွာကြာအောင် နေထိုင်ပြီး မရေမတွက်နိုင်သော ကျွမ်းကျင်သူများကို စုစည်းထားသည်။ ထိုကျွမ်းကျင်သူမျိုးနှင့် ရင်ဆိုင်ရမည်ဆိုလျှင် ထိတ်လန့်စရာကောင်းသည်။
ကံကောင်းစွာဖြင့် ဟန်မူယဲ့က အင်မော်တယ်ဘုရင်ချန်ယွမ်နှင့် ယှဉ်ပြိုင်ရန် မလိုအပ်ပေ။ မဟာနေမင်းရွှေကျီးကန်၏ ဝိညာဉ်ကို လိုအပ်နေသောလူက ယန်တင်းထျန် ဖြစ်သည်။
သို့သော် သူနှင့်ယန်တင်းထျန်က ပူးပေါင်းထားသောကြောင့် အဆုံးတွင် သူကလည်း အင်မော်တယ်ဘုရင်ချန်ယွမ်နှင့် ရင်ဆိုင်ရလိမ့်မည်။
ထိုအကြောင်းအရာများသည် ဝေးကွာနေသေးသည်။ ယခုအချိန်တွင် သူက ဟန်တောင်တန်းရွှေကျီးကလန်၏ ခွန်အားနှင့် ကိုယ်ပိုင်ခွန်အားကို မြှင့်တင်ရမည်။
မဟာတောရိုင်းကမ္ဘာကို အစစ်အမှန်ခန္ဓာကိုယ်ဖြင့်သာ ဝင်ရောက်နိုင်သည်။ အကယ်၍ သူက ဤနေရာတွင် ကျဆုံးသွားခဲ့လျှင် အမှန်တကယ် သေဆုံးသွားလိမ့်မည်။
ဟန်မူယဲ့က လက်ထဲတွင်ရှိသော လှံကျိုးကို ကြည့်လိုက်ပြီး ပြုံးသည်။
“ကလန်ရဲ့ခွန်အားကို ပြောင်းလဲကြတာပေါ့”
ရွှေရောင်မီးတောက်တစ်ခုသည် သူ့လက်ထဲတွင် ကခုန်နေသည်။
ရွှေကျီးကန်းမီးတောက် ဖြစ်သည်။ ဖီးနစ်ငှက်၏ မီးတောက်နှင့် အဆင့်တူသည်။
အံ့ဖွယ်ကောင်းကင် နတ်ဘုရားမီးတောက်ပင် ရွှေကျီးကန်းမီးတောက်နှင့် ယှဉ်လိုက်လျှင် အဆင့်နိမ့်နေသည်။
ရွှေရောင်မီးတောက်သည် လှံကျိုးကို ရစ်ပတ်လိုက်ပြီး ပြာချပစ်သည်။
လှံကျိုး၏ အစစ်အမှန်ဝိညာဉ်အင်းကွက်များသည် လွင့်မျောနေသော အလင်းတန်းနှင့်အတူ ကျန်ရှိနေသည်။
လှံထိပ်ဖျားက အပူရှိန်ကြောင့် နီရဲလာသည်။
ကျယ်ပြန့်သော တောရိုင်းကမ္ဘာသည် အဆုံးမရှိသော စွမ်းအားများကို သယ်ဆောင်ထားသည်။
ရင်းမြစ်စွမ်းအား ဖြစ်သည်။
အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်သူများ အရူးအမူးရှာဖွေနေသော ရင်းမြစ်စွမ်းအားသည် မဟာတောရိုင်းကမ္ဘာ၏ နေရာအနှံ့တွင် ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ထိုရင်းမြစ်စွမ်းအားက အစစ်အမှန် သို့မဟုတ် ပုံရိပ်ယောင် ဖြစ်နိုင်သည်။ သို့သော် ရွှေကျီးကန်းမီးတောက်၏ အကူအညီဖြင့် သူက ရင်းမြစ်စွမ်းအားကို စုပ်ယူပြီး လက်နက်သန့်စင်ရာတွင် အသုံးပြုနိုင်သည်။
မီးတောက်များက လှံထိပ်ဖျားကို ရစ်ပတ်လိုက်သည်။
အသက်ရှူကြိမ်တစ်ရာအကြာတွင် လှံထိပ်ဖျားက အရည်ပျော်သွားသည်။ လွင့်မျောနေသော အစစ်အမှန်ဝိညာဉ်အင်းကွက် သုံးခုကလည်း ပြိုကွဲလာသည်။
လှံထိပ်ဖျားသည် သတ္တုအရည်အဖြစ် ပြောင်းလဲသွားသည်။
လှံကျိုးတွင် သတ္တုအများအပြားကို ရောစပ်မထားပေ။ အစိမ်းရောင်နေမင်းသံမဏိသည် အဓိကပစ္စည်း ဖြစ်သည်။
ရွှေကျီးကန်းမီးတောက်က အညစ်အကြေးများကို ဖယ်ထုတ်လိုက်သည်။ ဟန်မူယဲ့၏ လက်ထဲတွင်ရှိသော သတ္တုအရည်က တစ်ပေရှည်လျားသော ဓားတိုတစ်လက်အဖြစ် ပြောင်းလဲသွားသည်။
မီးတောက်များက သူ့လက်ကို လွှမ်းခြုံလိုက်သည်။
သူ့ခန္ဓာကိုယ်ထဲတွင်ရှိသော အဆီအနှစ်ဝိညာဉ်က စွမ်းအားကို ထုတ်လွှတ်သည်။ မီးတောက်က အပ်ရှည်တစ်ချောင်းအဖြစ် စုစည်းသွားပြီး ဓားကိုယ်ထည်တွင် ဆက်တိုက် ရွေ့လျားနေသည်။
ရွှေရောင်ဝိညာဉ်အင်းကွက်များ ဖြစ်ပေါ်လာသည်။
ဟန်မူယဲ့က အစစ်အမှန်ဝိညာဉ်အင်းကွက်များကို သိပ်မသိပေ။
သို့သော် ဓားတိုတစ်လက်ကို ဖန်တီးရန် လုံလောက်သည်။
သူက အဆီအနှစ်ဝိညာဉ်၏ သတ္တမအဆင့်စွမ်းအားဖြင့် အင်းကွက်များကို ဓားတိုတွင် ရေးထိုးလိုက်ပြီး ထိပ်တန်းအဆင့်ဝိညာဉ်ရတနာကို ဖန်တီးခဲ့သည်။
သို့သော် မဟာတောရိုင်းကမ္ဘာတွင် ထိုလက်နက်မျိုးက သာမန်အဆင့်လက်နက်များထက် အနည်းငယ်သာ ပိုမိုသန်မာသည်။
သူတို့တွင် အသိစိတ်မရှိပေ။
သို့သော် ဓားတို၏ ကြံ့ခိုင်မှုနှင့် စွမ်းအားသည် ယခင်လှံထက် အဆတစ်ရာခန့် ပိုကောင်းလာသည်။
“ဓားက တစ်ပေနဲ့သုံးလက်မ ရှည်လျားပြီး နှစ်ပေါင်ခွဲလေးတယ်။ အစိမ်းရောင်နေမင်းသံမဏိကိုပဲ အသုံးပြုပြီး အံ့ဖွယ်နေမင်းကောင်းကင်ပေါင်းစပ်ခြင်း နည်းစနစ်နဲ့ သန့်စင်ထားတယ်”
“ကောင်းကင်နဲ့မြေကြီးရဲ့ မိုးကြိုးလျှပ်စီးစွမ်းအားကို လှုံ့ဆော်နိုင်ဖို့ အစစ်အမှန်ဝိညာဉ်အင်းကွက် ငါးခုကို ထည့်သွင်းထားတယ်”
ဟန်မူယဲ့က လက်ထဲတွင်ရှိသော တောက်ပနေသည့်ဓားတိုကို ကြည့်လိုက်ပြီး မိုးကြိုးနှင့် နေမင်းစွမ်းအားကို ခံစားကြည့်သည်။
“ဒီဓားက မဟာတောရိုင်းကမ္ဘာမှာ ငါသန့်စင်ခဲ့တဲ့ ပထမဆုံးလက်နက်ပဲ”
“ဒီဓားက ငါ့ရဲ့ ပြန်လည်မွေးဖွားခြင်းနဲ့ ဆင်တူတယ်။ ဒါကို အသက်ဓားလို့ခေါ်မယ်”
ဟန်မူယဲ့၏စကားကို အာရုံခံနိုင်သည့်အတိုင်း ဓားတိုက တုန်ခါသွားသည်။
ဟန်မူယဲ့က ဓားတိုကို ဝှေ့ယမ်းလိုက်ပြီး အင်္ကျီလက်ထဲတွင် ထည့်သည်။ ထို့နောက် ကျောက်တုံးစံအိမ်ထဲမှ ထွက်လာသည်။
စံအိမ်၏အပြင်ဘက်တွင် တောင်စောင်းတစ်ခုကို ဖြတ်ကျော်ပြီးသောအခါ မြေသားအဆောက်အအုံများကို မြင်ရသည်။
ရှေ့တွင်ရှိသော ပြန့်ပြူးသည့်မြေပြင်တွင် ရွှေကျီးကလန်သားများ ထိုင်နေကြသည်။ သူတို့၏ရှေ့တွင် အစားအစာတချို့ရှိပြီး ပျော်ရွှင်စွာ စကားပြောနေကြသည်။
ဟန်မူယဲ့က ကျောက်တုံးစံအိမ်ထဲမှ ထွက်လာသောအခါ ဘေးတွင်ရပ်နေသော ဟန်ကျင်းက လျင်မြန်စွာ ဦးညွတ်လိုက်သည်။
“ခေါင်းဆောင်ငယ်၊ ကျားသစ်နက်ကလန်ကို မောင်းထုတ်လိုက်ပြီး ခေါင်းဆောင်ငယ်ကလည်း ကျင့်ကြံရာကနေ ထွက်လာတဲ့အတွက် အကြီးအကဲတွေက စားသောက်ပွဲတစ်ခု လုပ်ထားပါတယ်”
ဟန်ကျင်းက လေးစားစွာ တင်ပြလိုက်သည်။
ဟန်မူယဲ့က ကွင်းပြင်၏အလယ်တွင်ရှိသော မီးပုံကို ကြည့်လိုက်သည်။ ထိုနေရာတွင် အရေခွံချွတ်ပြီးသား တောဝက်တစ်ကောင်ကို မီးကင်ထားသည်။ အသားကင်ရနံ့သည် ပတ်ဝန်းကျင်တွင် ပျံ့နှံ့နေသည်။
အရွယ်ရောက်လုနီးပါးဖြစ်နေသော ကလေးများက ပျော်ရွှင်နေသော မျက်နှာထားဖြင့် မီးပုံဘေးတွင် ရှိနေကြသည်။
“မင်းနာမည်က ဟန်ကျင်းမဟုတ်လား။ ကလန်ရဲ့ ရိတ်သိမ်းမှုတွေက ဘယ်လိုနေလဲ”
ဟန်မူယဲ့က ကွင်းပြင်သို့ လျှောက်သွားပြီး ပြောလိုက်သည်။
ဟန်မူယဲ့က သူ့နာမည်ကို မှတ်မိနေသောကြောင့် ဟန်ကျင်းက လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။
“ကျွန်တော်က ဟန်ကျင်းပါ”
“အခုတစ်လော ရိတ်သိမ်းမှုတွေက သိပ်မကောင်းပါဘူး”
“ရာသီဥတုက အေးလာတဲ့အတွက် တောထဲမှာရှိနေတဲ့ သားရဲတွေက ဆောင်းခိုဖို့ ပြင်နေကြပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ အမဲလိုက်ကွင်းတွေကလည်း သိပ်မရှိတော့ပါဘူး”
ဟန်ကျင်းက စိတ်ဓာတ်ကျနေပုံရသည်။
သူတို့ကလန်၏ အမဲလိုက်ကွင်းများသည် ဟန်တောင်းတန်း၏ ပတ်ဝန်းကျင်တွင်သာ ရှိတော့သည်။ ထိုနယ်မြေများသည် ကလန်ကို ထောက်ပံ့ရန်အတွက် မလုံလောက်ပေ။
ဟန်မူယဲ့က ဟန်ကျင်း၏ပခုံးကို ပုတ်ပေးလိုက်ပြီး ညင်သာစွာပြောသည်။
“မစိုးရိမ်ပါနဲ့။ အားလုံး အဆင်ပြေသွားလိမ့်မယ်”
ဟန်မူယဲ့က မီးပုံဆီသို့ လျှောက်သွားပြီး ဓားဖြင့် တောဝက်ကင်ကိုလှီး၍ ကလေးများအား ဝေပေးနေသည်အထိ ဟန်ကျင်းက သတိဝင်မလာခဲ့ပေ။
သူက လက်သီးဆုပ်ထားပြီး အပြုံးတစ်ခုနှင့်အတူ အသားကင်ဝေပေးနေသော ဟန်မူယဲ့ကို ကြည့်လိုက်သည်။
ဟန်မူယဲ့၏ လှုပ်ရှားမှုက လျင်မြန်ပြီး တောဝက်ကင်ကို ချက်ချင်းဆိုသလိုပင် ခွဲဝေပေးလိုက်သည်။
သူက မတ်တပ်ရပ်လိုက်ပြီး တောက်ပနေသောမျက်လုံးများဖြင့် ဓားတိုအား ကြည့်နေသော ဟန်ကျင်းကို မြင်လိုက်ရသောအခါတွင် ခပ်ဟဟရယ်သည်။
“ဒါက အသက်ဓားပဲ။ မင်းကို ပေးလို့မရဘူး”
“လက်နက်သန့်စင်ဖို့အတွက် သင့်တော်တဲ့ သတ္တုရလာအောင် စောင့်လိုက်ပါအုံး။ ငါက မင်းအတွက် လက်နက်တစ်ခု ဖန်တီးပေးမယ်”
‘လက်နက်သန့်စင်မှာလား’
‘ကျွန်တော့်အတွက်လား’
ဟန်ကျင်းက ဟန်မူယဲ့၏ လက်ထဲတွင်ရှိသော ဓားတိုကို ကြည့်လိုက်ပြီး စကားမပြောနိုင်တော့ပေ။
ခေါင်းဆောင်ငယ်က လက်နက်သန့်စင်နိုင်မည်ဟု ထင်မထားခဲ့ပေ။
ပတ်ဝန်းကျင်တွင် ဝေးကွာပြီး ကျယ်ပြန့်သော တေးသံကို ကြားရသည်။
ဟန်မူယဲ့က ပြောင်းလဲသွားသော ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ခံစားနိုင်သည်။
‘ရင်းမြစ်စွမ်းအားတစ်ခု စုစည်းနေတာလား’
သို့သော် ထိုစွမ်းအားက အလွန်အားနည်းသည်။ ထိုစွမ်းအားကို ထိုးတက်အောင် လုပ်ချင်လျှင် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်လိမ့်မည်။
သို့သော် ကလန်သားများ၏ အော်ဟစ်သံအပြင် ဟန်ယွင်ဟယ်နှင့် ဟန်ချောင်ဟူတို့၏ စိတ်လှုပ်ရှားနေသော မျက်နှာထားကြောင့် ထိုဖြစ်ရပ်မျိုးသည် ကလန်တွင် နှစ်ပေါင်းများစွာကြာအောင် မဖြစ်ခဲ့ကြောင်း သိလိုက်ရသည်။
“ကောင်းကင်တာအိုက ငါတို့ရဲ့ ရွှေကျီးကလန်ကို စွန့်ပစ်မသွားသေးဘူး”
ဟန်ယွင်ဟယ်က နီရဲနေသောမျက်နှာဖြင့် လက်နှစ်ဖက်ကိုဆန့်တန်းပြီး ခေါင်းမော့လျက် အော်ဟစ်သည်။
တောဝက်ရိုင်းတစ်ကောင်သည် ကလန်တစ်ခုလုံးအတွက် မလုံလောက်ပေ။
ကလန်ထဲတွင်ရှိသော အကြီးအကဲများက အသားကို လူငယ်များအတွက် ပေးလိုက်သည်။
ဟန်ယွင်ဟယ်က ရှားပါးသော သေရည်အိုးကို ထုတ်ယူလာခဲ့သည်။
ဟန်မူယဲ့က အသားတစ်ပိုင်းကိုစားပြီး သေရည်တစ်ခွက်ကို သောက်ခဲ့သည်။
အသားထဲတွင် သွေးစွမ်းအားတချို့ ပါဝင်နေသည်။ သေရည်က ရင်းမြစ်စွမ်းအားအနည်းငယ်ကို သယ်ဆောင်ထားသည်။
ထိုရတနာများသည် ဟန်မူယဲ့အတွက် အရေးမပါသော်လည်း မဟာတောရိုင်းကမ္ဘာ၏ အပြင်ဘက်တွင် ရှားပါးသော ပစ္စည်းများ ဖြစ်ကြသည်။
မဟာတောရိုင်းကမ္ဘာမှာပင် ကလန်သားများက တစ်ခါတလေမှ စားသောက်နိုင်သည်။
ကောင်းကင်တွင် လထွက်လာသောအခါ မီးပုံပွဲကို အဆုံးသတ်လိုက်သည်။ ကလန်သားများက သက်ဆိုင်ရာအိမ်များဆီသို့ ပြန်သွားကြသည်။
ဟန်မူယဲ့က ဆံပင်နှင့်မုတ်ဆိတ် ဖြူဖွေးနေသော လူအိုကြီးတစ်ယောက်နှင့်အတူ ကျောက်တုံးစံအိမ်တစ်ခုဆီသို့ လိုက်သွားခဲ့သည်။
“ခေါင်းဆောင်ငယ်၊ ဒီနေရာမှာ ကလန်ရဲ့ ကျင့်ကြံခြင်းအမွေအနှစ်တွေကို သိမ်းဆည်းထားပါတယ်”
“ကျွန်တော်တို့ ရွှေကျီးကလန်က ရှေးခေတ်ကနေ ဆင်းသက်လာခဲ့တယ်။ ဒါက ကမ္ဘာပေါ်မှာ အကောင်းဆုံးအမွေအနှစ် တစ်ခုပဲ”
လူအိုကြီးက ခံစားချက်များနှင့်အတူ ပြောသည်။
သူ့နာမည်က ဟန်ကျစ်ဖြစ်ပြီး ဟန်တောင်တန်းရွှေကျီးကလန်၏ အသက်အကြီးဆုံးလူ ဖြစ်သည်။
ဟန်ကျစ်က နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံခြင်းအမွေအနှစ်များကို စောင့်ကြပ်ခဲ့သည်။
သူက အဆီအနှစ်ဝိညာဉ် စတုတ္ထအဆင့်တွင် ရှိနေသော်လည်း သွေးမျိုးဆက်စွမ်းအား လျော့နည်းနေပြီး ခွန်အားကျဆင်းလာသည်။ သူက တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ကျောက်တုံးစံအိမ်ထဲသို့ ဝင်သွားသည်။