အခန်း (၁၀၈၄)
Vol. 78 Ch. 1084
ကျောက်တုံးစံအိမ်က ခြောက်သွေ့နေပြီး စိမ်းပြာရောင်အလင်းအား ထုတ်လွှတ်နေသည့် ကျောက်တုံးတချို့ကို မျက်နှာကြက်တွင် တပ်ဆင်ထားသည်။
ကျောက်နံရံပေါ်တွင် သစ်သားအပိုင်းအစနှင့် သိုးသားရေကျမ်းစာများ ရှိနေကြသည်။
ဟန်မူယဲ့က သစ်သားအပိုင်းအစတစ်ခုကို ကောက်ယူပြီး စစ်ဆေးကြည့်လိုက်သည်။
“ခေါင်းဆောင်ငယ်၊ အဲဒါက ပျံသန်းလက်သီးနည်းစနစ်ပါ။ အဲဒါအတွက် ....”
ဟန်ကျစ်၏စကား အဆုံးမသတ်ခင် ဟန်မူယဲ့က လက်ထဲတွင်ရှိသော သစ်သားအပိုင်းအစကို ဝှေ့ယမ်းကြည့်လိုက်သည်။
“နှစ်တစ်သောင်းသက်တမ်းရှိတဲ့ သံမဏိသစ်သားလား”
ဟန်မူယဲ့က နှစ်ပေရှည်လျားသော သစ်သားအပိုင်းအစကို ကြည့်လိုက်ပြီး ပြုံးသည်။
ထိုသစ်သားအပိုင်းအစက ပေါင်ငါးဆယ်ကျော်လေးသည်။ သံမဏိသစ်သားကို သစ်သားအမျိုးအစား လက်နက်များအား သန့်စင်ရာတွင် အသုံးပြုနိုင်သည်။
ဟန်မူယဲ့၏အမြင်အရ သစ်သားပေါ်တွင် ရေးထိုးထားသော လက်သီးနည်းစနစ်ထက် သစ်သားအပိုင်းအစက ပိုတန်ဖိုးရှိသည်။
ဟန်တောင်တန်းရွှေကျီးကလန်သည် ထိုသို့ ကောင်းမွန်သော ကုန်ကြမ်းပစ္စည်းများကို ထုတ်မပေးနိုင်ပေ။
သို့သော် ဤနေရာတွင် ရာချီသော သစ်သားအပိုင်းအစများ ရှိနေသည်။
ဟန်မူယဲ့က နည်းစနစ်များကို သေချာကြည့်နေသည်။ အများစုသည် ရုပ်ခန္ဓာကျင့်ကြံခြင်းအတွက် ဖြစ်သည်။
အနာဂတ်၏ အလွန်အသေးစိတ်ကျသော နည်းစနစ်များနှင့် ယှဉ်လိုက်လျှင် ဟန်တောင်တန်းရွှေကျီးကလန်၏ နည်းစနစ်များက အလွန်ရိုးရှင်းသည်။ ကြွက်သား၊ အရိုး၊ သွေးမျိုးဆက်နှင့် ဝိညာဉ်ကို ခြုံငုံ၍ ကျင့်ကြံသည်။
ထိုနည်းစနစ်များကို မြင်ရသောအခါတွင် ရိုးရှင်းသောနည်းလမ်းများဖြင့် ခွန်အားကောင်းလာသော ရွှေကျီးကန်းများက အလွန်ပါရမီရှိသည်ဟု ဟန်မူယဲ့က ခံစားရသည်။
“ကြည့်ရတာ ရွှေကျီးကလန်ကို ကောင်းကင်တာအိုက စွန့်ပစ်လိုက်တာမဟုတ်ဘူး။ ဒီကျင့်ကြံခြင်းနည်းစနစ်တွေက လောကရဲ့ ပြောင်းလဲမှုနဲ့ အမီမလိုက်နိုင်တာပဲ”
ဟန်မူယဲ့က လက်ထဲတွင်ရှိသော သစ်သားအပိုင်းအစကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
ပုံရိပ်ယောင်ကမ္ဘာ၏ ကျင့်ကြံခြင်းနည်းစနစ်များသည် အားနည်းသွားသော ရင်းမြစ်စွမ်းအားနှင့် လိုက်ဖက်ညီမှုမရှိပေ။
နှစ်ပေါင်းမရေမတွက်နိုင်အောင် လက်ဆင့်ကမ်းလာသော ကျင့်ကြံခြင်းနည်းစနစ်များသည် သွေးမျိုးဆက်ကို နှိုးဆွရန် ခက်ခဲသည်။
ဟန်မူယဲ့က သစ်သားအပိုင်းအစနှင့် သားရေချပ်များကို ကြည့်လိုက်ပြီး ရွှေကျီးကန်းများ၏ ကျင့်ကြံခြင်းနည်းစနစ်ကို ကောင်းမွန်စွာ နားလည်သွားသည်။
ဟန်ကျစ်ပြောခဲ့သည့်အတိုင်း ဟန်တောင်တန်းရွှေကျီးကလန်တွင် ကျင့်ကြံခြင်းနည်းစနစ်များ သိပ်မရှိပေ။
ခန္ဓာကိုယ်ကို သန့်စင်နိုင်သော လက်သီးနည်းစနစ် လေးခု ....
ရွှေကျီးကန်းသွေးမျိုးဆက်စွမ်းအားကို အသုံးပြုနိုင်သော ကျင့်ကြံခြင်းနည်းစနစ် နှစ်ခု ....
မြားပစ်ခြင်းနည်းစနစ် တစ်ဝက် ....
ထိုမျှသာ ဖြစ်သည်။
“ခေါင်းဆောင်ငယ်၊ အရင်က ကျွန်တော်တို့ရဲ့ ဟန်တောင်တန်းရွှေကျီးကလန်မှာ မပြည့်စုံတဲ့ မဟာနေမင်းရွှေကျီးကန်းရဲ့ ကောင်းကင်ဖိနှိပ်ခြင်းနည်းစနစ် ရှိခဲ့ပါတယ်။ ဒါပေမဲ့ ရွှေကျီးကန်းမျိုးနွယ်ရဲ့ စည်းကမ်းတွေအရ ကလန်က နှစ်တစ်သိန်းအတွင်းမှာ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ကို မွေးထုတ်မပေးနိုင်ဘူးဆိုရင် နည်းစနစ်ကို ပြန်သိမ်းသွားကြပါတယ်”
ဟန်မူယဲ့က နောက်ဆုံး သားရေကျမ်းစာကို ချလိုက်သောအခါတွင် ဟန်ကျစ်က ပြောသည်။
သူက နောင်တရနေသော မျက်နှာထားဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
“တကယ်လို့ ခေါင်းဆောင်ဟောင်းက ကောင်းကင်ဖိနှိပ်ခြင်းနည်းစနစ်ကို ကျင့်ကြံနိုင်မယ်ဆိုရင် တိုက်ခိုက်နိုင်စွမ်း တိုးလာလိမ့်မယ်။ ဒီလိုမျိုး ကျဆုံးသွားမှာမဟုတ်ဘူး”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
ကောင်းကင်ဖိနှိပ်ခြင်းနည်းစနစ်သည် ရွှေကျီးကလန်၏ ပညာရပ်ကြီးသုံးခုတွင် ပါဝင်သည်။ ထိုနည်းစနစ်က ရွှေကျီးကန်း၏ သွေးမျိုးဆက်ကို အသုံးပြုပြီး အလွန်အားကောင်းသည်။
ရွှေကျီးကန်း ကလန်ခွဲများသည် မပြည့်စုံသော နည်းစနစ်ကို အရင်ဆုံး ကျွမ်းကျင်အောင် လေ့ကျင့်ရမည်။ ထိုမှသာ ရွှေကျီးကန်းမျိုးနွယ်စု၏ တော်ဝင်နယ်မြေသို့ သွားရောက်ပြီး နောက်ဆက်တွဲနည်းစနစ်များကို ကျင့်ကြံနိုင်မည်။
သို့သော် ယခုနှစ်များတွင် ရွှေကျီးကလန်က ကျဆင်းလာသည်။ တော်ဝင်နယ်မြေ စန်းထန်ကိုလည်း ကောင်းကင်တစ်သောင်းတိုင်းပြည်၏ ကျွမ်းကျင်သူများက ဝိုင်းရံတိုက်ခိုက်ခဲ့သောကြောင့် ဖရိုဖရဲဖြစ်နေသည်။ ကလန်ခွဲများက ထိုနေရာသို့ မသွားရဲကြတော့ပေ။
ဟန်မူယဲ့က သစ်သားနှင့် သံမဏိအပိုင်းအစတချို့ကို ကောက်ယူပြီး ကျောက်တုံးစံအိမ်ထဲမှ ထွက်လာခဲ့သည်။
ဟန်မူယဲ့က ကိုယ်ပိုင်စံအိမ်သို့ ပြန်လာပြီး သစ်သားနှင့် သံမဏိအပိုင်းအစကို ရှေ့တွင် ချထားသည်။ သူက မဟာနေမင်းရွှေကျီးကန်း၏ ကျင့်ကြံခြင်းနည်းစနစ်ကို ပြန်တွေးကြည့်နေသည်။
ရွှေကျီးကန်းပုံရိပ်သည် သူ့နောက်တွင် ပေါ်လာသည်။
ဟန်တောင်တန်းရွှေကျီးကလန်၏ ကျင့်ကြံခြင်းနည်းစနစ်ကို ပြန်သိမ်းသွားသော်လည်း အမွေအနှစ်က ပြတ်တောက်မသွားခဲ့ပေ။
ခေါင်းဆောင်ဟောင်းက မသေဆုံးခင် ကောင်းကင်ဖိနှိပ်ခြင်းနည်းစနစ်ကို သင်ကြားပေးခဲ့သည်။
ထိုနည်းစနစ်က မပြည့်စုံပေ။ ဟန်မူယဲ့က ပြန်လည်ပြုပြင်ပြီး နှစ်တစ်ရာအတွင်း အဆီအနှစ်ဝိညာဉ် သတ္တမအဆင့်သို့ ရောက်လာအောင် ကျင့်ကြံခဲ့သည်။
သို့သော် သူက အစစ်အမှန်ဝိညာဉ်အဆင့်အတွက် နောက်ဆက်တွဲ ကျင့်ကြံခြင်းနည်းစနစ်ကို မသိပေ။
ထိုအဆင့်နှစ်ခုက မတူညီသောကြောင့် အမှားအယွင်းရှိသွားလျှင် မကောင်းပေ။
သို့သော် ယခုအချိန်တွင် သူက အကြံရလာသည်။
ကောင်းကင်ဖိနှိပ်ခြင်းနည်းစနစ်ကို တွက်ချက်ကြည့်နိုင်လိမ့်မည်။
သို့သော် သူက မူရင်းနည်းစနစ်ကို အနည်းငယ်သာ သိထားသည်။ ထို့ကြောင့် တွက်ချက်ပြီး အကောင်းဆုံးဖြစ်အောင် အသုံးချချင်လျှင် မူရင်းနည်းစနစ်၏ အချက်အလက်များကို ပိုမိုလိုအပ်လိမ့်မည်။
သူက တခြားရွှေကျီးကလန်များကို ရှာဖွေပြီး ကောင်းကင်ဖိနှိပ်ခြင်းနည်းစနစ်ကို စုဆောင်းရမည်။
ဟန်မူယဲ့က မတ်တပ်ရပ်ပြီး ဖြည်းဖြည်းချင်း လက်သီးထိုးသည်။
ပျံသန်းလက်သီးနည်းစနစ်တွင် လှုပ်ရှားမှုခြောက်ခု ပါဝင်သည်။ ထိုနည်းစနစ်သည် ကြွက်သားနှင့်အရိုးကို အဓိကထားပြီး အလွန်အားကောင်းသည်။
ကောင်းကင်လက်သီးနည်းစနစ်က ခြေကွက်များကို အသားပေးပြီး လက်သီးချက်ကို ဆက်တိုက် ထုတ်ဖော်နိုင်သည်။
မြေပြင်ဖြိုခွဲလက်သီးနည်းစနစ်က ခွန်အားကို အသားပေးသည်။
ကောင်းကင်ဖိနှိပ် လက်သီးနည်းစနစ်သည် အကြမ်းတမ်းဆုံးဖြစ်ပြီး သွေးမျိုးဆက်စွမ်းအားကို လိုအပ်သည်။
ဟန်မူယဲ့က လက်သီးနည်းစနစ်ကို ထပ်ကာတလဲလဲ လေ့ကျင့်နေသည်။ သူ၏ လက်သီးချက်များတွင် ရွှေကျီးကန်းအလင်းရောင်ကို မြင်ရသည်။
လက်သီးနည်းစနစ် လေးခုသည် ဖြည်းဖြည်းချင်း ပေါင်းစပ်လာသည်။
ခြောက်နာရီအကြာတွင် နည်းနစ်လေးခုက တစ်ခုတည်း ဖြစ်သွားသည်။
အဆုံးတွင် လှုပ်ရှားမှုဆယ့်နှစ်ခု ပါဝင်သော အားကောင်းသည့် လက်သီးနည်းစနစ်ကို ဖန်တီးနိုင်ခဲ့သည်။
ဟန်မူယဲ့က အခြေခံလက်သီးနည်းစနစ် လေးခုကို ပေါင်းစပ်ခဲ့သည်။ သူ၏ စမ်းသပ်မှုအရ အသစ်ဖြစ်ပေါ်လာသော လက်သီးနည်းစနစ်သည် ရုပ်ခန္ဓာကို ငါးဆပို၍ ကြံ့ခိုင်လာစေသည်။
ထိုနည်းစနစ်ဖြင့် ရွှေကျီးကန်းသွေးမျိုးဆက်၏ စွမ်းအားအနည်းငယ်ကို အသုံးပြုနိုင်သည်။
ကလန်သားများသည် အဆီအနှစ်ဝိညာဉ် ပဥ္စမအဆင့်အထိ လျင်မြန်စွာ ကျင့်ကြံနိုင်လိမ့်မည်။
ရွှေကျီးကလန်သည် ထိုစွမ်းအားမျိုးကို ပိုင်ဆိုင်သင့်သည်။
မဟာနေမင်းရွှေကျီးကလန်သည် အဆီအနှစ်ဝိညာဉ် ပဥ္စမအဆင့်ထက် အားကောင်းသော တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ရမည်။
“ဒီလက်သီးနည်းစနစ်က ကြမ်းတမ်းတယ်။ ကောင်းကင်ဖျက်ဆီးနည်းစနစ်လို့ ခေါ်မယ်”
ဟန်မူယဲ့က လက်သီးချက်များကို သိမ်းလိုက်ပြီး ညင်သာစွာပြောသည်။
ထိုနည်းစနစ်ကို အနာဂတ်တွင်လည်း ထပ်မံအဆင့်မြှင့်နိုင်သည်။
ဟန်မူယဲ့က ကောင်းကင်ဖျက်ဆီး လက်သီးနည်းစနစ်ကို ဖန်တီးပြီး သစ်သားနှင့် သံမဏိအပိုင်းအစကို ကြည့်လိုက်သည်။
သူက အင်္ကျီလက်ထဲမှ အသက်ဓားကို ထုတ်ယူပြီး သစ်သားအပိုင်းအစကို ကောက်ယူ၍ ပုံသွင်းလိုက်သည်။
ခဏအကြာတွင် သူက နှစ်ပေရှည်လျားပြီး ပေါင်တစ်ရာလေးသော ဓားရိုးမပါသည့် သစ်သားဓားတစ်ချောင်းကို ရလိုက်သည်။
“ဘန်း”
ရွှေရောင်မီးတောက်သည် သူ့လက်ထဲတွင် ပေါ်ထွက်လာသည်။ မဟာနေမင်းမီးတောက်က လှုပ်ရှားလိုက်ပြီး သစ်သားနှင့်သံမဏိကု ပေါင်းစပ်သည်။
အသက်ရှူကြိမ်တစ်ရာအကြာတွင် သစ်သားဓားက မည်းနက်သွားသည်။
ထိုဓားက အနက်ရောင်အလင်းကို ထုတ်လွှတ်နေသည်။
အစစ်အမှန်ဝိညာဉ်အင်းကွက် နှစ်ခုသည် ဓားကိုယ်ထည်တွင် ရှိနေသည်။ တစ်ခုက ထက်မြိခြင်းဖြစ်ပြီး တစ်ခုက ကြံ့ခိုင်ခြင်း ဖြစ်သည်။
ထိုအင်းကွက်နှစ်ခု၏ ထောက်ပံ့မှုကြောင့် သစ်သားဓား၏ ထက်မြိမှုသည် မှော်ရတနာအထွတ်အထိပ်အဆင့် လက်နက်များနှင့် ယှဉ်နိုင်သည်။ ကြံ့ခိုင်မှုကလည်း အံ့ဖွယ်ဝိညာဉ်တိုင်းပြည်၏ အများအပြားထုတ်လုပ်ထားသော လက်နက်များထက် မနိမ့်ကျပေ။
ဟန်မူယဲ့က တစ်ညအတွင်း ဓားရိုးမပါသော ဓားရှစ်လက်ကို သန့်စင်ခဲ့သည်။ သူက သိုလှောင်ရုံထဲတွင် မာကျောသောသစ်သားကို ရှာဖွေပြီး ဓားရှည်များကို ပြည့်စုံစေခဲ့သည်။
ထိုဓားများက ခုတ်ပိုင်းခြင်းအတွက် အလွန်သင့်တော်သည်။ ရိုးရှင်းသော လှုပ်ရှားမှုနှင့် တိုက်ခိုက်နိုင်စွမ်းကို တိုးလာစေလိမ့်မည်။
“ဟန်ကျင်း၊ ဒီဓားတွေကို အရင်သုံးထားလိုက်။ ငါတို့က ကောင်းမွန်တဲ့ ဝိညာဉ်သတ္တုကို ရှာတွေ့ရင် မင်းအတွက် လက်နက်လဲပေးမယ်”
မနက်ခင်းတွင် ဟန်မူယဲ့က ဓားများကို ဟန်ကျင်းနှင့် တခြားလူများဆီသို့ ပေးလိုက်ပြီး ညင်သာစွာ ပြောသည်။
‘လက်နက်လား’
ဟန်ကျင်းနှင့် လူငယ်များက ဓားရှည်ကိုယူပြီး အကြိမ်ရေအနည်းငယ်ခန့် ဝှေ့ယမ်းကြည့်လိုက်သည်။ သူတို့က အံ့အားသင့်နေကြသည်။
ထိုဓားကို သစ်သားဖြင့် ပြုလုပ်ထားသော်လည်း လေးလံသည်။ ထို့အပြင် ခုတ်ပိုင်းလိုက်သောအခါတွင်လည်း လေထုကို ထိုးခွဲသွားသည်။
သူတို့က ကမ္ဘာဦးချီစွမ်းအားကို အသုံးပြုလိုက်သောအခါ အင်းကွက်များ၏စွမ်းအားကို ခံစားကြည့်နိုင်သည်။
ရှားပါးသောလက်နက်တစ်ခု ဖြစ်သည်။ ကလန်တွင်ရှိသော သစ်သားတုတ်များနှင့် မတူပေ။
ဟန်မူယဲ့က ပျော်ရွှင်နေသော ဟန်ကျင်းတို့ကို ချန်ထားခဲ့ပြီး ကွင်းပြင်သို့ လျှောက်သွားလိုက်သည်။ သူက လက်သီးနည်းစနစ်ကို ဖြည်းဖြည်းချင်း လေ့ကျင့်နေသည်။
“ဒီဓားကို ကြည့်ရအောင်”
ရုတ်တရက်ပေါ်လာသော ဟန်ယွင်ဟယ်က လူငယ်တစ်ယောက်၏ဓားကို လှမ်းယူလိုက်သည်။ သူက ဓားကို လက်ထဲတွင် ချိန်ဆကြည့်ပြီး သေချာလေ့လာနေသည်။
“ဒါက ....”
ဘေးတွင်ရပ်နေသော ဟန်ချောင်ဟူက သူ့ကို စိုက်ကြည့်လိုက်သည်။
“ကလန်ရဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေကို မှတ်သားထားတဲ့ သစ်သားအပိုင်းအစ မဟုတ်ဘူးလား”
‘ကျင့်ကြံခြင်းနည်းစနစ်လား’
‘အဲဒါကို လက်နက်လုပ်လိုက်တာလား’
ဟန်ကျင်း၏ နှုတ်ခမ်းထောင့်က တွန့်သွားပြီး လက်ထဲတွင်ရှိသော ဓားကို တုံ့ဆိုင်းစွာ ကြည့်သည်။
“အကြီးအကဲက ဒီဓားကို ပြန်ယူမှာလား”
ဟန်ယွင်ဟယ်က သူ့ကို စိုက်ကြည့်လိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။
“မင်းက ဘာပြောနေတာလဲ။ ခေါင်းဆောင်ငယ်က မင်းကို ပေးလိုက်ပြီဆိုမှတော့ မင်းအပိုင်ပဲပေါ့”
“သစ်သားအပိုင်းအစက ပစ္စည်းတစ်ခုပဲ။ စံအိမ်ထဲမှာ ဖုန်တက်နေတာနဲ့ယှဉ်လိုက်ရင် ဓားအဖြစ် အသုံးပြုလိုက်တာက ပိုကောင်းတယ်”
သူ့စကားကို ကြားလိုက်ရသောအခါတွင် ဟန်ကျင်းက ဓားကို သိမ်းလိုက်ပြီး ပြုံးသည်။
“ဘုန်း”
ရှေ့တွင်ရှိသော ကွင်းပြင်တွင် ပေါက်ကွဲသံကို ကြားရသည်။
လူတိုင်းက လှမ်းကြည့်လိုက်ပြီး ထိတ်လန့်သွားသည်။
ရွှေကျီးကန်းပုံရိပ် ပေါ်ထွက်လာပြီး ရွှေရောင်မီးတောက်များကို စုစည်းသည်။ ဟန်မူယဲ့က လက်သီးချက်ဖြင့် ဆယ်ပေပတ်ဝန်းကျင်ကို ဖောက်ခွဲပစ်လိုက်သည်။
ရွှေရောင်မီးတောက်များက ပတ်ဝန်းကျင်တွင် လောင်ကျွမ်းနေသည်။
လောကကြီးတစ်ခုလုံးက ဖောက်ထွင်းခံလိုက်ရပုံပေါ်သည်။ စွမ်းအင်လှိုင်းများက နေရာအနှံ့သို့ ဖြာထွက်လာပြီး လေပြင်းများကို သယ်ဆောင်ထားသည်။
‘အဲဒီလက်သီးချက်က အရမ်းအားကောင်းတာပဲ’
“ငါတို့ .... ဟန်တောင်တန်းကလန်မှာ ဒီလိုလက်သီးနည်းစနစ်မျိုး ရှိနေတာလား”
ဟန်ချောင်ဟူက ရေရွတ်လိုက်သည်။
ဟန်ယွင်ဟယ်က တွေးကြည့်လိုက်ပြီး ခေါင်းခါသည်။
ကလန်တွင် လက်သီးနည်းစနစ် အနည်းငယ်သာ ရှိသည်။ သူက ထိုနည်းစနစ်များအားလုံးကို လေ့ကျင့်ဖူးသည်။
‘ဒါက ခေါင်းဆောင်ငယ်ရဲ့ ကိုယ်ပိုင်အမွေအနှစ်လား’
“ဒီနည်းစနစ်က ကလန်မှာရှိတဲ့ လက်သီးနည်းစနစ်လေးခုကို ပေါင်းစပ်ထားတာပဲ”
ဟန်မူယဲ့က လက်သီးဆုပ်ကို ပြန်သိမ်းလိုက်ပြီး ပတ်ဝန်းကျင်တွင်ရှိသော ကလန်သားများကိုကြည့်၍ ဖြည်းဖြည်းချင်း ပြောသည်။ ထို့နောက် ဟန်ယွင်ဟယ်နှင့် တခြားလူများကို ကြည့်လိုက်သည်။
“ဒီလက်သီးနည်းစနစ်ကို မဟာနေမင်းရွှေကျီးကန်းရဲ့ ကောင်းကင်ဖျက်ဆီးနည်းစနစ်ကို နာမည်ပေးထားတယ်”
‘ကောင်းကင်ဖျက်ဆီးလက်သီးလား’
‘ကလန်ရဲ့ လက်သီးနည်းစနစ်လေးခုကို ပေါင်းစပ်လိုက်တာလား’
ဟန်ယွင်ဟယ်က ဟန်မူယဲ့ကို ကြောင်အစွာကြည့်နေပြီး ထုတ်ပြောလိုက်သည်။
“ခေါင်းဆောင်ငယ်၊ ဒီလက်သီးနည်းစနစ်ကို ဘယ်တုန်းက ဖန်တီးလိုက်တာလဲ”