← Chapters

အခန်း (၁၀၈၅)

Vol. 78 Ch. 1085

အခန်း (၁၀၈၅)

Vol. 78 Ch. 1085

ခေါင်းဆောင်ငယ်က တစ်ချိန်လုံး တံခါးပိတ်ကျင့်ကြံနေခဲ့သည်။ သူက နည်းစနစ်အသစ်ကိုဖန်တီးရန် မည်သို့ အချိန်ရှိမည်နည်း။

“မနေ့ညကပဲလေ။ ကလန်ရဲ့ ပညာရပ်တွေကို ကြည့်လိုက်ပြီး ခေတ်နောက်ကျနေတယ်လို့ ခံစားရတယ်။ အခုလက်ရှိ ကောင်းကင်တာအိုနဲ့ မကိုက်ညီဘူး”

ဟန်မူယဲ့က ရှင်းပြသည်။

“အဲဒါကြောင့် ငါက လက်သီးနည်းစနစ်လေးခုကို ပေါင်းစပ်ပြီး ကောင်းကင်ဖျက်ဆီးလက်သီး ဆယ့်နှစ်ခုအဖြစ် ဖန်တီးလိုက်တာပဲ”

ဟန်မူယဲ့၏စကားကြောင့် ဟန်ယွင်ဟယ်နှင့် တခြားလူများက ကြောင်အသွားကြသည်။

သူက လက်သီးနည်းစနစ်များကို တစ်ညအတွင်း လေ့လာပြီး နည်းစနစ်အသစ်ကို ဖန်တီးခဲ့သည်။

‘ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’

‘ဘယ်လိုနားလည်နိုင်စွမ်းကြောင့် ဒီလိုမျိုး လုပ်နိုင်ရတာလဲ’

“မဖြစ်နိုင်ဘူး။ လက်သီးနည်းစနစ်အသစ်ကို ဖန်တီးမယ်ဆိုရင် မူရင်းနည်းစနစ်လေးခုလုံးကို နားလည်ရမယ်။ အဲဒီနည်းစနစ်တွေကို တစ်ချက်ပဲကြည့်ပြီး ဖန်တီးနိုင်တာလား ....”

ဟန်ယွင်ဟယ်က တီးတိုးပြောသည်။

သူက ဟန်မူယဲ့ကို မယုံကြည်ခြင်း မဟုတ်‌ပေ။

သို့သော် ဟန်မူယဲ့၏စကားက ကျင့်ကြံခြင်းလောက၏ ပုံမှန်ဗဟုသုတကို ဆန့်ကျင်နေသည်။

ခေါင်းဆောင်ငယ်က လူများကို သိမ်းသွင်းချင်ကြောင်း သူနားလည်သည်။

သို့သော် ထိုသို့ ကြွားဝါနေရန် မလိုအပ်ပေ။

ခေါင်းဆောင်ငယ်၏ ဂုဏ်သတင်းက ပျက်စီးသွားနိုင်သည်။

‘သူက ငယ်ရွယ်တာကြောင့် စိတ်အခြေအနေ မတည်ငြိမ်တာလား’

“ဘာလဲ။ မယုံဘူးလား”

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ပုံစံကို ပြောင်းလဲသည်။

“သေချာကြည့်ထား”

သူက ခုန်ထွက်လိုက်ပြီး လက်သီးချက်ကို ထုတ်ဖော်သည်။ သူ၏ ပုံစံက ပျံသန်းနေသော ပျံလွှားတစ်ကောင်နှင့် ဆင်တူသည်။ သူ၏ လက်သီးချက်က နဂါးတစ်ကောင်သဖွယ် ဖြစ်သည်။

ထိုလက်သီးချက်သည် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို သယ်ဆောင်ထားပုံရပြီး နေတစ်စင်းအဖြစ် ပြောင်းလဲသွားသည်။

“ကောင်းကင်လက်သီး၊ နေထိုးခွဲသက်တံ”

ဟန်ကျင်းက မျက်လုံးပြူးသွားပြီး ရေရွတ်လိုက်သည်။

သူက ထိုလက်သီးကွက်ကို လေ့ကျင့်ထားသည်။

သို့သော် ခေါင်းဆောင်ငယ်၏ လက်သီးချက်သည် သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။

ထိုလက်သီးချက်သည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို အမှန်တကယ် သယ်ဆောင်ထားသည်။

‘ကောင်းကင်လက်သီးနည်းစနစ်က ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်တဲ့ အရိုးရှင်းဆုံးနည်းစနစ် မဟုတ်ဘူးလား’

ဟန်မူယဲ့က ရပ်တန့်မသွားပေ။

ကောင်းကင်လက်သီးအပြင် ကောင်းကင်ပျံသန်းလက်သီး၊ မြေပြင်ဖြိုခွဲလက်သီး၊ ကောင်းကင်ဖိနှိပ်လက်သီးတို့ကိုလည်း သရုပ်ပြခဲ့သည်။

မတူညီသောနည်းစနစ်နှင့် မတူညီသော လက်သီးချက်များသည် တစ်ခုနှင့်တစ်ခု သွယ်ယှက်နေပြီး လွယ်ကူစွာ ဖြစ်ပေါ်လာသည်။

လက်သီးချက်တိုင်းသည် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို သယ်ဆောင်ထားပြီး ရွှေကျီးကန်၏ပုံရိပ်ကို ဖြစ်ပေါ်လာစေသည်။

တောက်ပနေသော အလင်းရောင်နှင့် ပေါက်ကွဲသံသည် ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားသည်။

“လောကမှာ ဒီလိုမျိုး ပါရမီကောင်းတဲ့ ကျင့်ကြံသူမျိုး ရှိနေတာလား ....”

ဟန်ကျစ်က နားမလည်နိုင်ဖြစ်နေသည်။ သူက ဟန်မူယဲ့၏ လက်သီးချက်များကို ကြည့်လိုက်ပြီး ရေရွတ်သည်။

ဟန်မူယဲ့က လက်သီးနည်းစနစ်များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သည်။

လက်သီးချက်နှင့် ခြေကွက်တိုင်းသည် ပေါ့ပါးနေသည်။

သူတို့က ကိုယ်တိုင်မမြင်ခဲ့လျှင် တစ်ညအတွင်း နားလည်ခဲ့သည်ဟု ယုံနိုင်မည်မဟုတ်ပေ။

ဟန်မူယဲ့၏ လက်သီးနည်းစနစ်က ဟန်တောင်တန်းရွှေကျီးကလန်၏ နည်းစနစ်လေးခုမှ ကောင်းကင်ဖျက်ဆီးနည်းစနစ်၏ ပုံစံဆယ့်နှစ်ခုသို့ ပြောင်းလဲသွားသည်။

လက်သီးချက်နှင့် လှုပ်ရှားမှုတိုင်းသည် ကောင်းကင်နှင့်မြေကြီးကို ဖြိုခွဲနိုင်သည်။

သူက ရပ်တန့်လိုက်သော်လည်း မဟာနေမင်းရွှေကျီးကန်း၏ စွမ်းအားများသည် သူ့ရှေ့တွင် ပေါက်ကွဲနေဆဲဖြစ်သည်။ ကောင်းကင်နှင့်မြေကြီး၏ ရင်းမြစ်စွမ်းအားက တုန်ခါနေသည်။

ပြန့်ကျဲနေသော ရင်းမြစ်စွမ်းအားသည် မြင်းရိုင်းတစ်ကောင်ကဲ့သို့ လွတ်လပ်စွာ ပြေးလွှားနေသည်။

“မင်းတို့နားလည်လား”

ဟန်မူယဲ့က ဟန်ကျင်းနှင့် တခြားလူများကို ကြည့်လိုက်သည်။

‘နားလည်လား’

သူတို့က ခေါင်းညိတ်လိုက်ကြသည်။

နားလည်သည်။

ကောင်းကင်ဖျက်ဆီးနည်းစနစ်၏ လက်သီးချက်ဆယ့်နှစ်ခုသည် ကလန်၏ လက်သီးနည်းစနစ်လေးခုမှ ဆင်းသက်လာသည်။

“အခု မင်းတို့လေ့ကျင့်တာကို ကြည့်မယ်”

ဟန်မူယဲ့က ပြောလိုက်သည်။

‘လေ့ကျင့်ရမှာလား’

လူတိုင်းက ခေါင်းခါလိုက်ကြသည်။

လက်သီးနည်းစနစ်ကို နားလည်ထားရုံဖြင့် လေ့ကျင့်နိုင်မည်မဟုတ်ပေ။

ထိုသို့ ကြမ်းတမ်းသော လက်သီးနည်းစနစ်ကို လွယ်ကူစွာ လေ့ကျင့်ရန် မဖြစ်နိုင်ပေ။

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ဖြည်းဖြည်းချင်း မတ်တပ်ရပ်သည်။

“မင်းတို့က ဘာဖြစ်လို့ မလာသေးတာလဲ”

သူက အော်ပြောလိုက်သည်။

ဟန်ယွင်ဟယ်နှင့် တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူ့နောက်သို့ လျင်မြန်စွာ ရောက်လာကြသည်။

ဟန်မူယဲ့က လက်မြှောက်ပြီး လက်သီးဆုပ်သည်။ ထို့နောက် ခါးကို နှိမ့်ထားပြီး လက်သီးထိုးချလိုက်သည်။

“ကောင်းကင်ဖျက်ဆီးလက်သီး၊ ပထမပုံစံ၊ ရွှေကျီးကန်းကောင်းကင်သို့တက်ခြင်း။ ဒီပုံစံမှာ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်စွမ်းအင်ကို ခန္ဓာကိုယ်မှာ စုစည်းပြီး နေတစ်စင်းအဖြစ် အသွင်ပြောင်းရမယ် ....”

....

ဟန်တောင်တန်းနှင့် မိုင်ငါးရာအကွာတွင် မြက်ပင်များ ပေါက်ရောက်နေသော ကမ်းခြေတစ်ခု ရှိသည်။

သစ်သားအိမ်များသည် ပတ်ဝန်းကျင်တွင် ပြန့်ကျဲနေပြီး မီးခိုးရောင်ဝတ်စုံနှင့် ကျားသစ်နက်ကလန်သားများက နေရာအနှံ့တွင် လျှောက်သွားနေကြသည်။

ဤနေရာသည် လုထန်ကျားသစ်နက်ကလန် ဖြစ်သည်။

ထို့အပြင် ဒီရေတောလည်း ဖြစ်သည်ဟု ပြောနိုင်သည်။

အချိန်အများစုတွင် ရေနှင့်မြက်ပင်များက ပေါများစွာ ရှိနေသည်။ ပြင်းထန်သော ဆောင်းရာသီတွင်သာ ပြတ်တောက်သွားလေ့ရှိသည်။ ထို့ကြောင့် မျိုးနွယ်စုတစ်ခု အခြေချရန် သင့်တော်သည်။

လုထန်ကျားသစ်နက်ကလန်တွင် လူဦးရေ နှစ်သောင်းခန့်ရှိသည်။ သူတို့က အဆင့်သုံးဆင့်ခွဲခြားပြီး နေထိုင်ကြသည်။

အထက်ပိုင်းထန်၊ အလယ်ပိုင်းထန်နှင့် အောက်ပိုင်းထန် ဖြစ်သည်။

ယခုအချိန်တွင် ဟန်တောင်တန်းသို့ ဆေးပင်စိုက်ခင်းများတောင်းယူရန် ရောက်လာသော လူအိုကြီးက အလယ်ပိုင်းထန်တွင် ရှိနေသည်။ သူက အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်ကို စကားပြောနေခဲ့သည်။

“အကြီးအကဲကူကျီ၊ ဟန်တောင်တန်း‌ရွှေကျီးကလန်ရဲ့ ခေါင်းဆောင်ငယ်က ရွှေကျီးကန်းသွေးမျိုးဆက်ကို နိုးထလိုက်ပြီလို့ ပြောတာလား”

အနက်ရောင်ဝတ်စုံနှင့်လူက အားကောင်းသောအငွေ့အသက်ကို ထုတ်လွှတ်နေသည်။

သူက ခေါင်းငုံထားပြီး သတင်းပို့နေသော လူအိုကြီးကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် ငွေအလင်းတစ်ခု ဖြတ်ပြေးသွားသည်။

အကြီးအကဲကူကျီက ကြောက်ရွံ့စိတ်များနှင့်အတူ ခေါင်းညိတ်သည်။

ဟန်မူယဲ့၏ လက်သီးချက်က သူ၏ သွေးမျိုးဆက်အခြေခံကို ပျက်စီးလုနီးပါး ဖြစ်သွားစေခဲ့သည်။

သူ့ရှေ့တွင်ရှိသောလူက ကျားသစ်နက်ကလန်ခေါင်းဆောင်၏ ညီငယ် လုချန်ရှန် ဖြစ်သည်။

ကလန်တွင် အရေးပါသောရာထူးကို ပိုင်ဆိုင်ထားသည့် ထိုလူက အဆီအနှစ်ဝိညာဉ် ဆဌမအဆင့်အထိ ကျင့်ကြံထားသည်။

သို့သော် လုချန်ရှန်က ကျားသစ်နက်သွေးမျိုးဆက်ကို နိုးထခဲ့သောကြောင့် ကူကျီထက် အဆပေါင်းများစွာ ပိုမိုသန်မာသည်။

“ရွှေကျီးကန်းသွေးမျိုးဆက် ပေါ်ထွက်မလာတာ နှစ်ပေါင်းထောင်ချီနေပြီမဟုတ်လား”

လုချန်ရှန်၏ မျက်လုံးများက တောက်ပသွားပြီး လက်သီးဆုပ်ထားသည်။ သူက ရက်စက်စွာ ပြုံးသည်။

“ငါက အဆီအနှစ်ဝိညာဉ် ဆဌမအဆင့်မှာ နှစ်ပေါင်းရာချီအောင် ပိတ်မိနေခဲ့တယ်။ တကယ်လို့ ရွှေကျီးကန်းရဲ့ သွေးမျိုးဆက်နဲ့ အဆီအနှစ်ဝိညာဉ်ကို အားဖြည့်ပေးနိုင်ရင် အဆင့်တက်သွားလိမ့်မယ်”

‘ရွှေကျီးကန်းသွေးမျိုးဆက်နဲ့ အဆီအနှစ်ဝိညာဉ်ကို အားဖြည့်ပေးမှာလား’

ကူကျီက တုန်ခါသွားပြီး လုချန်ရှန်ကို ကြည့်သည်။

မဟာတောရိုင်းကမ္ဘာတွင် အဆင့်မြင့်သော သွေးမျိုးဆက်နှင့် အဆီအနှစ်ဝိညာဉ်ကို အားဖြည့်ပေးခြင်းသည် ကျင့်ကြံခြင်းနည်းစနစ်တစ်ခု ဖြစ်သည်။ ထိုနည်းစနစ်က ကိုယ်ပိုင်သွေးမျိုးဆက်ကို မြှင့်တင်ပေးနိုင်ပြီး အဆင့်တက်လာအောင် ကူညီပေးလိမ့်မည်။

သို့သော် မဟာတောရိုင်းကမ္ဘာ၏ မျိုးနွယ်စုများက ထိုနည်းလမ်းကို တားမြစ်ထားကြသည်။

ထိုနည်းလမ်းဖြင့် အဆင့်တက်လာသော လူများကို အားလုံးက ဝိုင်းရံသတ်ဖြတ်ကြလိမ့်မည်။

“စိတ်မပူပါနဲ့။ ငါက ရွှေကျီးကလန်ရဲ့ ခေါင်းဆောင်ငယ်ကို တိတ်တိတ်လေး သွားသတ်မှာပါ”

လုချန်ရှန်က ကူကျီ၏အတွေးကို သိနေပုံပေါ်သည်။ သူက အပြုံးတစ်ခုနှင့်အတူ သူ့ကို ကြည့်လိုက်သည်။

‘တိတ်တိတ်လေးသွားမှာလား’

ကူကျီက အခက်ကြုံနေရသည်။

“အကြီးအကဲချန်ရှန်၊ ကျွန်တော်တို့က ခေါင်းဆောင်ကို သတင်းပို့ ....”

လုချန်ရှန်က လက်မြှောက်ပြီး ကူကျီကို တားဆီးသည်။ သူက တောက်ပနေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ပြီး ပြောသည်။

“အကြီးအကဲကူကျီ၊ ငါ့ကို ကူညီပြီး ဒီကိစ္စကို သုံးရက်ကြာမှ သတင်းပို့လိုက်ပါ”

သူက ကူကျီ၏ပခုံးကို ပုတ်ပေးသည်။

“တကယ်လို့ ငါအဆင့်တက်သွားရင် ခေါင်းဆောင်ကတောင် ငါနဲ့ယှဉ်နိုင်မှာမဟုတ်ဘူး”

လုချန်ရှန်က ကူကျီကို စိုက်ကြည့်နေသည်။

ကူကျီက တစ်ကိုယ်လုံး တုန်ခါသွားပြီး တိတ်ဆိတ်စွာ ခေါင်းငုံ့ထားသည်။

လုချန်ရှန်၏စကားက ပြင်းထန်သော်လည်း အမှန်တရားပင်ဖြစ်သည်။

သူက အဆီအနှစ်ဝိညာဉ် သတ္တမအဆင့်သို့ ရောက်သွားလျှင် ခေါင်းဆောင် လုချန်လင်းကို ကျော်ဖြတ်နိုင်လိမ့်မည်။

“ကောင်းပြီ၊ သုံးရက် ....”

ကူကျီက ခေါင်းမော့ကြည့်လိုက်သောအခါတွင် လုချန်ရှန်က ရှစ်ပေရှည်လျားသော လှံတစ်စင်းကို သယ်ထားပြီး အဝေးသို့ ရောက်သွားသည်။

လုချန်ရှန်က တခြားလူများကို မခေါ်ပဲ ဟန်တောင်တန်းသို့ တိုက်ရိုက်သွားခဲ့သည်။

သူ၏ တိုက်ခိုက်နိုင်စွမ်းနှင့် ဟန်တောင်တန်းကလန်တစ်ခုလုံးကို ဖိနှိပ်နိုင်သည်။ ကလန်သားလေးရာကျော်ကို သတ်ဖြတ်ရန် မခက်ပေ။

သူက ဟန်တောင်တန်းသို့ ရောက်လာသောအခါတွင် အကြီးအကဲဟန်ချောင်ဟူနှင့် လူငယ်တချို့ကို မြင်လိုက်ရသည်။ သူတို့က ဆံပင်ကို အပြာရင့်ရောင်ဆံထိုးဖြင့် သိမ်းဆည်းထား‌သော ချည်ထည်အဝတ်နှင့် လူငယ်တစ်ယောက်ကို ဝိုင်းရံထားကြသည်။

သူတို့က တောအုပ်ဆီသို့ ဦးတည်နေကြသည်။

အမဲလိုက်ရန် ပြင်ဆင်နေပုံပေါ်သည်။

ထိုအခြေအနေက သူ့အတွက် ကောင်းမွန်သည်။ ပြဿနာပိုနည်းသွားသည်။

သူက ဟန်တောင်တန်းကလန်သို့ တိုက်ရိုက်ဝင်ရောက်ပြီး ခေါင်းဆောင်ငယ်နှင့် တိုက်ခိုက်မည်ဆိုလျှင် ပိုမိုအားထုတ်ရလိမ့်မည်။

သူက ဟန်မူယဲ့တို့၏နောက်မှ တိတ်ဆိတ်စွာ လိုက်သွားသည်။ သူက ကျားသစ်နက်ကလန်၏ ထူးခြား‌သော ဖုံးကွယ်ခြင်းနည်းစနစ်ကို အသုံးပြုခဲ့သည်။

သူက တိုက်ခိုက်ရန် အချိန်ကောင်းကို စောင့်ဆိုင်းနေသည်။

အမဲလိုက်အဖွဲ့တွင် လူဆယ့်သုံးယောက် ပါဝင်သည်။

ဟန်မူယဲ့နှင့် ဟန်ချောင်ဟူမှလွဲ၍ ဟန်တင်းရီ၊ ဟန်ကျင်းနှင့် တခြားလူငယ်များလည်း ပါဝင်ကြသည်။

သူတို့အားလုံးက မျိုးဆက်သစ်ကျွမ်းကျင်သူများ ဖြစ်ကြသည်။

လေးယောက်က ဟန်မူယဲ့ပေးသော သစ်သားဓားများကို ကိုင်ဆောင်ထားသည်။

သူတို့က ကွင်းပြင်တွင် ကောင်းကင်ဖျက်ဆီးလက်သီးကို လျင်မြန်စွာ နားလည်ခဲ့သောကြောင့် ဟန်မူယဲ့က အမဲလိုက်ရန် ခေါ်လာခဲ့သည်။

သူတို့က အမဲလိုက်ရန် ထွက်လာသော်လည်း ဟန်မူယဲ့က အလျင်မလိုပေ။

သူက မကြာခဏဆိုသလိုပင် ဆေးပင်များကို နုတ်ယူပြီး ဟန်ကျင်းနှင့် တခြားလူငယ်နှစ်ယောက်၏ ခြင်းတောင်းထဲသို့ ထည့်လိုက်သည်။

ထို‌ဆေးပင်များကို ဆေးလုံးသန့်စင်ရန် အသုံးပြုနိုင်သည်။

သို့သော် ကလန်၏ ဆေးပင်စိုက်ခင်းမှ ရရှိလာသော ဆေးပင်များကို ကျင့်ကြံခြင်းအရင်းအမြစ်အတွက် လဲလှယ်ရပြီး ကိုယ်ပိုင်အတွက် အနည်းငယ်သာ အသုံးပြုနိုင်သည်။

မိုင်ရှစ်သောင်းအကွာတွင် မျိုးနွယ်စုနှင့် ကုန်သည်အဖွဲ့များ၏ ဆေးပင်ဈေးကွက် တည်ရှိသည်။ ကလန်အများစုက ကုန်သည်အဖွဲ့များ၏ လိုအပ်ချက်အတိုင်း ဆေးပင်များကို စိုက်ပျိုးကြသည်။

လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာတွင် ဟန်တောင်တန်းကလန်က လှံတစ်ချောင်းနှင့် ရုပ်ခန္ဓာကြံ့ခိုင်စေမည့် ဆေးတချို့ကို လဲလှယ်ခဲ့သည်။

သို့သော် ထိုလှံက ခေါင်းဆောင်ဟောင်းနှင့် လူသားကျွမ်းကျင်သူများ၏ တိုက်ပွဲတွင် ပျက်စီးသွားခဲ့သည်။

All Chapters