အခန်း (၁၀၈၆)
Vol. 78 Ch. 1086
“ဟူး ....”
တောအုပ်ထဲတွင် ဟိန်းဟောက်သံကို ကြားရသည်။
ဟန်ကျင်းနှင့် တခြားလူများက ပျော်ရွှင်နေပြီး ဓားရှည်များနှင့်အတူ ရှေ့တက်သွားသည်။
ရှေ့ဆုံးတွင်ရှိနေသော ဟန်ချောင်ဟူက အမြန်ဆုံးဖြစ်သည်။ သူက ခြေလှမ်းအနည်းငယ်နှင့် တောင်တန်းကို ကျော်ဖြတ်ခဲ့သည်။
လုပ်သားပျားကဲ့သို့ ပြေးထွက်သွားသောလူအုပ်ကို ကြည့်လိုက်ပြီး ဟန်မူယဲ့က မနေနိုင်ပဲ ခေါင်းခါမိသည်။
သူက တောင်စောင်းပေါ်သို့ ရောက်သွားသောအခါတွင် လူတိုင်းက ရှစ်ပေကြီးမားသော ဒရယ်နက်တစ်ကောင်ကို ဝိုင်းရံထားကြသည်။ ထိုသားရဲက ခွာယက်လိုက်ပြီး ချွန်ထက်သော ဦးချိုနှစ်ချောင်းဖြင့် တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။
ထိုဒရယ်က အလွန်လျင်မြန်ပြီး ကန်ချက်တစ်ချက်ဖြင့် ကလန်သားတစ်ယောက်ကို နောက်ဆုတ်သွားစေသည်။
သားရဲ၏ သုံးပေရှည်လျားသော ဦးချိုသည် ဟန်ချောင်ဟူ၏ လက်ထဲတွင်ရှိသော သစ်သားတုတ်နှင့် ထိတွေ့သွားသည်။
“ဘန်း”
သစ်သားတုတ်က နှစ်ပိုင်းကွဲသွားသည်။
ဦးချိုနှစ်ချောင်းက အလွန်မာကျောသည်။
တောထဲတွင်ရှိသော သားရဲရိုင်းများက အားကောင်းကြသည်။
ထိုဒရယ်က အဆီအနှစ်ဝိညာဉ်ကို စုစည်းထားပြီး စတုတ္ထအဆင့်ထက် အားမနည်းကြောင်း ဟန်မူယဲ့က မြင်နိုင်သည်။
ထိုသားရဲ၏ ခွန်အားကြောင့် ဝိုင်းရံခံထားရသော်လည်း လှုပ်ရှားနိုင်သည်။
“ဟန်ကျန်းယန်၊ နောက်ကို ပေသုံးဆယ်ဆုတ်ပြီး ဟန်ချီလှုပ်ရှားနိုင်အောင် ကူညီပေးလိုက်”
ဟန်မူယဲ့က ပြောလိုက်သည်။
လှံတစ်ချောင်းကို ကိုင်ဆောင်ထားသော ဟန်ကျန်းယန်ဟုခေါ်သည့် လူငယ်က လျင်မြန်စွာ နောက်ဆုတ်ပေးလိုက်သည်။
သူ့ဘေးတွင်ရှိသော သစ်သားဓားနှင့် လူငယ်က ရှေ့တက်ပြီး ဓားမြှောက်သည်။
“ခလွမ်”
အနက်ရောင်ဒရယ်က ရှေ့သို့ ခုန်တက်လိုက်သည်။ သားရဲ၏ ရှေ့ခြေက ဓားရှည်နှင့် ထိတွေ့သွားသည်။
ဟန်ချီက နောက်ဆုတ်ပေးလိုက်ရသည်။ အနက်ရောင်ဒရယ်က တစ်ကိုယ်လုံး တုန်ခါနေပြီး နှေးကွေးသွားသည်။
“ဟန်ကျင်း၊ ရှေ့ကို ဆယ်ပေတိုးပြီး ဘယ်ဘက်ကို ပိတ်ဆို့လိုက်”
“ဟန်တင်းရီ၊ သားရဲကို နောက်မဆုတ်နိုင်အောင် တားဆီးမယ်”
ဟန်မူယဲ့၏အသံ ပေါ်ထွက်လာပြန်သည်။
ဟန်မူယဲ့ကို လေးစားနေသော ဟန်ကျင်းက တုံ့ဆိုင်းမနေပဲ ရှေ့တက်ပြီး ဒရယ်ကို ဓားဖြင့်ခုတ်သည်။
“ရွှပ် ....”
ဘယ်ဘက်သို့ တိုးဝင်လာသော ဒရယ်၏ ရှေ့ခြေက ပြတ်တောက်သွားသည်။
သစ်သားဓားကလည်း ဓားတစ်လက်ပင်ဖြစ်သည်။
ဟန်ချောင်ဟူက ထိုအချိန်ကို အခွင့်ကောင်းယူပြီး လက်ထဲတွင်ရှိသော တုတ်ကျိုးကို လွှင့်ပစ်၍ လက်သီးချက်ကို ထုတ်ဖော်သည်။
ကောင်းကင်ဖျက်ဆီးနည်းစနစ်မှ သင်ယူထားသော လက်သီးကွက် ဖြစ်သည်။
လက်သီးပုံရိပ်သည် ရွှေကျီးကန်း၏စွမ်းအားကို သယ်ဆောင်ထားပြီး ရွှေအလင်းအဖြစ် ပြောင်းလဲ၍ ဒရယ်၏ရင်ဘတ်ကို ထိမှန်သွားသည်။
“ဘန်း”
ဒရယ်က ယိမ်းယိုင်နေပြီး လဲကျသွားသည်။
လူအုပ်က ဒရယ်ကို ဝိုင်းရံလိုက်ပြီး လက်သီးချက်၊ ခြေကန်ချက်များဖြင့် တိုက်ခိုက်သည်။
သူတို့က လူစုခွဲလိုက်သောအခါတွင် ဒရယ်က သေဆုံးလုနီးပါး ဖြစ်နေသည်။
ဟန်မူယဲ့က မနေနိုင်ပဲ ခေါင်းခါမိသည်။
ထိုနည်းလမ်းမျိုးသည် ဒရယ်၏ စွမ်းအားအများစုကို ပျောက်ကွယ်သွားစေလိမ့်မည်။ နှမြောစရာကောင်းသည်။
သို့သော် ဟန်ကျင်းနှင့် တခြားလူများက အလွန်တက်ကြွနေကြသည်။
ပုံမှန်အခြေအနေတွင် သူတို့က ဒရယ်နက်ကို အမဲလိုက်နိုင်မည်မဟုတ်ပေ။
ဒရယ်နက်၏ ခွန်အားနှင့် အမြန်နှုန်းအရ ကလန်သည် နှစ်အနည်းငယ်တွင် တစ်ကောင်သာ အမဲလိုက်နိုင်လိမ့်မည်။
အသက်စွမ်းအားနှင့် ခွန်အားကောင်းသော ထိုသားရဲများသည် ကျင့်ကြံခြင်းအတွက် အလွန်အထောက်အကူဖြစ်သည်။
လူငယ်များက စီးကျလာသော သွေးများကို သိမ်းဆည်းလိုက်ကြသည်။ ဟန်ချောင်ဟူက သားရေအိတ်ထဲတွင် သိမ်းဆည်းလိုက်ပြီး သူတို့က သောက်သုံးလိုက်ကြသည်။
“ခေါင်းဆောင်ငယ်၊ ဒီသွေးက အသက်စွမ်းအားနဲ့ ပြည့်နေတယ်”
ဟန်တင်းရီက ပြုံးလိုက်ပြီး သားရေအိတ်ကို ဟန်မူယဲ့ဆီသို့ ပေးသည်။ သူ၏ နှုတ်ခမ်းထောင့်တွင် သွေးစက်တချို့ ရှိနေကြသည်။
ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး သွေးအိတ်ကို ငြင်းပယ်သည်။
သူ့အတွက် ထိုသားရဲ၏ အသက်စွမ်းအားသည် အသုံးမဝင်ပေ။
“မင်းတို့တွေ ဒီမှာ ခဏလောက်နားပြီး အသက်စွမ်းအားကို ချေဖျက်လိုက်ပါ”
ဟန်မူယဲ့က ဟန်တင်းရီ၏ပခုံးကို ပုတ်ပေးလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။
“ငါက ဟိုနေရာကို သွားကြည့်လိုက်အုံးမယ်”
သူက တစ်ဖက်တွင်ရှိသော တောအုပ်ကို ညွှန်ပြသည်။
ဟန်တင်းရီက တုံ့ဆိုင်းနေပြီး ခေါင်းညိတ်လိုက်သည်။
မဟာတောရိုင်းကမ္ဘာတွင် အလွန်အားကောင်းသော ကလန်များကပင် တောနက်ထဲသို့ ဝင်မသွားရဲကြပေ။
ထိုနေရာတွင် ရှေးခေတ်နတ်ဘုရားသားရဲများ ရှိနေနိုင်သည်။
တစ်ခါတလေတွင် တောင်တန်းတစ်ခုက နှစ်ပေါင်းမရေမတွက်နိုင်အောင် အိပ်စက်နေသော သားရဲများကြောင့် ဖြစ်ပေါ်လာတတ်သည်။
ကံကောင်းစွာဖြင့် သူတို့၏ ခေါင်းဆောင်ငယ်က ရွှေကျီးကန်းသွေးမျိုးဆက်ကို နိုးထခဲ့ပြီး အဆီအနှစ်ဝိညာဉ် သတ္တမအဆင့်သို့ ရောက်နေသည်။ အလွန်အားကောင်းသော နတ်ဘုရားသားရဲနှင့် မတွေ့ခဲ့လျှင် တောအုပ်ထဲတွင် အန္တရာယ်မရှိနိုင်ပေ။
ဟန်တောင်တန်း၏ မိုင်သုံးဆယ်ပတ်ဝန်းကျင်တွင် အလွန်အားကောင်းသော သားရဲများ မရှိကြပေ။
ဟန်မူယဲ့က တောအုပ်ထဲသို့ လျင်မြန်စွာ လျှောက်သွားခဲ့သည်။
သူက မိုင်သုံးဆယ်အကွာတွင်ရှိနေသော ရေကန်သို့ ရောက်လာသောအခါတွင် ရပ်တန့်လိုက်သည်။
ရေကန်၏ပတ်ဝန်းကျင်တွင် ပြန့်ကျဲနေသော သားရဲများ ရှိနေကြသည်။
ထိုသားရဲများအားလုံးသည် ဒရယ်နက်နှင့် ယှဉ်နိုင်ကြသည်။
ထိုသားရဲများကြားတွင် ပေနှစ်ဆယ်ကြီးမားသော အားကောင်းသည့်အငွေ့အသက်နှင့် သားရဲကြီးတစ်ကောင် ရှိနေသည်။
ထိုသားရဲက အဆီအနှစ်ဝိညာဉ် ပဥ္စမအဆင့်နှင့် တူညီလိမ့်မည်။
ရေကန်၏အလွန်တွင် အဆုံးမရှိသော တောင်တန်းနှင့် တောအုပ်များကို မြင်ရသည်။
မဟာတောရိုင်းကမ္ဘာသည် သားရဲနှင့် ငှက်များ၏အိမ် ဖြစ်သင့်သည်။
မူလကမ္ဘာ၏ အမွေအနှစ်ဖြစ်သောကြောင့် မနှောင့်ယှက်သင့်ပေ။
အချိန်များ ကုန်ဆုံးလာသောအခါတွင် မူလကမ္ဘာမှ သက်ရှိများ၏ပိုင်နက်သည် ပိုမိုရှားပါးလာခဲ့သည်။
နတ်ဘုရားသားရဲများ၏ နာမည်ကိုလည်း ရှေးခေတ်မှတ်တမ်းများတွင်သာ တွေ့နိုင်တော့သည်။
“ရှူး ....”
ဟန်မူယဲ့နှင် သိပ်မဝေးသောနေရာတွင် ပေငါးဆယ်ရှည်လျားသော အစိမ်းရင့်ရောင်မြွေတစ်ကောင်က ဟန်မူယဲ့ကို အသံပေးလိုက်ပြီး ဖြည်းဖြည်းချင်း နောက်ဆုတ်သည်။
တခြားသားရဲများကလည်း သတိထားနေပြီး နောက်ဆုတ်သွားကြသည်။
“ဘယ်သူက ဒီကိုရောက်နေတာလဲ တကယ်သိချင်မိတယ်”
ဟန်မူယဲ့က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ရေကန်ကိုကြည့်လျက် ညင်သာစွာပြောသည်။
“မင်းရဲ့အသက်ကို လိုချင်တဲ့လူပေါ့”
အသံတစ်သံ ပေါ်ထွက်လာသည်။
အားကောင်းသော လေပြင်းနှင့်အတူ ရှစ်ပေရှည်လျားသော အနက်ရောင်လှံက ဟန်မူယဲ့၏ နောက်ကျောဆီသို့ တိုးဝင်လာသည်။
လှံရှည်က အားကောင်းသောကြောင့် သားရဲများက ထိတ်လန့်စွာ ထွက်ပြေးသွားကြသည်။
ထိုတိုက်ခိုက်မှုက သူတို့ကို သတ်ဖြတ်နိုင်သည်။
ဟန်မူယဲ့က နောက်သို့ လှည့်မကြည့်ပေ။
သို့သော် ရွှေကျီးကန်းသွေးမျိုးဆက်က ပေါ်ထွက်လာပြီး ရွှေကျီးကန်းပုံရိပ်ကို ဖန်တီးသည်။
ရွှေကျီးကန်း၏ပုံရိပ် မစုစည်းခင် လှံရှည်ကြောင့် ပျက်စီးသွားသည်။
လှံရှည်က ဟန်မူယဲ့၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည်။
လုချန်ရှန်၏အပြုံးက အေးခဲသွားသည်။
ဗလာဖြစ်နေသည်။
သူ့ရှေ့တွင်ရှိသော ပုံရိပ်က အတုအယောင် ဖြစ်သည်။
‘ဘယ်လိုအမြန်နှုန်းကြောင့် ဒီလိုပုံရိပ်ယောင်ကို ချန်ထားနိုင်တာလဲ’
သူ လုချန်ရှန်က လျင်မြန်သွက်လက်သော ကျားသစ်နက်ကလန်သားဖြစ်ပြီး ပြိုင်ဘက်က ရွှေကျီးကလန်မှ ဖြစ်သည်။
“ရွှပ် ....”
ဓားမြည်သံကို ကြားရသည်။
အနီးကပ်တိုက်ခိုက်မှု ဖြစ်သည်။
မှိန်ဖျော့လမင်း ....
ဟန်မူယဲ့၏ လွှမ်းမိုးနိုင်သော ဓားနည်းစနစ် ပြန်ပေါ်လာသည်။
လုချန်ရှန်က ဖြည်းဖြည်းချင်း ခေါင်းငုံကြည့်လိုက်သည်။
သူ၏ ဘယ်ဘက်နံရိုးကြားတွင် ဓားတိုတစ်လက် စိုက်ဝင်နေသည်။
လက်တစ်ဖက်က ဓားတိုကို လှည့်လိုက်ပြီး ဖြည်းဖြည်းချင်း ဆွဲထုတ်သည်။
ဓားတိုနှင့်အတူ လုချန်ရှန်၏ ခွန်အားများအားလုံး ဆွဲထုတ်ခံလိုက်ရသည်။
သူ၏ အဆီအနှစ်ဝိညာဉ်က ပျောက်ကွယ်သွားသည်။ သူ၏ ကျင့်ကြံခြင်းကို ဆုံးရှုံးလိုက်ရပြီး အသက်စွမ်းအား လျော့နည်းသွားသည်။
သူက သေဆုံးတော့မည်။
လုချန်ရှန်က မြေပြင်တွင် လဲကျနေပြီး ဓားတိုနှင့်အတူ ထိုင်ချလိုက်သော လူငယ်ကို ကြည့်သည်။
သူက ထိုလူ၏ အဝတ်အစားကို ဆွဲထားချင်သော်လည်း လက်မမြှောက်နိုင်တော့ပေ။
သူ၏ မျက်လုံးထဲတွင် ဟန်မူယဲ့၏ နောက်တွင်ရှိသော ရွှေကျီးကန်းပုံရိပ်ကို မြင်နေရသည်။
ကျားသစ်နက်အဆီအနှစ်ဝိညာဉ်၏ ပြန့်ကျဲသွားသော စွမ်းအားများကို ရွှေကျီးကန်းက စုပ်ယူလိုက်သည်။
ရန်သူကို သတ်ဖြတ်ခြင်းမှ ရင်းမြစ်စွမ်းအားအနည်းငယ် ရလာမည်ဆိုလျှင်ပင် ဟန်မူယဲ့အတွက် လုံလောက်သည်။
လုချန်ရှန်၏ နောက်ဆုံးအမြင်အာရုံတွင် ဟန်မူယဲ့၏ အပြာရင့်ရောင်ရွှေကျီးကန်းက ခရမ်းရောင်သန်းလာသည်။
ဝိညာဉ်အဆီအနှစ် အဌမအဆင့် ....
သွေးမျိုးဆက်ကိုလည်း အသက်သွင်းထားနိုင်သည်။
ထိုအဆင့်တွင် အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူကသာ ရွှေကျီးကလန်ကို ဖိနှိပ်နိုင်လိမ့်မည်။
လုချန်ရှန်က ထိုအကြောင်းကို အစ်ကိုကြီးဖြစ်သူအား ပြောပြချင်မိသည်။ လုထန်ကျားသစ်နက်ကလန်က ဟန်တောင်တန်းရွှေကျီးကလန်နှင့် အဝေးတစ်နေရာတွင် နေသင့်သည်။
သို့သော် သူ၏ အဆီအနှစ်ဝိညာဉ်က ဘုန်းခနဲ ပြိုကွဲသွားသည်။
သေဆုံးသွားခဲ့သည်။
ဟန်မူယဲ့က လက်မြှောက်ပြီး လုချန်ရှန်၏ လက်ထဲတွင်ရှိသော အနက်ရောင်လှံရှည်ကို ဆုပ်ကိုင်သည်။
ထိုလှံကို မဟူရာသံမဏိကျောက်တုံးဖြင့် ပြုလုပ်ထားသည်။ လှံရှည်က အကြမ်းထည်ဆန်သော်လည်း ဝိညာဉ်သတ္တုများက အရည်အသွေးကောင်းသည်။
သူက လုချန်ရှန်း၏ ခါးတွင်ရှိသော အိတ်လေးကိုလည်း ဖြုတ်ယူလိုက်သည်။ ထိုအိတ်ထဲတွင် အနက်ရောင်ဆေးနှစ်လုံးနှင့် အစိမ်းရင့်ရောင်သားရဲအရိုးတို့ ရှိနေကြသည်။
ဆေးလုံးသည် ဆေးစွမ်းအားတချို့ကို ထုတ်လွှတ်နေသည်။
“နှစ်တစ်ရာကျောက်စိမ်းပန်း၊ ရှေးခေတ်နွယ်ပင်၊ နှစ်တစ်ထောင်ကျောက်စိမ်းအမွှာသစ်ကိုင်း ....”
“ကုသနိုင်စွမ်းကောင်းတယ်။ တစ်ချက်တည်းသေသွားနိုင်တဲ့ ဒဏ်ရာမျိုးမဟုတ်ရင် ဝိညာဉ်ကို မထိခိုက်သ၍ ပြန်ကောင်းလာလိမ့်မယ်”
“ဒါပေမဲ့ ဒီလိုမျိုး ထိပ်တန်းအဆင့် ဝိညာဉ်ဆေးပင်တွေနဲ့ ဆေးလုံးဖန်တီးထားတာက ဖြုန်းတီးမှုပဲ”
ဟန်မူယဲ့က ဆေးလုံးများကို သိမ်းလိုက်ပြီး သားရဲအရိုးကို ဆုပ်ကိုင်သည်။
သားရဲက ကျောက်စိမ်းအလင်းကို သယ်ဆောင်ထားသည်။
ကောင်းကင်အဆင့် ကျင့်ကြံသူ၏ ကျောက်စိမ်းအရိုးနှင့် ဆင်တူသည်။ သို့သော် ဤအရိုးက အဆပေါင်းများစွာ ပိုမိုအားကောင်းသည်။
“အစစ်အမှန်ဝိညာဉ်အဆင့် အရိုးပဲ”
အစစ်အမှန်ဝိညာဉ်အဆင့် မိစ္ဆာတစ်ကောင်၏အရိုး ဖြစ်သည်။
အဆီအနှစ်ဝိညာဉ်စွမ်းအားကို ထည့်သွင်းလိုက်သောအခါ ဟိန်းဟောက်သံနှင့်အတူ ပေနှစ်ဆယ်ကြီးမားသော ကျားနက်တစ်ကောင်၏ပုံရိပ် ပေါ်ထွက်လာသည်။
အစစ်အမှန်ဝိညာဉ်အဆင့် ကျားနက်တစ်ကောင်၏ အရိုးသည် တန်ဖိုးရှိသည်။ ထိုအရိုးသည် ရုပ်ခန္ဓာကို ပိုမိုကြံ့ခိုင်စေလိမ့်မည်။
ထိုအရိုးနှင့် အံ့ဖွယ်ဝိညာဉ်တိုင်းပြည်၏ လှံဆယ်ချောင်းကို လဲလှယ်နိုင်မည်။
အကယ်၍ အံ့ဖွယ်ဝိညာဉ်တိုင်းပြည်နှင့် ကောင်းကင်တစ်သောင်းတိုင်းပြည်သို့ တိုက်ရိုက်ပေးပို့နိုင်လျှင် အဆတစ်ရာခန့် ဈေးပိုရလိမ့်မည်။
ထိုသားရဲအရိုးက ဟန်မူယဲ့အတွက်လည်း တန်ဖိုးရှိသည်။
သူက သားရဲအရိုး၏စွမ်းအားကို သုံးသပ်ပြီး အစစ်အမှန်ဝိညာဉ်အဆင့်၏ ကျင့်ကြံခြင်းကို ကြိုတင်နားလည်နိုင်မည်။