← Chapters

အခန်း (၁၀၉၂)

Vol. 78 Ch. 1092

အခန်း (၁၀၉၂)

Vol. 78 Ch. 1092

‘ခေါင်းဆောင်ဆက်ခံပွဲ ကျင်းပမယ့်သတင်း ထွက်သွားလို့လား။ ဒါမှမဟုတ် တခြားအကြောင်းပြချက်လား’

သွေးချီသည် ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲတွင် လှုပ်ရှားနေသည်။ သူက အသက်ရှူသွင်းလိုက်ပြီး တိတ်ဆိတ်စွာ ရှေ့တက်သွားသည်။

“ရှေ့မှာ ဟန်တောင်တန်းကလန်ပဲ”

တောင်စောင်း၏ရှေ့တွင် အနက်ရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က ရှေ့သို့ ညွှန်ပြသည်။

သူ့ဘေးတွင် အရွယ်အစားအမျိုးမျိုးနှင့် လူသားဆယ့်ငါးယောက် ရှိနေသည်။

ထိုလူများက သွေးချီကြွယ်ဝပြီး မှိန်ဖျော့သော ကောင်းကင်တာအိုစွမ်းအားကို သယ်ဆောင်ထားသည်။ ထို့အပြင် ရင်းမြစ်စွမ်းအားတချို့လည်း ရှိနေသည်။

ကောင်းကင်တာအိုက သူတို့ကို မျက်နှာသာပေးသည်။ ထိုအရာသည် ကောင်းကင်တစ်သောင်းတိုင်းပြည်မှ ကျင့်ကြံသူများ၏ ထူးခြားချက် ဖြစ်သည်။

သူတို့အားလုံးက ကောင်းကင်တစ်သောင်းတိုင်းပြည်မှ ဖြစ်ကြသည်။

“ဟန်တောင်တန်းရွှေကျီးကလန်က သွေးမျိုးဆက်ကို နိုးထနိုင်တယ်လို့ ပြောကြတယ်။ ဒုဗိုလ်ချုပ်က သူတို့အားလုံးကို ရှင်းထုတ်ပစ်ဖို့ အမိန့်ပေးလိုက်တယ်”

ဓားမော့တစ်လက်ကို လွယ်ထားသော ရှေ့ဆုံးတွင်ရှိနေသည့် လူသန်ကြီးက သတ်ဖြတ်လိုစိတ်များနှင့်အတူ ပြောသည်။

တခြားလူများက ခေါင်းညိတ်ပြီး လူစုခွဲ၍ ဟန်တောင်တန်းဆီသို့ ဦးတည်လိုက်ကြသည်။

သို့သော် သူတို့က ခြေလှမ်းအနည်းငယ်ခန့် အကွာတွင် ရပ်တန့်လိုက်ကြသည်။

သူတို့၏ရှေ့တွင် မီးခိုးရောင်ချည်ထည်ဝတ်စုံနှင့် သွယ်လျသောလူငယ်တစ်ယောက် မတ်တပ်ရပ်နေသည်။

လူငယ်၏နဖူးတွင် မှိန်ဖျော့သော ရွှေကျီးကန်းအမှတ်အသားကို မြင်ရသည်။

ရွှေကျီးကလန်သား ဖြစ်သည်။

“မင်းက ဘယ်သူလဲ”

ရှေ့ဆုံးတွင်ရှိသော လူသန်ကြီးက ဓားရိုးကို ဆုပ်ကိုင်လိုက်ပြီး အော်ဟစ်သည်။

သူက တခြားလူများကို လျှို့ဝှက်စွာ အချက်ပြသည်။

“မင်းတို့က ငါ့အတွက် ရောက်လာကြတာမဟုတ်ဘူးလား”

ဟန်မူယဲ့က ပြုံးလိုက်ပြီး သယ်ထားသော ခြင်းတောင်းကို ညင်သာစွာ ချသည်။ ထို့နောက် လက်မြှောက်လိုက်သည်။

သူ့နောက်တွင်ရှိသော ချောက်နက်ဓားက ပေါ်ထွက်လာသည်။ တခြားလက်ကလည်း ခါးတွင်ရှိသော အသက်ဓားကို ဆုပ်ကိုင်ထားသည်။

“ဘုန်း”

ရှေ့တွင်ရှိသော လူသားကျွမ်းကျင်သူက ဓားမော့ကိုဆွဲထုတ်ပြီး ခုန်တက်လိုက်သည်။

“သတ် ....”

လူသားကျွမ်းကျင်သူ ဆယ့်ခြောက်ယောက် ဖြစ်သည်။ လေးယောက်က ရှေ့တွင်ရှိနေပြီး လေးယောက်က နောက်တွင်ရှိသည်။ ကျန်ရှိနေသော ရှစ်ယောက်က ဟန်မူယဲ့ကို စောင့်ကြည့်နေကြသည်။

သူတို့၏ ပူးပေါင်းမှုမျိုးကို ရရှိရန် အနည်းဆုံး ဆယ်နှစ်ကြာအောင် လေ့ကျင့်ရလိမ့်မည်။

လူသားမျိုးနွယ်ကသာ ထိုသို့ ရှုပ်ထွေးသော ဝင်္ကပါမျိုးကို အသုံးပြုနိုင်သည်။

မဟာတောရိုင်းကမ္ဘာတွင် မျိုးနွယ်တချို့ကသာ ဝင်္ကပါကို အသုံးပြု၍ ခွန်အားတိုးမြှင့်ပြီး လူသားမျိုးနွယ်ကဲ့သို့ တိုက်ခိုက်နိုင်ကြသည်။

မျိုးနွယ်စုတစ်ခုက သန်မာလေ ကိုယ်ပိုင်ခွန်အားကို ဦးစားပေးလေ ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုတွင် မကျွမ်းကျင်ကြပေ။

လူသားမျိုးနွယ်၏ သွေးမျိုးဆက်က အားအနည်းဆုံးဖြစ်သော်လည်း ဝင်္ကပါကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ကြသည်။

ဤနေရာတွင်ရှိနေသော လူသားကျွမ်းကျင်သူ ဆယ့်ခြောက်ယောက်လုံးက အဆီအနှစ်ဝိညာဉ် စတုတ္ထအဆင့်တွင် ရှိနေကြသည်။

အမျိုးမျိုးသော အဆီအနှစ်ဝိညာဉ်များသည် သူတို့၏နောက်တွင် ရှိနေပြီး မတူညီသော စွမ်းအားကို ထုတ်ဖော်သည်။

ဟန်မူယဲ့ကို ဝိုင်းရံထားသော လူသားရှစ်ယောက်က ကိုယ်ပိုင်ထူးခြားချက်ကို ပိုင်ဆိုင်ကြသည်။

အပြင်ဘက်တွင် စောင့်ဆိုင်းနေသော လူသားများက ပြုံးနေသည်။

သူတို့က ထိုသို့ ဝိုင်းရံတိုက်ခိုက်သော စစ်ဆင်ရေးမျိုးကို မရေမတွက်နိုင်အောင် လုပ်ဆောင်ဖူးသည်။

သူတို့က ဝင်္ကပါကို အသုံးပြု၍ အဆီအနှစ်ဝိညာဉ် ဆဌမအဆင့်သို့ ရောက်နေသော တခြားကလန်သားများကို လွယ်ကူစွာ အနိုင်ယူနိုင်သည်။

သူတို့၏ရှေ့တွင်ရှိသော လူငယ်က ခုခံနိုင်မည်မဟုတ်ပေ။

သူ့ကို အနိုင်ယူပြီး ရွှေကျီးကန်းသွေးမျိုးဆက်ကို ရရှိခဲ့လျှင် နောက်ထပ်တာဝန်တစ်ခုကို အဆုံးသတ်နိုင်လိမ့်မည်။

ယနေ့တွင် သူတို့က ဤနေရာတွင်ရှိသော ရွှေကျီးကလန်ကို ရှင်းပစ်ရမည်။

ဟန်မူယဲ့၏ရှေ့တွင် ဓားသွားနှင့်လှံများက မတူညီသောအမြန်နှုန်းဖြင့် လှုပ်ရှားနေကြသည်။ သို့သော် လှုပ်ရှားမှုအားလုံးက အစီအစဉ်တကျ ဖြစ်နေပြီး ဟန်မူယဲ့၏ လမ်းကြောင်းများကို ပိတ်ဆို့ထားသည်။

ထိုတိုက်ခိုက်မှုကြောင့် ကောင်းကင်တစ်သောင်းတိုင်းပြည်ကို အင်မော်တယ်ဘုရင်ချန်ယွမ်က တည်ထောင်ထားကြောင်း သေချာသွားသည်။

ထိုဝင်္ကပါနည်းစနစ်မျိုးသည် မဟာတောရိုင်းကမ္ဘာ၏ အမွေအနှစ်တွင် ပေါ်မလာခဲ့ပေ။

ဟန်မူယဲ့က ထိုအချက်ကို နားလည်သွားပြီး ထိန်းချုပ်မထားတော့ပေ။ သူ့မျက်လုံးများက ရွှေရောင်သန်းနေပြီး အားကောင်းသောအငွေ့အသက်ကို ထုတ်လွှတ်သည်။

“သူက ရွှေကျီးကန်းသွေးမျိုးဆက်ကို နိုးထခဲ့တယ်။ ဂရုစိုက်ကြပါ”

ခေါင်းဆောင်လူသန်ကြီးက အော်ဟစ်လိုက်သည်။ သူ၏ ဓားမော့က ပိုမိုလျင်မြန်လာသည်။

သို့သော် ဓားမော့ခုတ်ချက်ကို ဟန်မူယဲ့၏ လက်ထဲတွင်ရှိသော အနက်ရောင်ဓားရှည်က တားဆီးလိုက်သည်။

ဓားရှည်က ဓားမော့လက်ကိုင်၏ထိပ်ကို ဖိထားပြီး ထောင့်ဖြတ်အတိုင်း ဆွဲချခံလိုက်ရသည်။

“ရွှပ်”

ဓားသွားက ဓားမော့လက်ကိုင်အတိုင်း ကျဆင်းလာပြီး မီးပွားများနှင့်အတူ စူးရှသောအသံကို ထုတ်ပေးသည်။

လူသန်ကြီး၏မျက်နှာထားက ပြောင်းလဲသွားသည်။ သူက တိုက်ခိုက်မှုကို မရှောင်နိုင်တော့ပေ။ ထို့ကြောင့် လျင်မြန်စွာ နောက်ဆုတ်ပြီး လက်ထဲတွင်ရှိသော ဓားမော့ကို လွှတ်ပေးလိုက်ရသည်။

ချက်ချင်းဆိုသလိုပင် ဟန်မူယဲ့က ရှေ့တက်လာပြီး တခြားကျင့်ကြံသူခုနစ်ယောက်၏ တိုက်ခိုက်မှုများကို လွဲချော်သွားစေသည်။

သူက ဓားတစ်ချက်ဖြင့် ဝိုင်းရံတိုက်ခိုက်နေသော ဝင်္ကပါကို ချိုးဖောက်ခဲ့သည်။

“ဂရုစိုက်”

နောက်တွင်ရှိသော လူတစ်ယောက်က အော်ဟစ်လိုက်သည်။ စောင့်ကြည့်နေသော ကျင့်ကြံသူရှစ်ယောက်က တစ်ခုခုမှားယွင်းသွားကြောင်း သတိထားမိပြီး ပြေးဝင်လာကြသည်။

သို့သော် ဟန်မူယဲ့က ဓားရှည်ကို မြှောက်လိုက်ပြီး လှုပ်ရှားသည်။

သူက ဓားနည်းစနစ်ကို မသုံးခဲ့ပေ။

မှိန်ဖျော့နေသော ဓားအလင်းသည် ပန်းများကြားတွင် ပျံသန်းနေသော လိပ်ပြာတစ်ကောင်နှင့် တူသည်။ ဓားချက်တိုင်းတွင် သွေးများပေါ်ထွက်လာသည်။

“ခလွမ် ....”

ဓားရှည်က ကျင့်ကြံသူသုံးယောက်ကို ဆက်တိုက်ထိုးဖောက်လိုက်သည်။ နောက်ဆုံးတွင် သံမဏိချပ်ဝတ်နှင့် လူသန်ကြီးတစ်ယောက်က ဓားရှည်ကို ဖမ်းဆုပ်ထားခဲ့သည်။

“သတ်”

လူသန်ကြီးက အံကြိတ်ထားပြီး အော်ဟစ်သည်။

ကျန်ရှိနေသော ကျင့်ကြံသူများက ပြေးဝင်လာကြသည်။

သို့သော် ဟန်မူယဲ့က ဓားရိုးကို လွှတ်လိုက်သောကြောင့် လူသန်ကြီးက ထိတ်လန့်သွားသည်။

“ခလွမ် ....”

အသက်ဓား ပေါ်ထွက်လာသည်။ ဓားသွားက လေထုကို ထိုးခွဲသွားသည်။

လူသန်ကြီး၏လည်ပင်းက ပြတ်တောက်သွားသည်။

သွေးများ ပန်းထွက်လာသည်။

ဟန်မူယဲ့က ဓားကို ညင်သာစွာ ပြန်ယူလိုက်ပြီး တစ်ဖက်သို့လှည့်၍ ပျောက်ကွယ်သွားသည်။

“ရွှပ် ....”

နောက်ထပ် ဓားတစ်ချက်ကြောင့် ကျင့်ကြံသူတစ်ယောက် သေဆုံးသွားပြန်သည်။

“ပစ်”

နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သော အနက်ရောင်ဝတ်စုံနှင့် ကျင့်ကြံသူက လက်မြှောက်သည်။ သူ့လက်ထဲတွင် ရွှေရောင်အင်းကွက်တစ်ခု ရှိနေပြီး မီးမြွေတစ်ကောင်ကို ထုတ်ပေးသည်။

“မီးတောက်လား”

ဟန်မူယဲ့က ဓားဖြင့်ညွှန်ပြသည်။ အဆီအနှစ်ဝိညာဉ်၏စွမ်းအား ပေါ်ထွက်လာသည်။

ဓားက ခရမ်းဖျော့ရောင် အဆီအနှစ်ဝိညာဉ်၏ စွမ်းအားကို ထုတ်ဖော်လိုက်ပြီး မီးမြွေကို ဖျက်ဆီးသည်။ ထို့နောက် ထိတ်လန့်နေသော ကျင့်ကြံသူ၏ရင်ဘတ်ဆီသို့ တိုးဝင်သွားပြီး ရိုက်ထုတ်လိုက်သည်။

“အဆီအနှစ်ဝိညာဉ် အဌမအဆင့်”

ကျန်ရှိနေသော လူများက ဖြူဖျော့သွားသည်။

“ထွက်ပြေးကြ။ ဒုဗိုလ်ချုပ်ကို သတင်းပေးရမယ်”

ဟန်မူယဲ့ကြောင့် ဓားမော့လွတ်ကျသွားသော လူသန်ကြီးက အော်ဟစ်လိုက်သည်။ သူ့နောက်တွင် အဆီအနှစ်ဝိညာဉ် စတုတ္ထအဆင့်ဖြစ်သော အဝါရောင်မြွေပုံရိပ် ပေါ်ထွက်လာသည်။ ထိုမြွေက ချက်ချင်းဆိုသလိုပင် ပေငါးဆယ်ကြီးမားသွားပြီး ဟန်မူယဲ့ဆီသို့ တိုးဝင်လာခဲ့သည်။

သူက အဆီအနှစ်ဝိညာဉ်ကို ဖျက်ဆီးပြီး အစွမ်းကုန် တိုက်ခိုက်လိုက်သည်။

အဆီအနှစ်ဝိညာဉ် ဆဌမအဆင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေလျှင်ပင် ထိုတိုက်ခိုက်မှုကို ဂရုစိုက်ရမည်။

သို့သော် ဟန်မူယဲ့က အဆီအနှစ်ဝိညာဉ် အဌမအဆင့် ဖြစ်သည်။

သူက ဓားရှည်ဖြင့် ထိုးသွင်းလိုက်သည်။ ဘယ်ဘက်လက်တွင်ရှိသော ဓားတိုကို ညင်သာစွာ လွှတ်ပေးသည်။

ဓားရှည်သည် အစစ်အမှန်ဝိညာဉ်အင်းကွက်ကြောင့် တောက်ပလာသည်။ ဓားအလင်းက ဥက္ကာခဲတစ်ခုသဖွယ် ပျံသန်းထွက်သွားပြီး မျက်တောင်တစ်ခတ်စာအချိန်အတွင်း၌ ထွက်ပြေးသွားသော လူသားကျင့်ကြံသူများအားလုံးကို ထိုးဖောက်၍ အဆီအနှစ်ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်သည်။

ဓားပျံက ဟန်မူယဲ့၏လက်ထဲသို့ ပြန်ရောက်လာသောအခါတွင် ကျင့်ကြံသူများအားလုံးက လဲကျနေကြသည်။

ထို့ကြောင့် အဆီအနှစ်ဝိညာဉ်ကို ဖျက်ဆီးလိုက်ပြီး တိုက်ခိုက်ခဲ့သော လူသန်ကြီးက ကြောင်အသွားသည်။

“အား ....”

လူသန်ကြီးက ဟိန်းဟောက်လိုက်ပြီး ဟန်မူယဲ့ကို ခုန်အုပ်သည်။

ဟန်မူယဲ့က လက်မြှောက်ပြီး ခုတ်ချလိုက်သည်။ သွေးအလင်း ပေါ်ထွက်လာသည်။

ဓားအလင်းက ပျောက်ကွယ်သွားသည်။ ရွှေကျီးကလန်ကို အမဲလိုက်ရန်ရောက်လာသော လူသားကျင့်ကြံသူ ဆယ့်ခြောက်ယောက်က သေဆုံးသွားသည်။

“ခေါင်းဆောင်ငယ်”

“ခေါင်းဆောင်ငယ်”

ဟန်ချောင်ဟူနှင့် ဟန်ယွင်ဟယ်က တိုက်ပွဲကို သတိထားမိပြီး ပြေးလာကြသည်။ သူတို့က တိုက်ပွဲမြေပြင်ကို မြင်လိုက်ရသောအခါတွင် အနည်းငယ် ကြောင်အသွားကြသည်။

တစ်ဖက်တွင် ဟန်တင်းရီနှင့် တခြားလူများက တည်ငြိမ်နေသည်။

သူတို့က ဟန်မူယဲ့ကို သစ္စာရှိရန် ကျိန်ဆိုထားသောကြောင့် ဟန်မူယဲ့၏ နည်းလမ်းတချို့ကို မြင်ဖူးကြသည်။

ထို့ကြောင့် ယခုအချိန်တွင် ထိတ်လန့်မသွားကြပေ။

“လူသားတွေ”

ဟန်ယွင်ဟယ်၏မျက်နှာထားက မည်းမှောင်နေပြီး လူသားကျင့်ကြံသူများကို ကြည့်သည်။

သူတို့က သေချာစုံစမ်းကြည့်ခဲ့သော်လည်း သတင်းမရခဲ့ပေ။ ရွှေကျီးကန်းများကို အမဲလိုက်ရန် ကောင်းကင်တစ်သောင်းတိုင်းပြည်မှ စေလွှတ်လိုက်သော ကျင့်ကြံသူများဖြစ်ကြောင်း အကြမ်းဖျင်း နားလည်ခဲ့သည်။

ရွှေကျီးကလန်သည် မဟာတောရိုင်းကမ္ဘာ၏ မျိုးနွယ်စုကြီးတစ်ခု ဖြစ်ပြီး ဂုဏ်ကျက်သရေမြင့်မားသည်။ ကောင်းကင်တစ်သောင်းတိုင်းပြည်၏ တိုက်ရိုက်အမိန့်အောက်တွင် မရှိလျှင် တခြားနေရာများတွင် ရွှေကျီးကန်းများကို အမဲလိုက်ရန် တားမြစ်ထားသည်။

ထို့ကြောင့် လူသားမုဆိုးများနှင့် တွေ့လာလျှင် ကလန်အများစုက ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆိုကြသည်။ သို့မဟုတ် တိုက်ရိုက် တိုက်ခိုက်လိမ့်မည်။

သို့သော် လျှို့ဝှက်စွာ ပူးပေါင်းထားသောလူများလည်း ရှိကြသည်။

ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး ခေါင်းဆောင်လူသန်ကြီး၏ ဓားမော့ကို ဆုပ်ကိုင်သည်။

ဓားမော့ကို ရွှေ၊ သံမဏိဖြင့် ကောင်းမွန်စွာ ပြုလုပ်ထားသည်။ ဝိညာဉ်သတ္တုများက သိပ်မကောင်းသော်လည်း သန့်စင်ထားသော နည်းလမ်းက သမင်စိမ်းကလန်၏ လှံရှည်များထက် ပိုကောင်းသည်။

သို့သော် ဓားမော့က အဆင့်နိမ့်သောကြောင့် အစစ်အမှန်ဝိညာဉ်အင်းကွက်များ မပါရှိပေ။

အဆီအနှစ်ဝိညာဉ်စွမ်းအားသည် ဓားမော့ထဲသို့ စိမ့်ဝင်သွားသည်။ ဟန်မူယဲ့က မြင်ကွင်းများကို မြင်လိုက်ရသည်။

ဓားမော့ကို ကောင်းကင်တစ်သောင်းတိုင်းပြည်တွင် ဖန်တီးခဲ့သည်။

ထို့နောက် နေရာတိုင်းတွင်ရှိသော မုဆိုးများဆီသို့ ဖြန့်ဖြူးပေးလိုက်သည်။

မုဆိုးများက ရွှေကျီးကန်းကို အမဲလိုက်ပြီး ကျင့်ကြံခြင်းအတွက် အရင်းအမြစ်ကို လဲလှယ်ကြသည်။

ထိုလူများထဲတွင် ထူးချွန်သော လူများက ကောင်းကင်တစ်သောင်းတိုင်းပြည်၏ စစ်တပ်အရာရှိများ ဖြစ်လာနိုင်ကြသည်။

“ကျားခုန်တောင်တန်း၊ တာအိုတန်ခိုးရှင် ချန်ယောင်”

ဟန်မူယဲ့က ညင်သာစွာပြောလိုက်ပြီး အဆီအနှစ်ဝိညာဉ်စွမ်းအားကို ပြန်သိမ်းသည်။

သူက ကျားခုန်တောင်တန်းသို့သွားပြီး ထိုမုဆိုးများ၏ ဒုဗိုလ်ချုပ်ဖြစ်သော တာအိုတန်ခိုးရှင်ချန်ယောင်နှင့် တွေ့ဆုံရမည်။

တစ်ချိန်တည်းမှာပင် တာအိုတန်ခိုးရှင်ချန်ယောင်မှတစ်ဆင့် ဟန်တောင်တန်းရွှေကျီးကလန်အား တိုက်ခိုက်ရန် သတင်းပေးခဲ့သည့်လူကို စုံစမ်းရမည်။

ဟန်မူယဲ့က တောက်ပနေသော မျက်လုံးများဖြင့် အဝေးတစ်နေရာသို့ ကြည့်လိုက်သည်။

လူတိုင်းက လူသားကျင့်ကြံသူများ၏ လက်နက်နှင့် ပစ္စည်းများကို ပြန်သယ်လာကြသည်။ အလောင်းများကိုတော့ သားရဲကောင်များအတွက် ချန်ထားခဲ့သည်။

ဤနေရာသည် သားရဲများ၏ကမ္ဘာ ဖြစ်သည်။

All Chapters