အခန်း (၁၀၈)
Vol. 8 Ch. 108
“မင်းတော်တော် ရိုင်းစိုင်းပါလား..ချက်ချင်းမင်းသမီးကို ဒူးထောက်ပြီးတောင်းပန်လိုက်စမ်း...” ကိုယ်ရံတော်များသည် ဖှေးအား စိုက်ကြည့်နေကြသည်။ တစ်စုံတစ်ခုလှုပ်ရှားသည်နှင့် ဓားများဆွဲထုတ်ပြီး ချက်ချင်းစတင်တိုက်ခိုက်တော့မည့် အနေအထားပင်။
“ဟားဟား မင်းတို့တွေကြည့်ပဲဆိုရင် ငါ့ကို ယှဥ်နိုင်မှာမဟုတ်ဘူး....”
ဖှေးပျင်းရိစွာဖြင့် သူ၏ခုံးများကို ပင့်တင်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှ ပို၍ သန်မာသော စွမ်းအင်အရှိန်အဝါများထွက်ပေါ်လာသည်။ မမြင်နိုင်သော လေးလံလှသော ဖိအားမှာ ခရမ်းရောင်ချပ်ဝတ်များနှင့် ကိုယ်ရံတော်များထံသို့ ကျရောက်သွားသည်။ သူတို့အားလုံး ဓားများဆွဲထုတ်ဖို့နေနေသာသာ ကောင်းမွန်စွာပင်လှုပ်ရှား စကားမပြောနိုင်ကြတော့ပေ။ အမှောင်ထဲတွင် ပုန်းအောင်းနေကြသော ကျန်ကိုယ်ရံတော်များပင် ဤစွမ်းအားကိုခံစားမိကြပြီး အသက်ပင်ကောင်းကောင်းမရှူရဲဖြစ်ကုန်ကြ၏။
“ရတယ် သူ့ကိုသွားခွင့်ပေးလိုက်...”
ဤအဖြစ်ပျက်များ အားလုံးကိုတိတ်ဆိတ်စွာကြည့်နေသော မင်းသမီးသည် ရုတ်တရက် လက်ဝှေ့ရမ်းလိုက်ပြီး အစောင့်များကို အမိန့်ပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် ဖှေးလဲပြုံးလိုက်ပြီး သူ၏ စွမ်းအားများကို ပြန်လည်ရုပ်သိမ်းလိုက်သည်။
ခရမ်းရောင်ချပ်ဝတ်နှင့် ကိုယ်ရံတော်လေးယောက်သည် သူတို့ခံစားနေရသော လေးလံသည့် ဖိအားမှာရုတ်တရက်ပျောက်ကွယ်သွားသဖြင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အထိတ်တလန့်ဖြစ်ကုန်ကြ၏။ သူတို့၏အရှေ့တွင်ရှိသော နိုင်ငံငယ်လေးတစ်ခု၏ ဘုရင်သည် ဤကဲ့သို့ကြောက်မက်ဖွယ်အဆင့်ရှိ စွမ်းအားများပိုင်ဆိုင်နေမည်ဟု မမျှော်လင့်ထားချေ။ အစောင့်လေးယောက်သည် မင်းသမီးအား အရိုအသေပေးလိုက်ပြီး မြင်ကွင်းမှ ပြန်လည်ပျောက်ကွယ်သွားကြတော့သည်။
ဖှေးလည်း စတင်ထွက်ခွာရန်ပြင်လိုက်သည်။
ခြေလှမ်းပေါင်းအနည်းငယ်လှမ်းပြီးချိန်တွင် တစ်စုံတစ်ခုက်ို သတိရသွားပြီး ရုတ်တရက်ရပ်တန့်လိုက်သည်။ ထို့နောက်တွင် တစ်ဖက်သို့လှည့်ကာ ခရမ်းရောင်ဆေးပုလင်းလေးတစ်ခုအား မင်းသမီးအရှေ့သို့ ပစ်ပေးလိုက်ပြီး
“နင်ရင်ဆိုင်နေရတဲ့ ပြသနာတွေကမသေးဘူးလို့ပြောရလိမ့်မယ် မင်းသမီး...နင်သိပ်ပြီး ကြာကြာခံနိုင်မှာမဟုတ်တော့ဘူး..ဒီဆေးပုလင်းကို ယူလိုက်ပါ နင့်ရဲ့မကျန်းမာတဲ့ခန္ဓာကိုယ်အတွက် အနည်းငယ်တော့ ကူညီပေးနိုင်လိမ့်မယ်....”ဟုပြောပြီး ဖှေးလှည့်ပင် မကြည့်ပဲထွက်ခွာသွားတော့၏။
သူမ၏အရှေ့ရှိ မြက်ခင်းပေါ်တွင်ကျနေသော ဆေးပုလင်းကိုကြည့်နေရင်း မင်းသမီးသည် ဤကဲ့သို့အဖြစ်အား မျှော်လင့်ထားပုံမရချေ။ သူမရုတ်တရက်ရယ်ချင်သလိုပင်ဖြစ်လာသည်။ ဤဘုရင်သည် လူသေးသလောက် စိတ်အေတာ်ကြီးသည်ဟု တွေးမိ၏။
သို့သော် တစ်ခနအကြာတွင် မင်းသမီးမှာပြန်လည်တည်ငြိမ်သွားပြီဖြစ်သည်။
သူမအတွက် သူမ၏ ၁၂နှစ်ပြည့်မွေးနေ့တွင် သူမ၏ အစေထံအား သူမ၏ အကိုများက သတ်ဖြတ်စဥ်မှလွဲ၍ တစ်ခါမှ စွမ်းအားမဲ့သလိုမခံစားရသေးချေ။ ထိုအချိန်မှစ၍ သူမ၏ အပေါင်းအပါများရှေ့တွင် မည်သည့်အခြေအနေတွင်မဆို အေးစက်စက်ဖြင့် ခံစားချက်ကင်းမဲ့သော ဟန်ဖြင့်သာနေထိုင်ရန် သတိထားခဲ့သည်။
ဤကဲ့သို့ အမူအယာသည်သာလျှင် သူမအား စွမ်းအားကြီးသည့်ပုံပေါက်စေပြီး သူမအားစိန်ခေါ်လာသူမည်သူမဆို ကြောက်ရွံ့တုန်လှုပ်စေမည်ဖြစ်သည်။
ဘုရားသခင်သည် သူမအား ကြီးကျယ်ခမ်းနားသောတော်ဝင်ဘဝနှင့် ထက်မြတ်သော ဉာဏ်ရည်တို့ကို ပေးခဲ့သော်လည်း ကျန်းမာသောလူတစ်ယောက်အဖြစ်နေထိုင်နိုင်သည့် သူမ၏အခွင့်အရေးတို့ကိုမူ ငြင်းဆန်ခဲ့သည်။ နေ့စဥ်နေ့တိုင်း သန်းခေါင်ရံအချိန်တွင် မပြီးဆုံးနိုင်သည့် ရောဂါဝေဒနါသည် သူမအားနှိပ်စက်မည်ဖြစ်သည်။ တော်ဝန်မိသားစု၏ ဆရာဝန်ကိုယ်တိုင်က သူမအား အသက်ရှင်သန်နိုင်သည့်အချိန်၆လခန့်သာကျန်တော့သည်ဟု ပြောသည့်တိုင်အောင် သူမသည် နာကျင်မှုကို သူမ၏မျက်နှာတွင် ဖော်ထုတ်မပြသခဲ့ချေ။
နန်းတော်ထဲတွင် တစ်ယောက်ထဲရှိနေသည့်အချိန်မှာပင် လျှင် သူမကောင်းမွန်စွာ အနားယူနိုင်ခြင်းမရှိချေ။
သို့သော် ထိုဘုရင်နှင့်စုံသည့်အချိန်တွင် အချိန်အခိုက်တန့်တစ်ခုမျှ ကလေးများကဲ့သို့ လျှောက်လုပ်လိုက်ရသည်။ သူမတစ်ခါမှပင် ဖော်ပြလေ့မရှိသော စိတ်ခံစားချက်အမူအယာများကို ဖော်ပြလိုက်မိသည်။
ဤသည်မှာ သူမ၏အသက်မဆုံးရှုံးခင်ကြုံရသည့် အခိုက်တန့်တစ်ခုလားမသိ။
မင်းသမီး၏ လက်များသည် ကျောက်စားပွဲကိုညင်သာစွာထိကိုင်လိုက်သည်။
သူမ၏မျက်လုံးများသည် အောက်သို့ကြည့်လိုက်သည်။
ဖှေး ပစ်ပေးခဲ့သည့် မြေပြင်ပေါ်ရှိ ခရမ်းရောင်ဆေးပုလင်းလေးငယ်ကိုမြင်လိုက်ရသည်။ စက္ကန့်အနည်းငယ်ခန့် တွံ့ဆုတ်ပြီးနောက်တွင် ဘာလို့လဲအသိ မင်းသမီးရုတ်တရက်အကြံတစ်ခုရရှိသွားသည်။
မင်းသမီး ခါးကုန်းကာ မြေပြင်ပေါ်မှဆေးပုလင်းကို ကောက်ယူလိုက်ပြီး အကြိမ်အနည်းငယ်လှုပ်ခါကာ ဂရုတစိုက်ကြည့်ရှုလိုက်သည်။ ထို့နောက်တွင် ပုလင်းအဖုံးကိုဖွင့်လိုက်ပြီး အနံ့ကိုရှိုက်နမ်းကြည့်လိုက်ရာ ထူးဆန်းစွာပင် စိတ်အေးချမ်းသွားသလို ခံစားလိုက်ရသည်။
မင်းသမီးတာနာရှာ၏ မျက်နှာတွင် အမူအယာကင်းမဲ့စွာဖြင့် ပုလင်းအဖုံးကို ပြန်ပိတ်လိုက်သည်။ သူမ၏ စိတ်ထဲတွင်မူ “ဒီဆေးပုလင်းက တကယ်ပဲ ငါ့ရောဂါကိုပျောက်ကင်းစေနိုင်မလား....”ဟုတွေးလိုက်မိ၏။
“အဲ့လူက တော်တော်ရိုင်းတာပဲ အရှင့်သမီး ဘာလို့သူ့ကို မသတ်လိုက်တာလဲ...”
တိုးညင်းသော အသံတစ်ခုကို သူမ၏နားထဲတွင် ကြားလိုက်ရသည်။
တစ်ချိန်ထဲမှာပင် ခရမ်းရောင်မီးတောက်တစ်ခုသည် လေထုကိုနှစ်ခြမ်းခွဲလိုက်ပြီး လှပသည့် ခရမ်းရောင်အမျိုးသမီးတစ်ယောက်ရောက်ရှိလာပြီး မင်းသမီး၏ဘေးတွင် ရပ်လိုက်သည်။
သူမ၏ သွယ်လျသောခြေထောက်များ၊ လှပကြော့ရှင်းသောမျက်နှာနှင့် ဆွဲဆောင်မှုပြင်းသော မျက်လုံးနှစ်စုံမှာ ယောက်ျားတစ်ယောက်၏ ဝိဉာဉ်ကိုပင် လွယ်ကူစွာဖမ်းစားနိုင်စွမ်းရှိ၏။ သူမဝတ်ဆင်ထားသည်မှာ ချပ်ဝတ်တန်ဆာများမဟုတ်ပေ။ ရိုးရှင်းသည့် ခရမ်းရောင်ဝတ်စုံတစ်ခုမျှသာဖြစ်သည်။ သူမသည် သူမ၏စွမ်းအားများအပေါ် ယုံကြည်ချက်ကြီးမားပုံရ၏။ သူမ၏ ရှည်လျားလှသည့် ခရမ်းရောင်ဆံပင်များကို စုပြီးချည်ထားသည်။ သူမ၏ လက်ထဲတွင် ပါးလွှာသော အစိမ်းရောက်ဓားတစ်ချောင်းကို ကိုင်ဆောင်ထားသည်။ ဓားတွင် ဓားဖုံးမရှိပေ။ ဓားသွားမှာ နေရောင်အောက်တွင် တောက်ပလျှက်ရှိသည်။
ဖှေးသာ ဤနေရာတွင် ရှိနေမည်ဆ်ုပါက မလွဲမသွေပင် အံ့သြမိသွားမည်ဖြစ်သည်။ သူမရောက်ရှိလာပုံနှင့် သူမကိုယ်မှခံစားရသောအရှိန်အဝါတ်ို့အပေါ်မူတည်၍ သုံးသပ်ကြည့်ပါက ဤ၁၆ ၁၇ခန့်သာရှိသေးသော မိန်းကလေးမှာ လျှော့တွက်၍မရသော ပညာရှင်တစ်ယောက်ဖြစ်သည်မှာ အထင်အရှားပင်။
“သူ့ကိုလွှတ်ထားလိုက်ပါ..သူကအသုံးဝင်နေသေးတယ်..ငါတို့ ငါးစာမရှိပဲ ငါးမျှားလို့မရဘူးလေ...”
ခရမ်းရောင်ဝတ်စုံနှင့် ကောင်မလေးရောက်ရှိလာလာခြင်းအချိန်မှာတွင် မင်းသမီးတာနာရှာသည် ပုံမှန်တည်ငြိမ်သည့်အနေထားသို့ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။ မျက်လုံးများကို ဖြည်းညင်းစွာပိတ်ပြီး စားပွဲခုံအားသူမ၏ လက်ချောင်းများဖြင့် ခေါက်နေ၏။ ဤသည်မှာ သူမ၏ အလေ့ကျင့်တစ်ခုဖြစ်သည်။ သူမတစ်ခုခုကို စဥ်းစားတွေးခေါ်နေသည့်အချိန်တိုင်းတွင် သူမသည်လက်ချောင်းများဖြင့် တစ်စုံတစ်ရာကို တီးခေါက်နေမည်ဖြစ်သည်။ တစ်ခါတစ်လေတွင် မြန်လာပြီးတစ်ခါတစ်လေတွင် နှေးနှေးတီးခေါက်မြည်ဖြစ်သည်။ ထိုလက်များမှာ လူအများကိုကြောက်လန့်စေသည့် သဘောမှာပင်ရှိသည်။ မြို့တော် စိန့်ပီတာစဘာ့ဘ်တွင် သူမကိုကြောက်ရွံ့သူများက ထိုလက်ချောင်းများကိုပင် [သေခြင်း၏ လက်ချောင်းများ]ဟု တိတ်တဆိတ်နာမည်ပေးထားကြသည်။
အချိန်အနည်းငယ်အကြာတွင် မင်းသမီးမျက်လုံးများကိုဖွင့်လိုက်ပြီး မေးလိုက်သည်။ “နင် ဘာတွေစုံစမ်းတွေ့ရှိခဲ့လဲ ဇီယျန်....”
“အသုံးမဝင်တာတော်တော်များများကိုပဲ စုံစမ်းလို့ရခဲ့ပါတယ်...အမဲလိုက်ခွေးတွေရောက်မလာကြဘူး.. “ ဇီယျန်အမည်ရှိ ခရမ်းရောင်ဝတ်ရုံနှင့်ကောင်မလေးမှာ ညင်သာစွာပြန်လည်ဖြေကြားလိုက်သည်။
သူမသည် မင်းသမီးသည် ဘုရင်ငယ်အကြောင်းဆက်လက်ပြောလိုစိတ်မရှိသည်ကို ရိပ်မိသဖြင့်ဘုရင်နှင့် ပတ်သက်၍ထက်မံစကားမစတော့ချေ။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့နိုင်ငံငယ်လေးမှ ဘုရင်တစ်ပါးသည်မင်းသမီးမျက်လုံးထဲတွင် ဘာမှမဟုတ်သည်ဟုယူဆသောကြောင့်ပင်။ ကောင်းကင်မှ ဇီဝစိုးငှက်နှင့် မြေပြင်မှ တီကောင်တစ်ကောင်ကဲ့သို့ပင် အဆင့်တန်းခြင်းကွာခြားလှသည်။ အနာဂတ်တွင်လည်း ဖှေးနှင့် မင်းသမီးတို့ကြားတွင် ဆက်နွယ်မှုတစ်စုံတစ်ခုရှိလာနိုင်သည်ဟုလည်း ဇီယျန်လုံးဝမယူဆထားချေ။
“ဘယ်သူမှရောက်မလာကြဘူးဟုတ်လား...ဒါမဖြစ်နိုင်တာပဲ...”
မင်းသမီး၏ လက်ချောင်းများသည် စားပွဲခုံကို အဆက်မပြတ်တီးခေါက်နေသည်။ “ငါသူ့ကိုနားလည်ရသလောက်ဆိုရင် သူက ဒီလောက်ငါ့ကိုအသေလိုချင်နေတာပဲ ဒီလိုအခွင့်ရေးကို လက်လွှတ်ခံလိုက်မယ့်သူမျိုးတော့ မဟုတ်ဘူး..ဒီခွေးတွေ ရောက်နေပြီး တစ်ခုခုကြံစည်ပြီးလောက်ပြီဆိုတာ သေချာသလောက်ပဲ...”
ခရမ်းရောင်ဝတ်စုံနှင့် ကောင်မလေးမှာ မျက်မှောင်ကြုံ့လိုက်သည်။ ထို့နောက်တွင် တစ်စုံတစ်ခုကို တွေးမိလိုက်ပြီး”ဒါဆိုမင်းသမီး သူတို့က သိုင်းပညာတစ်ခုခုကိုအသုံးပြုပြီး ကျွန်မရှာဖွေတာကနေ ပုန်းရှောင်နေကြတယ်ဆိုတဲ့အဓိပ္ပါယ်လာ...ဒါကတော့ မဖြစ်နိုင်ဘူးထင်တယ်...ဘယ်ကြယ်အဆင့်ဆရာမှ ဘုရားသခင်ရဲ့ [ကောင်းကင် မြင်ကွင်း]နဲ့ရှာဖွေတာကနေ ပုန်းအောင်းနိုင်မှာ မဟုတ်ကြဘူးလေ။ ဒီတစ်ခေါက်မှာ လအဆင့်ဆရာတွေကို လွှတ်လိုက်တာဆိုရင်တော့ မပြောတတ်ဘူး..ဒါပေမယ့် ဇီးနစ်အင်ပါယာမှာ ရှိတဲ့ လအဆင့်ဆရာ၃ယောက်လုံးကလဲ အခုမြို့တော်မှာ ရှိနေကြတယ်လေ..”
“ဒီကမ္ဘာပေါ်မှာတော့ ဘယ်အရာမှသေချာတယ်ဆိုတာမရှိဘူးလေသူက သူရဲ့လူယုံနောက်လိုက်ခွေးတွေကို [ကောင်းကင်မြင်ကွင်း]ရှာဖွေမှုကနေ ပုန်းအောင်းနေနိုင်မယ့် နည်းလမ်းတစ်ခုရှာတွေ့ထားတာလဲ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် သူလအဆင့်ဆရာတစ်ယောက်နဲ့ အဆက်သွယ်ရထားတာလဲ ဖြစ်နိုင်တယ်...ဒါမှမဟုတ်ရင် သူ့မှာ ငါ့ကိုလုပ်ကြံဖို့တစ်ခြားနည်းလမ်းတစ်ခုရှိနေတာလဲဖြစ်နိုင်တယ်..သူမကြာခင်မှာ အကွက်တစ်ခုခုရွှေ့တော့မယ်ဆိုတာတော့ သေချာတယ်...ဒါကိုတော့ ငြင်းလို့မရဘူး..”
“ဒါဆို ကျွန်မ ဘာဆက်လုပ်ရမလဲ....”
ခရမ်းရောက်ဝတ်ရုံနှင့် ကောင်မလေးမှာ မင်းသမီး၏ဆုံးဖြတ်ချက်ကို သဘောတူလိုက်သည်။ မင်းသမီး၏ ဆုံးဖြတ်ချက်ကို မည်သူမျှ မဆန့်ကျင်ရဲပေ။ အဘယ်ကြောင့်ဆိုသော် မင်းသမီး၏ အဆိုများသည် တစ်ခါမှပင် မှားလေ့မရှိသောကြောင့်ပင်။