အခန်း (၁၁၀)
Vol. 8 Ch. 110
တောင်ဝင်ထီးနန်းတင်မြှောက်ပေးမည့်အဖွဲ့ နေထိုင်ရာနေရာမှ ဖှေးထွက်လာပြီးနောက်တွင် ချမ်းဘော့ဒ် မြို့ပြနှင့် စစ်ဘက်ဆိုင်ရာသင်တန်းကျောင်းထံသို့ ဦးတည်သွားသည်။ သင်တန်းကျောင်းရှိ အုပ်ချုပ်ရေးကိစ္စရပ်များဖြင့် အလုပ်များနေသော ခေါင်းဆောင်ဘရွတ်နှင့် တွေ့ဆုံရန်ဖြစ်သည်။
မင်းသမီးနှင့် တွေ့ဆုံစဥ်က သူခံစားခဲ့ရသော ဖိအားများသည် ဖှေးအား ပုန်းကွယ်နေသော အန္တရာယ်ရန်စွယ်များကို ပို၍သတိထားမိစေသည်။ ဘာတွေဖြစ်လာတော့မည်ဆိုသည်ကိုကား ဖှေးမသိချေ။ သို့သော် မင်းသမီးတာနာရှာသည် ထိုအန္တရာယ်မှကာကွယ်ရန်အတွက် သတိကြီးကြီးမားမားဖြင့် ပြင်ဆင်နေကြောင်း ဖှေးရိပ်မိခဲ့သည်။
ထို့ကြောင့် ဖှေးလဲ ပြင်ဆင်စရာရှိသည်အား ပြင်ဆင်ရမည်ဖြစ်သည်။
ချမ်းဘော့ဒ်၏ မြို့ပြသင်တန်းကျောင်းမှာ ယခင်ဝန်ကြီးချုပ်ဟောင်းဘစ်ဇား၏ စံအိမ်တွင်တည်ရှိသည်။ ထိုစံအိမ်မှာ ဘုရင့်နန်းတော်ပြီးပါက ချမ်းဘော့ဒ်တွင် အကြီးမားဆုံးအဆောက်ဦးတစ်ခုဖြစ်သည်။ ချမ်းဘော့ဒ်ရှိ ကျန်အဆောက်ဦးများကဲ့သို့ပင် ဤအဆောက်ဦးသည်လည်း နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိပုံရ၏။ အဖြူရောင်ကျောက်တုံးတစ်တုံးနှင့် တစ်တုံးအကြားတွင် ရေညှိများတွယ်ကပ်ပေါက်ရောက်နေကြသည်။ အဝါရောင်သစ်နွယ်ပင်များမှာ နံရံများပေါ်တွင် တွယ်ကပ်နေ၏။ အဆောက်ဦးမှာ အဝေးမှကြည့်ပါက တစ်မျိုးလှပနေ၏။
ဖှေး ကလေးများ၏ အသံကို သင်တန်းကျောင်းအပြင်မှပင်ကြားနေရသည်။
အဆောက်ဦးအတွင်းသို့ဝင်ရောက်ပြီး နောက်တွင် လမ်းပါ့ဒ်၏ သင်ကြားပေးမှုအောက်တွက် ကြိုးစားလေ့ကျင့်နေကြသော ကလေးရာပေါင်းများစွာကိုတွေ့လိုက်ရသည်။
ကလေးများသည် အစွမ်းကုန်ကြိုးစားပြီး လေ့ကျင့်နေကြခြင်းဖြစ်သည်။
သူတို့၏ မျက်နှာပေါ်တွင် ချွေးများစီးကျနေပြီး အင်္ကျီများသည်လည်း စိုရွဲနေသည်။ ကလေးတစ်ချို့၏ ခြေထောက်များသည် တုန်ခါနေကြသော်လည်း နာကြင်မှုကို အံကြိတ်ပြီး ဆက်လက်ကြိုးစားလေ့ကျင့်နေကြသည်။ သူတို့အားလုံးသည် သာမန်မြို့သူမြို့သားများ၏ ကလေးများပင်ဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံး လူတန်းစားအဆင့်တန်းများနှင့် ဘဝ၏ခက်ခဲကြမ်းတမ်းပုံများကို နားလည်ထားကြ၏။ ဤကဲ့သို့ ပညာရပ်များကို အလကားသင်ကြားနိုင်သည့်အခွင့်အရေးရသည်မှာပင် သူတို့အတွက်ကံကောင်းလှပြီဖြစ်သည်။ ထို့ကြောင့် သူတို့မိသားစုဘဝကို ပိုမိုအဆင်ပြေစေရန်အတွက် ကလေးများအားလုံးသည် အကောင်းဆုံးကြိုးစားသင်ယူလေ့ကျင့်နေကြသည်။ တစ်ယောက်မှ ချောင်ခိုနေကြခြင်းမရှိပေ။
လမ်းပါ့ဒ်သည် သူ၏ကြီးမားသည့် အမဲရောင်ဓားကြီးကို နောက်ကြောတွင်လွယ်ထားသည်။ သူသည်ကလေးတစ်ယောက်ခြင်းစီကို လိုက်လံကြည့်ရှုပြီး ပုံစံအမှားများကိုတွေ့ပါက ပြုပြင်ပေးလျှက်ရှိသည်။ ဤစကားနဲသည့် ချမ်းဘော့ဒ်တိုင်းပြည်၏ ယခင်နံပါတ်၁စစ်သည်သည် နိုင်ငံရေးရာများနှင့် ပတ်သက်ပြီး သိပ်စိတ်ဝင်စားခြင်းမရှိချေ။ သို့သော် သူကလေးများကို စတင်လေ့ကျင့်သင်ကြားပေးသည့်အချိန်တွင်မူ အံ့သြဖွယ်ပင် စိတ်အားထက်သန်လာသည်ကို တွေ့ရသည်။ ထို့ကြောင့် သူသည်ယခုအခါတွင် သင်တန်းကျောင်း၏ ကျောင်းအုပ်ဆရာဖြစ်ပြီး သင်ရိုးများ၏ 99%ခန့်ကို လမ်းပါ့ဒ်ရေးဆွဲထားခြင်းဖြစ်သည်။ ယခင်က ချမ်းဘော့ဒ်နံပါတ်၁စစ်သည်ဖြစ်သောကြောင့် ကျော်ကြားမှုနှင့် သူ၏ ကြယ်သုံးလုံးအဆင့်စွမ်းအားများကြောင့် လမ်းပါ့ဒ်သည် ဖှေးပြီးပါက ကလေးများ၏အကြိုက်ဆုံး ဆရာတစ်ယောက်ပင်။
“မင်္ဂလာပါ ဆရာ”
ဖှေးရောက်လာသည်ကိုတွေ့လိုက်ရသောအခါ ကလေးများ၏မျက်နှာတွင် အံ့သြမှုလေးစားမှုတ်ို့ဖြင့် ပြည့်နှက်သွားသည်။ သူတို့အားလုံးလေ့ကျင့်နေမှုကို ရပ်တန့်လိုက်ကြပြီး ဖှေးအားတညီတညာတည်း အလေးပြုအရိုအသေပေးလိုက်ကြသည်။
“အေးအေး မင်္ဂလာပါ”
ဖှေးလည်း ပြန်လည် အလေးပြုလိုက်သည်။
ဖှေးအား ဆရာဟုပင်ခေါ်ရန်မှာလည်း သင်တန်းကျောင်း၏ စည်းကမ်းတစ်ခုဖြစ်သည်။ အပြင်တွင် မည်ကဲ့သို့ အဆင့်တန်းရှိပါစေမူ သင်တန်းကျောင်းအတွင်းသို့ရောက်ပါက တပည့်နှင့် ဆရာဟူ၍ နှစ်မျိုးသာရှိသည် ဟူသည့်သဘောပင်။
“အေးအေး ဆက်လေ့ကျင့်ကြ...”
ဖှေး အမိန့်ရပြီးနောက်တွင် ကလေးများစတင်၍ပြန်လည်လေ့ကျင့်ကြသည်။ သူတို့အားလုံး ဖှေးရှေ့တွင် ပို၍ထင်ပေါ်ေစရန်အတွက် ကြိုးစားလေ့ကျင့်နေကြသည်။ ဖရန့်ခ် လမ်းပါ့ဒ်သည် သူတို့ အနှစ်သက်ဆုံးဆရာဆိုပါက ဖှေးသူ သူတို့၏ စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်၏။
“အခုလိုကြိုးကြိုးစားစားလုပ်ပေးထားတဲ့အတွက် ကျေးဇူးပါပဲ ဦးလေးလမ်းပါ့ဒ်...”
ဤကြယ်သုံးလုံးအဆင့်စစ်သည်သည် နတ်ရွာစံသွားပြီဖြစ်သော ဘုရင်ဟောင်း၏ အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်ပြီး အလတ်ဇန္ဒားကို ကောင်းစွာစောင့်ရှောက်ခဲ့သူဖြစ်သည်။ ထို့ကြောင့် ဖှေးလဲ ဘတ်စ်နှင့် နည်းတူပင် လမ်းပါ့ဒ်အား လူကြီးတစ်ယောက်အဖြစ် တလေးတစားဆက်ဆံသည်။
“အရှင်မင်းကြီး...”
သူ၏တည်ငြိမ်သောမျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီးလမ်းပါ့ဒ်အရိုအသေပေးလိုက်သည်။
ဖှေး၏ ခွန်အားများသည် ထက်မံ၍တိုးပွားလာသည်ကို လမ်းပါ့ဒ် ရှင်းရှင်းလင်းလင်း အာရုံခံလိုက်မိသည်။ ဖှေးမည်မျှအစွမ်းထက်သည်ကို သူမခန့်မှန်းနိုင်တော့ချေ။ သို့ရာတွင် တစ်ခုသေချာသည်မှာ ဖှေးသည် ကြယ်သုံးလုံးအဆင့်ကိုပင် ကျော်လွန်သွားပြီဟူသောအချက်ပင်။
“ဒီကလေးတွေက ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ အနာဂတ်တွေပဲ ဦးလေးလမ်းပါ့ဒ်...သင်တန်းကျောင်းအတွက် လိုအပ်တာရှိရင် ဘာမဆို ဘတ်စ်စီကို ကျွန်တော့အမိန့်လို့ပြောပြီး တောင်းဆိုလိုက်ပါ...” ဖှေးကလေးများကို ကြည့်ရင်း သူ့မေးစေ့ကို ပွတ်ကာ “ကျွန်တော်ဒီကလေးတွေကို မြန်မြန် တိုးတတ်လာစေချင်တယ်...”
လမ်းပါ့ဒ် ပြုံးနေရင်းခေါင်းငြိမ့်လိုက်သည်။
တစ်ခနကြာမျှ တွေးပြီး ပြောလိုက်သည်။”အရှင်မင်းကြီး သင်တန်းကျောင်းမှာက ဆရာအင်အားနဲ့ အတွင်းအားကျင့်စဥ်စာလိပ်တွေကလွဲပြီး ကျန်တာအကုန်ပြည့်စုံနေပါပြီ...ဒီကလေးတွေထဲက တစ်ချို့ကလေးတွေဆိုရင် တော်တော်ပါရမီပါလာကြတယ်...သူတို့တွေထဲမှာ ရေမြေလေသတ္ထုအဲ့လို အတွင်းအားအမျိုးမျိုးနဲ့ပါရမီပါလာတဲ့ ကလေးအမျိုးမျိုးရှိကြတယ်...ချမ်းဘော့ဒ်တိုင်းပြည်မှာ အတွင်းအားကျင့်စဥ်စာလိပ်တွေ နည်းနည်းပဲရှိတာက တော်တော်ဆိုးတာပဲ...လောလောဆယ်ကျွန်တော်တ်ို့မှာက ကျင့်စဥ်စာလိပ် လေးခု ငါခုလောက်ပဲရှိတယ်..နောက်ပြီး ရေစွမ်းအင်နဲ့ မီးစွမ်းအင်နှစ်မျိုးပဲရှိပြီး အဲ့စာလိပ်တွေက ကြယ်နှစ်လုံးအဆင့်ပဲရှိတယ်လေ...ကျွန်တော်နဲ့ ဘရွတ်နှစ်ယောက်လုံးကလဲ ရေအတွင်းအားအသုံးပြုတဲ့လူတွေဆိုတော့....”
သင်ကြားရာတွင် ပစ္စည်းများလိုအပ်နေခြင်းမှာ ပြသနာဖြစ်ကြောင်းဖှေး နားလည်သွားသည်။
အေဇာရုတိုက်ပေါ်တွင် အလုပ်အမျိုးမျိုးရှိသကဲ့သို့ ကျင့်စဥ်အမျိုးမျိုးလဲရှိ၏။ လူတိုင်းတွင် မတူညီသောခန္ဓာကိုယ်အမျိုးစားနှင့် မတူညီသော အတွင်းအားဂုဏ်သတ္တိများရှိကြသည်။ စွမ်းအားများကို တိုးမြှင့်ရန်အတွက် တူညီသောအတွင်းအားဂုဏ်သတ္တိရှိသည့် ကျင့်စဥ်မှော်စာလိပ်များဖြင့် လေ့ကျင့်ရန်မှာ အလွန်အရေးကြီးသည်။ ဥပမာအားဖြင့် ရေအတွင်းအားဂုဏ်သတ္တိရှိသူသည် မီးအတွင်းအားဂုဏ်သတ္တိရှိ အတွင်းအားကျင့်စဥ်မှော်စာလိပ်အားအသုံးပြုပြီး လေ့ကျင့်ပါက လုံးဝအကျိုးရှိလိမ့်မည်မဟုတ်ပေ။ ထို့အပြင် အခန့်မသင့်ပါက အတွင်းဒဏ်ရာများပင် ရရှိသွားနိုင်သည်။
“ဒီဟာကို ကျွန်တော်ဖြေရှင်းလိုက်ပါမယ်...”
ဖှေး လမ်းပါ့ဒ်အား နှုတ်ဆက်စကားပြောပြီး မိန်းကလေးများအား လေ့ကျင့်ပေးနေသည့် ဘရွတ်ထံသို့ ရောက်လာခဲ့သည်။ မိန်းကလေးများ၏ခန္ဓာကိုယ်သည် အနည်းငယ်ပို၍ အားနည်းသောကြောင့် ယောက်ျားလေးများကဲ့သို့ ပြင်းပြင်းထန်ထန်လေ့ကျင့်ရန်မလိုအပ်ပေ။ ထို့ကြောင့် အားလပ်ချိန်များတွင် သူတို့အားဘစစ်ဘက်ဆိုင်ရာ ဗဟုသုတများကို သင်ကြားပေးလေ့ရှိသည်။ ဤသည်မှာ ဘရွတ်ကျွမ်းကျင်သောအရာပင်။
သို့သော် သင်တန်းကျောင်းဆရာများ၏ အရေးပါပုံကို ဖှေးသတိထားမိလိုက်ရသည်။
မိန်းကလေးများကြားထဲတွင် ပီးရာ့စ်၏ သမီးလူးဝစ်ကိုလဲ ဖှေးတွေ့လိုက်ရသည်။ မိန်းကလေးများအား ပုံပြင်အနည်းငယ်ခန့်ပြောအပြီးတွင် ဘရွတ်အားလမ်းခေါ်ပြီး ကိစ္စအနည်းငယ်အစီစဥ်တို့ကိုပြောပြလိုက်သည်။
ဖှေးအား နားထောင်ပြီးနောက်တွင် ဘရွတ်အံ့သြသွားသည်။
“ဒါအမှန်ပဲလား အရှင်မင်းကြီး...”
“မှန်တာမမှန်တာက အရေးမကြီးဘူး စုံစမ်းစစ်ဆေးရေးအတွက်ရဲမက်တွေပိုလွှတ်လိုက်...ပြသနာရှာတဲ့လူတွေကို ဘယ်သူပဲ ဖြစ်နေဖြစ်နေ [အမဲရောင်အိမ်ငယ်လေး]ထဲမှာ ဖမ်းချုပ်ထားလိုက်ကွာ...အထူးတဖြင့် တခြားနိုင်ငံက လူစိမ်းတွေကို သေချာစောင့်ကြည့်နေ...ဒီကောင်တွေ ငါတို့ရဲ့စည်းမျဥ်းစည်းကမ်းတွေကို မလိုက်နာဘူးဆိုရင် တိုင်းပြည်ကနေနှင်ထုတ်လိုက်...”
ဖှေး ပြတ်ပြတ်သားသားပြောလိုက်သည်။
တော်ဝင်ထီးနန်းတင်မြှောက်ပေးမည့် မင်းသမီးတာနာရှာတို့ သံတမန်အဖွဲ့နေထိုင်ရာနေရာတွင် ခံစားခဲ့ရသော တင်းမာနေသည့်လေထုမှာ ဖှေးအား ခံစားချက်ဆိုးတစ်ခုပေးလျှက်ရှိသည်။ ချမ်းဘော့ဒ်တိုင်းပြည်အား အန္တရာယ်တစ်ခုချည်းကပ်လာနေသည်ဟု ခံစားနေရသည်။ ထိုအန္တရာယ်သည် ချမ်းဘော့ဒ်တိုင်းပြည်ခုခံနိုင်သည့် အခြေအနေထက်ပို၍ကြီးမားနေနိုင်ဖွယ်ရှိသည်။ အမဲရောင်ချပ်ဝတ်နှင့် စစ်သည်များ လာရောက်သိမ်းပိုက်ရန်ကြိုးစားစဥ်ထက်ကပင် ပို၍ အခြေအနေဆိုးဝါးသွားနိုင်၏။
ဘရွတ်ဖှေး၏ အမိန့်ကိုလက်ခံလိုက်ပြီး စစ်သည်များကို ညွှန်ကြားရန်တစ်ဖက်သို့လှည့်လိုက်သည်။
“နေဦး...” ဖှေး ဘရွတ်ကို ပြောလိုက်သည်။ "စစ်သည်တွေကို ပိုပြီးသတိရှိကြဖို့ပြောလိုက် နေ့ကင်းနဲ့ညကင်းတွေမှာ အစောင့်တွေပိုများများနဲ့လှည့်ပေး....နောက်ပြီး အခြေအနေတအားဆိုးဝါးလာရင် မြို့သူမြို့သားတွေတိမ်းရှောင်ဖို့ရော စီစဥ်ပြင်ဆင်ထား..."
ဘရွတ်၏ မျက်နှာအရောင်ပြောင်းလဲသွားသည်။ ဤကဲ့သို့အမိန့်ကိုကြားလိုက်ရသောအခါ ကိစ္စ၏ အရေးကြီးပုံကို ရိပ်စားမိလာသည်။
"သွားတော့ ငါအစိုးရိမ်လွန်နေတာပဲ ဖြစ်ပါစေလို့ ဆုတောင်းရတော့မှာပဲ...”