ခန်းမအတွင်းမှစကြာဝဠာ
Vol. 89 Ch. 1247
အခန်း (၁၂၄၇) ခန်းမအတွင်းမှစကြာဝဠာ
သူရောက်ရှိနေသည့်နေရာက ‘ဆေးလုံးခန်းမ’ ဖြစ်ဟန်တူသည်။
အခန်းထဲတွင် မီးပြင်းဖိုတစ်လုံးကိုပင် ရန်ကျောက်ကဲ တွေ့မြင်နေရသည်။
မဟာကပ်ဘေးကြီး ပြီးဆုံးသည့်နောက် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သာမန်အခြေအနေဆိုလျှင် ပိုင်ရှင်မရှိသော ရှေးဟောင်းရတနာပစ္စည်းများက အချိန်ကြာလာသည်နှင့်အမျှ ဝိညာဉ်စွမ်းအားများ ပျေက်ကွယ်သွားပြီး သာမန်အရာဝတ္ထုများအဖြစ်သို့ ပြောင်းလဲသွားတတ်သည်။
ယခုတွေ့ရသောမီးပြင်းဖိုကို အချိန်ကြာမြင့်စွာ အသုံးမပြုသည်မှာ ကြာပြီဖြစ်သော်လည်း ဝိညာဉ်စွမ်းအားများက ဆက်လက်တည်ရှိနေသေးသည်။
“အင်း... အရင်တုန်းက အဂ္ဂိရတ်ခန်းမထဲက မီးပြင်းဖိုတစ်လုံးက အခုလိုအချိန်မှာတော့ ရတနာပစ္စည်းတစ်ခုပဲ”
ရန်ကျောက်ကဲ ဟန်ဆောင်ပန်ဆောင်လုပ်မနေတော့ဘဲ ချက်ချင်းပင် မီးပြင်းဖိုကို သိမ်းဆည်းလိုက်သည်။
ရန်တိတို့ (၄)ယောက် ပျောက်ဆုံးနေသော်လည်း ရန်ကျောက်ကဲက သူတို့အတွက် စိတ်ပူပန်ခြင်း မရှိပေ။
ယခုကဲ့သို့ ဗလာနယ်ပုံပျက်ပြီး လူစုကွဲသွားခြင်းက အဂ္ဂိရတ်ခန်းမ၏ လျှို့ဝှက်ဆန်းကျယ်မှုသာဖြစ်ပြီး ထူးထူးခြားခြား ထောင်ချောက်မဟုတ်ကြောင်း ရန်ကျောက်ကဲ နားလည်နေပြီ ဖြစ်သည်။
ထို့ပြင် ရန်သူက မည်မျှအားနည်းကြောင်းကိုလည်း ရန်ကျောက်ကဲ သဘောပေါက်ခဲ့သည်။
“အင်း ... သူ့ကို အားနည်းတယ်လို့ပြောရင်တော့ မသင့်တော်ဘူး”
ရန်ကျောက်ကဲ မေးစေ့ကိုပွတ်သပ်ရင်း တွေးလိုက်၏။
“ကြည့်ရတာ သူက တခြားကိစ္စတွေနဲ့အလုပ်ရှုပ်နေပြီး ကျန်တာတွေကို အာရုံမစိုက်နိုင်တာ ဖြစ်ရမယ် ၊ ဒါကြောင့် သူက ငါတို့ကို လူစုခွဲပြီး နှောင့်နှေးအောင်လုပ်လိုက်တာပဲ ၊ ဒါမှ သူ့အတွက် အချိန်ရမှာလေ”
အရင်ကပင် မီးလျှံထက်ယံအရှင်သခင်က ဤရန်သူကို ကြီးကြီးမားမား ဖိအားပေးခဲ့ဟန် ရှိသည်။ ထို့ကြောင့် စောမင်ကျန့်၏ဖိအားကို တန်ပြန်ရန်အတွက် ရန်သူက တစ်ခုခု ကြံစည်နေခြင်း ဖြစ်နိုင်သည်။
"သူ အခု ဘယ်အဆင့်ရောက်နေပြီလဲ မသိဘူး”
တွေးရင်းဖြင့် ရန်ကျောက်ကဲ ဆေးလုံးခန်းမတံခါးကို တွန်းဖွင့်လိုက်ပြီး အပြင်သို့လမ်းလျှောက်ထွက်သွားသည်။
သူ လှမ်းမြင်လိုက်ရသည့်အရာက နက်မှောင်ရှည်လျားသော စင်္ကြံတစ်ခုဖြစ်ပြီး စကြာဝဠာ၏ နက်နဲသော အစိတ်အပိုင်းများပမာ မှုန်မှိုင်းအုံ့ဆိုင်းလျှက် ရှိသည်။
မွှေးပျံ့သည့် ဆေးရနံ့က နေရာတစ်ခုလုံးအား လွှမ်းခြုံထားသဖြင့် ရန်ကျောက်ကဲ၏အာရုံခံစားမှုကို အတိုင်းအတာတစ်ခုအထိ ပိတ်ဆို့ထားလေရာ တိကျသည့်အဝန်းအဝိုင်းတစ်ခုအတွင်းသာ အာရုံခံနိုင်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲက တည်ငြိမ်နေဆဲပင်။
သူက ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်ပြီး သူရွေးချယ်သည့်လမ်းကြောင်းအတိုင်း ဆက်လျှောက်သွားသည်။
ဤ ရှည်လျားသောစင်္ကြံတွင် လမ်းလျှောက်ရခြင်းက ကြယ်ရောင်များမရှိသည်ကလွဲပြီး အဆုံးမရှိသော ဗလာနယ်အာကာသထဲတွင် လမ်းလျှောက်နေရသည်နှင့် ဆင်တူသည်။
စင်္ကြံ၏ တစ်ဖက်တစ်ချက်စီတွင် အခြားသော ဆေးလုံးခန်းမတံခါးများ ၊ သို့မဟုတ် ခြံဝင်းများ တစ်ခုမှ မရှိပေ။
ရန်ကျောက်ကဲ နောက်သို့လှည့်ကြည့်လိုက်တော့ သူထွက်လာသည့် ဆေးလုံးခန်းမတံခါးက ပြန်ပိတ်သွားပြီဖြစ်ပြီး ခန်းမသည်လည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ဤနေရာက လွတ်လပ်သည့် သီးခြားနယ်မြေတစ်ခုပမာ အဆုံးမရှိသော ဗလာနယ်ထဲတွင် မျောပါလျှက် ရှိသည်။
“ဒါက အသစ်စက်စက် စကြာဝဠာ တစ်ခုပဲ ၊ စကြာဝဠာထဲမှာ ဗလာနယ်အလွှာတွေနဲ့ ကမ္ဘာပေါင်းများစွာ အချင်းချင်း အတူယှဉ်တွဲတည်ရှိနေတယ်”
ရန်ကျောက်ကဲ နက်နဲစွာတွေးလိုက်၏။
“ဒါက ယွမ်စီအခိုးအငွေ့ဟင်းလင်းပြင်နဲ့ဆင်တူပေမဲ့ ပိုပြီး အဆင့်မြင့်တယ် ၊ စကြာဝဠာအသစ်တစ်ခုလိုမျိုး ပိုပြီးပုံစံပေါ်တယ်”
အရင်ဘဝတုန်းက သူက အဂ္ဂိရတ်ခန်းမကို အဝေးမှပင်လှမ်းပြီး တွေ့မြင်ခဲ့ရပြီး အထဲသို့ တစ်ခါမှ မရောက်ဖူးခဲ့ပေ။
သို့သော် ကောင်းကင်ဘုံနန်းတော်စာကြည့်တိုက်တွင် မိုးကောင်းကင်ခုံရုံး၏ အရေးကြီးသောနေရာတစ်ခုဖြစ်သည့် အဂ္ဂိရတ်ခန်းမနှင့်ပတ်သက်သည့် အချက်အလက်အချို့ ရှိနေခဲ့သည်။
ဤနေရာသို့ လာရာလမ်းတွင် အဂ္ဂိရတ်ခန်းမနှင့်ပတ်သက်ပြီး သူကြားသိရသည့်အကြောင်းအရာများနှင့် ယခင်က စာကြည့်တိုက်တွင် ဖတ်ရှုခဲ့ဖူးသည်များ ပေါင်းစပ်လိုက်သည့်အခါ ရန်ကျောက်ကဲ၏ ဤနေရာအပေါ် နားလည်နိုင်စွမ်းက ပိုမိုမြင့်မားလာခဲ့သည်။
ထို့ကြောင့် ပတ်ဝန်းကျင်က သူ၏ အာရုံခံနိုင်စွမ်းကို ပိတ်ဆို့ထားသည့်တိုင် ရန်ကျောက်ကဲအတွက် အဆင်ပြေလေသည်။
“ဒီနေရာက...”
ရန်ကျောက်ကဲက သူသိထားသောအကြောင်းအရာများကို ခဏမျှပြန်စဉ်းစားလိုက်ပြီးနောက် လက်တစ်ဖက်ဆန့်ထုတ်ကာ လေထဲတွင် များပြားလှစွာသော အင်းသင်္ကေတများကို ရေးသားလိုက်သည်။
အလင်းရောင်တောက်ပနေသည့် အင်းသင်္ကေတများက အသက်ဓာတ်စွမ်းအားများပြည့်ဝနေပြီး အသက်ကိုပေးစွမ်းနိုင်သည့်ပမာ ထင်မှတ်ရသည်။
ထို့နောက်မှာတော့ ရွှေရောင်တောက်ပနေသည့် အင်းသင်္တေကများက များပြားလှစွာသော ခရမ်းရောင်အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားပြီး ဗလာနယ်ထဲတွင် ခရမ်းရောင်အခိုးအငွေ့လွင်ပြင်တစ်ခု ဖြစ်ပေါ်လာသည်။
ခရမ်းရောင်မြူခိုးများက လှုပ်ရှားသွားသည်နှင့် ရန်ကျောက်ကဲရှေ့တွင် အစစ်အမှန်လမ်းကြောင်းတစ်ခု မပီအပြင် ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲ ရှေ့ဆက်လျှောက်သွားပြီး ရွှေရောင်တောက်ပနေသည့်လမ်းပေါ်သို့ လှမ်းတက်လိုက်သည်။ ထိုလမ်းပေါ်တွင် လမ်းရှောက်ရည်က ခြေလှမ်းတိုင်း ကမ္ဘာတစ်ခုကို ဖြတ်သန်းရသည့်ပမာ ဖြစ်သည်။
လမ်းအဆုံးသို့ရောက်သည်နှင့် သူ့အားစောင့်ကြိုနေသော တံခါးတစ်ချပ်အား တွေ့ရှိရသည်။
ရန်ကျောက်ကဲ တံခါးဖွင့်ရန်ကြိုးစားလိုက်သော်လည်း ၊ သူ မည်မျှပင်ကြိုးစားပါစေ တံခါးက တစ်ချက်ပင် ရွေ့လျားသွားခြင်း မရှိပေ။
ဒါကိုမြင်တော့ ရန်ကျောက်ကဲ သူ့စိတ်ထဲမှအတွေးကို အတည်ပြုရင်း ခေါင်းညိတ်လိုက်သည်။
“တကယ်ပဲ ဒီနေရာပဲ...”
ပတ်ဝန်းကျင်ကိုအကဲခတ်ပြီးနောက် ရန်ကျောက်ကဲက လက်ဖဝါးတစ်ဖက် ပင့်မြှောက်လိုက်ရာ တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အဆုံးမရှိသော ခရမ်းရောင်အခိုးအငွေ့များ မြင့်တက်လာကာ (၃)ပေ ရှည်သည့် ကြီးမားသော မီးပြင်းဖိုကြီးတစ်ခု သူ့လက်ထဲတွင် ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲက ထိုမီးပြင်းဖိုကြီးအား လက်မှတ်လွှတ်လိုက်သည့်အခါ မီးပြင်းဖိုခန္ဓာကိုယ်က အပြောင်းအလဲများ စတင်ဖြစ်ပေါ်လာပြီး ပိုမိုခမ်းနားထည်ဝါလာသည်။
မီးပြင်းဖိုအရွယ်အစားက အကန့်အသတ်မရှိ ကြီးမားလာပြီး မိုးမြေတစ်ခွင်လုံသို့ ပြည့်နက်သွားဟန်ရှိသည်။ သို့သော် တစ်ချိန်တည်းမှာပင် ဖုန်မှုန့် အသေးအမွှားလေးများပမာ အလွန်သေးငယ်နေဟန်လည်း ရှိ၏။
ထိုအရာက “ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖို” ပင် ဖြစ်၏။
ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုက အဂ္ဂိရတ်ခန်းမထဲမှ တိတ်ဆိတ်ငြိမ်သက်နေသော စကြာဝဠာထဲတွင် အလိုအလျောက် တုန်ခါလာသည်။
ပတ်ဝန်းကျင်ဗလာနယ်မှ ရွှေရောင်အလင်းတန်းများက မသိမသာ ဆန့်ထွက်လာပြီး ကြီးမားသောမီးပြင်းဖိုအတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရသည်။
ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုထက်မှ အခိုးအငွေ့များထွက်ပေါ်လာပြီး ၊ ထိုမီးပြင်းဖိုက အိပ်ပျော်ရာမှ နိုးထာလသည့်ပမာ ပြင်းထန်သောချီစွမ်းအားများ မရပ်မနား ထွက်ပေါ်လာသည်။
ဤသည်က အလွန်ကြီးကျယ်ခမ်းနားသည့် စွမ်းအားတစ်ခုမဟုတ်သည့်တိုင် အလွန်တရာ ပညာပါသော အယူအဆတစ်ခုကို ပြသခဲ့သည်။
ရန်ကျောက်ကဲက ထို အယူအဆ သဘောတရားများကို လေ့လာလိုက်သည်။
နက္ခတ်ဧကရာဇ် သို့မဟုတ် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ကဲ့သို့ နက်ရှိုင်းနတ်ဘုရားများသည်ပင်လျှင် ထို မီးပြင်းဖိုမှထွက်ပေါ်လာသောအယူအဆ၏ အစိတ်အပိုင်းအချို့ကို နားလည်နိုင်ကြမည် မဟုတ်ပေ။
ရန်ကျောက်ကဲက လူသားအထွတ်ထိပ်အဆင့်မရောက်ခင်ကပင် နတ်ဘုရားများဆီမှ မြစ်ဖျားခံလာသော ဤ ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို အသုံးပြုခဲ့သူ ဖြစ်သည်။
ယခု ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖို၏ အသိစိတ်က နိုးထလာပုံရပြီး အရာအားလုံးအသက်ဝင်လာသည့်အလား ရန်ကျောက်ကဲမှာ မီးပြင်းဖိုကို ထိန်းချုပ်မရတော့သည့်ပမာ ခံစားလိုက်ရသည်။
သို့ပေသိ ဤသို့ဖြစ်လာမည်ကို ရန်ကျောက်ကဲ မျှော်လင့်ထားပြီးသား ဖြစ်သည်။
ယခု အမှန်တကယ်ဖြစ်လာသည်ဖြစ်ရာ ရန်ကျောက်ကဲက ထိုကိစ္စနှင့်ပတ်သက်ပြီး ထူးထူးခြားခြား စိတ်မကောင်းဖြစ်မိခြင်း မရှိပေ။
သူက လက်တစ်ဖက်ကိုဝှေ့ယမ်းကာ စည်းတံဆိပ်တစ်ခု ဖန်ဆင်းလိုက်ပြီး သူ၏ရင်ဘတ်ရှေ့တွင် ထားလိုက်သည်။ ထို့နောက် ကျန်လက်တစ်ဖက်ကိုဆန့်ထုတ်လိုက်ပြီး ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုထက်သို့ ဖိနှိပ်လိုက်၏။
ကြီးမားသော မီးပြင်းဖိုကြီးက စည်းတံဆိပ်ခတ်ထားသဖြင့် ဖွင့်ရန်ခက်ခဲနေသော တံခါးကြီးအနီးသို့ ရောက်ရှိသွားသည်။ ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖို နီးကပ်လာသည်နှင့်အမျှ ငြိမ်သက်နေသောတံခါးကြီးက စတင်လှုပ်ရှားလာသည်။
မီးပြင်းဖိုနှင့် တံခါးကြီးမှ ချီစွမ်းအားများ အချင်းချင်းဖြတ်သန်းသွားပြီးနောက် မီးပြင်းဖို၏ခန္ဓာကိုယ်က စတင်ကျုံ့ဝင်သွားကာ စည်းတံဆိပ်တစ်ခု အရွယ်အစားသို့ ပြောင်းလဲသွားသည်။
ထိုစည်းတံဆိပ်က ဘာဖြစ်ကြောင်းအတည်ပြုရန်မသေချာသော်လည်း ကတိပြုထားသော စည်းတံဆိပ်တစ်ခု ဖြစ်ဟန်တူသည်။
ရန်ကျောက်ကဲက ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို တံခါးကြီးထက်သို့ တွန်းလွှတ်လိုက်သည့်အခါ စကြာဝဠာတစ်ခုလုံး လွှမ်းခြုံသွားလောက်အောင် ကျယ်လောင်သည့်အသံတစ်သံ ထွက်ပေါ်လာသည်။
ထို့နောက် တင်းတင်းကြပ်ကြပ်ပိတ်ထားသော တံခါးကြီးက ကျယ်လောင်သောအသံနှင့်အတူ ပွင့်ဟသွားသည်။ ရန်ကျောက်ကဲ အတွင်းသို့ ခြေလှမ်းဝင်လိုက်သည်နှင့် သူ့နောက်မှ တံခါးကြီးက ချက်ချင်းပြန်ပိတ်သွားလေသည်။
သူ့အရှေ့တွင် ရွှေရောင်တောက်ပသည့်ကွင်းပြင်တစ်ခုရှိနေပြီး ကြယ်စင်ပင်လယ်ထဲရောက်နေသည့်ပမာ ခံစားရသည်။
ရန်ကျောက်ကဲ ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်လိုက်တော့ အဆုံးမရှိ ဗလာနယ်တစ်ခုထဲတွင် ရောက်ရှိနေကြောင်း သိလိုက်ရသည်။ သို့သော် ဗလာနယ်ထဲတွင် ရွှေရောင်အလင်းတန်းများစွာ ရှိနေလေသည်။
အလင်းတန်းများက ကြယ်စင်ရောင်များပမာတောက်ပနေပြီး တိတ်ဆိတ်စွာပင် ဗလာနယ်ထဲတွင် လှည့်ပတ်နေသည်။ အလင်းရောင်တိုင်းတွင် ကိုယ်ပိုင်ပတ်လမ်းနှင့် အရှိန်အဟုန် ရှိပုံရသည်။
“ဒါက အဂ္ဂိရတ်ခန်းမရဲ့ ထိန်းချုပ်ရေးဗဟိုဖြစ်ရမယ်”
ရန်ကျောက်ကဲ အနည်းငယ်ခေါင်းမော့ရင်း တွေးလိုက်သည်။
အဂ္ဂိရတ်ခန်းမဆိုသည်က မိုးကောင်ကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်၏ အရေးပါသောနေရာတစ်ခုဖြစ်ပြီး အတွင်းထဲတွင် ကိုယ်ပိုင်စကြာဝဠာ ပါရှိသည်။
ထိုစကြာဝဠာထဲမှ လွတ်လပ်သောကမ္ဘာတစ်ခုစီက သီးခြားဆန်သည့် ဆေးလုံးခန်းမ တစ်ခုချင်းစီ ဖြစ်သည်။ ထိုဆေးလုံးခန်းမများက အဂ္ဂိရတ်ခန်းမ၏ စကြဝဠာထဲတွင် အတူတကွ တည်ရှိနေကြသည်။
ကောင်းကင်ဘုံနန်းတော်မှလူများအနေဖြင့် အဂ္ဂိရတ်ခန်းမသို့ လာရောက်ပါက လမ်းညွှန်ပေးသူမှတစ်ဆင့် မိမိတို့အလိုရှိရာသို့သွားနိုင်ပြီး ၊ မဟုတ်ပါက ကိုယ်ပိုင် ဆေးလုံးခန်းမတစ်ခုကို ရယူနိုင်သည်။
ယခု ရန်ကျောက်ကဲ ရောက်ရှိနေသည့်နေရာက ထိန်းချုပ်ရေးဗဟိုဖြစ်ပြီး အခြားသူများကို လမ်းညွှန်ပေးရန် အသုံးပြုနိုင်၏။
အခြားသူများကို လမ်းညွှန်ပေးခြင်းက အဂ္ဂိရတန်ခန်းမ ဗဟိုဧရိယာ၏ အရေးကြီးဆုံးအစိတ်အပိုင်းမဟုတ်သော်လည်း ဝင်ပေါက်တစ်ခုနှင့် ညီမျှသည်။
ဤနေရာသို့ရောက်လျှင် အခြားနေရာများသို့ သွားလာရန် ပိုမိုလွယ်ကူပေမည်။
အဓိကမှာ ယခုအချိန် အားကိုးရမည့်အရာတစ်ခု ရလာခြင်းဖြစ်ပြီး အမှောင်ထဲလမ်းလျှောက်နေသူပမာ မဟုတ်တော့ပေ။
“ကောလဟလတွေက တကယ်မှန်တာပဲ”
အတွေးနှင့်အတူ ရန်ကျောက်ကဲက ဗလနယ်ထဲတွင်လှည့်ပတ်နေသည့် အလင်းတန်းများစွာကို စူးစိုက်ကြည့်လိုက်သည်။
အချို့အလင်းတန်းများထဲတွင် မသန့်စင်မှုများ ရောနှောပါဝင်နေကြောင်း တွေ့ရသည်။ ထိုသို့ဖြစ်နေခြင်းက အဂ္ဂိရတ်ခန်းမထဲတွင် အခြားသူများရှိနေခြင်းကို ကိုယ်စားပြုသည်။
သို့သော် ရန်ကျောက်ကဲ၏စိတ်အာရုံကို ပိုပြီးဖမ်းစားနိုင်သည်မှာ အလင်းတန်းများ၏ အချို့အစိတ်အပိုင်းများတွင် မှိန်ဖျော့သည့်အလင်းရောင်တစ်ခု ဖုံးလွှမ်းနေပြီး အနက်ရောင်မြူးခိုးအလွှာဖြင့် ဖုံးအုပ်ခံထားရခြင်းပင် ဖြစ်ပေတော့၏။