မြေကြီးအရည်အသွေး: ရှင်သန်နိုင်စွမ်း +၂၊ မျိုးစိတ်တိုးတက်လာမည့်အခွင့်အရေး +၁ (၂)
Vol. 20 Ch. 286
နောက်ထပ် ကျောက်တုံးများပြန့်နေသောနေရာကိုဆက်တူးစေရာ ကျောက်တုံးတချို့ခွဲပြီးနောက် အရည်အသွေး ၂ အဝါရောင်ကျောက်မျက်ထပ်ရလိုက်သည်။
အထူးမြေကြီးရသည်မဆိုထားနှင့်၊ ဒီညတူးဖော်ရရှိသော ကျောက်မျက် ၄ တုံးနှင့်တင် ကျောက်မိုချင်းအတွက် လက်ဝတ်ရတနာ ၄ ခုပုံသွင်းနိုင်သည်။
ချင်လင်၏ဂိမ်းဇာတ်ကောင်က ကျောက်လွှာတစ်လွှာလုံးတူးဖော်ပြီးလုဆဲဆဲတွင် တစ်ခုခုထပ်ရလိုက်ပြန်သည်။
(အထူးမြေကြီးတူးဖော်ရရှိသည့်အတွက် ဂုဏ်ယူပါတယ်)
ချင်လင်ကချက်ချင်းကြည့်လိုက်သည်။ ကျောပိုးအိတ်ထဲတွင် အမဲရောင်မြေကြီးနောက်တစ်အိတ်ထပ်ရောက်နေ၏။ ထိုမြေကြီးကလည်း ရှင်သန်နိုင်စွမ်း +၂၊ မျိုးစိတ်တိုးတက်လာမည့်အခွင့်အရေး +၁ ရှိသည်။
သူဒီနေ့အရမ်းကံကောင်းနေသည်။ သူအများကြီးရထားပြီ။
ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား ထိုကျောက်တုံးများကိုဆက်ခွဲပြီးတူးစေသည်။ ထို့နောက် ပဉ္စမအလွှာဝင်ပေါက်ပေါ်လာသည်အထိ ဘာမှမရတော့ချေ။
သူကဂိမ်းဇာတ်ကောင်အား ပဉ္စမအလွှာထဲဝင်စေလိုက်ရာ ဒီတစ်ကြိမ်တွင် ဂိမ်းဇာတ်ကောင်မှာ တားဆီးခြင်းမခံရဘဲ ပဉ္စမအလွှာထဲချက်ချင်းဝင်နိုင်သွား၍ သူအံ့သြမိသည်။
ဒီတစ်ခါအဆင့်တက်ခြင်းအတွက် စတုတ္ထအလွှာပွင့်သွားသည့်အပြင် ပဉ္စမအလွှာတောင်ပွင့်သွားသည်။ အရင်ပထမအဆင့်တက်တုန်းကလိုမဟုတ်တော့ဘူးလား?
သို့သော်လည်း သူတွေးကြည့်ရာ အဓိပ္ပါယ်ရှိသလိုလိုပင်။ နွေဦးသတ္တုတွင်းမှာ အလွှာ ၂၅၅ ထပ်ရှိသည်။ အားလုံးပွင့်သွားဖို့ ၂၅၅ ခါအဆင့်တက်ဖို့တော့မလိုဘူးမလား?


နောက်ထပ်သွားလေလေ အဆင့်ပိုဖွင့်နိုင်လေလေဖြစ်တော့မည်။
ချင်လင်က သူ့ဂိမ်းဇာတ်ကောင်ကို သတ္တုတွင်းပဉ္စမအလွှာထဲဝင်စေလိုက်သည်။ သူကဆက်တူးမည်အပြု သူ့ဂိမ်းဇာတ်ကောင်မှာ ခရမ်းရောင်မြေပေါ်လဲသွားသည်ကိုတွေ့လိုက်ရသည်။
အကြာကြီးတူးလိုက်ရသဖြင့် ဂိမ်းဇာတ်ကောင်မှာ အားအင်ကုန်ခမ်းသွား၏။
သူကဂိမ်းဇာတ်ကောင်အား စိုက်ပျိုးမွေးမြူရေးခြံပြန်၍ အိမ်ထဲဝင်ကာအနားယူစေလိုက်သည်။
ကျောက်မိုချင်းလည်း ဗီဒီယိုကြည့်ရင်းပင်ပန်းလာသည်။ သူမကဖုန်းချပြီး သူမ၏လက်သွယ်သွယ်များနှင့် သူ့လည်ပင်းကိုသိုင်းချိတ်ကာ_ ''မီးပိတ်ပြီး မအိပ်သေးဘူးလား?''
ချင်လင်လည်း သူ့အသိပြန်ဝင်လာပြီး မေးလိုက်ရသည်_ ''ဒီည ကိုယ်တို့တကယ်ဘာမှမလုပ်ကြတော့ဘူးလား?''
''ဒီညရှင့်ကိုယ်ရှင်ထိန်းနော်... ကျွန်မတို့သဘောတူထားတယ်'' ကျောက်မိုချင်းက လုံးဝအလျှော့မပေးချင်။
ထိုစကားကြားလျှင် ချင်လင်က ကျောက်မိုချင်း၏ဆွဲဆောင်မှုရှိသောနှုတ်ခမ်းကိုကြည့်ကာ ကျေကျေနပ်နပ်ပြုံးလိုက်ရင်း_ ''အင်း... ကိုယ်တို့သဘောတူထားတယ်... မင်းရဲ့ဝန်ဆောင်မှုကိုခံစားဖို့စောင့်နေမယ်''
ကျောက်မိုချင်းက ဒေါသတကြီးနှင့်_ ''မြန်မြန်မီးပိတ်လိုက်တော့''
ခဏအကြာ တစ်ခန်းလုံးမှောင်သွားသည်။
နောက်တစ်နေ့တွင် သူတို့နှစ်ဦးနိုးလာသောအချိန်၌ လင်းဖန်မှာမီးဖိုချောင်ထဲတွင်ထင်းမီးနှင့်ချက်ပြုတ်နေသည်။ ချင်ရန်၏အိမ်မှာလည်း အလုပ်များနေ၏။
ဒီနေ့မိသားစုနှစ်စုမှာ အလုပ်ကိုယ်စီနှင့်ရှုပ်နေကြသည်။ မီးဖိုချောင်နတ်အတွက် လှူဒါန်းဖွယ်များ၊ ဖယောင်းတိုင်များနှင့် စက္ကူနီများပြင်ဆင်ကြရ၏။ စီးပွားရေးနတ်၊ အိမ်စောင့်နတ်၊ မြေစောင့်နတ်များအတွက်လည်း ဖယောင်းတိုင်နှင့်စက္ကူများပြင်ရသည်။
နှစ်သစ်၏ ၃၀ ရက်မြောက်နေ့ညတွင် ဖယောင်းတိုင်တစ်ညလုံးစောင့်ထွန်းရ၏။ အောက်တွင် အနီရောင်စာတန်းရှည်ကြီးခံရသည်။
ထို့အပြင် ပူဇော်ရန်အစားအသောက်များပါသည်။ ဒါကလည်း အရေးကြီးမပါမဖြစ်။
တကယ်တော့ ချင်လင်မှာငယ်ငယ်ကတည်းက အမြဲတမ်းသံသယတစ်ခုရှိခဲ့သည်။ ထိုအချက်မှာ အားလုံးက တစ်ပုံစံတည်းပူဇော်ကြခြင်းပင်။ မီးဖိုချောင်စောင့်နတ်ဖြစ်စေ၊ အိမ်စောင့်နတ်ဖြစ်စေ၊ မြေစောင့်နတ်ဖြစ်စေ အားလုံးကိုဘိုးဘေးခန်းမထဲတွင်အတူတူပူဇော်ကြသည်။
တစ်နည်းဆိုရသော် မီးဖိုချောင်နတ်စားပြီးရင် စီးပွားရေးနတ်ကဆက်စားမည်။ တခြားနတ်တွေလည်း အလှည့်ကျစားကြမည်မဟုတ်ပါလား? အဲဒီမှာတံတွေးတွေကပ်မနေဘူးလား?
လူသာဆိုရင် တခြားတစ်ယောက်စားပြီးသားကြီးကိုဆက်စားချင်ပါ့မလား? နတ်ဘုရားတွေဆိုပြီးရော။
ဒါတန်ခိုးအကာအကွယ်အတွက် တောင်းဆိုချက်လား? ဒါမှမဟုတ် ရန်စတာလား?


ဒါပေမဲ့ ဒီအကြောင်းတွေးမှ နတ်ဘုရားဆိုတာမရှိ။
ယနေ့ခေတ်လူ့အဖွဲ့အစည်းတွင် မိရိုးဖလာရိုးရာမျှသာကျန်တော့သည်။ လူများအပျော်ဝင်ပါကြသောပွဲတော်များနှင့်မခြားတော့။
ဘာပဲဖြစ်ဖြစ် ပူဖောင်းများပေါ်လာခြင်းကြောင့် မီးရှူးမီးပန်းများအစားထိုးခံရသည်။ နေရာအတော်များများတွင် ဖယောင်းတိုင်နှင့်အမွှေးတိုင်များသုံးကြသည်။ တချို့နေရာများတွင် ပူဇော်ပစ္စည်းများကိုတောင် ပလတ်စတစ်နှင့်လုပ်လာကြသည်။
တစ်ခါတရံ အိမ်ကိုယူလာသောပစ္စည်းများမှာ ငှားရမ်းလာခြင်းဖြစ်သည်။
နိုင်ငံတော်၏အခါကြီးရက်ကြီးမှာ ဘာကြောင့်ဒီလိုဖြစ်လာမှန်းသူမသိ။ နှစ်သစ်ဟူသောအငွေ့အသက်မရှိပေ။
ချင်လင်ငယ်ငယ်က တရုတ်နှစ်သစ်ကူးနေ့ကိုတစ်ခါတလေပြန်တမ်းတမိသည်။ ယမ်းနံ့၊ ဖယောင်းတိုင်အမွှေးတိုင်နံ့နှင့် အရသာရှိသောအစားအသောက်အနံံ့များ... ရောယှက်နေသောအနံ့များနှင့် မိသားစုပြန်လည်ဆုံစည်းခြင်းအတွေ့အထိများမှာ တရုတ်နှစ်သစ်ကူး၏ အနှစ်သာရအမှန်ဖြစ်ပေသည်။
ချင်လင်က အလုပ်ရှုပ်နေသောသူ့အမေနှင့်ကျောက်မိုချင်းကိုကြည့်ရင်း ဟန်ဆောင်ပြောလိုက်သည်_ ''အမေ မိုချင်း... ကျွန်တော်လမ်းလျှောက်ထွက်ဦးမယ်''
လင်းဖန်ကခေါင်းညိမ့်လိုက်ပြီး_ ''သွားလေ... ဒါတွေ အမေနဲ့မိုချင်းလုပ်လိုက်မယ်''
ဒီတော့မှ ချင်လင်ထွက်လာသည်။ သူကစတိုခန်းထဲဝင်ပြီး မသုံးတာနှစ်ချီကြာပြီဖြစ်သော သံချေးတက်ပေါက်ပြားကိုလိုက်ရှာလိုက်သည်။ ထို့နောက် တောင်အနောက်ဘက်လမ်းလေးဆီဦးတည်လာခဲ့၏။
ရွာထဲတွင်လယ်ယာလုပ်သူမရှိတော့သော်လည်း မိသားစုတိုင်း၏ကိုယ်ပိုင်မြေကွက်ရှိနေဆဲပင်။
ချင်လင်၏မိသားစုပိုင်မြေကွက်မှာ ထိုတောင်ပေါ်တွင်ရှိသည်။ လမ်းအရှည်ကြီးသွားရပြီး တောင်အနောက်ဘက်ဘေးဘက်အခြမ်းမှာဖြစ်သည်။
ဂိမ်းထဲတွင် အထူးမြေကြီး သို့မဟုတ် အထူးမြေသြဇာရလျှင် သူ့မွေးရပ်မြေမှလယ်ကွက်ဟောင်းရှာပြီးပြုပြင်မည့်အစီအစဉ်ရှိသည်။
အချိန်ကျရင် လောကဝတ်တွေမသိတတ်တဲ့သူက ဒီဂိမ်းဘယ်လိုဖြစ်လာလဲအတင်းအကြပ်မေးခဲ့ရင် ဒီလယ်ကွက်ဟောင်းကိုပုံချမည်။
မြေကိုခိုးယူပြီးလေ့လာချင်တဲ့သူတကယ်ရှိလာရင် ဒီမြေကသက်သေပြနိုင်လိမ့်မည်။
ဒီလိုရှင်သန်နိုင်စွမ်း +၂ နှင့် မျိုးစိတ်တိုးတက်နိုင်စွမ်း +၁ ရှိတဲ့မြေကြီးက အမြဲရှိနေမည်ဖြစ်ပြီး ဒီလယ်ကွက်ဟောင်းမှာ အပင်မစိုက်သရွေ့ကုန်ခမ်းလိမ့်မည်မဟုတ်။
မိသားစုပိုင်မြေကွက်ဆီရောက်ရန် ချင်လင်မှာနေ့ဝက်လောက်လမ်းလျှောက်လိုက်ရသည်။ သူကထောင့်နားလေးလျှောက်သွားပြီး ပေါက်ပြားသုံးကာ လယ်ကွက်ဟောင်းထဲမှပေါင်းပင်တချို့ရှင်းလိုက်သည်။
သူကအချိန်ယူပြီး ပတ်ဝန်းကျင်ကိုသတိထား၍ လိုက်ကြည့်သည်။ ထို့နောက်ဂိမ်းထဲဝင်၍ အထူးမြေကြီးအိတ်ကိုထုတ်ယူလိုက်၏။
သူကအထူးမြေကြီးအိတ်တဝက်လောက်ကို လယ်ကွက်ဟောင်းထဲ အညီအမျှဖြန့်ပြီး နှံ့အောင်မွှေလိုက်သည်။
ဒါကအလဟဿဖြစ်ကောင်းဖြစ်သွားနိုင်သည်။
သို့သော်လည်းသူက သတိကြီးသောသူ။ သူပိုပြီးသတိထားရမည်။
နောက်ပြီး ဒီလိုအထူးမြေကြီးနှစ်အိတ်ကို နွေဦးသတ္တုတွင်းစတုတ္ထအလွှာတွင်တူးဖော်ရခဲ့သည်။ နောင်မှာ သေချာပေါက်ထပ်ရဦးမည်။ တချို့တလေဆုံးရှုံးသွားလည်းကိစ္စမရှိပေ။