ဒီစပါးမျိုးစေ့က ဒီမှာဘယ်လိုလုပ်ထွက်လာတာလဲ? ၃
Vol. 20 Ch. 290
ဖရဲမျိုးစေ့နှင့်ရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့ရိတ်သိမ်းခြင်းမှာ လုံးဝဝမ်းသာစရာကိစ္စပင်။
နောက်သုံးလေးရက်ဆို ရေလှောင်တမံတွင် ရေပေါ်တံတားဆောက်သောကုမ္ပဏီအဖွဲ့ပြန်ဝင်ပြီး ရေလှောင်တမံတွင်ဆက်ဆောက်ကြမည်။ တစ်ချိန်တည်းမှာ ဂင်ဂိုပင်နှစ်ပင်ပတ်လည်မြေတိုင်းရန်လူစလွှတ်ပြီး ဂင်ဂိုပင်ကြည့်ရှုနေရာခြံဝင်းဒီဇိုင်းကိုအပြီးသတ်ပေးမည်။
ရက်ပိုင်းအတွင်း လယ်ကွက်ပုံစံထဲမှ ရှန်းရွှေလက်ဆောင်ဆန်ပျိုးပင်များမှာ တစ်နေ့ထက်တစ်နေ့အပင်ပိုဖြစ်လာမည်။


သာမန်စပါးပျိုးပင်များမှာ အပင်ဖြစ်ဖို့ ၉ ရက်မှ ၁၂ အချိန်ယူရသည်။
ဂိမ်းမှထုတ်သောရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့များမှာ ကြီးထွားနှုန်းမြန်နေဆဲ။ ရက်ပိုင်းနှင့် ပျိုးပင်ယူနိုင်သောအမြင့်ရောက်သည်အထိ ကြီးထွားလာကြသည်။
ချင်လင်လည်းမတတ်သာဘဲ ချန်တပေကိုခေါ်လိုက်ရသည်။
ချန်တပေမှာ ဒီနှစ်ပိုပြီးဖျတ်ဖျတ်လတ်လတ်ရှိနေ၏။ တခဏအတွင်း ခြံဝင်းထဲပြေးဝင်လာပြီး_ ''သူဌေး... ဘာလုပ်ပေးရမလဲ?''
ချင်လင်ကညွှန်ကြားလိုက်သည်_ ''ယွီရွှေ့ကိုရှာပြီး ဒီလယ်ကွက်ကိုနည်းနည်းထပ်ပြင်ရအောင် လူခေါ်လာခဲ့ပေးပါဦး''
''သူဌေး မပူပါနဲ့... ကျွန်တော့်တာဝန်ထားလိုက်'' ချန်တပေကပြန်ဖြေပြီး ခြံဝင်းထဲမှပြေးထွက်သွား၏။
ချန်တပေသွားလျှင် ချင်လင်ကခြံဝင်းထဲမှထွက်မည်အပြု ဆူဆူညံညံအသံများကြားလိုက်ရသည်။
''လီရှင်း... မင်းမိန်းမက နောက်ထပ်ကိုယ်ဝန်နဲ့... ဘာလို့အိမ်မှာနေပြီး သူ့ကိုအဖော်မလုပ်ပေးတာလဲ? ဘာလို့ဒီလိုက်လာတာလဲ?'' လီခိုင်က မသတီသလိုပြောလိုက်ပြီး_ ''ငါညီလေးချင်နဲ့အရမ်းရင်းနှီးတယ်... မင်းအဖော်လိုက်ပေးစရာလိုလို့လား?''
လီရှင်းက စိတ်ပျက်လက်ပျက်ပုံနှင့်_ ''ခင်ဗျားနဲ့အတူလာချင်တယ်ထင်လို့လား? ဘိုးတော်ကကျွန်တော့်အိမ်ကိုရုတ်တရက်ကြီးပေါက်ချလာပြီး ကျွန်တော်ဖွက်ထားတဲ့ချင်းလင်ဆေးဖက်ဝင်ဝိုင် ၄ ပုခင်းကိုတွေ့သွားလို့သာမဟုတ်ရင် ဒီလိုမဟုတ်တရုတ်ဆင်ခြေတွေပေးနေစရာလိုသေးလို့လား?''
''ကျွန်တော့်အတွက်ဘယ်လောက်ခက်လဲ ခင်ဗျားသိလား? အဲဒီ ၄ ပုခင်းကိုဖွက်ထားရတာမလွယ်ဘူး... ဘိုးတော်က ကျွန်တော့်အတွက်တစ်ပုလင်းတောင်မချန်ခဲ့ဘူး... ကျွန်တော်နဲ့စာရင်းရှင်းချင်တယ်လို့တောင်ပြောသေးတယ်... တစ်ယောက်ယောက်ကတိုင်လိုက်တယ်လို့ ကျွန်တော်သံသယဝင်နေတာနော်... ဦးလေး အဲဒါခင်ဗျားထင်တယ်''
လီခိုင်ကမငြင်း_ ''ငါ့ပုလင်းတဝက်ကို မင်းဘိုးတော်ခိုးသွားတာကွ... ဖြစ်ချင်းဖြစ်အတူတူဖြစ်ရအောင် မင်းမှာလည်းတစ်ပုလင်းရှိတယ်လို့ပြောလိုက်တာ... မင်းကမိဘကိုမသိတတ်ဘဲ ၄ ပုလင်းကြီးတောင်ဖွက်ထားမယ်လို့ ဘယ်ထင်မှာလဲ?''
''ဘာလို့မိသားစုထဲမှာ ခင်ဗျားလိုလူယုတ်မာပါနေတာလဲ?'' လီရှင်းအော်ငိုချင်နေပြီ_ ''အနည်းဆုံးတော့ ခင်ဗျားကပုလင်းတစ်ဝက်ရှိသေးတယ်... ကျွန်တော့်မှာသောက်စရာတစ်စက်မှမရှိတော့ဘူး''


သူ့ဘေးကလူသာ သူ့ဦးလေးမဟုတ်ဘူးဆိုရင် လက်သီးနှင့်ထထိုးမိတော့မည်။
ထိုစကားသံများကြားလျှင် လီမိသားစုကတူဝရီးမှန်း ချင်လင်သိလိုက်သည်။ ဒီလူနှစ်ယောက်က တကယ်အစောကြီးရောက်လာတာပဲ။
နောက်ပြီး လီရှင်းကအရမ်းဒေါသထွက်နေပုံရသည်။
လီခိုင်မှာ သူ့တူလီရှင်းကိုလုံးဝလျစ်လျူရှုထားလိုက်သည်။ သူက ဖရဲသီးပျိုးထောင်ဖို့၊ အပူချိန်နိမ့်သီးနှံမျိုးစိတ်တွေစမ်းသပ်လေ့လာဖို့လာခြင်းဖြစ်၍ ရောက်ရောက်ချင်းခြံဝင်းထဲတန်းဝင်လာခဲ့၏။
''ညီလေးချင်'' လီခိုင်က ချင်လင်ကိုတွေ့လျှင်အံ့သြသွားသည်။
ချင်လင်လည်းပြုံးပြီး နှုတ်ဆက်လိုက်၏_ ''အစ်ကိုလီ... အစောကြီးရောက်လာတာပဲ''
''စမ်းသပ်ဖို့ပေါ့... မဟုတ်သေးဘူး... မင်းရဲ့ဖရဲသီးတွေက ငါ့ရဲ့အပူချိန်နိမ့်မျိုးစိတ်စမ်းသပ်မှုအတွက် မျှော်လင့်ချက်ပဲ'' လီခိုင်ကပြောလိုက်သည်။ သူကချက်ချင်းအစိမ်းရောင်မှန်လုံအိမ်ထဲဝင်ပြီး ဖရဲသီးများကိုစစ်ဆေးကြည့်လိုက်၏။ သူကစမ်းသပ်လေ့လာဖို့ လုံးဝစိတ်အားထက်သန်သူပင်။
အစိမ်းရောင်မှန်လုံအိမ်ကိုစစ်ဆေးပြီးနောက် လမ်းလျှောက်ထွက်လာရာ သူ့အကြည့်ကရုတ်တရက် လယ်ကွက်ပုံစံထဲမှစပါးပျိုးပင်များဆီရောက်သွားသည်။
''ဒီစပါးပျိုးပင်က!'' လီခိုင်မှာ ရုတ်တရက်တစ်ခုခုတွေ့သွားသလို မယုံနိုင်ပုံနှင့် လယ်ကွက်ပုံစံဘေးငုတ်တုတ်ထိုင်ချလိုက်ကာ ပွစိပွစိပြောနေ၏_ ''ဒါလုံးဝစပါးပဲ... စပါးရွက်တွေက ထိပ်ချွန်နှစ်ဖက်နဲ့... အရွက်သားကပြန့်သွား... အထုံးပုံစံနဲ့... အဲဒီတုန်းက ငါမြင်ခဲ့တာနဲ့တစ်ထပ်တည်းပဲ''
လက်ရှိသူတို့နိုင်ငံတွင် မှတ်တမ်းဝင်ထိပ်တန်းစပါးမျိုး ၁၃၃ မျိုးရှိသည်။ ဒီစပါးမျိုးတွေက အနည်းနှင့်အများကွာခြား၏။
သာမန်လူတွေမှာ စပါး၊ ကောက်ညင်းဆန်အုပ်စုဝင် ဒါမှမဟုတ် ကောက်ညင်းဆန်မဟုတ်သောအုပ်စုဝင်ဟူ၍မခွဲတတ်။
သို့သော် စိုက်ပျိုးရေးတွဲဖက်ပါမောက္ခတစ်ဦးအတွက် ဒါတွေကအခြေခံဖြစ်သည်။ နောက်ပြီး တချို့ရှားပါးစပ်မျိုးများကို အထူးမှတ်တမ်းတင်ရသည်။
လီခိုင်မှာ သူ့ရှေ့ကစပါးပျိုးပင်နှင့်တစ်ထပ်တည်းတူသောအပင်မျိုးကိုတွေ့ဖူးသည်။ အစကသူတို့ညွှန်မှူးမှာ ဒီစပါးပျိုးပင်ကိုလေ့လာဖို့အပြင်းအထန်ကြိုးစားခဲ့သော်လည်း ဖြစ်ချင်တော့ ပတ်ဝန်းကျင်နှင့်အသားမကျ၍ အပင်မှာလျင်လျင်မြန်မြန်သေဆုံးသွားခဲ့သည်။
အခုသူမြင်နေရတာ ဘာလဲ?
လီခိုင်က အံ့သြတကြီးဆိုလိုက်သည်_ ''ဘယ်လိုလုပ်ပြီး ဒီစပါးမျိုးကဒီမှာထွက်နေတာလဲ?''