အပြစ်လွှဲချခြင်း! ရှန်းရွှေလက်ဆောင်ဆန်ကို တရားဝင်စိုက်ပြီ!
Vol. 20 Ch. 291
လီခိုင်မှာမယုံနိုင်။ သူကတဖန်ထိုင်ချလိုက်ပြီး မြေကြီးများကိုသေချာဖယ်လိုက်သည်။ စပါးပျိုးပင်အမြစ်ကိုသေသေချာချာစိုက်ကြည့်ရင်း အံ့အားသင့်သွားပြန်၏_ ''ညီလေးချင်... ဒါ.. ဒါရှန်းရွှေလက်ဆောင်ဆန်ရဲ့ စပါးပျိုးပင်မလား?''
''အစ်ကိုလီ... သိတယ်ပေါ့?'' ချင်လင်မှာ မအံ့သြဘဲမနေနိုင်တော့။
လီခိုင်ကထိုစကားကြားလျှင် နည်းနည်းမကြည်မလင်ဖြစ်သွားကာ_ ''ညီလေးချင်... ငါကတွဲဖက်ပါမောက္ခပညာရှင်လေ... နောက်ပြီး အရင်ကရှန်းရွှေလက်ဆောင်ဆန်ရဲ့စပါးပျိုးပင်ကိုမြင်ဖူးတယ်''
လီရှင်းက သူတို့ပြောနေသည်ကိုကြားလျှင် အံ့သြစွာနှင့်_ ''ဦးလေး... ဒါရှန်းရွှေလက်ဆောင်ဆန်မျိုးလို့ပြောနေတာလား?''
ယေဘူယျအားဖြင့် ရှန်းရွှေလက်ဆောင်ဆန်ကို ရှန်းရွှေဒေသမှာပဲစိုက်နိုင်သည်ဟုသိထားကြသည်။ နောက်ပြီး ဒီနေရာကျဉ်းကျဉ်းလေးထဲစိုက်နိုင်သည်တဲ့။ ဒါနေရာတကာစိုက်နိုင်သောဆန်မျိုးမဟုတ်။ စိုက်ပျိုးနိုင်ရင်တောင် အရသာနှင့်အာဟာရတန်ဖိုးက မူလဆန်နှင့်အလွန်ကွာခြားမည်။
ဒါကလည်း ရှန်းရွှေလက်ဆောင်ဆန်ထူးထူးခြားခြားဈေးကြီးရသည့်အကြောင်းရင်းပင်။ လူချမ်းသာ ၉၀% မှာ ဒီဆန်မစားနိုင်ပေ။
အခုသူ့ဦးလေးက ချင်လင်ရဲ့လယ်ကွက်ထဲကဆန်ကို ရှန်းရွှေလက်ဆောင်ဆန်လို့ပြောလိုက်တာလား?
လီခိုင်ကရှင်းပြလိုက်သည်_ ''ဒါတကယ် ရှန်းရွှေလက်ဆောင်ဆန်ရဲ့ပျိုးပင်ပဲ... ညီလေးချင် မင်းဘယ်လိုလုပ်လိုက်တာလဲ? နည်းလမ်းကျကျပြောရရင် မြို့ရဲ့ပထဝီအနေအထားက ရှန်းရွှေလက်ဆောင်ဆန်စိုက်ဖို့ လုံးဝမကိုက်ညီဘူး... မျိုးစေ့အပင်ပေါက်ဖို့ဆို ပိုတောင်မဖြစ်နိုင်သေး''
ချင်လင်က ဒီမေးခွန်းအတွက်ကြိုတွေးပြီးသားဖြစ်၍ ချက်ချင်းဖြေလိုက်သည်_ ''ကျွန်တော့်ဆီကဆေးဖက်ဝင်ဝိုင်ကို ရှန်းရွှေလက်ဆောင်ဆန်နဲ့လာလဲတယ်လို့ပြောဖူးတယ်မလား? အဲဒါကျွန်တော့်ဘာသာစမ်းစိုက်ကြည့်ချင်တာနဲ့ သူတို့ကို မျိုးစေ့နည်းနည်းရနိုင်မလားဆိုပြီးတောင်းလိုက်တာ... ကျွန်တော့်မွေးရပ်မြေမှာ အရမ်းထူးခြားတဲ့မြေကြီးတွေရှိတယ်... အဲဒါကိုသုံးပြီး ဒီမျိုးစေ့ကိုစိုက်ရင်ရမရကြည့်ချင်လို့''
လီရှင်းကထိုစကားကြားလျှင် အရင်ချင်လင်ပြောခဲ့ဖူးသည်ကိုသတိရပြီး ရှင်းလင်းခန်းဖွင့်လိုက်၏_ ''ငါအခုသတိရပြီ... ချင်လင် မင်းရဲ့ဖရဲမျိုးစေ့တွေ အဲဒီလယ်ကွက်ဟောင်းထဲမှာအညှောင့်ပေါက်နေတာကို အမှတ်မထင်တွေ့ခဲ့တာ ဟုတ်တယ်မလား?'' (အခန်း ၁၃၈)
''ဟုတ်တယ်!'' ချင်လင်ခေါင်းညိမ့်လိုက်သည်။
အရင်သူပေးခဲ့သောဆင်ခြေက အခုတော့တစ်ပတ်လည်လာပြီ။
လီခိုင်ကသူ့တူကိုကြည့်ပြီးမေးလိုက်သည်_ ''ဘာတွေပြောနေတာလဲ? ဘယ်လယ်ကွက်ဟောင်းလဲ? ပြီးတော့ ဘာလို့ဖရဲသီးနဲ့ဆက်စပ်နေတာလဲ?''
လီရှင်းကရှင်းပြလိုက်၏_ ''ချင်လင်ရဲ့အိမ်မှာ လယ်ကွက်ဟောင်းရှိတယ်... ဒီဖရဲမျိုးစေ့က အဲဒီလယ်ကွက်ဟောင်းထဲမှာကျခဲ့တာ... ချင်လင်က ဆောင်းတွင်းကြီးအပင်ပေါက်တော့မှတွေ့တာ''
''ချင်လင် မင်းတော်တယ်... အဲဒီလယ်ကွက်ဟောင်းကဖရဲမျိုးစိတ်ကိုစပ်ပြီး ဆောင်းတွင်းကြီးအပင်ဖြစ်အောင်လုပ်နိုင်တယ်... အဲဒီမှာထူးခြားမှုတစ်ခုခုရှိရမယ်... တခြားမျိုးစေ့တွေကိုရိတ်သိမ်းရင်လည်း ထင်မထားတာတွေဖြစ်နိုင်တယ်... ရှန်းရွှေလက်ဆောင်ဆန်မျိုးတွေဖြစ်လာတယ်မလား?''
လီရှင်းမှာ အလွန်အံဝင်ခွင်ကျဖြစ်နေသဖြင့် ချင်လင်လည်းပြုံးလိုက်ပြီး_ ''အမှန်ပဲ... နှစ်သစ်အိမ်ဟောင်းကိုပြန်တော့ စိုက်ပျိုးဖို့ဆိုပြီး လယ်ကွက်ဟောင်းထဲကမြေနည်းနည်းတူးလာတာ... ဒီမျိုးစေ့အပင်ပေါက်တဲ့အပြင် အပင်ပေါက်ချိန်တိုတောင်းတာကိုပါသတိထားမိတယ်... ကျွန်တော်မြေကြီးနှစ်အိတ်တူးပြီး ဒီလယ်ကွက်ပုံစံထဲမှာစမ်းပြီးရောကြည့်တာ... ရလဒ်ကမြင်တဲ့အတိုင်းပဲ''
လီခိုင်မှာ သူတို့စကားများနားထောင်ရင်း လုံးဝအံ့သြသွားပြီး_ ''ညီလေးချင်... မင်းလယ်ကွက်ဟောင်းထဲကမြေက သာမန်မဟုတ်ဘူး... ရှားပါးတဲ့အထူးမြေသြဇာမျိုးဖြစ်ရမယ်''
တရုတ်ပြည်မှာကျယ်ပြောပြီး သယံဇာတပေါများသည်။ မြေချင်းကွဲပြားပြီး မြေကြီးအမျိုးအစားများစွာရှိ၏။ အတွေ့ရအများဆုံးမှာ မြေနက်၊ မြေနီ၊ မြေဝါ၊ ဂဝံမြေ၊ သဲမြေ စသည်ဖြင့်။
သို့ရာတွင် တချို့မြေများက စိုက်ပျိုးဖို့သင့်တော်သော်လည်း တချို့ကမသင့်တော်။
မြေနက်မှာ စိုက်ပျိုးရေးအတွက်အလွန်သင့်တော်ပြီး မြေနီမှာသိပ်မဖြစ်ထွန်းတတ်ချေ။
ထိုမြေအပြင် ရှားပါးမြေကြီးတချို့ရှိသေးသည်။ ၎င်းမြေကို ပတ်ဝန်းကျင်၊ ရာသီဥတု၊ မိုးလေဝသ၊ အပူချိန် သို့မဟုတ် စိုထိုင်းမှု စသည်ဖြင့် သက်ရောက်မှုရှိကောင်းရှိနိုင်သည်။ ထူးခြားသောဓာတ်ပစ္စည်းများပါဝင်တတ်၏။
ထိုထူးခြားဓာတ်ပစ္စည်းတချို့က သီးနှံများကိုဖြစ်ထွန်းစေသည်။ ဥပမာဆိုရသော် သီးခြားစိုက်ပျိုးရာမြေများတွင် ထူးခြားသောဓာတ်ပစ္စည်းများ အနည်းနှင့်အများဆိုသလိုပါတတ်၏။
ထိုထူးခြားဓာတ်ပစ္စည်းများပါရှိခြင်းကြောင့်လည်း ထိုသီးနှံများမှာအလွန်ထင်ရှားပြီး တန်ဖိုးကြီးကာရှားပါးလာခြင်းဖြစ်သည်။ ထိုဓာတ်ပစ္စည်းများမပါဘဲ တခြားမြေနေရာတွင် ပုံတူကူးပြီးမစိုက်ပျိုးနိုင်။ ပုံတူကူးပြီးစိုက်ပျိုးရင်တောင် အရည်အသွေးကျဆင်းသွားလိမ့်မည်။
အန္တရာယ်ရှိသော ထူးခြားဓာတ်ပစ္စည်းများလည်းရှိသေးသည်။ ဥပမာအားဖြင့် ဓာတ်ရောင်ခြည်သင့်သောမြေနှင့် ပြင်းထန်သတ္တုဓာတ်များပါသောမြေတို့ဖြစ်သည်။ ထိုမြေတွင်စိုက်ပျိုးသောသီးနှံများကို လူတို့စားသုံးရန်မသင့်ပေ။
လီခိုင်ကဘာစကားမှမဆိုဘဲ မြေကြီးတချို့လှမ်းယူကာ လက်ဖဝါးထဲထည့်ပြီးပွတ်ချေလိုက်သည်။
ညီလေးချင်ရဲ့မြေက အကျိုးဖြစ်သည်မှာ သံသယဝင်ဖွယ်မရှိပေ။ ဘာပဲဖြစ်ဖြစ် ဆောင်းတွင်းကြီးဖရဲမျိုးစေ့ဖြစ်နိုင်ပြီး အရသာပိုကောင်းသည်လေ။ အခုရှန်းရွှေလက်ဆောင်ဆန်ပျိုးပင်ကိုလည်း ပျိုးထောင်လိုက်နိုင်ပြီ။
လီရှင်းက ရှန်းရွှေလက်ဆောင်ဆန်ပျိုးပင်ကိုကြည့်ရင်း_ ''ချင်လင်... ဒီတော့ နောက်ဆိုရင် ရှန်းရွှေလက်ဆောင်ဆန်ကိုဒီမှာစိုက်နိုင်ပြီဆိုတဲ့သဘောလား? နောက်ဆုံးရိတ်သိမ်းပြီးရလာတာက ဘယ်လိုဖြစ်မလဲသိချင်လိုက်တာ''
''စိုက်ကြည့်မှ သိရမှာပဲလေ'' ချင်လင်က ရလဒ်ကိုသိနေရင်တောင် မရေမရာအမူမရာနှင့် ထိုမေးခွန်းကိုဖြေလိုက်ရသည်။
ဘာပဲဖြစ်ဖြစ် ရှန်းရွှေလက်ဆောင်ဆန်ကို တခြားနေရာတွင် မစိုက်ပျိုးနိုင်ခြင်းကြောင့်မဟုတ်။ နောက်ဆုံး ရိတ်သိမ်းပြီးရလာသောဆန်က အရည်အသွေးနိမ့်လွန်းခြင်းကြောင့်ပင်။
စပါးပျိုးပင်ပျိုးထောင်နိုင်ခြင်းမှာ ပထမအဆင့်သာရှိသေးသည်။ ရိတ်သိမ်းခြင်းက ဒုတိယအဆင့်ဖြစ်၏။
''ချင်လင်... ဒါ ဟိုရှန်းရွှေလက်ဆောင်ဆန်ထက်မညံ့ဘူးဆိုရင် မင်းမိတ်ဆွေတွေကိုမမေ့ရဘူးနော်'' လီရှင်းကချက်ချင်း စိတ်ခံစားချက်ကိုကစားလိုက်သည်။
ဒါကရှန်းရွှေလက်ဆောင်ဆန်လေ။ မျက်နှာသာရထားတဲ့အကျိုးအမြတ်ကိုတော့ ခံစားရမှာပေါ့ မဟုတ်ဘူးလား?
''စားဖို့ပဲသိတယ်'' လီခိုင်က လီရှင်းကိုစိတ်ဆိုးဆိုးနှင့်တွန်းလွှတ်လိုက်ပြီး ချင်လင်အား_ ''ညီလေးချင်... ဒီမြေကြီးဖွဲ့စည်းပုံကိုဓာတ်ခွဲပြီး အထဲမှာဘာဓာတ်တွေပါလဲ စမ်းကြည့်လို့ရမလား?''
စိုက်ပျိုးရေးသုတေသီတစ်ဦးအနေနှင့် သီးနှံများလေ့လာခြင်းအပြင် သီးနှံစိုက်ပျိုးမြေကိုလေ့လာနိုင်ခြင်းကလည်း အရည်အချင်းတစ်ရပ်ပင်။
''ရတာပေါ့ အစ်ကိုလီ... ဒီမြေမှာပြဿနာရှိမရှိ ကြည့်ပေးပါဦး'' ချင်လင်က ဒီမြေထဲတွင် သီးနှံရှင်သန်နိုင်စွမ်းနှင့် မျိုးစိတ်တိုးတက်စေသောဓာတ်ပစ္စည်းများပါကြောင်းသိပြီးဖြစ်လေသည်။