အပြစ်လွှဲချခြင်း! ရှန်းရွှေလက်ဆောင်ဆန်ကို တရားဝင်စိုက်ပြီ! ၂
Vol. 20 Ch. 292
သို့သော် ဒီလိုအခြေအနေမှာ သူဟန်လုပ်နေရဦးမည်။
ဆိုရိုးရှိတယ်လေ: ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာဆိုလား?
လီခိုင်နှင့်လီရှင်းလိုသက်သေများကို သူလိုအပ်သည်။ လီခိုင်လည်း ဓာတ်ခွဲကြည့်ပြီး ပြီးမြောက်အောင်မြင်တယ်ဆိုတဲ့ ခံစားချက်မျိုးရသွားမည်မဟုတ်လား?
ချင်လင်၏သဘောတူညီချက်ရပြီးနောက် လီခိုင်က လီရှင်းကိုခန်းမထဲဆွဲခေါ်ကာ_ ''ကိရိယာတွေကူရွှေ့ပေးပါဦး''
သည်လိုနှင့် လီရှင်းကိုကောင်တာဆီခေါ်သွားပြီး ကောင်တာအနောက်ဘက်ရှိသိုလှောင်ခန်းတံခါးသော့ကိုထုတ်လိုက်သည်။
သူပြန်သွားတုန်းက ကိရိယာတွေကိုအထဲထည့်ခဲ့ပြီး ချင်လင်ကလည်း လော့ချရန်သော့ပေးခဲ့သည်။
တံခါးဖွင့်လိုက်သည်။
တူဝရီးနှစ်ယောက်က ထုပ်ပိုးထားသော ကိရိယာများ၊တန်ဆာပလာများကို ထုတ်ယူလိုက်၏။
လီခိုင်က မြေကြီးစမ်းသပ်ရန် ကိရိယာများ၊အသုံးအဆောင်များကိုရွှေ့ပြီး စတင်ပြင်ဆင်တော့သည်။
သူက အပူချိန်နိမ့်သီးနှံမျိုးစိတ်ကို စမ်းသပ်လေ့လာခဲ့သည်။ သီးနှံစိုက်ပျိုးခြင်းတွင် မြေပြဿနာများမှာ မလွဲမသွေပါစမြဲ။ သူ့ဓာတ်ခွဲခန်းထဲတွင် မြေကြီးကိုစမ်းသပ်ဓာတ်ခွဲရန် ပစ္စည်းကိရိယာများရှိသည်။


လီခိုင်က ပစ္စည်းကိရိယာများကိုတပ်ဆင်ပြီးနောက် တန်ဆာပလာတချို့နှင့် အနောက်ဘက်ခြံဝင်းရှိလယ်ကွက်ပုံစံထဲမှမြေကြီးနည်းနည်းယူကာ ခန်းမဆီပြန်လာခဲ့သည်။
ဒီတစ်ကြိမ်မြေကြီးလေ့လာရသည်က ဘဲဥစစ်မစစ်စမ်းသပ်ရသည်ထက် အများကြီးပိုခက်၏။
ညနေပိုင်း ချင်လင်ခန်းမထဲရောက်သောအခါ လီခိုင်မှာ ကိရိယာများနှင့်လေ့လာနေဆဲပင်။ ထိုမြင်ကွင်းကြောင့် လီခိုင်ကိုသိချင်စိတ်နှင့်မေးလိုက်သည်_ ''အစ်ကိုလီ... ဓာတ်ခွဲလို့မရသေးဘူးလား?''
လီခိုင်ကမျက်မှောင်ကြုတ်ပြီး_ ''အဲလောက်မမြန်ဘူး... မြေကြီးဓာတ်ခွဲထားတဲ့အဖြေက မနက်ဖြန်မနက်အထိစောင့်ရဦးမယ်... အဓိကက ဒီမြေကြီးထဲမှာ အထူးဓာတ်ပစ္စည်းတစ်မျိုးတွေ့တယ်... အဲဒါဘာဓာတ်လဲ လောလောလတ်လတ်စမ်းသပ်မရလို့ အံ့သြနေတာ''
ချင်လင်ကထိုစကားကြားလျှင် ခေါင်းခါလိုက်ပြီး လီခိုင်ကို သုတေသနဆက်လုပ်စေလိုက်သည်။ သူကရေလှောင်တမံသွားပြီး အခြေအနေတစ်ချက်ကြည့်လိုက်၏။
ရေပေါ်တံတားများကို ကောင်းသည်ထက်ကောင်းအောင်ဆောက်ထားသည်။ တံတားထောင့်ချိုးလမ်းဆုံ၌ဆောက်ထားသော ရေပေါ်မျှော်စင်တချို့တွင် ခရီးသည်များအနားယူနိုင်သည်။
တစ်နေ့ဂိမ်းထဲမှာ ကြာပန်းမျိုးစေ့ပေါ်လာရင် မျှော်စင်ပတ်ပတ်လည်တွင် တချို့တလေထားမည်။ လှလှပပမိုးမခရွက်ဘဲစားမှော်ပင်နှင့်ပေါင်းလိုက်ရင် သေချာပေါက်စာမမီတဲ့အလှဖြစ်သွားမည်။
တဖြည်းဖြည်းမိုးချုပ်လာသည်။
မူလခန်းမထဲ၌_
ဆရာလင်းက စားဖိုဆောင်မှအစားအသောက်များထုတ်လာရာ လီခိုင်မှာ ကိရိယာများရှေ့တွင် မြေကြီးများကလိနေဆဲဖြစ်သည်ကိုတွေ့ရ၏_ ''လူကြီးမင်းလီ... သုံးဆောင်လို့ရပါပြီ''
လီခိုင်မှာ စံအိမ်တွင်ဆရာလင်းလက်ရာကိုစားနေကြဖြစ်သောကြောင့် အလွန်ယဉ်ကျေးနေသည်_ ''ဆရာလင်း... လက်ဆေးပြီးမှစားတော့မယ်''
ဆရာလင်းက စပ်စပ်စုစုမေးလိုက်၏_ ''လူကြီးမင်းလီ... ဒီမြေကြီးတွေကိုဟိုရွှေ့ဒီရွှေ့နဲ့... ဒီမြေကြီးက ထူးဆန်းလို့လား?''
လီခိုင်ကဘာမှဖုံးကွယ်မထားဘဲ ပြုံးပြုံးနှင့်_ ''ခင်ဗျားသူဌေးရဲ့လယ်ကွက်ပုံစံထဲကမြေကြီးက အရမ်းထူးခြားတာ... လေ့လာကြည့်''
''အိုး'' ဆရာလင်းမှာ အတွေးများနှင့် စားဖိုဆောင်ထဲဝင်သွားလိုက်သည်။
သူကသူ့အိတ်ထဲမှမှတ်စုစာအုပ်ထုတ်ပြီး ချရေး၏။
သူ့သူဌေးကရေးခိုင်းထားသော နှစ် ၅၀၀ ဂင်ဂိုပင်နှစ်ပင်ကိုဘယ်လိုကယ်ခဲ့တယ်ဆိုတဲ့အကြောင်းအချက်အလက်ပင်။
သို့သော် သူတကယ်မသိ။ ထူးထူးခြားခြားအာရုံမရှိ။ ခါတိုင်းလို နွားချေးနဲ့မြေသြဇာကိုရောမွှေလိုက်တာပဲလေ။ နှစ်တွေကြာမှ အပင်ကရုတ်တရက်ကြီးထရှင်လာတာကိုး။
သူကအမှန်အတိုင်းရေးထားသော်လည်း နွားချေးနှင့်မြေသြဇာရောသည်ဆိုသောအချက်မှာ ကိုးကားလောက်စရာမဟုတ်ဟုခံစားရသည်။
ဒီနည်းသာအလုပ်ဖြစ်တယ်ဆိုရင် ဟိုးအရင်ကတည်းကဖြစ်ပြီးပြီပေါ့။ အကြောင်းရင်းတစ်ခုတော့ရှိရမည်။ သူ့ကြောင့်မဟုတ်နိုင်။


ဒီအကြောင်းတွေးလေလေ တစ်ခုခုမှားနေသလိုခံစားရလေလေပင်။ သူ့သူဌေးက သူ့ကိုတာဝန်ပေးထားသည်။ ဒီတော့ သူ့သူဌေးကိုအရူးလုပ်၍မဖြစ်။ ထို့နောက် သူကချရေးလိုက်သည်: နွားချေး၊ မြေသြဇာအရောနှင့် လယ်ကွက်ပုံစံထဲမှမြေကြီး။
အမှန်ပဲ။ လူကြီးမင်းလီကပြောတယ်။ ဒီမြေကြီးက ထူးခြားတယ်တဲ့။ နောင်မှာ သူ့သူဌေးမေးလာခဲ့ရင် မြေကြီးကထူးခြားတယ်လို့ဖြေမယ်။ အားလုံးကမြေကြီးကြောင့်ပဲ။
ဆရာလင်းမှာရုတ်တရက် သူဉာဏ်ကောင်းလွန်းသည်ဟုခံစားလိုက်ရ၏။
ညပိုင်းကုန်လွန်သွားသည်။
နောက်တစ်နေ့တွင် ချင်လင်မှာ ဂိမ်းထဲမှထုတ်လာသောပစ္စည်းများကိုစံအိမ်ပို့ပြီးလျှင် မူလခန်းမဘက်ခြေဦးလှည့်လိုက်၏။
လီခိုင်လည်း မနက်စောစော ကိရိယာများရှေ့တွင် မြေကြီးများကိုဆက်ကလိနေသည်။ သူမြေကြီးကိုဓာတ်ခွဲလို့မရသေးဘူးပေါ့။
ချင်လင်က လယ်ကွက်ပုံစံထဲလျှောက်သွားလိုက်သည်။
သူကချန်တပေကိုလူခေါ်ပြီး လယ်ကွက်ပုံစံအသစ်ဖွံ့ဖြိုးအောင်လုပ်ခိုင်းထား၏။
နောက်တစ်ရက်နှစ်ရက်အကြာ လယ်ကွက်အသားကျလျှင် ပြောင်းရွှေ့စိုက်ပျိုးနိုင်ပြီ။
ထွက်မလာခင်ပြုပြင်ရန်လိုသောပျိုးပင်များမှာ ရွှေ့ပြောင်းစိုက်လျှင်အပင်ဖြစ်စေရန် အရွက်သုံးရွက်အဆင့်ကိုရွေးချယ်တာအကောင်းဆုံးပင်။ တစ်ရွက်တည်းအဆင့်မှာအပင်မဖြစ်ခဲ့ရင် စိုက်ပျိုးပြီးရလဒ်ကောင်းမည်မဟုတ်။
သို့သော် ဤသည်ကအကြောင်းရင်းတွေထဲမှတစ်ချက်သာရှိသေးသည်။ ရွှေ့ပြောင်းမစိုက်ခင် ရွှေ့ပြောင်းစိုက်နေသည့်အတောအတွင်း အမြစ်ပုပ်ဆွေးပြီး စပါးပျိုးပင်သေမသွားစေရန် မြေကိုတတ်နိုင်သမျှနူးညံ့အောင်ပြင်ပေးထားရသည်။
ချင်လင်က ဒီအပိုင်းမှာ ဝီရိယအားကောင်းပြီးသား။ ဘာပဲဖြစ်ဖြစ် ရှန်းရွှေလက်ဆောင်ဆန်ပျိုးပင်က အများကြီးမှမရဘဲလေ။
ရှန်းရွှေလက်ဆောင်ဆန်ပျိုးပင်များကို အချိန်ယူပြင်ဆင်ပြီးချိန်တွင် ချန်လီဆီမှဖုန်းဝင်လာ၍ ချက်ချင်းကောက်ကိုင်လိုက်၏_ ''ဟယ်လို လက်ထောက်ချန်''
ချန်လီ၏ရယ်သံကိုကြားရသည်_ ''သူဌေးချင်... မင်းရဲ့ဧက ၅၀၀ မြေစာချုပ်လုပ်ငန်းစဉ်တွေပြီးပြီ... မင်းမြေစာရင်းဌာနကိုတိုက်ရိုက်သွားပြီးရှင်းလိုက်လို့ရပြီ... အဲဒီမှာ ကျုံးလဲ့စောင့်နေလိမ့်မယ်''
ချင်လင်ကထိုသတင်းရလျှင် ချက်ချင်းစီရင်စုထဲဝင်ပြီး မြေစာရင်းဌာနကိုသွားလိုက်သည်။
သူ့ကားရပ်ရပ်ချင်း ကျုံးလဲ့မှာပြုံးပြုံးပြုံးပြုံးနှင့်ရောက်လာပြီး_ ''သူဌေးချင်... လက်ထောက်ချန်ကိုအသိပေးပြီးပါပြီ... ကျွန်တော်တို့တန်းစီစောင့်စရာမလိုဘူး... ရုံးခန်းထဲသွားပြီး တန်းရှင်းရုံပါပဲ''
“ဟုတ်ပြီ!” ချင်လင်ခေါင်းညိမ့်လိုက်သည်။
တစ်ခါတလေ လုပ်ငန်းစဉ်တွေဖြတ်ရတာ အလွန်ကရိကထများကြောင်း အားလုံးလည်းအသိ။ အထူးသဖြင့် လုပ်ငန်းပြတင်းပေါက်တွင် ပြန်လည်ဆန်းစစ်ရန် တစ်မျိုးပြီးတစ်မျိုးတန်းစီရသည်။ ရိုးရိုးရှင်းရှင်းကိစ္စများပင် ရက်ပိုင်းလောက်ကြာသည်။
သို့သော်ဤသည်က လူအများစုအတွက်သာဖြစ်၏။ တချို့လူများမှာ လုံးဝတန်းစီစရာမလိုဘဲ မြန်မြန်ဆန်ဆန်ဖြေရှင်းနိုင်သည်။
မနှစ်က ဒီလိုဖြစ်ရပ်တွေကိုဓာတ်ပုံခိုးရိုက်ပြီး လိုင်းပေါ်တင်ခဲ့သူရှိခြင်းကြောင့် အပြင်းအထန်ဆွေးနွေးခဲ့ရဖူးသည်။ အဖွဲ့နှစ်ဖွဲ့တောင်ကွဲသွားပြီး တစ်ဖွဲ့ကိုတစ်ဖွဲ့ကပြစ်တင်ပြောဆိုကြ၏။
တစ်ဖွဲ့က မျှတမှုရှိရမည်၊ ဒီလိုမသင့်တော်တဲ့ပုံစံမျိုးမရှိသင့်ဟုဖိပြောကြသည်။ နောက်တစ်ဖွဲ့က ဦးတည်သောအုပ်စုချင်းမတူ၍ လုံးဝတရားသေကိုင်တွယ်ဖြေရှင်းဖို့မဖြစ်နိုင်ကြောင်း အလေးပေးပြောဆိုကြလေသည်။