အပြစ်လွှဲချခြင်း! ရှန်းရွှေလက်ဆောင်ဆန်ကို တရားဝင်စိုက်ပြီ! ၃
Vol. 20 Ch. 293
နောက်ဆုံး သတင်းဖုံးခံလိုက်ရသည်။ ဘယ်သူမှမဖြေရှင်းနိုင်။
တရားဝင်ထုတ်ပြန်ချက်အရ ဓာတ်ပုံခိုးရိုက်သူမှာ မြို့ထဲမှအဖွဲ့အစည်းကြီးတစ်ခု၏ဥက္ကဌဖြစ်သည်တဲ့။ တိုက်တိုက်ဆိုင်ဆိုင် ရုံးနှင့်ပူးပေါင်းလုပ်ငန်းတစ်ခုရှိပြီး ခေါင်းဆောင်ကိုယ်တိုင်ချဉ်းကပ်ခဲ့ဖူးသည်။
ဒီကြေညာချက်မှန်မမှန်မသိရသော်လည်း တစ်ခုကတော့သေချာသည်။ ဒီကမ္ဘာမှာ အပြည့်အဝတရားမျှတမှုဟူ၍မရှိပေ။


ဘဏ်သွားပြီးလုပ်ငန်းလုပ်မည်ဆိုလျှင် တုံကင်နံပါတ်ရဖို့တန်းစီရမည်။ ဘဏ်ဝန်ထမ်းက အေးတိအေးစက်ပြောသည်ကိုပင်ခံရနိုင်၏။ သို့သော် သင့်သူဌေးဆိုပါက ဘဏ်ဥက္ကဌ၏အပြုံးကိုလက်ခံရနိုင်သည်။
ဤသည်က လူ့အဖွဲ့အစည်း၏စံနှုန်းသတ်မှတ်ချက်ပင်။ အပြည့်အဝမှန်သည်မှားသည်ဟူ၍ လုံးဝမရှိချေ။
ချင်လင်ကို ချန်လီကနှုတ်ဆက်ပြီး ကျုံးလဲ့ကအဖော်လိုက်ပေးသည်။ သက်ဆိုင်ရာလုပ်ငန်းစဉ်များကို အမြန်ဆုံးလိုလိုပြီးစီးခဲ့ပြီး စာချုပ်လက်မှတ်ရခဲ့၏။
တစ်နည်းဆိုရသော် ယနေ့မှစပြီး ချင်းလင်စံအိမ်မှာ နောက်ထပ်ဧက ၅၀၀၀ ရှိသွားပြီဖြစ်သည်။
ချင်လင်စံအိမ်ရုံးခန်းပြန်ရောက်ပြီး စာချုပ်သိမ်းနေစဉ် ချန်တပေအစီရင်လာခံသည်_ ''သူဌေး... သူဌေးလုပ်ခိုင်းထားတဲ့လယ်ကွက်တွေရပါပြီ... အားလုံးမြေသြဇာထည့်ပြီးပြီ''
''သွားမယ်... တစ်ချက်ကြည့်ရအောင်'' ချင်လင်ကခေါင်းညိမ့်ပြီး ချန်တပေနောက်လိုက်ကာ လယ်ကွက်ပုံစံထဲရောက်လာသည်။
ချန်တပေလုပ်ထားသောလယ်ကွက်မှာ ရေလှောင်တမံနှင့်သိပ်မဝေးသောကြောင့် ရေမြောင်းသွယ်ရအဆင်ပြေသည်။
ချန်တပေက လယ်ကွက်ကိုသေသေချာချာဂရုစိုက်လုပ်ထားမှန်းသိသာ၏။ လယ်ကွက်မှာ အလွန်တောင့်တောင်းတင်းတင်းရှိပြီး မြေကြီးနှင့်မြေသြဇာကိုသမအောင်မွှေထား၍ညက်နေသည်။
ချင်လင်ကစိတ်ကျေနပ်သွားပြီး ချန်တပေကိုညွှန်ကြားလိုက်၏_ ''လူခေါ်ပြီး အရင်လယ်ကွက်ထဲကစပါးပျိုးပင်တွေကို ဒီလယ်ကွက်ထဲရွှေ့လိုက်ပါ... ပြီးရင် နောက်ထပ်လယ်ကွက်တွေလုပ်ထားပါဦး''
ဂိမ်းထဲမှထုတ်လာသောအထူးမြေကြီးမှာ ထူးခြားဓာတ်ပစ္စည်းများအားလုံး ချက်ချင်းကုန်သွားမည်မဟုတ်ချေ။ ဒီတစ်သုတ်စိုက်ပျိုးပြီးရင် နောက်ပိုင်းနောက်ထပ်စပါးပျိုးပင်များပျိုးထောင်နိုင်ဦးမည်။
''ကောင်းပါပြီ သူဌေး!'' ချန်တပေကပြန်ဖြေပြီး လူခေါ်ကာအရင်လယ်ကွက်ဆီသွားလိုက်သည်။ သူကရှန်းရွှေလက်ဆောင်ဆန်ပျိုးပင်များကိုဂရုတစိုက်ထုတ်ယူလာပြီး လယ်ကွက်အသစ်ထဲစိုက်လိုက်သည်။
ချန်တပေမှာ အလွန်အာရုံစိုက်လုပ်၏။ သူက သူ့သူဌေးညွှန်ကြားသည်ကို ကောင်းကောင်းလုပ်ရမည်ဟုသာသိသည်။ သူစိုက်ထားတဲ့ဒီစပါးပျိုးပင်တွေက ဘာကိုကိုယ်စားပြုသည်၊ နောင်မှာ ဘယ်လိုကြီးမားတဲ့အံ့ဖွယ်မျိုးဖြစ်လာမည်ကို သူမသိချေ။


ချင်လင်မူလခန်းမထဲပြန်ရောက်သောအခါ လီခိုင်လည်း ကိရိယာများရှေ့မှထလာသည်။
''အစ်ကိုလီ... ဓာတ်ခွဲလို့ပြီးပြီလား?'' ချင်လင်ကမေးလိုက်၏။
လီခိုင်ကခေါင်းခါလိုက်ပြီး_ ''ဒီမြေကြီးမှာ ထူးခြားဓာတ်ပစ္စည်းတွေပါတယ်... သူတို့ရဲ့လုပ်ဆောင်ချက်ကို အကြမ်းဖျင်းလောက်ပဲသိရတာ... တိတိကျကျအချက်အလက်ကို မသိရဘူး... အဲဒါကိုဓာတ်ခွဲကြည့်ဖို့ ပိုကောင်းတဲ့ကိရိယာတွေလိုတယ်''
''နောက်ပြီး အချိန်တော်တော်ယူရလိမ့်မယ်... ငါ့ရဲ့ကိုယ်ပိုင်စမ်းသပ်ချက်ကလမ်းဆုံးပြီ... ဒါကိုအတင်းအကြပ်ဆက်လုပ်စရာမလိုဘူး''
''ညီလေးချင်... အခုသတင်းကောင်းနဲ့သတင်းဆိုးရှိတယ်... သတင်းကောင်းက ဒီမြေကြီးမှာ သီးနှံတွေရဲ့မျိုးစိတ်ကိုသက်ရောက်မှုရှိတဲ့ဓာတ်ပစ္စည်းတွေပါနေတယ်''
''ဒီထူးခြားဓာတ်ပစ္စည်းကို မြေဓာတ်တွေမှာ ရှင်းရှင်းလင်းလင်းလေ့လာလို့မရတာတစ်ခုပဲ... ဒီတော့ ငါမဆုံးဖြတ်နိုင်ဘူး... ဒါပေမဲ့ ဖရဲသီးနဲ့ရှန်းရွှေလက်ဆောင်ဆန်ပျိုးပင်တွေရဲ့အခြေအနေအရ သက်ရောက်မှုကတော်တော်တန်တန်မဟုတ်ဘူး''
''သတင်းဆိုးက ဒီဓာတ်ပစ္စည်းတွေက ဖြည်းဖြည်းချင်းယုတ်လျော့လာတယ်... ငါတို့စိုက်လိုက်ပြီဆိုတာနဲ့ လျင်လျင်မြန်မြန်ကုန်ဆုံးလာမယ်... နောင်မှာ ဒီလယ်ကွက်ထဲစိုက်တာတွေက သာမန်နဲ့မခြားဖြစ်လာလိမ့်မယ်''
''ဒီလိုမြေကြီးမျိုးတွေ အများကြီးတွေ့ထားတယ်... တွေ့ပြီဆိုတာနဲ့ အဲဒီမြေတွေကို သီးနှံအသစ်တွေပျိုးထောင်ဖို့ တချို့ကုမ္ပဏီကြီးတွေရဲ့ဓာတ်ခွဲခန်း ဒါမှမဟုတ် အစိုးရဓာတ်ခွဲခန်းတွေကယူသွားကြတယ်... ကမ္ဘာမှာပေါ်လာတဲ့သီးနှံအသစ်တချို့က ဒီလိုမြေကြီးကြောင့်ဖြစ်မယ်''
''အဲဒါကြောင့် ညီလေးချင်... နောင်မှာ မင်းရဲ့မြေကိုဝယ်ချင်တဲ့သူရှိလာရင် သဘောမတူနဲ့... ကိုယ်အတွက်ကိုယ်သိမ်းထား... ဒီမြေပေါ်မှာဘာမှမစိုက်နဲ့... အဲဒီဓာတ်ပစ္စည်းတွေကုန်သွားလိမ့်မယ်''
''တန်ဖိုးရှိတာတစ်ခုခုစိုက်တာ ပိုကောင်းတယ်... မင်းကံကောင်းရင် မျိုးစိတ်ကိုဖောက်ထွက်ပြီး မျိုးစိတ်အသစ်တွေရချင်ရနိုင်တယ်... ဒါဆိုရင် မင်းချမ်းသာပြီ''
''မင်းအားတဲ့အချိန် ငါ့ကိုမင်းရဲ့လယ်ကွက်ဟောင်းထဲလိုက်ပို့ပါလား... တစ်ခုခုတွေ့ချင်တွေ့မှာပေါ့''
“သိပါပြီ” ချင်လင်ခေါင်းညိမ့်လိုက်သည်။
သူလီခိုင်ကို တကယ်အထင်ကြီးမိသည်။ အမှန်ပင်သူဓာတ်ခွဲနိုင်ခဲ့၏။ အထူးသဖြင့် အပင်စိုက်လိုက်တာနှင့် မြေကြီး၏အရည်အသွေးများကုန်ခမ်းသွားမည်ဆိုတာပင်။
ဒါသိပ္ပံပညာရဲ့စွမ်းပကားဖြစ်လေသည်။
နောက်ပြီး လီခိုင်ရဲ့စကားအရ နောင်မှာမျိုးစေ့တွေထပ်ထုတ်လာလည်း သဘာဝကျသွားပြီမဟုတ်လား?