အံ့ဖွယ်အရည်အသွေး ၂ ငါးအုပ်စု! ချင်းလင်စံအိမ်မှာ ဒီလိုအလှလေးရှိလား?
Vol. 20 Ch. 294
နှစ်သစ်၏ ၁၅ ရက်မြောက်နေ့တွင် ခရီးသည်များ၏ခရီးသွားချင်သောဆန္ဒမှာ သိသိသာသာတက်လာသည်။
ချင်းလင်စံအိမ်၏နေ့စဉ်ခရီးသည်အရေအတွက်မှာလည်း တဖြည်းဖြည်းပုံမှန်ပြန်ဖြစ်လာ၏။
သို့သော် တစ်နေ့ခရီးသည် ၃၀၀၀ ပြန်ဖြစ်ဖို့တော့ အချိန်ယူရဦးမည်။ နှစ်သစ်ရောက်ပြီးကာလမှာ ခရီးသည်များ ခရီးသွားအများဆုံးအချိန်မဟုတ်ပေ။
စံအိမ်ထဲ၌_
မြေဧက ၅၀၀၀ စာချုပ်လုပ်ငန်းစဉ်များပြီးလျှင် စွန်းမင်၏ရုံချန်းပထမဆောက်လုပ်ရေးကုမ္ပဏီပြန်ဝင်လာသည်။ အပန်းဖြေအိမ်၊ စံအိမ်နှင့် မွေးမြူရေးခြံတို့ကို တစ်ပြိုင်တည်းဆောက်မည်။
ကျောက်မိုချင်းမှာ ဝမ်းသာအားရအမူအရာနှင့် စံအိမ်ထဲရှိပိတ်ထားသောလမ်းတစ်ခုဆီ ချင်လင်ကိုဆွဲခေါ်လာ၏။
သိပ်မကြာမီ ပန်းပင်လယ်မှာ မြင်ကွင်းထဲရောက်လာသည်။
ဒါက စံအိမ်ရဲ့ပန်းပင်လယ်အကျယ်ကြီး။
အထဲကိုကြည့်လျှင် စိုက်ထားသောပန်းမျိုးစုံမှာ အရောင်စုံဝေပြီး ငြီးငွေ့ဖွယ်မရှိပေ။ အလွန်လှပသည်။
ဤပန်းပင်လယ်မှာ စိုက်ပျိုးခါစရှိသေးသည်။ နောင်မှာပိုခမ်းနားပြီး ပိုလှပလာဦးမည်။
ပန်းပင်လယ်ထဲတွင်အလုပ်လုပ်နေသော အလုပ်သမားများလည်းရှိ၏။ တချို့ပန်းများကိုနှစ်သစ်လွန်မှစိုက်ပျိုးနိုင်သည်။


စုပေါင်းစပ်ပေါင်းပန်းပင်လယ်ဖန်တီးရာတွင် ဒုက္ခအများဆုံးမှာ ပန်းအမျိုးမျိုးကို ရာသီအမျိုးမျိုးတွင်စိုက်ပျိုးရခြင်းပင်။
ချင်လင်က ကျောက်မိုချင်းကိုနောက်မှဖက်လိုက်ပြီး သူမနားထဲတိုးတိုးပြောလိုက်သည်_ ''မင်းရုတ်တရက်ကြီး ပန်းပင်လယ်ကြည့်ဖို့လာတာ... မင်းတကယ် ကိုယ်နဲ့မင်္ဂလာဆောင်ဓာတ်ပုံရိုက်ချင်လို့လား? ဒီပန်းပင်လယ်ကပြီးတော့မှာ''
ကျောက်မိုချင်းက_ ''ရှင့်ကိုဒီခေါ်လာတာ ပန်းပင်လယ်လုပ်ငန်းကိုစစ်ဆေးဖို့ပါနော်''
သို့ရာတွင် သူမကအပြုံးမျက်နှာနှင့်သစ္စာဖောက်လိုက်သည်။
ဘာပဲဖြစ်ဖြစ် ချင်လင်ဒီပန်းပင်လယ်ကိုဆောက်ဖို့ဆုံးဖြတ်ခဲ့တာ ဒီလိုနေရာမျိုးမှာ မင်္ဂလာဆောင်ဓာတ်ပုံရိုက်ချင်တယ်လို့သူမပြောခဲ့သောကြောင့်ပင်။
အချိန်ကျရင် ပန်းပင်လယ်ထဲတွင်မင်္ဂလာဆောင်ဓာတ်ပုံရိုက်ခြင်းမှာ သူမဘဝရဲ့မမေ့နိုင်ဆုံး၊အပျော်ရွှင်ဆုံးအရာတစ်ခုဖြစ်လာလိမ့်မည်။
ချင်လင်နှင့်ကျောက်မိုချင်းက ပန်းပင်လယ်ကိုစစ်ဆေးပြီးထွက်လာခဲ့သည်။ သူတို့က ရေလှောင်တမံနားမှလယ်ကွက်များကိုဖြတ်လာရာ ရှန်းရွှေလက်ဆောင်ဆန်ပျိုးပင်မှာ ထိုလယ်ကွက်များထဲတွင်ရှင်သန်နေ၏။
''ချင်လင်... ဒါတွေက ရှန်းရွှေလက်ဆောင်ဆန်တကယ်ဖြစ်နိုင်လား?'' ကျောက်မိုချင်းက မျှော်လင့်တကြီးမေးလိုက်၏။
သူမနေ့တိုင်းရှန်းရွှေလက်ဆောင်ဆန်စားနေသောကြောင့် ချင်းလင်စံအိမ်မှာ သူတို့ဘာသာရှန်းရွှေလက်ဆောင်ဆန်စိုက်နိုင်မည်ဟုသိထားသည်။ အံ့သြဖွယ်ဖြစ်လာလိမ့်မည်။
''အင်း... အချိန်ကျရင် ရှန်းရွှေလက်ဆောင်ဆန်ဆိုတဲ့နာမည်ကို ထပ်သုံးလို့မဖြစ်တော့ဘူး... တို့ဘာသာနာမည်ပေးရမယ်'' ချင်လင်ကပြုံးပြီး ခေါင်းညိမ့်လိုက်သည်။
သူကျောက်မိုချင်းကိုဖုံးကွယ်ထားစရာမလိုပေ။
''ချင်းလင်လက်ဆောင်ဆန်လို့သာခေါ်လိုက်ပါ... ရိုးရိုးရှင်းရှင်းပဲ'' ကျောက်မိုချင်းက ချင်လင်၏လက်မောင်းကိုတွဲထားရင်း ဆက်ပြောလိုက်သည်_ ''ရေပေါ်တံတားပေါ်ကနေ ဘဲခြံတစ်ချက်သွားကြည့်ရအောင်''
“သွားတာပေါ့!” ချင်လင်ကခေါင်းညိမ့်လိုက်၏။
ဘဲခြံရေပေါ်တံတားဆောက်လုပ်ရေးမှာ မနေ့ကပြီးသွားသည်။
ချန်တပေက လုံခြုံရေးအစောင့်များခေါ်ပြီး ဆယ်ကြိမ်မကပတ်ခိုင်းရာ ဘာပြဿနာမှမတွေ့။
အခုရေပေါ်တံတားဆောက်သောကုမ္ပဏီလည်း ဂင်ဂိုကြည့်စင်ဆောက်ရန် နှစ် ၅၀၀ ဂင်ဂိုပင်နှစ်ပင်ဆီရွှေ့သွားကြပြီ။
ဘဲခြံပတ်ဝန်းကျင်မှာ အရင်ကနှင့်လုံးဝမတူတော့ချေ။ ရေလှောင်တမံကမ်းခြေပတ်လည်တွင် ခရီးသည်များလျှောက်နိုင်ရန် အထူးရှုခင်းကြည့်ကျောက်ခင်းလမ်းရှိသည်။
ဘဲခြံနှင့်ကျောက်ခင်းလမ်းကြားတွင် သီးသန့်ဆောက်ထားသော ခေတ်ဟောင်းပုံစံခြံစည်းရိုးလည်းရှိသည်။ ထိုစည်းရိုးမှာလုံခြုံရေးအတွက်ဖြစ်ပြီး ဘဲများပြေးထွက်မလာအောင်ကာပေးထား၏။
ကျောက်ခင်းလမ်းကို ရေပေါ်တံတားဝင်ပေါက်နှစ်ခုနှင့်ဆက်သွယ်ထားသည်။
ချင်လင်ကကျောက်မိုချင်းကို ဝင်ပေါက်မှရေပေါ်တံတားဆီခေါ်သွားပြီး မျှော်စင်တည့်တည့်လျှောက်သွား၏။


ကျောက်မိုချင်းက ပတ်ဝန်းကျင်ရှုခင်းကို ရွှန်းလဲ့သောမျက်လုံးများနှင့်ကြည့်နေသည်။ စနစ်ထုတ်ကုန်ဘဲစားမှော်ပင်ကို သူမစိတ်ဝင်စားနေသည်။ နှင်းလိုဖြူသောဘဲများက ဘဲစားမှော်ပင်များအကြားလျှောက်သွားနေသည်မှာ ပန်းချီကားတစ်ချပ်လိုပင်။
သူမကမနေနိုင်ဘဲ ချင်လင်ကိုပြောလိုက်သည်_ ''ယောက်ျား... ရှင်တကယ်အံ့သြဖို့ကောင်းတာပဲ''
ချင်လင်က ဂုဏ်ယူသံနှင့်_ ''ကိုယ်သာအံ့သြဖို့မကောင်းရင် အိပ်ရာခင်းစိုအောင်လုပ်နိုင်ပါ့မလား?''
ကျောက်မိုချင်းရှက်သွေးဖြာသွားသည်။
အခုတလော ချင်လင်ကသူမကိုပိုပိုပြီးနှိပ်စက်တတ်လာတာ သူမလည်းအသိ။
ထိုအတွေးနှင့် ချင်လင်ကိုမျက်စောင်းထိုးလိုက်ပြီး_ ''ကျွန်မက အတည်ပြောနေတာ!''
သာမန်ရေလှောင်တမံတစ်ခုကို ဘဲတွေနှင့်ရေပေါ်တံတားပေါင်းပြီး ဒီလိုလှပသောရှုခင်းမျိုးဖန်တီးနိုင်သည့်အတွက် ချင်လင်ကိုလေးစားသည်ပေါ့။
ဘယ်သူကလုပ်နိုင်လို့လဲ? အတော်ဆုံးရှုခင်းဒီဇိုင်းပညာရှင်တွေတောင် ဒါမျိုးမလုပ်နိုင်ဘူးမလား?
သူမရှေ့မှမြင်ကွင်းမှာ သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ထက်တော့မလျော့တာ သေချာသည်။
သူတို့နှစ်ဦးက ရေပေါ်တံတားပေါ်လျှောက်သွားလိုက်ပြီးနောက် ကျောက်မိုချင်းမှာ သူမရုံးခန်းထဲပြန်သွားပြီးအလုပ်လုပ်တော့၏။
ချင်လင်လည်း ဘဲခြံဘေးမှရေပေါ်တံတားဆီသွားလိုက်သည်။ ထိုနေရာတွင် ငါးဖမ်းပိုက်ကွန်အကြီးကြီးတွေကိုတွေ့ရသော်လည်း အထဲမှာငါးမရှိပေ။
ဘဲခြံနှင့်ရေပေါ်တံတားဆောက်ပြီး တွဲဖက်မည့်ငါးကအဆင့်သင့်ဖြစ်သင့်ပြီ။
ချင်လင်ကချိန်ဆလိုက်သည်။
ဒီတစ်ခါ ဂိမ်းထဲကအရည်အသွေး ၁ နှင့် ၂ သဘာဝငါးအကောင်ရေ ၈၀၀ ကျော်ထုတ်တော့မည်။
နောက်ပြီး ဒီတစ်ခေါက်အရည်အသွေး ၂ ငါးတွေများသည်။ ဘာပဲဖြစ်ဖြစ် ငါးမျှားတံအဆင့်မြင့်ပြီးရင် နေ့တိုင်းအရည်အသွေး ၂ သဘာဝငါးအကောင် ၂၀ ကျော်ဖမ်းနိုင်တော့မည်လေ။
ဒါတွေကိုထရပ်ကားလေးနဲ့ဆိုရင်တောင် အကြိမ်ကြိမ်သယ်ပို့နေရမည်။ စံအိမ်ကိုတိုက်ရိုက်ပို့လို့မဖြစ်။
ဘာပဲဖြစ်ဖြစ် ကတ်တီ ၂၀ ကနေ ၃၀ ရှိတဲ့သဘာဝငါးတွေကရှားသွားပြီ။ လူချမ်းသာတွေအပြင်မှာစားရဖို့ခက်၏။ အခုသဘာဝငါးရာချီကို တစ်ချီတည်းထုတ်တော့မည်ဆိုတော့ အံ့သြစရာဖြစ်နေမှာအသေအချာပင်။
ထို့ကြောင့် ကျောက်မိုချင်းအား မင်မြို့တော်ကိုငါးသွားဝယ်မည်ဟုပြောခဲ့သည်။ သဲမြို့တော်ကို တစ်နာရီခွဲမောင်းရ၏။
သဲမြို့တော်မှာ နဂိုကစီရင်စုမြို့ဖြစ်သော်လည်း ဘေးလွတ်ရာရွှေ့ပြောင်းရင်း မင်မြို့တော်ခရိုင်ထဲပါသွားသည်။
ချင်လင်ကသဲမြို့တော်ရောက်လျှင် လိုင်းပေါ်တက်ပြီး ဝေးဝေးလံလံဆင်ခြေဖုံးအရပ်တွင်ရှိသောဂိုဒေါင်တစ်လုံးကို ယာယီငှားရန်ရှာကြည့်လိုက်သည်။
ဂိုဒေါင်ငှားပြီးနောက် ချင်လင်ကဖုန်းထုတ်ပြီး လိုင်းပေါ်တက်လိုက်၏။ မင်မြို့တော်တွင် အင်း ၄ ခုတွေ့ပြီး ကကတစ်၊ ငါးကြင်းနက်၊ ငါးခူ၊ ငါးမုတ်အကောင်ရေ ၁၀၀၀၀၀ နှင့် အရွယ်ရောက်ပြီးငါး ၃၀၀၀ မှာလိုက်သည်။
ဒါတွေက သူဝယ်ချင်သောငါးများလည်းဖြစ်သည်။ ဒါတွေကို ဂိမ်းထဲမှထုတ်လာသောသဘာဝငါးများနှင့်အတူ စံအိမ်ပြန်ပို့မည်။
အော်ဒါမှာပြီးလျှင် ယာယီအငှားဂိုဒေါင်လိပ်စာဖြည့်၍ ကျသင့်ငွေပေးချေပြီး ဆက်သွယ်ရမည့်ဖုန်းနံပါတ်ထည့်လိုက်သည်။ မနက်ဖြန်နေ့လယ်ပစ္စည်းများပို့ပေးဖို့သဘောတူထား၏။ ထို့နောက် ရုံချန်းစီရင်စုကိုပြန်မောင်းလာခဲ့တော့သည်။