← Chapters

အံ့ဖွယ်အရည်အသွေး ၂ ငါးအုပ်စု! ချင်းလင်စံအိမ်မှာ ဒီလိုအလှလေးရှိလား? ၃

Vol. 20 Ch. 296

အံ့ဖွယ်အရည်အသွေး ၂ ငါးအုပ်စု! ချင်းလင်စံအိမ်မှာ ဒီလိုအလှလေးရှိလား? ၃

Vol. 20 Ch. 296

ဒီလူဘာတွေတွေးနေတာလဲ?

ခရီးသည်တွေက စံအိမ်မှအစားအစာကိုသာ ဘဲများကိုကျွေးရမည်။ မဟုတ်ရင် ဘဲတွေဖျားနာတတ်သည်။

သူတို့ရဲ့ဘဲမစင်ကို ခရီးသည်တွေကဝယ်ပြီးတော့ ငါးကိုကျွေးရမတဲ့လား? တွေးလည်းတွေးတတ်ပါပေသည်။

၂၅ ယွမ်တန်ပြောင်းဖူးကိစ္စထက်တောင် ပြောစရာမရှိဖြစ်သွားဦးမယ် ဟုတ်တယ်မလား?

ခဏအကြာ ချန်တပေလည်းတံတားပေါ်ရောက်လာပြီး အစီရင်ခံသည်_ ''သူဌေး... ငါးတွေချပြီးပါပြီ''

ချင်လင်ကခေါင်းညိမ့်ပြီး ရန်သုံ့အားညွှန်ကြားလိုက်၏_ ''ဒီမှာပြင်ဆင်စရာရှိတာတွေပြီးတော့မယ်... လူခေါ်ပြီးရင် သိမ်းဖို့ဆည်းဖို့နဲ့ တခြားပြင်ဆင်စရာရှိမရှိကြည့်လိုက်ပါဦး... ဘာပြဿနာမှမရှိဘူးဆိုရင် ချန်တပေနဲ့ပေါင်းပြီးတော့ ဆိုင်းဘုတ်ချိတ်တာ လမ်းညွှန်ဆိုင်းဘုတ် သတိပေးဆိုင်းဘုတ်ထောင်တာတွေလုပ်ပါ''

''စိတ်မပူပါနဲ့ သူဌေး... ကျွန်တော်လုပ်လိုက်ပါ့မယ်'' ရန်သုံ့ကချက်ချင်းကတိပေးလိုက်သည်။ ရေပေါ်တံတားဖွင့်သည်နှင့် လူတကာထက်ပျော်ရွှင်နေသူမှာ သူပင်ဖြစ်သည်။

အကြောင်းမှာ သူကဒီရေပေါ်တံတားရှုခင်းကြည့်နေရာအတွက် အစမ်းခန့်ကြီးကြပ်သူ၊ ဘဲ၊ ငါး၊ ရေပေါ်တံတားတွေရဲ့တာဝန်ခံ။ ဒီနေရာဖွင့်ပြီး တရားဝင်ဖြစ်လာဖို့ သူစောင့်စားနေခဲ့သည်။





ချင်လင်က ညွှန်ကြားပြီးသည်နှင့်ထွက်လာ၏။ ရန်သုံ့၊ ချန်တပေတို့မှာ အလုပ်များသွားကြသည်။

အချိန်ကုန်လွန်သွားသည်။ နေဝင်ချိန်တွင် ညနေပိုင်းချက်စားရန်နေကြသောခရီးသည်များလည်း စံအိမ်စားသောက်ဆိုင်၏ဘူဖေးနေရာသို့သွား၍ စာရင်းသွင်းကြ၏။

ချန်ရွှယ်လည်း သူမမိဘ၊ အစ်ကို၊ ယောင်းမနှင့်အတူ စားသောက်ဆိုင်ထဲရောက်လာသည်။

ချင်းလင်စံအိမ်ကိုလာလည်တာ ဒါတတိယအကြိမ်မြောက်ပင်။

ပထမဆုံးမှာ ချင်းလင်စံအိမ်ကိုအမှတ်မထင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဒုတိယအကြိမ်မှာ သူ့တက္ကသိုလ်ကျောင်းနေဖက်များကိုခေါ်လာခဲ့စဉ်ကဖြစ်၏။ (အခန်း ၃၅၊ ၁၂၇)

ဒီတစ်ကြိမ်တွင် မိသားစုနှင့်လာခဲ့သည်။

ဘယ်နှစ်ကြိမ်ပဲလာလာ ချင်းလင်စံအိမ်ပန်းပင်လယ်ကိုရိုးအီမသွား။ တတိယအကြိမ်လာလည်သည့်အခါ မိသားစုနှင့်ဓာတ်ပုံအများကြီးရိုက်ခဲ့သည်။

''ရှောင်ရွှယ် မြန်မြန်လေး... လမ်းလျှောက်နေရင်းနဲ့ ဖုန်းကြည့်နေသေးတယ်''

“လာပြီ''

ချန်ရွှယ်မှာ ဓာတ်ပုံတစ်ပုံကိုပြင်ပြီးသွားလျှင် အပြုံးနှင့်ပြန်ဖြေလိုက်သည်။ သူမမိသားစုနောက်လိုက်မည်အပြု လုံခြုံရေးအစောင့်နှစ်ဦးက ကျောက်ခင်းလမ်းတွင် ဆိုင်းဘုတ်တစ်ခုနှင့်ရပ်နေသည်ကိုတွေ့လိုက်ရသည်။

သူမစိတ်ဝင်စားသွား၏။

သူမအမှတ်မမှားရင် ဒီနေ့လျှောက်သွားရင်း ပိတ်ထားသောလမ်းများလည်းတွေ့မိသည်ထင်သည်။

''ရေပေါ်တံတားကြည့်နေရာ?'' ချန်ရွှယ်က လုံခြုံရေးအစောင့်တစ်ဦးကို စပ်စပ်စုစုမေးလိုက်သည်_ ''တဆိတ်လောက်... ဒါကအသစ်ဖွင့်တဲ့နေရာလား?''

လုံခြုံရေးအစောင့်က ခရီးသည်လှလှလေးကိုမြင်လျှင် ခေါင်းညိမ့်လိုက်ပြီး_ ''ဟုတ်တယ်... အခုမှဖွင့်တာ''

လုံခြုံရေးအစောင့်နှစ်ဦးထွက်သွားပြီးနောက် ချန်ရွှယ်မှာအံ့သြသွားပြီး မစူးစမ်းဘဲမနေနိုင်တော့ချေ။

ချင်းလင်စံအိမ်မှာ နေရာအသစ်ဖွင့်ထားပြီလား?

ဒီဆိုင်းဘုတ်ကိုအခုမှထောင်တာ။ ဘယ်ခရီးသည်မှမဝင်ရသေးဘူး ဟုတ်တယ်မလား?





ချန်ရွှယ်က သူမ၏စူးစမ်းလိုစိတ်ကိုမထိန်းနိုင်ဘဲ လျှောက်ဝင်လာခဲ့သည်။ ဒီရှုခင်းကြည့်နေရာရဲ့ပထမဆုံးခရီးသည်က သူမဖြစ်နိုင်သည်လေ။

သူမကကျောက်ခင်းလမ်းပေါ်လျှောက်သွားရင်း သူမမိသားစုလှမ်းခေါ်ထားသည်ကို မေ့လျော့သွား၏။

ချန်ရွှယ်က ကျောက်ခင်းလမ်းတလျှောက်လျှောက်လာပြီး ဝါးနှင့်ဆောက်ထားသောဘဲခြံတသီတတန်းကြီးကိုမြင်သွားသည်။

ဘဲခြံများကိုသပ်သပ်ရပ်ရပ်ဆောက်ထား၍ တစ်မျိုးလှသော်လည်း ဒီလိုအဆောက်အဦးများကို တခြားရှုမျှော်ခင်းနေရာများတွင်မကြုံဖူးချေ။

သို့သော် အထဲသို့ဆက်သွားကြည့်ရာ နှင်းလိုဖြူဆွတ်နေသောတောင်ပံများဖြန့်ထားသည့်ပုံရိပ်တစ်ခုကိုတွေ့လိုက်ရသည်။ သူ့အသွင်အပြင်ကအလွန်လှ၏။

''ငန်းလား?'' ချန်ရွှယ်နည်းနည်းအံ့သြသွားသည်။ ချင်းလင်စံအိမ်မှာ ငန်းရှိနေပြီလား?

သူမတွေးတောနေစဉ် ထိုဝံ့ကြွားနေသောငန်းက တဂတ်ဂတ်အော်ပြီး ရေထဲဆင်းသွားလေသည်။

''???'' ချန်ရွှယ်က ချက်ချင်းကြောင်သွားသည်။ ငန်းမဟုတ်ဘဲ ဘဲလား?

လာနောက်နေတာလား?

ဒီလောက်ကြီးတဲ့ဘဲ ဘယ်လိုဖြစ်ပြီးရှိတာလဲ? ငန်းထက်တောင်ကြီးသေးတယ်။

ချန်ရွှယ်က ဘဲခြံနားဖြတ်သွားရင်း စူးစမ်းလိုက်သည်။ ထို့နောက်မယုံနိုင်ပုံနှင့် သူမမျက်လုံးများပြူးကျယ်သွား၏။

ရေပေါ်တံတားရှုခင်းတစ်ခုလုံးက သူမမျက်လုံးထဲစွဲသွားသည်။

နေရောင်အောက်မှာ ဒီနေရာကဘဲစားမှော်ပင်တွေ ဘယ်လောက်လှလိုက်လဲ?

ဒီနေရာကို အရည်အသွေး ၂ မိုးမခရွက်ဘဲစားမှော်ပင်များနှင့်အပြည့်ဖြည့်ထားသည်။

အလှအပ +၂၊ ဆွဲဆောင်မှုရှိခြင်း +၂ နှင့် နေရောင်ထိုးနေခြင်းကြောင့် အနုပညာအလှအပအယူအဆက ပိုမြင့်နေသည်။

ချင်းလင်စံအိမ်မှာ ပန်းပင်လယ်အပြင် ဒီလိုရှုခင်းမျိုးရှိမည်ဟုမထင်ထားပေ။

သူမကချက်ချင်းဖုန်းထုတ်ကာ မျက်စိရှေ့မှလှပသောမြင်ကွင်းကိုဓာတ်ပုံရိုက်ယူလိုက်သည်။

သို့ရာတွင် သူမဖုန်းနှင့်ရိုက်ထားသောဗီဒီယိုကိုကြည့်လိုက်သောအခါ ပန်းပင်လယ်ကိုရိုက်ထားသောဗီဒီယိုကဲ့သို့အနုပညာဆန်နေ၏။ ဒီမြင်ကွင်းကို သူမစွဲလန်းသွားသည်။

နေပြောက်ထိုးအလှနှင့် ကြည်လင်သောရေကန်မှာ ဘဲစားမှော်ပင်အပြည့်! ဒီမြင်ကွင်းက သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်အလှနှင့် လုံးဝမတူ။

မဟုတ်သေးဘူး။ ဒီအလှမြင်ကွင်းကို အဆောင်ကသူမသူငယ်ချင်းတွေဆီပို့ပြီး မနေနိုင်အောင်ဆွဲဆောင်ပစ်ဦးမည်။





All Chapters