တကယ်ချင်းလင်စံအိမ်ပဲ! ယောက်ျားတွေမကောင်းဘူး? ၂
Vol. 20 Ch. 298
ဒါပေမဲ့အခုတော့ ပထမဆုံးတွေးမိတာ ငါးကြီးကိုစားဖို့မဟုတ်။ အကြောင်းမှာ မကြာမီ ဒုတိယငါးကြီးပေါ်လာသောကြောင့်ပင်။ ထို့နောက် တတိယ၊ စတုတ္ထ... ဆက်တိုက်ပေါ်လာ၏။
ငါးကြီးတွေအများကြီးတွေ့လိုက်ရတဲ့ခံစားချက်က လန့်လောက်စရာဆိုတာ သူမပြောနိုင်သည်။ သူမကမြန်မြန်ဖုန်းပြန်ထုတ်ပြီး ငါးတွေကိုဓာတ်ပုံလိုက်ရိုက်သည်။
အင်တာနက်ပေါ်မှာပြောတာတော့ ဒီလိုသဘာဝငါးကြီးတွေကအရမ်းရှားတယ်တဲ့။ လူချမ်းသာတွေတောင် မစားနိုင်ဘူးတဲ့။
သူမမျက်စိရှေ့မှာငါးအုပ်လိုက်ကြီးမြင်ရတော့ အင်တာနက်ဆိုတာ မဟုတ်တရုတ်တွေချည်းပဲဟုတွေးမိသည်။ ဒီလိုသဘာဝငါးတွေရှားတယ်လို့ဘယ်သူပြောလဲ? ဒီမှာဘယ်နှစ်ကောင်လဲတောင်မရေနိုင်ဘူး။
ချန်ရွှယ်က တတိယအကြိမ်မြောက် အဖွဲ့ထဲဗီဒီယိုပို့လိုက်ပြန်သည်။
ဒီတစ်ကြိမ်တွင် အဖွဲ့ထဲမှမိန်းကလေးများမှာ အသာလေးဗီဒီယိုပေါ်နှိပ်လိုက်သည်။ ငါးကြီးတွေလှည့်လည်သွားလာနေသောလန့်လောက်စရာမြင်ကွင်းကိုမြင်လျှင် တပြိုင်တည်းစာပို့လိုက်ကြ၏:
''ရွှယ်ရွှယ်... ချင်းလင်စံအိမ်မှာ ငါ့ကိုစောင့်နေ''
''ရွှယ်ရွှယ်... ချင်းလင်စံအိမ်မှာ ငါ့ကိုစောင့်နေ +1''
''ရွှယ်ရွှယ်... ချင်းလင်စံအိမ်မှာ ငါ့ကိုစောင့်နေ +2''
“…”
ချန်ရွှယ်ကထိုစာများကိုကြည့်ရင်း သူမရှေ့မှရေပေါ်တံတားရှုခင်းကိုအံ့သြစွာကြည့်မိသည်။ ချင်းလင်စံအိမ်သူဌေးက တကယ်အထင်ကြီးဖို့ကောင်းတာပဲ။ မူလမထင်မရှားရေလှောင်တမံကို အမှန်ပင်ဒီလိုဘဝအသစ်ပေးလိုက်နိုင်သည်။
နောက်ဆုံး သူမမိသားစုကဘယ်မှာလဲဟုဖုန်းဆက်မေးမှ အင်တင်တင်နှင့်ထွက်လာခဲ့၏။ သူမကစားသောက်ဆိုင်ထဲသွားလိုက်ရာ သူမမိသားစုကိုတွေ့ရသည်။
''ရွှယ်ရွှယ်... မြန်မြန်လာ... မင်းကိုပြစရာရှိတယ်'' အမျိုးသမီးတစ်ဦးက ချန်ရွှယ်ကိုလှမ်းခေါ်လိုက်၏။
''ယောက်မ... ဘာဖြစ်လို့လဲ?'' ချန်ရွှယ်ကပြေးလာသည်။
သူ့ယောက်မက အလွန်ကြီးသောဥကြီးနှစ်လုံးကိုယူလိုက်ပြီး_ ''ဒါဘာဥတွေလဲ မှန်းကြည့်?''
ချန်ရွှယ်က သူ့ယောက်မလက်ထဲမှဥများကို ဇဝေဇဝါနှင့်ကြည့်လိုက်သည်။ ဒါကြက်ဥ၊ ဘဲဥထက်ကြီးတယ်။ ၁၀ စင်တီမီတာနီးနီးအမြင့်ရှိပြီး ၆ စင်တီမီတာအချင်းရှိလောက်တယ်မလား?
''ဘဲဥလား?'' ချန်ရွှယ်ကတစ်ခုခုတွေးမိပြီး သတိလက်လွတ်မေးလိုက်သည်။
''ရွှယ်ရွှယ်... မင်းဘယ်လိုလုပ်သိတာလဲ?'' ယောက်မဖြစ်သူက အံ့သြသံနှင့်_ ''အစက 'အလှအပတိုးစေတဲ့ဘဲဥ' လို့ဆိုင်းဘုတ်မှာရေးထားတာ ငါမယုံနိုင်ဘူး... တစ်လုံးကို ယွမ် ၁၀၀ တဲ့... အာဟာရဖြစ်ပြီး မျက်နှာလှစေတယ်လို့ပြောထားတယ်... နောက်ပြီး ဒီဘဲဥလောက်ကြီးတဲ့ ငှက်ကုလားအုပ်ဥဆိုတာရှိတယ်... တစ်လုံးကို ယွမ် ၁၀၀၀ လောက်ပေးရတာ... ဒီဥကအစစ်ဟုတ်မဟုတ် သိချင်နေတာ... ဘယ်ဘဲက ဒီလောက်ကြီးတဲ့ဥ ဥနိုင်လို့လဲ?''


ချန်ရွှယ်ကထိုစကားကြားလျှင် သူမအမူအရာမှာ တုံ့ဆိုင်းဆိုင်းဖြစ်သွားသည်။
ဒီလောက်ကြီးတဲ့ဥကို ဘယ်ဘဲကဥနိုင်တယ်ဆိုတာ သူမသိနေသောကြောင့်ပင်။
…
ချင်လင်ကသူ့ရုံးခန်းထဲထိုင်နေရင်း စီနီယာအစ်ကိုချူထံမှ ရုံးစာရလိုက်သည်။ မနှစ်က ချွန်းချွန်းနာမည်ဖျက်ခဲ့သောအမှုဖြစ်၏။
ပွင့်ပွင့်လင်းလင်းဆိုရလျှင် ဒီတစ်ခေါက်အမိန့်စာကြောင့်သာမဟုတ်ရင် ဒီနာမည်ဖျက်တဲ့ကိစ္စကို သူမေ့နေလောက်ပြီ။
သို့သော် ဒီရုံးစာက အမှုပြီးသည့်သဘောမဟုတ်။ ချွန်းချွန်းကအယူခံဝင်ထားပြီဖြစ်ကြောင်း ရုံးမှအသိပေးသောစာပင်။
တစ်နည်းဆိုရသော် အမှုကလုပ်ငန်းစဉ်ထဲပြန်ဝင်လာပြီ။
ဒါကြောင့်လည်း နောက်ဆုံးအတော်များများက ဒီအပိုင်းမှာ အမှုကိုသီးသန့်ဖြေရှင်းဖို့ရွေးချယ်ကြခြင်းဖြစ်သည်။ အမိန့်ချသည်အထိအချိန်အကြာကြီးယူရပြီး အမှုပိတ်သိမ်းဖို့က နှစ်ဝက်ကျော်ကြာတတ်၏။
သို့သော် ဒါနောက်ဆုံးရလဒ်မဟုတ်နိုင်သေး။ အရှက်မရှိအယူခံဝင်လျှင် ထပ်ပြီးကြာနိုင်သေးသည်။
သူ့သူဌေးနဲ့သီချင်းတစ်ပုဒ်ကိုနာမည်ဖျက်တဲ့ နာမည်ကြီးအင်တာနက်ဆယ်လီရဲ့ကိစ္စရှိတယ်မလား?
ဘယ်အမှုမှ မပိတ်သိမ်းနိုင်။
သီချင်းတစ်ပုဒ်အမှုတွင် အရှက်မရှိစွာနှင့် အယူခံဝင်ကာလ၏နောက်ဆုံးနေ့အထိ အယူခံဝင်ခဲ့သည်။ ဤသည်က ပွဲကြည့်ပရိသတ်များကိုသြချလောက်စေ၏။
အကြိမ်များစွာပင် မှန်မှန်ကန်ကန်အမှုတစ်ခုတွင် သာမန်လူများမှာ သူတို့ဘဝအတွက်ပြေးလွှားနေရပြီး အမှုခင်းထဲဒေဝါလီခံလိုက်ရသည်။
ထို့ကြောင့် နောက်ဆုံးခြေကုန်လက်ပမ်းကျလာကြ၏။ မမျှတဘူးဆိုရင်တောင် လက်ခံလိုက်ပြီး ဆက်လက်တိုက်ခိုက်နိုင်စွမ်းမရှိတော့ချေ။
ချွန်းချွန်းကလည်း ဒီနည်းအတိုင်းကစားချင်နေသည်။
စီနီယာအစ်ကိုချူက_ ''ဟိုဘက်က အရမ်းပါးတယ်... နာမည်ဖျက်မှုနဲ့အယူခံမဝင်ဘူး... သူ့အတွင်းရေးကိစ္စပေါက်ကြားတယ်ဆိုပြီး မဟုတ်တမ်းတရားနဲ့အယူခံဝင်တာ... သူ့ကိုဆက်ပြီးတရားစွဲဖို့ ငါလုပ်ပေးမယ်''
ချင်လင်လည်းပြန်ပြောလိုက်သည်_ ''ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုချူ''
အင်တာနက်ဆယ်လီတွေက ဒီလိုပုံစံတွေပဲလို့ဆိုရမလား။
တခြားအင်တာနက်ဆယ်လီလည်း ဒီလိုလှည့်ကွက်မျိုးသုံးဖူးသည်ထင်သည်။ သူ့သူဌေးကိုနာမည်ဖျက်ပြီးနောက် မဆိုင်သောနာမည်တစ်ခုကိုသုံးကာ အယူခံဝင်ခဲ့၏။ သူ့ရွှေ့ကွက်က ကိုယ်တိုင်သက်သေပင်။
ဥပမာ - ချွန်းချွန်းအနေနှင့် အတွင်းရေးပေါက်ကြားသည်ဟူသော မသက်ဆိုင်သည့်အယူခံဝင်ခွင့်ကိုမရခဲ့ရင်တောင် ဆုံးရှုံးစရာမရှိပေ။ အယူခံကိုလက်ခံပြီး ဝင်ခွင့်ရသွားလျှင် ပရိသတ်တွေကိုပြန်ဆွဲဆောင်နိုင်မည်။ ထိုအယူခံဆုံးဖြတ်ချက်ကိုယူပြီး သူမနိုင်ပြီဟုတခြားသူတွေကိုပြောနိုင်သည်။
တချို့ဦးနှောက်မရှိသောပရိသတ်များက သူမအယူခံအနိုင်ရသည်ကိုသာမြင်မည်။ ဘယ်အယူခံနဲ့အနိုင်ရလဲမြင်မည်မဟုတ်၍ မျက်ကန်းလမ်းပြလုပ်ကြဦးမည်။
ဆန့်ကျင်ဘက်လိင်အဝတ်အစားဝတ်တတ်သော အင်တာနက်ဆယ်လီတစ်ယောက်က တခြားအင်တာနက်ဆယ်လီများကို ကောင်းကောင်းသရုပ်ပြထား၏။
ဒီလိုကိစ္စမျိုးကို စီနီယာအစ်ကိုချူလိုကျွမ်းကျင်သူနှင့်လွှဲထားရမည်။ မဟုတ်ရင် စိတ်ရှုပ်လို့သေနိုင်တယ်မဟုတ်လား?
သူကဖုန်းချပြီး ရုံးခန်းထဲမှထွက်ကာ ကျောက်မိုချင်းကိုရေပေါ်တံတားရှုခင်းနေရာအကြောင်းသွားပြောရန်ပြင်လိုက်သည်။ အခုရေပေါ်တံတားရှုခင်းကြည့်နေရာက ဆောက်လုပ်ရေးပိုင်းပြီးပြီဖြစ်၍ လူထုကိုချပြရမည့်အချိန်ရောက်ပြီ။ ဒီမတိုင်ခင် ကြော်ငြာဖို့ဗီဒီယိုရိုက်ထားရမည်။
ကျောက်မိုချင်းရုံးခန်းထဲရောက်သောအခါ သူမက အရပ်ရှည်ရှည်လှလှပပအမျိုးသမီးတစ်ဦးနှင့်စကားပြောနေသည်ကိုတွေ့လိုက်ရသည်။
ဒါနှစ်ကုန်စားသောက်ပွဲရဲ့တင်ဆက်သူ လင်းလန်ဇီမလား?


အရင်ကကျောက်မိုချင်း သူမကိုအလုပ်ခန့်ချင်နေတာ သူသတိရသည်။ အခုစံအိမ်ကိုလာဖို့ သဘောတူလိုက်ပြီလား?
''သူဌေး'' လင်းလန်ဇီက ချင်လင်ကိုမြင်လျှင် ရိုရိုသေသေလှမ်းနှုတ်ဆက်လိုက်သည်။ သူမကိုအလုပ်ခန့်ထားပြီးပြီပေါ့။
ကျောက်မိုချင်းကလည်း_ ''ယောက်ျား... အစ်မလန်ဇီက နောက်ကျရင် မီဒီယာဌာနရဲ့တာဝန်ခံဖြစ်လာလိမ့်မယ်... တရားဝင်မီဒီယာအကောင့် ဗီဒီယိုရိုက်တာ ကြော်ငြာဗီဒီယို စံအိမ်လှုပ်ရှားမှုတွေ စံအိမ်ကြေညာချက်တွေ အဲဒါတွေရဲ့တာဝန်ခံပေါ့''
''ကြိုဆိုပါတယ်!'' ချင်လင်ကခေါင်းညိမ့်ပြီး လင်းလန်ဇီနှင့်လက်ဆွဲနှုတ်ဆက်လိုက်သည်။
စံအိမ်ဖွံ့ဖြိုးလာသည်နှင့်အမျှ လုပ်စရာတွေပိုပိုများလာသည်။ တချို့ဌာနများကို အမှန်ပင်အလုပ်ခွဲပေးရမည်။ ကျောက်မိုချင်းတစ်ယောက်တည်းနှင့်မကိုင်တွယ်နိုင်။
''မိုချင်း သူဌေး... အရင်ဆုံးရှောင်ကျောက်နဲ့ရှောင်မင်ကို စံအိမ်လိုက်ပြခိုင်းလိုက်ဦးမယ်'' လင်းလန်ဇီလည်း ချင်လင်ဝင်လာခြင်းကြောင့် သူတို့နှစ်ဦးကိုပြောပြီး ရုံးခန်းထဲမှထွက်ခဲ့သည်။
ရှောင်ကျောက်နှင့်ရှောင်မင်မှာ စံအိမ်မှအသစ်ခန့်ထားသော ဓာတ်ပုံဆရာနှင့်စီစဉ်သူအမျိုးသမီးဖြစ်သည်။
ကျောက်မိုချင်းက မီဒီယာဌာနတည်ထောင်လျှင် သူတို့နှစ်ဦးထဲမှတစ်ဦးကိုတာဝန်ခံအဖြစ်ရွေးပြီး လူအင်အားနှစ်ယောက်ထပ်ဖြည့်မည်ဟု အစကတွေးထားသည်။
ဖြစ်ချင်တော့ လူအများစုမှာယောက်ခြောက်ဆယ်ပုံစံမျိုးရှိတတ်ကြပြီး အထူးသဖြင့် ဘောပင်ကိုင်နေရသူများ၊ ဓာတ်ပုံပညာရှင်များပင်။
ရှောင်ကျောက်နှင့်ရှောင်မင်မှာ မန်နေဂျာလုပ်ဖို့မသင့်တော်။ သူတို့နှစ်ဦးမှာ နည်းနည်းယောင်တောင်တောင်ဖြစ်၍ ကျောက်မိုချင်းက လင်းလန်ဇီကိုခေါ်ရန်စီစဉ်ရသည်။
သူမက စာပေအနုပညာအဖွဲ့ဝင်တစ်ဦးဖြစ်သည့်အပြင် လူတွေနှင့်ဆက်ဆံရေးလည်းကောင်းသည်။ ပုံရိပ်နှင့်စိတ်နေစိတ်ထားကောင်းသဖြင့် တင်ဆက်သူအဖြစ်အခြေခံကောင်းလည်းရှိသည်။ အဓိကအချက်မှာ တက္ကသိုလ်တုန်းက သက်ဆိုင်ရာမေဂျာယူခဲ့ခြင်းပင်။ ထို့ကြောင့် သူများထက်အားသာချက်ရှိ၏။
''လင်းလန်ဇီအခြေအနေတွေကမဆိုးဘူး... ဘာလို့ ရုံချန်းစီရင်စုလိုနေရာလေးမှာနေနေတာလဲ သိချင်နေတာ?'' ချင်လင်ကစူးစမ်းသလိုပြောရင်း ထိုင်လိုက်သည်။
ပွင့်ပွင့်လင်းလင်းဆိုရလျှင် ရုံချန်းစီရင်စုအနုပညာအသင်း၏လစာကမကောင်း။ လင်းလန်ဇီ၏အခြေအနေနှင့် မြို့ကြီးပြကြီးတွင် အလုပ်ကောင်းကောင်းရှာဖို့မခက်ပေ။
''ဘာလို့လဲဆိုတော့ အသဲကွဲပြီးစိတ်ထိခိုက်လာလို့လေ'' ကျောက်မိုချင်းသက်ပြင်းချလိုက်သည်။ သူမစကားမှာ နည်းနည်းစိတ်မကောင်းဖြစ်နေပုံပေါက်၏။
''မင်းဘယ်လိုလုပ်သိလဲ?'' ချင်လင်ကသိချင်စိတ်နှင့်မေးလိုက်သည်။
''ကျွန်မကို အအများမှတ်နေလား? သူ့ကိုအလုပ်မခန့်ခင် ပတ်ဝန်းကျင်ကိုစုံစမ်းရတာပေါ့'' ကျောက်မိုချင်းက ချင်လင်ကိုဒေါသတကြီးကြည့်ရင်း_ ''ကျွန်မကြားတာတော့ သူအရင်က သဲမြို့တော်မှာ ခပ်ရှုပ်ရှုပ်ကောင်လေးတစ်ယောက်ရှိခဲ့တယ်တဲ့... မင်္ဂလာပွဲနေ့မှာ ရုပ်ဆိုးဆိုးအမျိုးသမီးတစ်ယောက်ကလာပြီး မင်္ဂလာပွဲကိုဖျက်ဆီးသွားတာ... ပြီးတော့ သူ့ကောင်လေးက အဲဒီသူဌေးမနဲ့တောင်လိုက်သွားသတဲ့လေ''
“အာ…” ချင်လင်အံ့သြသွားသည်။
ဒါကြီးကပြဇာတ်မဆန်လွန်းဘူးလား?
တကယ်ပိုက်ဆံရှိရင် လုပ်ချင်တာလုပ်နိုင်တာပဲ။
ပိုက်ဆံကြောင့် ကောင်မလေးနဲ့အဘိုးကြီးရလိုရ၊ ကောင်လေးနဲ့ အဒေါ်ကြီးရလိုရ။
''တချို့ယောက်ျားတွေ တကယ်မကောင်းဘူး'' ကျောက်မိုချင်းက အားနှင့်ပြောပစ်လိုက်သည်။ လင်းလန်ဇီရဲ့အရင်ကောင်လေးလိုယောက်ျားမျိုးကို သူမမုန်းသည်။
ချင်လင်က ကျောက်မိုချင်းကိုဖက်လိုက်ပြီး_ ''ကိုယ်သာဆိုရင် သူဌေးမအယောက်တစ်ရာနဲ့ မင်းကိုလဲမှာမဟုတ်ဘူး''
''၁၀၁ ယောက်မြောက်ကျရင်ရော?'' ကျောက်မိုချင်းက ကျီစယ်ပြီးမေးလိုက်သည်။
ချင်လင်ကစလိုက်၏_ ''ဒါဆိုရင် စဉ်းစားရတော့မယ်''
''စဉ်းစားရဲသေးတယ်ပေါ့?'' ကျောက်မိုချင်းက ချင်လင်စနေမှန်းသိသော်လည်း မျက်စောင်းထိုးပစ်လိုက်သည်။
ချင်လင်ကရယ်ပြီး လုပ်ငန်းအကြောင်းပြောလိုက်သည်_ ''ဒါနဲ့ ရေပေါ်တံတားရှုခင်းကြည့်နေရာက ကိစ္စပြီးပြီ... အချိန်မရွေးဖွင့်လို့ရပြီ... အရင်ဆုံးဒီမှာကြော်ငြာဖို့လုပ်ထားလိုက်ပါ''
''အင်း'' ကျောက်မိုချင်းကခေါင်းညိမ့်ပြီး_ ''မနက်ဖြန် အစ်မလန်ဇီကို ရေပေါ်တံတားရှုခင်းအတွက်ဗီဒီယိုရိုက်ခိုင်းလိုက်မယ်''
စံအိမ်၏လက်ရှိဂုဏ်သတင်းနှင့်ပရိသတ်အရေအတွက်အရ ဗီဒီယိုရိုက်တင်ခြင်းမှာ စံအိမ်၏အကောင်းဆုံးကြော်ငြာချန်နယ်ဖြစ်နေသည်။
သို့ရာတွင် နောက်တစ်နေ့၌ စံအိမ်ကဗီဒီယိုမရိုက်ရသေးခင် ရေပေါ်တံတားရှုခင်းမှာနာမည်ကျော်လာမည်ဟု ချင်လင်ကြိုမသိခဲ့ပေ။