စကားဝိုင်း
Vol. 75 Ch. 1037
စန်းလော့ယန်၏ ကြေညာချက် အပြီး၌ ချီပျစ်ခဲခြင်း အဆင့်မှ အစ ကြယ်တာရာ အမြုတေ အဆင့် အထိ ကျင့်ကြံသူ အားလုံးမှာ ကျင့်ကြံခြင်း နည်းလမ်းများကို စတင် လှည့်ပတ်ကာ ကြယ်တာရာ မြူနှင်းများကို စုပ်ယူ ကျင့်ကြံလိုက်ကြသည်။ ဤသည်က လွဲချော်ရန် မသင့်သည့် အခွင့်အရေးမျိုး ဖြစ်သည်။
ဝေ့ဝူယင်မှာ အဓိက ခန်းမ အတွင်းရှိ အမြင့်ဆုံးသော ကျောက်ဖြာထက်တွင် ရှိနေခဲ့၏။ ၎င်းက လေပေါ် ဝဲပျံနေသည့် ပလ္လင်များထက် တစ်ဆင့်သာ နိမ့်ပေလိမ့်မည်။ ထိုနေရာများ၌ ကြယ်တာရာ မြူနှင်းများ မရှိပါချေ။ နက္ခတ် အမတေများကို ထုတ်လွှတ်ပေးနေသည့် ရွှေရောင်ဖျာများသာလျှင် ရှိနေခဲ့ပေသည်။ ထာဝရ အစည်းအရုံးက သူ့အတွက် သီးသန့် ဖျာတစ်ခု ထုတ်မပေးသည့်တိုင် ဝေ့ဝူယင်ကတော့ ဘာကိုမှ ဘာဂရုမစိုက်ပါချေ။
ဂီး..
ပိုင်လင်က စုမေ့ကို ကြည့်ကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။ စုမေ့က တောက်ပစွာ ပြုံးလိုက်ရင်း ပိုင်လင်၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ မတွေ့ခဲ့ရသည့် ဆယ်စုနှစ် တစ်ခုကျော် အတွင်း ပိုင်လင်မှာ ပိုမို၍ ကြီးမားလာသလို ပိုမို၍လည်း လှပလာသည်။ ထို့အပြင်... ပိုမို၍ အစွမ်းထက် လာသည်။ ထိုကလေးမမှာ အဖြူရောင် ကြိုးကြာကလေး ဘဝမှ မီးဖီးနစ် တစ်ကောင် အဖြစ် လှပစွာ ကူးပြောင်း နေခဲ့ပြီ ဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာတည်းက စုမေ့နှင့် ပိုင်လင်တို့မှာ အလွန် ရင်းနှီးကြသူများ ဖြစ်သည်။ ထူးထူးခြားခြား တိုက်ဆိုင်မှု တစ်ခု အနေဖြင့်... ဝေ့ဝူယင်မှာ သူတို့ နှစ်ယောက်ကို တစ်နေ့တည်းတွင် တွေ့ရှိခဲ့ကာ အိမ်သို့ အတူ ခေါ်လာခဲ့ခြင်း ဖြစ်သည်။ ဤသို့နှင့်... သူတို့ နှစ်ယောက် ဝေ့ဝူယင် နောက်ကို လိုက်ခဲ့ကြသည်။ ဝေ့ဝူယင်နှင့် အတူ တိုက်ပွဲဝင်ခဲ့ကြသည်။
နေသွေးနီနီဂိုဏ်းမှ ထွက်ပြီးချိန်တွင်လည်း သူတို့ သုံးယောက် အတူတူ ဝူတိုင်းပြည် အနှံ့ လည်ပတ်ခဲ့ကြသည်။ ရင်ဆိုင်စရာ ရှိသည်များကို ရင်ဆိုင်ခဲ့သည်။ ထို့နောက်... သူတို့ သုံးယောက် အတူတူပင် အနန္တ ဧကရာဇ်ဂိုဏ်းကို ရောက်ရှိခဲ့သည်။
ဂိုဏ်းကြီးကို ရောက်ရှိပြီး မကြာခင်မှာပင် ပိုင်လင်က နိဗာန အသွင်ပြောင်းလဲခြင်း ဖြစ်စဉ်ထဲကို ဝင်ရောက် သွားခဲ့သည်။ စုမေ့မှာလည်း အာဏာရှင် အဖွဲ့ဆိုင်ရာ ကိစ္စများနှင့်သာ လုံးပန်း နေခဲ့ရသည်။ ဤသည်က ဆယ်စုနှစ် တစ်ခုကျော် အတွင်း သူတို့ နှစ်ယောက် ပထမဆုံး အကြိမ် ပြန်လည် ဆုံတွေ့ခြင်း ဖြစ်သည်။
ရုတ်တရက်... ဝေ့ဝူယင်က သတိရသွားဟန်ဖြင့် ရွှယ်ရီဖေးကို လက်ဆွဲရင်း မိတ်ဆက် ပေးလိုက်၏။
“ပိုင်လင်... ဒါက ရွှယ်ရီဖေးတဲ့... ငါ့ ကိုယ်လုပ်တော်ပေါ့”
“ရွှယ်ရီဖေး... သူက ပိုင်လင်... ငါ့ ကောင်းကင် ပါတနာ”
ဤသည်က ပထမဆုံး အကြိမ် အဖြစ်... ရွှယ်ရီဖေးမှာ ပိုင်လင်ကို အပြင်တွင် မြင်ဖူးခြင်း ဖြစ်သည်။ သို့သော်လည်း... ဝေ့ဝူယင် ပြောပြသည့် ကြိုးကြာဖြူလေး အကြောင်းကိုတော့ သူမ မကြာခဏ ဆိုသလို ကြားဖူး နေခဲ့သည်။
ပိုင်လင်က ရွှယ်ရီဖေး အနားသို့ လျှောက်သွားကာ လှည့်ပတ် ကြည့်လိုက်၏။ ထို့နောက် သူက လည်တိုင် ရှည်ကြီးဖြင့် ခေါင်းညိတ်လိုက်သည်။
“သူက အတော် လှတယ်... ရင်သားလေးတွေ နည်းနည်း သေးတာကလွဲရင် ယွီစွန်းလီနဲ့ ယှဉ်နိုင်တယ်... နောက်ပြီး မျက်လုံးတွေက တကယ် တောက်ပတာပဲ... ဉာဏ်ကောင်းမယ့်ပုံ...”
ပိုင်လင်က ဝေ့ဝူယင်ကို စိတ်ဖြင့် ဆက်သွယ်ရင်း ပြောလိုက်၏။ ဝေ့ဝူယင်က အသာအယာ ပြုံးကာ ရွှယ်ရီဖေး၏ ရင်ဘတ်ကို ကြည့်လိုက်မိသည်။ နဂါး နတ်မိမယ်လေးတွင်လည်း အထင်ကြီးစရာ ကောင်းသည့် ပိုင်ဆိုင်မှုများ ရှိသည်သာ ဖြစ်သည်။ သို့သော်လည်း... စန်းယွန်းလီကတော့ အခြား အဆင့်တစ်ခုတွင် ဖြစ်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... ဝေ့ဝူယင် အမြင်တွင် ရွှယ်ရီဖေးမှာ ပိုမို ချစ်ဖို့ ကောင်းပေသည်။
ရွှယ်ရီဖေးမှာ ပိုင်လင်၏ အကဲဖြတ်မှုကို ခံယူရင်း ရင်ခုန် နေမိ၏။ ပိုင်လင်မှာ ဝေ့ဝူယင်၏ မိသားစုဝင် တစ်ယောက် သဖွယ် ဖြစ်ကြောင်း စုမေ့ထံမှ တစ်ဆင့် သူမ သိရှိပြီး ဖြစ်သည်။ အကယ်၍ ပိုင်လင်သာ သူမကို မကြိုက်ပါက... ကိုယ်လုပ်တော်မှ တရားဝင် ဇနီးမယား ဖြစ်လာစေရေး သူမ၏ မျှော်လင့်ချက်များမှာ မှေးမှိန် သွားလိမ့်မည် ဖြစ်သည်။
နောက်ဆုံး ဝေ့ဝူယင် ပြုံးသွားသော အခါတွင်မှ သူမ ပင့်သက် ချနိုင်တော့၏။ သို့သော်လည်း... သူမ၏ စနေ နှစ်ခိုင်ဆီ ဦးတည်နေသည့် လူငယ်၏ အကြည့်က အနည်းငယ် ထူးဆန်းနေသယောင် သူမ ခံစားလိုက်ရလေသည်။
"..."
ပိုင်လင်က တစ်ဆက်တည်းပင် ဝူပိုင်ကျိုးကို လှည့်ပတ် ကြည့်လိုက်၏။ သို့သော်လည်း... သူက နာ့ရှင်းရီကိုတော့ ယောင်၍ပင် မကြည့်ပါချေ။
ထိုမိန်းကလေးနှင့် ပတ်သက်သည့် ဝေ့ဝူယင်၏ ရည်မှန်းချက်များကို သူမ သိရှိထားပြီး ဖြစ်သည်။ သူက သူမကို နာ့ရှင်းရီ ဆိုသည့် ကိုယ်ပိုင် ဂုဏ်သတင်း တစ်ခု တည်ဆောက် စေလိုခြင်း ဖြစ်သည်။ ဝေ့ဝူယင်၏ ဇနီးလောင်း ဆိုသည့် နာမည် အောက်၌ မဟုတ်ပါချေ။
မကြာခင်မှာပင် ပိုင်လင်မှာ ဝူပိုင်ကျိုးကိုပါ လှည့်ပတ် ကြည့်ပြီး သွား၏။ သူမက ဝေ့ဝူယင် အနားသို့ ပြန်လည် လျှောက်လာခဲ့သည်။
“သူ့ပုံစံကို ကြိုက်တယ်... တော်တော် စိတ်ဓာတ်ပြင်းတဲ့ မိန်းကလေး... ဟီးဟီး... ကျွန်တော့်ကို ကျွန်တော်တောင် ပြန် သတိရသွားတယ်... နောက်ပြီး သူ့ကို ကြည့်ရတာလည်း သခင့်ကို သဘောကျနေတဲ့ပုံပဲ... နောက်ထပ် ကိုယ်လုပ်တော် တစ်ယောက် ကောက်လိုက်လေ”
ဝေ့ဝူယင်က ရယ်မောလိုက်၏။ ဝူပိုင်ကျိုးမှာ နားမလည်စွာဖြင့် ဝေ့ဝူယင်ကို တစ်လှည့် ပိုင်လင်ကို တစ်လှည့် ကြည့်လိုက်သည်။ မီးဖီးနစ်က ဘာတွေ ပြောလိုက်လို့နည်း။
ဝေ့ဝူယင်က ဝူပိုင်ကျိုးကို ကြည့်ကာ အသာအယာ ပြုံးပြလိုက်သည်။
“သူက မင်းကို သဘောကျတယ်တဲ့... သူ့ ကလေးဘဝကိုတောင် ပြန်သတိရတယ် ပြောနေတာ”
ဝူပိုင်ကျိုးမှာ စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရသည်။ သူမက ပိုင်လင်ကို ကြည့်ကာ တောက်ပစွာ ပြုံးပြလိုက်၏။
“ကျွန်မလည်း သူ့ကို သဘောကျပါတယ်...”
မကြာခင်... သူတို့ ငါးယောက်မှာ လူသူ သိပ်မရှိသည့် တစ်နေရာကို ရှာတွေ့လိုက်ကြ၏။ ဝေ့ဝူယင်က ပလ္လင်ထက်ရှိ ဝူယုထံကို ဝိညာဉ်အာရုံဖြင့် ဆက်သွယ်လိုက်၏။
စက္ကန့်မခြားပင် အာရုဏ်ဦး စစ်သည်က လျှို့ဝှက် စွမ်းအင်ဖြင့် သူတို့ ငါးယောက်ကို လွှမ်းခြုံ၍ အစီအရင် တစ်ခု ခင်းကျင်း ပေးလိုက်သည်။ ထိုနည်းဖြင့် သူတို့မှာ အနှောက်အယှက် မရှိပဲ လွတ်လပ်စွာ စကားပြောနိုင် ကြလိမ့်မည် ဖြစ်သည်။ မိန်းကလေးများနှင့် မဆုံတွေ့ခဲ့ရသည်မှာ ဆယ်စုနှစ် တစ်ခုနီးပါး ကြာခဲ့ပြီ ဖြစ်သည်။ ထိုအတောအတွင်း သူမတို့ မည်သည့် အကြောင်းအရာများ ကြုံတွေ့ခဲ့ရကြောင်း ဝေ့တူယင် သိချင် နေမိသည်။
အခြားလူများ ကျင့်ကြံနေကြသည့် အချိန်တွင် ယောက်ျား တစ်ယောက်၊ ငှက်တစ်ကောင်နှင့် မိန်းကလေး သုံးယောက်တို့မှာ ဆယ်စုနှစ် တစ်ခုစာ အတွေ့အကြုံများကို ဖလှယ်နေခဲ့ကြ၏။ ဝေ့ဝူယင်မှာ မိန်းကလေးများ၏ ဇာတ်လမ်းများထဲမှ စိတ်ဝင်စားဖွယ် ကောင်းသည့် အကြောင်းအရာများကို သိရှိလာရ၏။
စုမေ့မှာ အထီးကျန် ဆေဘာဂိုဏ်းထဲကို ခြေချလျှင် ချခြင်းပင် ရွေးချယ်ခံ တစ်ယောက် ဖြစ်လာခဲ့သည်။ ဝူပိုင်ကျိုးကတော့ သူ ပေးလိုက်သည့် ရင်းမြစ်များကို အသုံးပြုကာ ဂြိုဟ်တစ်ခု၊ ဂိုဏ်းတစ်ခုကို ပြုစု ပျိုးထောင်ခဲ့သည်။ သူမက အနန္တ ဧကရာဇ်ဂိုဏ်းကို အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း အဖြစ် ပြန်လည် တည်ဆောက်ခဲ့သည်။
ရွှယ်ရီဖေးကတော့ မာ့ကျန်း၏ ခေါ်ဆောင်သွားမှုနှင့် အတူ မာ့မျိုးနွယ်၏ အထူး ဧည့်သည်တော် တစ်ယောက် ဖြစ်လာခဲ့သည်။ ထို့နောက် နဂါးငွေ့တန်း ကြယ်ကွင်းပြင်မှ နဂါးများနှင့် ပြန်လည် ဆုံတွေ့ခဲ့ကာ နဂါး မွေးဖွားခြင်း အဖွဲ့ကို တည်ထောင်ခဲ့သည်။
ဝေ့ဝူယင်က သူ့ စွန့်စားခန်းများ အကြောင်း ပြောပြချိန်တွင်တော့ အားလုံးမှာ အံ့အားသင့် သွားကြတော့သည်။ ပိုင်လင်နှင့် ထန်မျိုးနွယ် တိုက်ပွဲ၊ ဝူယု မြေကြီး ရှန့်ထို အဆင့် တက်လှမ်းခဲ့ပုံနှင့် ထာဝရ သူရဲကောင်းများ၏ တိုက်ခိုက်မှု၊ ထိုနေရာမှ လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့ပုံ၊ ထို့နောက်... အစစ်အမှန် ဒြပ်စင်ဂိုဏ်းအား ရောက်ရှိပုံတို့ အပါအဝင် ဝေ့ဝူယင်၏ ဇာတ်လမ်း တစ်ခုလုံးက သည်းထိတ်ရင်ဖိုဖွယ် အပြည့်နှင့် ဖြစ်ပေသည်။
ထိုအကြောင်းအရာများကို နားထောင်ပြီးနောက်တွင်တော့ မိန်းကလေး သုံးယောက်၏ မျက်လုံးများမှာ လပြည့်ဝန်းများလို ဝိုင်းစက် ပြူးကျယ်သွားကြတော့သည်။
ဝူယုနှင့် မာ့ကျန်းတို့မှာ အတူတကွ ပူးပေါင်းကာ ဝေ့ဝူယင်တို့၏ စကားဝိုင်းကို ဝိညာဉ်အာရုံများ၊ ထူးဆန်းသော စစ်ဆေးမှုများ ထိုးဖောက်မှု မရှိစေရေး အတွက် ဆောင်ရွက် ထားကြသည်။ သို့သော်လည်း မြေကြီး ရှန့်ထိုများထံတွင် မည်သို့ လျှို့ဝှက် နည်းလမ်းများ ပိုင်ဆိုင်ထားမည်ကို မည်သူ ခန့်မှန်းနိုင်ပါမည်နည်း။ သူတို့က မည်သူမှ မသိအောင် နားထောင်ကောင်း နားထောင်နိုင်ပေသည်။ ထို့ကြောင့်ပင် ဝေ့ဝူယင်မှာ အလွန် အရေးကြီးသည့် အချက်အလက် အချို့ကိုတော့ ချန်ရစ်ထားခဲ့သည်။
ဘယ်လိုပဲ ဖြစ်ဖြစ်... ဝေ့ဝူယင် ပြောပြသည်မှာလည်း စုံသလောက်ပင် ဖြစ်သည်။ ယွီစွန်းလီနှင့် တွေ့ဆုံ ရင်းနှီးခဲ့ပုံတို့ကိုပင် သူက ချန်မထားခဲ့ချေ။ ထိုအကြောင်းကို ကြားသော အခိုက်၌ စုမေ့မှာ ဝေ့ဝူယင်ကို အထင်ကြီးစွာပင် ကြည့်လိုက်မိတော့သည်။
ရွှယ်ရီဖေးကတော့ ယွီစွန်းလီကို ဝေ့ဝူယင်၏ ဇနီး တစ်ယောက် ဖြစ်လာနိုင်သူ တစ်ယောက် အဖြစ် တန်းကာ သတ်မှတ်ပစ်လိုက်သည်။ ကြည့်ရသည်က သူမ ယှဉ်ပြိုင်ရမည့် နောက်ထပ် လူတစ်ယောက် တိုးလာခဲ့ပြီ ဖြစ်သည်။
မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် ဆယ်စုနှစ် တစ်ခုနီးပါး အခြေချခဲ့ပြီးနောက် နံပတ်တစ် နတ်မိမယ်ဟောင်း ဖြစ်သည့် ယွီစွန်းလီ အကြောင်းကို သူမတို့ ကြားခဲ့ဖူးပြီး ဖြစ်သည်။ နှစ်ငါးရာကျော် ပျောက်ကွယ်နေပြီး နောက်တွင် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် အဖြစ် ပြန်လည် ပေါ်လာခဲ့သည့် ယွီစွန်းလီ၏ အကြောင်းများက အဆုံးမဲ့ကောင်းကင်တွင်ပင် ဟိုးလေးတကြော်ကြော်ပင် ဖြစ်သွားခဲ့သည်။ သူမ၏ လွတ်မြောက်လာမှုက ဝေ့ဝူယင်နှင့် တိုက်ရိုက် ဆက်စပ်နေလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြပါချေ။
ဆယ့်နှစ်နာရီမျှ ကြာမြင့်ပြီးနောက်တွင် ဝေ့ဝူယင်တို့၏ စကားဝိုင်းမှာ ဆုံးခန်းတိုင်သို့ ရောက်ရှိခဲ့၏။ ဝူယုက သူ ချမှတ်ထားသည့် အသံလုံ အစီအရင်ကို ပြန်လည် ရုတ်သိမ်းလိုက်သည်။ များစွာသော လူများ၏ အကြည့်များက ဝေ့ဝူယင်တို့ အပေါ် ကျရောက်နေ၏။
ထာဝရ အစည်းအရုံး၏ စမ်းသပ်မှုကို ပထမဆုံး ကျော်ဖြတ်နိုင်ခဲ့သည့် မိန်းကလေး သုံးယောက်က အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်နှင့် တိုက်ရိုက် ပတ်သက်နေသည်လား။
သို့သော်လည်း... သေချာ တွေးကြည့်ရပါက အံ့သြစရာတော့ မရှိပါချေ။ လူငယ်မှာ အသက် တစ်ရာ မပြည့်ခင်မှာပင် အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်လာခဲ့သူ ဖြစ်သည်။ ထို့အပြင်... နာမည်ကျော် အာရုံဦး နေမီးတောက် ဆေးလုံး၏ ဖန်တီးရှင်လည်း ဖြစ်သည်။ သူ့လို လူတစ်ယောက်နားတွင် မိန်းကလေးများ ဝိုင်းဝိုင်းလည်နေမှာ ဖြစ်သင့်ပေသည်။
ဝူပိုင်ကျိုးက မြူနှင်းများ ပြည့်နှက်နေသည့် လောကကို လှမ်းကြည့်ကာ အသက်ကို ခပ်ပြင်းပြင်း ရှိုက်လိုက်၏။
“တို့တွေ ကျင့်ကြံကြတော့မလား...”
***