← Chapters

ဝူယု၏ ယုံကြည်မှု

Vol. 75 Ch. 1038

ဝူယု၏ ယုံကြည်မှု

Vol. 75 Ch. 1038

“တို့တွေ ကျင့်ကြံကြတော့မလား...”

ဝူပိုင်ကျိုးက ဝေ့ဝူယင်ထံမှ သဘောထားကို တောင်းခံဟန်ဖြင့် မေးလိုက်၏။ မဟာစက်ဝန်း အဂ္ဂိရတ် တိုက်ပွဲမှာ နောက်ထပ် ခြောက်ရက်ခွဲ အကြာတွင် စတင် ကျင်းပတော့မည် ဖြစ်ကာ သုံးနှစ်ကျော်ထိ ကြာမြင့်ပေလိမ့်မည်။ သို့သော်လည်း... အခွင့်အရေးကတော့ လအနည်းငယ်သာ ကြာမြင့်ပေလိမ့်မည်။

နက္ခတ် အမတေများမှာ ထိပ်တန်း ဂိုဏ်းကြီးများတွင်ပင် ရှားပါးသော ရင်းမြစ်များ ဖြစ်ပေသည်။ ၎င်းတို့ကို အသုံးပြု၍ ကျင့်ကြံခြင်းက အဆင့်ရှစ် ဆေးလုံးများကို စုပ်ယူ ကျင့်ကြံခြင်းထက်ပင် ပိုမို မြန်ဆန်ပေလိမ့်မည်။

ဝေ့ဝူယင်က မိန်းကလေး သုံးယောက်ကို ကြည့်လိုက်၏။ လွန်ခဲ့သည့် နှစ်များ အတွင်း သူတို့ သုံးယောက်စလုံး ကိုယ်စီ တိုးတက်လာခဲ့ကြပေသည်။ အထူးသဖြင့်... စုမေ့၏ တိုးတက်မှုဆိုလျှင် သူ့ကိုပင် အံ့အားသင့်စေ၏။ ဆယ်စုနှစ် တစ်ခု အတွင်း မိန်းကလေးမှာ ကြယ်တာရာ အမြုတေ အဆင့်ကိုးကိုပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

လွန်ခဲ့သည့် နှစ်နှစ်ဆယ်ကျော် လောက်တုန်းက ထိုကလေးမ အခြေခံ တည်ဆောက်ခြင်း အဆင့်တွင်သာ ရှိသည်ဟု ပြောလျှင် မည်သူမှ ယုံကြည်ကြလိမ့်မည် မဟုတ်ပါချေ။

“ကောင်းသားပဲ...”

ဝေ့ဝူယင်က ဝူပိုင်ကျိုး၏ အဆိုပြုချက်ကို လက်ခံလိုက်၏။ ထို့နောက် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ လက်စွပ်ကလေး သုံးခု ပေါ်လာခဲ့သည်။ ၎င်းတို့က အလိုအလျောက်ပင် မိန်းကလေးများထံသို့ ပျံသန်း သွားကြ၏။ ချစ်ခင်ရသူများနှင့် ပြန်လည် တွေ့ဆုံပွဲ အတွက် လက်ဆောင်များ သူ ပြင်ဆင်ထားပြီး ဖြစ်ပေသည်။

လက်စွပ်ကလေးများကို လက်ခံရင်း မိန်းကလေး သုံးယောက်၏ မျက်ဝန်းများက ကိုယ်စီ တောက်ပသွား၏။ ဆယ်စုနှစ် တစ်ခု နီးပါး ကျင့်ကြံပြီး နောက်တွင် သူတို့ထံတွင် ရင်းမြစ်များမှာ ခမ်းခြောက်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

အထူးသဖြင့် စုမေ့ပင်။ သူမမှာ ရွှေအဆင့် အင်အားစု တစ်ခုတွင် ကျင့်ကြံနေလေရာ လိုအပ်သည့် ရင်းမြစ် မှန်သမျှကို ဝေ့ဝူယင် ပေးအပ်ထားသည့် လက်စွပ်ထဲမှသာ ထုတ်သုံးခဲ့ရသည်။ အခြားတစ်ဖက်၌... ရွှယ်ရီဖေးနှင့် ဝူပိုင်ကျိုးကတော့ မာ့ကျန်းထံမှ ထောက်ပံ့မှုများကို ရရှိထားလေရာ စုမေ့ထက် စာလျှင် တော်သေးသည်ဟု ဆိုရပေမည်။

"..."

ဝေ့ဝူယင်တို့ စကားပြောနေသည့် တစ်ချိန်တည်းတွင်... နာ့ရှင်းရီကတော့ တိတ်တဆိတ် တစ်ယောက်လည်း ဆက်လက် ကျင့်ကြံ နေခဲ့သည်။ သူမက ဝေ့ဝူယင်ကို တစ်ခါမှ မတွေ့၊ မမြင်ဖူးသည့် လူတစ်ယောက်လိုပင် ဆက်ဆံ နေခဲ့၏။ ဝေ့ဝူယင်က သူမ အပေါ် မည်ကဲ့သို့ မျှော်လင့်ထားကြောင်း သူမ သိသလို သူမ၏ ကိုယ်ပိုင် ရည်ရွယ်ချက်ကိုလည်း သူမ သိပေသည်။

များစွာသော လူများမှာ နာ့ရှင်းရီ၏ အတုအ‌ယောင် လောကနယ်မြေ အပြင်... ဝူပိုင်ကျိုးနှင့် ဆက်ဆံရေးကြောင့် သူမနှင့် ဝေ့ဝူယင် အကြားတွင် ဆက်နွယ်မှု တစ်ခု ရှိလိမ့်မည်ဟု ယူဆထားခဲ့သည်။ သို့သော်လည်း... လက်ရှိ အခြေအနေက နီးကပ်သည့် ဆက်ဆံရေး တစ်ခု မဟုတ်ကြောင်း သက်သေပြနေခဲ့သည်။ မ‌ရေမတွက်နိုင်သော လူငယ် ကျင့်ကြံသူများ၏ မျှော်လင့်ချက် ရောင်ခြည်များမှာ ပြန်လည် ယှက်သမ်း လာခဲ့၏။

မိန်းကလေးမှာ အစွန်းရောက်ယင် နတ်မိမယ် အဖြစ် ကျော်ကြားကာ အမှောင်ယင် နန်းတော်၏ အဖွဲ့ဝင် တစ်ယောက် ဖြစ်သည်။ နာ့ရှင်းရီမှာ ရုပ်ရည် အရာတွင် ချွင်းချက် မရှိသည့် အပြင်... ခန္ဓာကိုယ်ကို ဝန်းရံနေသည့် ယင်အော်ရာမှာလည်း အလွန် အားကောင်းလွန်းသည်။ ထိုအချက်က သူမမှာ အပျိုစင် တစ်ယောက် ဖြစ်ကြောင်း ဖော်ပြနေသည်။ သူမနှင့်သာ နှစ်ကိုယ်တူ ကျင့်ကြံလိုက်ပါက... များစွာ အကျိုးဖြစ်ထွန်းမည်မှာ မြေကြီး လက်ခတ် မလွဲပင် ဖြစ်၏။

ဝမ်...

ရုတ်တရက် နာ့ရှင်းရီမှာ ဝေ့ဝူယင် သူမကို ပေးထားသည့် လက်စွပ်ထံမှ စွမ်းအင် လှုပ်ရှားမှု တစ်ခုကို ခံစားလိုက်ရ၏။ သူမ စိတ်ဝင်စား သွားကာ ဝိညာဉ်အာရုံကို လက်စွပ်ထဲ ပို့လွှတ်ကြည့်လိုက်သည်။ ထို့နောက်... ချက်ချင်းဆိုသလိုပင် သူမ၏ မျက်လုံးများမှာ ပွင့်ဟလာခဲ့၏။

မိန်းကလေးက ခပ်မြန်မြန်ပင် စိတ်ကို တည်ငြိမ်အောင် ထိန်းကာ မျက်လုံးများကို ပြန်လည် မှိတ်လိုက်သည်။ ထို့နောက် ဆက်လက်၍ ကျင့်ကြံ နေလိုက်၏။

သူမ၏ ဟင်းလင်းပြင် လက်စွပ် အတွင်းတွင်တော့ များစွာသော ဆေးရည်ပုလင်းများ၊ ဆေးတောင့်များ၊ ဆေးလုံးများ၊ ဆေးပြားများ ရှိနေချေသည်။ ဝေ့ဝူယင်က ထိုထုတ်ကုန်များကို သူမထံ တိုက်ရိုက် လွှဲပြောင်း ပေးလိုက်ခြင်းပင် ဖြစ်သည်။ မိန်းကလေးမှာ နှလုံးသား တစ်ခုလုံး‌ နွေးထွေးသွားသလို ခံစားလိုက်ရ၏။

‘ငါ ဒီထုတ်ကုန်တွေ အားလုံးကို အကျိုးရှိအောင် သုံးရမယ်...’

နာ့ရှင်းရီ စိတ်ထဲမှ ဆုံးဖြတ်ချက် ချလိုက်မိ၏။ အနန္တ ကုန်းမြေတိုက်ကြီးတွင် ဝေ့ဝူယင် ပေးခဲ့သည့် ကတိများကို သူမ ယနေ့ထိတိုင် အမှတ်ရနေဆဲ ဖြစ်သည်။ ဝေ့ဝူယင် ကတိတည်ခဲ့သည်။ သူမကို အကောင်းဆုံးသော အရာများကိုသာ ပေးခဲ့သည်။

လူငယ် လွှဲပြောင်းပေးခဲ့သည့် အဂ္ဂိရတ် ထုတ်ကုန် အားလုံးမှာ အထွတ်အထိပ် အဆင့်နှင့် သာလွန်ခြင်း အဆင့် အရည်အသွေးများ ချည်းသာ ဖြစ်သည်။ ထို့အပြင်... ဝေ့ဝူယင်မှာ ထိုအရာ အားလုံးကို သူမထံ လက်လက်စပယ် ပေးခဲ့တာ မဟုတ်ပါချေ။ ထုတ်ကုန် တစ်ခုချင်းစီ၏ နံဘေးတွင် အညွှန်းစာများ သေချာစွာ ရေးသားထားသည်။ ဥပမာအားဖြင့်... သာလွန်ခြင်း အဆင့် ယင်ဖန်တီးခြင်း ဆေးလုံး ပုလင်း၏ နံဘေးတွင် ဆိုလျှင်... “အခြား ယင်ဖန်တီးခြင်း ဆေးလုံးတွေကို သုံးပြီးမှ ဒီတစ်ခုကို သုံးပါ” ဟု မှာကြားထား၏။

သူက သူမအတွက် အ‌စောကြီးတည်းက စဉ်းစားကာ စီစဉ်ထားကြောင်း သိသာလှသည်။ နာ့ရှင်းရီ မျက်လုံးကို ခပ်ဖြည်းဖြည်းလေး ဖွင့်ကာ ဝေ့ဝူယင်ကို မသိမသာလေး လှမ်းကြည့်လိုက်မိ၏။ ထိုအခိုက်၌ သူမ၏ မီးခိုးရောင် မျက်ဝန်းများက ပိုမို၍ပင် နူးညံ့သွားသယောင်ပင် ထင်ရသည်။ “ချစ်ဇနီးလေး အတွက်” ဆိုသည့် နောက်ဆုံး စာသားကို ပြန်လည် မြင်ယောင် လိုက်မိသော အခိုက်၌ သူမ၏ မျက်နှာက အနည်းငယ်ပင် ရှက်သွေးဖြာ သွားသည်။

မိန်းမ တစ်ယောက်၏ ဘဝတွင် အဘက်ဘက်မှ ပံ့ပိုးပေးနိုင်သည့် လင်ယောက်ျား တစ်ယောက် ပိုင်ဆိုင်ထားခြင်းမှာ အလွန်ပင် ကျေနပ်စရာ ကောင်းလွန်းသည်။ သူမအား ပေးအပ်ခဲ့သည့် အဂ္ဂိရတ် ထုတ်ကုန်များကို ဝေ့ဝူယင် တစ်ရက် မက ဖော်စပ်ခဲ့ရသည်မှာ ရှင်းလင်းလှပေသည်။ သူမ အပေါ် ဝေ့ဝူယင်၏ ခံစားချက်မှာ သံသယ ရှိစရာ မလိုပါချေ။

နာ့ရှင်းရီ မျက်လုံးများကို ဖြည်းညင်းစွာ ပြန်လည် မှိတ်လိုက်၏။ မကြာခင်မှာပင် သူမ၏ စိတ်နှင့် ဝိညာဉ် နှစ်ခုစလုံးက နက်ရှိုင်းသည့် ကျင့်ကြံမှု ဖြစ်စဉ် တစ်ခု အတွင်း ကျရောက်သွားတော့သည်။

...

စန်းလော့ယန် ကြေညာချက် ထုတ်ပြီးသည့် အချိန်မှ စတင်၍ သုံးရက်တာ ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ ထိုအတောအတွင်း လျှို့ဝှက် ကြယ်တာရာ အဆင့် အားလုံးကို လူအုပ်ထဲမှ ရွေးထုတ်ကာ ကောင်းကင်ဆီ ဖိတ်ခေါ်ခဲ့ပြီး ဖြစ်၏။ သူတို့မှာ စက်ဝိုင်းပုံ ‌ကျောက်ဖြာကြီး တစ်ချပ်ထက်၌ ရှိနေကာ မြေကြီး ရှန့်ထိုများ၏ ပလ္လင်များက ဘေးနားမှ ဝန်းရံလျက် ရှိသည်။

လျှို့ဝှက် ကြယ်တာရာ အဆင့်များစွာ၏ အမူအရာများမှာ လေးပင်နေကြ၏။ မြေကြီး ရှန့်ထိုများထံမှ အော်ရာများမှာ အလွန်ပင် ပြင်းထန်လှလေရာ သူတို့ အတွက် ခုခံရ ခက်ခဲလှသည်။ ကံ‌ကောင်း ထောက်မတာ တစ်ခုက အော်ရာများမှာ မည်သူ တစ်ဦးတစ်ယောက်မှ ဘေးဖြစ်လောက်သည် အထိ မပြင်းထန်ခြင်း ဖြစ်သည်။

ကျောက်ဖြာထက်၌ လျှို့ဝှက် ကြယ်တာရာ အဆင့် ကျင့်ကြံသူ စုစုပေါင်း ၁၂၄၂၇ ယောက် ရှိ၏။ ထိုအထဲမှ အချို့မှာ ဂိုဏ်းချုပ်များ ဖြစ်သလို အချို့မှာလည်း နန်းတော်သခင်များ၊ အစည်းအရုံး သခင်များ ဖြစ်သည်။ သူတို့ထဲ၌ အဖိုးတန် အမွေအနှစ်များကို ချန်ရစ်ခဲ့ရန် ဆက်ခံသူကို ရှာဖွေနေသည့် ဘိုးဘေးကြီးများပင် ပါဝင်ပေသည်။

ထာဝရ အစည်းအရုံးက အားလုံး အတွက် အနက်ရောင် ဝိညာဉ်ကျောက်ပြား တစ်ခုစီ စီစဉ်ပေးထားကာ လျှို့ဝှက် ကြယ်တာရာ အဆင့်များက ထိုအပေါ်တွင် သူတို့၏ အသက်၊ စျေးနှုန်း၊ အောင်မြင်မှုများ၊ ကျင့်ကြံခြင်း နည်းလမ်း အကျဉ်းချုပ် စသည်တို့ကို ရေးသားရသည်။ ထိုအချက်အလက်များက ပလ္လင်ထက်၌ ထိုင်နေကြသည့် မြေကြီး ရှန့်ထိုများနှင့်၊ ဖန်တီးခြင်း ပညာရှင်များ၏ ဝိညာဉ်ကျောက်ပြားများထက်၌ သွားပေါ်သည်။ သေမျိုး အဂ္ဂိရတ် အာဏာရှင်များ အနေဖြင့် ထိုအချက်အလက်များကို ကြည့်ကာ မိမိတို့ မည်ကဲ့သို့ ရင်းနှီး မြှုပ်နှံရမည်ကို ဆုံးဖြတ်နိုင်ပေသည်။

သေမျိုး အဂ္ဂိရတ် အာဏာရှင်များ အနေဖြင့် ထာဝရ နယ်မြေ ဆေးလုံးနှင့် အာရုံဦး နေမီးတောက် ဆေးလုံးတို့ကို စိတ်ပူစရာ မလိုပါချေ။ ၎င်းတို့ကို သောက်သုံးရန် ကျင့်ကြံသူ တစ်ယောက်မှာ အနည်းဆုံး ဝိညာဉ် ဆင်းတု အဆင့်ကို ရောက်ရှိဖို့ လိုအပ်သည်။ သုံးနှစ်ခွဲ ဆိုသည့် အချိန်တိုလေး အတွင်း မှားသောအမှန် အဆင့်မှ ဝိညာဉ်ဆင်းတု အဆင့်ကို ရောက်ရှိရန် မည်သို့မှ မဖြစ်နိုင်သောကြောင့် ဖြစ်သည်။

ဝူယုမှာ သူကိုယ်တိုင် ဖန်တီးထားသည့် ပလ္လင်ကြီးထက်၌ သက်တောင့်သက်သာစွာပင် ထိုင်နေခဲ့သည်။ အံ့အားသင့်စရာ ကောင်းတာ တစ်ခုက မည်သူမှ ထိုကိစ္စကို ဝင်ရောက် စွက်ဖက်ဖို့ မကြိုးစားကြခြင်း ဖြစ်သည်။ အင်ပါယာ ကလန် ပင်လျှင် ချွင်းချက် မရှိချေ။

အကြောင်းပြချက်ကတော့ ရှင်းလင်းပေသည်။ သူတို့ထံတွင် ဝူယုကို ဆုံးမရန် လုံလောက်သည့် ခွန်အား မရှိခြင်းကြောင့်ပင်။ ထို့အပြင်... ဤသည်က ထာဝရ နယ်မြေ ဖြစ်သည်။ အင်ပါယာ ကလန်၏ အစီအရင်များ၊ ဝင်္ကပါများနှင့် ကင်းဝေးရာ နေရာ ဖြစ်သည်။

ကိုယ့်ကိုယ်ကို ကြယ်တာရာ နယ်မြေ၏ ခေါင်းဆောင်များ အဖြစ် ကြေညာထားသည့် ပုဂ္ဂိုလ်ကြီးများကို ဝူယု စိတ်ထဲမှ ကြိတ်ကာ နှာခေါင်းရှုံ့လိုက်မိ၏။

‘ဝူယု... သတိတော့ထားနော်... သူတို့တွေ အခု မလှုပ်ရှားကြဘူး ဆိုပေမဲ့ အနာဂတ်မှာ မလှုပ်ရှားဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူး...’

မာ့ကျန်းက ဝူယုကို ဝိညာဉ်အာရုံဖြင့် ဆက်သွယ်ကာ သတိပေးလိုက်၏။ မဟာစက်ဝန်း၏ ထိပ်တန်း အင်အားစုများ မည်မျှ ကောက်ကျစ်သည်ကို သူ အသိဆုံး ဖြစ်သည်။ အတိတ်၌ သူတို့၏ နှစ်ပေါင်း ထောင်ချီကြာ ထောင်ချောက် အတွင်း ကျရှုံးခဲ့ရသည့် ကျင့်ကြံသူများစွာ ရှိခဲ့ဖူးပေသည်။

ဝူယုက မာ့ကျန်းကို အသာအယာပင် ပြုံးပြလိုက်၏။ သူက မိမိကိုယ်ကို တစ်ဇွတ်ထိုး ယုံကြည်ချက် ရှိနေသူ မဟုတ်ပါချေ။ သို့သော်လည်း... နှလုံးသားထဲရှိ ထူးဆန်းသော သင်္ကေတလေးနှင့် အတူ လောကရှန့်ထို လမ်းစဉ်ကို သူ ခံစားနေမိပြီ ဖြစ်သည်။ ထို့အပြင်... သူ့ထံတွင် ဝေ့ဝူယင်၏ ပံ့ပိုးမှု ရှိသည်။ နောက်နှစ်ရာဂဏန်း အတွင်းတွင် သူ လောကရှန့်ထို တစ်ယောက် ဖြစ်မလာဟု မည်သူ အာမခံနိုင်ပါမည်နည်း။

သူ၏ မျက်လုံးများက ရက်စက် ကြမ်းကြုတ်သည့် အငွေ့အသက်များနှင့် တဖျပ်ဖျပ် တောက်ပသွားခဲ့တော့၏။

***

All Chapters