ဟွမ်ရီကောင်း
Vol. 75 Ch. 1039
သုံးရက်...
သုံးရက်ဆိုသော အချိန်က ကျင့်ကြံသူများ အတွက် မျက်တောင် တစ်ခပ်စာသာ ဖြစ်သည့်တိုင် ထောင်ပေါင်း များစွာသော လူငယ်လေးများမှာ သူတို့ ဘဝ တစ်လျှောက်လုံး မကြုံစဖူး ထူးကဲသော တိုးတက်မှုများနှင့် ကြုံတွေ့ နေခဲ့ရသည်။ ချီပျစ်ခဲခြင်း အဆင့်တစ် လူငယ်လေးများ ဆိုလျှင် အဆင့်နှစ် နူးညံ့သော စီးဆင်းခြင်း အဆင့်ကိုပင် အခက်အခဲ မရှိ ချိုးဖျက် လာနိုင်ခဲ့ကြသည်။
လူငယ်လေးများ ကျင့်ကြံနေကြချိန်တွင် သေမျိုး အဂ္ဂိရတ် အာဏာရှင်များမှာလည်း မိမိတို့ သုံးနှစ်ခွဲကြာ ရင်းနှီး မြှပ်နှံမည့် လမ်းညွှန်သူများကို ထောင်ပေါင်းများစွာသော လျှို့ဝှက် ကြယ်တာရာ အဆင့်များ အကြားမှ စီစစ် ရွေးချယ် နေကြသည်။
ဤသည်က သမိုင်းခေတ် တစ်ခေတ်ကို ဆုံးဖြတ်နိုင်မည့် အခွင့်အရေး ဖြစ်သည်။ ထို့အပြင်... အနိုင် ရရှိသူမှာ အာရုဏ်ဦး နေမီးတောက် ဆေးညွှန်းကိုပါ ရရှိနိုင်လိမ့်ဦးမည် ဖြစ်သည်။ ထိုကဲ့သို့ အခွင့်ကောင်းမျိုးကို မည်သူက လွဲချော်ချင်မည်နည်း။
“...”
ညီလာခံ တစ်ခုလုံး တက်တက်ကြွကြွ လှုပ်ရှား နေကြချိန်တွင်... ကျောက်ဖြာ၏ ထောင့်တစ်ထောင့်တွင်တော့ ဝေ့ဝူယင်မှာ ပိုင်လင်၏ သားမွေးများကို မှီကာ လှဲရင်း အိပ်စက် အနားယူ နေခဲ့လေသည်။ လူငယ်မှာ ဟိုးယခင်ကတည်းက အိပ်စက်ရတာကို သဘောကျသူ ဖြစ်သည်။ အိပ်စက်ခြင်းက သူ့အတွက် အားမွေးခြင်း တစ်မျိုး ဖြစ်သလို စိတ်အပန်းဖြေခြင်း တစ်မျိုးလည်း ဖြစ်သည်။
မည်သို့ပင် ဆိုစေကာမူ... မရေမတွက်နိုင်သော လူများထဲ၌ ဝေ့ဝူယင်၏ ထိုအမူအရာက ညီလာခံ တစ်ခုလုံး၏ အရေးပါမှု အပေါ် လုံးဝ မျက်ကွယ် ပြုလိုက်ခြင်းဟု ယူဆနေကြသူများလည်း ရှိပေသည်။ ထိုအထဲ၌ အင်ပါယာ ကလန်၏ မဟာသေမျိုး အဂ္ဂိရတ် အာဏာရှင် ဟွမ်ရီကောင်းမှာ ထိပ်ဆုံးမှ ဖြစ်ပေသည်။
ဟွမ်ရီကောင်းမှာ ဝေ့ဝူယင်ကို အစကတည်းက သဘောမတွေ့ခဲ့ခြင်း ဖြစ်သည်။ ပြဿနာကို ရှောင်ဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းခဲ့သော်လည်း ယခုတစ်ဖန် ထိုကဲ့သို့ ပြုမူလာသည်ကို တွေ့မြင်ရသော အခိုက်တွင်တော့ သူ လုံးဝ သည်းမခံနိုင်တော့ပါချေ။
“ဘယ်လောက်တောင် အဆင့်အတန်းနိမ့်လိုက်တဲ့ အပြုအမူလဲ...”
ဟွမ်ရီကောင်းက နှာခေါင်းရှုံ့လိုက်၏။ သူ၏ မျက်နှာက ရွံရှာ စက်ဆုပ်မှုများဖြင့် ပြည့်နှက်နေသည်။
ဘုန်း...
ဝူယု၏ အော်ရာက ချက်ချင်း ပေါက်ကွဲလာကာ သူ့ကို စိုက်ကြည့်လိုက်၏။
“ငါ့သခင်လေးက မင်းတို့လို ရွေးစရာ မလိုဘူး... ကိုယ့်အလုပ်ကို ဆက်လုပ်”
သူ၏ လေသံက ပြင်းထန်သော သြဇာ လွှမ်းမိုးမှုများနှင့် ပြည့်နှက်နေ၏။ အာရုဏ်ဦး စစ်သည်၏ အမူအရာနှင့် ဟန်ပန်များက အဂ္ဂိရတ် ပညာရှင်များထံ အစေခံများလို ရိုကျိုး အမှုထမ်းရသည့် အခြား အဂ္ဂိရတ် စစ်သည်များနှင့် ကွာခြားလှပေသည်။
“ထွီ...”
ဟွမ်ရီကောင်းက ဂရုမစိုက်ဟန်ဖြင့် တံတွေး ထွေးလိုက်၏။
“ရှုံးဖို့ အတွက် ဆင်ခြေကြိုရှာနေတာ အသိသာကြီး”
“...”
ပလ္လင်ထက်ရှိ ပုဂ္ဂိုလ်ကြီး အချို့မှာ ဟွမ်ရီကောင်း၏ စွပ်စွဲမှုကို စိတ်ထဲမှ ကြိတ်ကာ သဘောတူလိုက်မိ၏။ ဝေ့ဝူယင်မှာ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ သို့သော်လည်း... တစ်ရာပင် မပြည့်သေးသည့် သူ့ အသက်အရွယ်အရ အတွေ့အကြုံ အလွန် နည်းပါးမည်မှာ သေချာလှသည်။ အာရုဏ်ဦး စစ်သည်မှာ ဝေ့ဝူယင် ပြုစုပျိုးထောင်ထားသည့် ကျင့်ကြံသူ တစ်ယောက် ဘယ်လိုမှ မဖြစ်နိုင်ပါချေ။ လူငယ်နှင့် ပတ်သက်၍ စိတ်ဝင်စားစရာ အကောင်းဆုံး အချက်က သူ့နောက်ခံနှင့် အဂ္ဂိရတ် ပါရမီ သာလျှင် ဖြစ်သည်။
ပလ္လင်များထက်၌ ထိုင်နေကြသည့် သေမျိုး အဂ္ဂိရတ် အာဏာရှင် ၁၈၈ ယောက်လုံးမှာ ကိုယ်ပိုင် အဂ္ဂိရတ် သူရဲကောင်းများကို နှစ်ပေါင်း ထောင်ချီ မဟုတ်လျှင်ပင် ရာချီ ပြုစုပျိုးထောင်ခဲ့ဖူးသူများ ဖြစ်သည်။ ပါရမီမှာ အဂ္ဂိရတ် လမ်းစဉ်ကို မြှင့်တင်ပေးနိုင်သည် ဆိုလျှင် အတွေ့အကြုံမှာ အဓိက လက်နက် တစ်ခုပင် ဖြစ်သည်။ သူတို့ အားလုံးမှာ လျှို့ဝှက် အာဏာရှင် အဆင့် ကျင့်ကြံသူများ ဖြစ်သည်။ ဝေ့ဝူယင်ကတော့ အဂ္ဂိရတ် ဝိညာဉ် မရှိသည့် အပြင် ကြယ်တာရာ အမြုတေ အဆင့်တွင်သာ ရှိပေသေးသည်။ သူတို့ အကြား၌ ကြီးမားသော ကွာခြားချက်များ ရှိပေသည်။
“ဟား... ဟား.. ဟား...”
ဝူယုက ကမ္ဘာ့ အရယ်ရဆုံး ဟာသ တစ်ခုကို ကြားလိုက်ရသည့် အလား အော်ကြီးဟစ်ကျယ် ထကာ ရယ်မောလိုက်၏။
“အဲဒီလောက် စိုးရိမ်နေရင်လည်း မင်း ရွေးပေးလိုက်လေ... အဲဒါက မင်းအတွက် တာဝန်ကြီးလွန်းနေတယ် ဆိုရင်လည်း ရပါတယ်... လူအုပ်ထဲက ကလေး တစ်ယောက်ကို ငါ ရွေးခိုင်းလိုက်မယ်... ပြီးတော့ ငါ့အမြင်ကို ရိုးရိုးသားသား ပြောရရင်...”
သူက စကားကို ခဏမျှ ရပ်ကာ ဟွမ်ရီကောင်းကို လူရွှင်တော် တစ်ယောက်လို ကြည့်လိုက်သည်။
“လေးဖက်သွား ကလေး တစ်ယောက်က မင်းထက် ပိုကောင်းအောင် ရွေးနိုင်မယ်လို့ ထင်တယ်... ဘယ်လိုပဲ ဖြစ်ဖြစ် ခွေးအိုကြီးတွေက မျက်လုံးမကောင်းဘူးလေ... ကလေးတွေကတော့ တိုင်တောင်တန်းကိုတောင် မြင်နိုင်တယ်”
“မင်း...”
ဟွမ်ရီကောင်း၏ မျက်နှာထက်ရှိ အရေးအကြောင်းများက ဒေါသဖြင့် တုန်ရီသွားကာ မျက်လုံးများမှာ ကျဉ်းမြောင်းသွားခဲ့သည်။
ဘုန်း...
သူက ချက်ချင်းပင် မတ်တပ် ထရပ်လိုက်ကာ သေမျိုး တစ်ပိုင်း အရှင် အဆင့် လျှို့ဝှက် အော်ရာကို တိုက်ရိုက်ပင် ထုတ်ဖော်လိုက်၏။ သူ၏ လှုပ်ရှားမှုက လူအိုကြီး တစ်ယောက်နှင့် လားလားမျှ မတူပဲ နှစ်ထောင်ပေါင်းများစွာ လေးစားမှု၊ ကိုးကွယ်မှုတို့ကို ရရှိထားသည့် မွေးရာပါ အခွင့်အာဏာတို့နှင့် ပြည့်နှက် နေသည်။
သူက ဟွမ်ရီကောင်း ဖြစ်သည်။ အင်ပါယာ ထျန်းကလန်၏ မဟာ သေမျိုး အဂ္ဂိရတ် အာဏာရှင် ဖြစ်သည်။ ထိုကဲ့သို့ လူတစ်ယောက်ကို မည်သူက မခန့်လေးစား ဆက်ဆံရဲသနည်း။ ဝူယု မဆိုထားနှင့် ဝေ့ဝူယင်ပင်လျှင်... သူ စကားပြောသည်နှင့် ချက်ချင်း နားထောင်ကာ အောက်သို့ ဆင်းသွားရသည်။ ဟွမ်ရီကောင်း၏ ဘဝ တစ်လျှောက်လုံး ထိုကဲ့သို့ အရှက်ရမှုမျိုးနှင့် တစ်ခါမှ မကြုံခဲ့ဖူးပါချေ။
ဟွမ်ရီကောင်းသာလျှင် မက... အင်ပါယာ မျိုးနွယ်၏ မြေကြီး ရှန့်ထို ဆယ့်နှစ်ယောက်၏ စူးရဲသော အကြည့်များမှာလည်း ဝူယုအပေါ် စုပြုံကျရောက် လာကြ၏။ အာရုဏ်ဦး ဧကရာဇ်မှာ အာရုဏ်ဦး နေမီးတောက် ဆေးလုံး၏ ဖန်တီးရှင် ဖြစ်သလို ညီလာခံ ဖြစ်ပေါ်လာပုံတွင် အဓိက ကျလေရာ သူတို့ လေးစားမှု အချို့ ပေးနိုင်ပေသည်။ သို့သော်လည်း... သူ့ အဂ္ဂိရတ် စစ်သည်၏ တုန့်ပြန်ပုံက လေးစားမှု ကင်းမဲ့ကာ အင်ပါယာ ကလန်၏ ဂုဏ်သတင်းကိုပင် ထိပါးနေသည်။
အမိန့်ပေးစရာ မလိုခင်မှာပင် ကောင်းကင်နှင့် အင်ပါယာ ဧကရာဇ် အားလုံးမှာ သူတို့၏ လျှို့ဝှက် ဆန္ဒများကို စုပေါင်းကာ ဝူယုထံသို့ ပို့လွှတ်လိုက်ကြသည်။
ဘုန်း... ဘုန်း...
ဝူယု ထိုင်နေသည့် ပလ္လင်ကြီးမှာ လျှို့ဝှက် စွမ်းအင်များ အောက်တွင် မိုးကြိုးပေါင်း တစ်သောင်း ပေါက်ကွဲသလို တုန်ရီသွားခဲ့၏။ ပလ္လင်၏ မျက်နှာပြင် အနှံ့၌ အက်ကွဲကြောင်းများပင် စတင် ပေါ်လာကာ အချိန်မရွေး ကျိုးပျက်သွားတော့မလို့ ထင်ရသည်။
ဝူယု၏ မျက်လုံးများက ချက်ချင်းပင် ကျဉ်းမြောင်းသွားကာ စုပေါင်း ဖိအားများကို နိုးထခြင်း အဆင့် လျှို့ဝှက် ရည်ရွယ်ချက်ဖြင့် ခုခံလိုက်သည်။ သူ့လျှို့ဝှက် ဝိညာဉ် အတွင်းရှိ လျှို့ဝှက် သင်္ကေတ ရှစ်ခုမှာ လျှို့ဝှက် အလင်းရောင်စဉ်များကို ထုတ်လွှတ် လာကြ၏။ သို့တိုင်အောင်... ဝူယုမှာ အလွန် ကြီးမားသော လက်ကြီး တစ်ခုက သူ့ကို ဖျစ်ညှစ်ကာ ကြိတ်ချေဖို့ ကြိုးစားနေသလို ခံစားနေရသည်။
မြေကြီး ရှန့်ထိုဖြစ်လာပြီးနောက် ဝူယုမှာ ပထမဆုံး အကြိမ် အဖြစ် ဖိအားများကို ခံစားလိုက်ရ၏။ တစ်ချိန်တည်း၌ အင်ပါယာ မျိုးနွယ်ဝင်များစွာမှာ အဘယ်ကြောင့် တိုက်ရိုက်ဆန်ဆန် တိုက်ခိုက်နိုင်ရသည်ကို သူ ဝေဝါးစွာ တွေးလိုက်မိသည်။
၎င်းက အသွင် သဏ္ဌာန်မဲ့ ဖိအားပေးခြင်းမျိုး ဖြစ်သည့်တိုင် ဘယ်လိုပဲ ဖြစ်ဖြစ် လျှို့ဝှက်ကျိန်စာတွင် အကျုံးဝင်သည်ဟု ယူဆသင့်သည် မဟုတ်ပါလော။
နှစ်စက္ကန့်မျှ အတွင်းမှာပင် ဝူယု၏ ပလ္လင်မှာ အရွယ်အစား တစ်ဝက်မျှထိ ကျုံ့ဝင်သွားကာ လျှို့ဝှက် သင်္ကေတများမှာလည်း ထူးဆန်းသည့် အသံများကို စတင် ထုတ်လွှတ်လာခဲ့၏။ ဤအတိုင်းသာ ဆက်သွားပါက မကြာခင် ပလ္လင်မှာ ပေါက်ကွဲ ပျက်စီးသွားတော့မည် ဖြစ်သည်။
ဝူယု၏ မျက်လုံးများက ပိုမို၍ ကျဉ်းမြောင်းလာကာ လျှို့ဝှက် စွမ်းအင်ကို ထုတ်ဖော်၍ အပြည့်အဝ ခုခံဖို့ ပြင်လိုက်သည်။ ထိုအခိုက်တွင်ပင် ဧကရီ ရှောင်ချန်းက နတ်မိမယ် တစ်ပါး၏ သိမ်မွေ့မှုမျိုးဖြင့် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။ ထို့နောက်... သေမျိုး မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ဝူယုကို ဝန်းရံနေသည့် ဖိအားအားလုံးမှာ ပိန်းကြာရွက်ပေါ် ရေမတင်သလို ပျောက်ကွယ်သွားသည်။
သို့သော်လည်း... ဝူယု၏ မျက်ဝန်းများကတော့ အင်ပါယာ ကလန်များသား အပေါ် မြဲမြံစွာ တည်တံ့နေဆဲ ဖြစ်သည်။ ၎င်းတို့က အလွန်အမင်း အေးစက်နေကာ ရောင်စုံ ကြယ်တာရာများက တဖျပ်ဖျပ် လင်းလက်နေသည်။ တစ်ချိန်တည်း၌ သူ၏ လျှို့ဝှက် ဝိညာဉ်က ပြင်းထန်သော တိုက်ခိုက်လိုစိတ်များနှင့် တုန်ရီနေသည်။
“မဟာ သူရဲကောင်း ဝူယု... နှုတ်လွန်ရင် နှုတ်မရဘူး... သေတတ်တယ်... နောက်ပြီး လျှို့ဝှက် ကျိန်စာက ဘယ်လိုမျိုး လည်ပတ်နေလဲ ဆိုတာ ရှင်သေချာ လေ့လာသင့်တယ်... ဂုဏ်သိက္ခာ အတွက် တုန့်ပြန်ခွင့် ဆိုတာ ရှိတယ်... ယုံကြည်ချက် လွန်ကဲတာက ကိုယ့်ကို ပြန်သတ်တတ်တယ် ဆိုတာ မမေ့နဲ့”
ဧကရီ ရှောင်ချန်းက ပြင်းထန်စွာ သတိပေးလိုက်၏။
"...”
သို့သော်လည်း... ဝူယု၏ အမူအရာက အပြောင်းအလဲ မရှိပါချေ။ သူက ကြယ်ကွင်းပြင်၏ ထိပ်တန်း အလှမယ်ကိုသာ စိုက်ကြည့်ရင်း အနည်းငယ် ပြုံးလိုက်၏။
“ဂုဏ်သိက္ခာ အတွက် တုန့်ပြန်ခွင့် ရှိရင် ကျုပ် အဲဒီ လူအိုကြီးကို သတ်လို့ ရတယ်ပေါ့... ဟုတ်လား”
သူ မှန်တယ်...။ လူတိုင်းမှာ အိပ်စက်နေသည့် ဝေ့ဝူယင်ကို လှမ်းကြည့် လိုက်မိကြ၏။ တကယ်ဆိုလျှင် ဟွမ်ရီကောင်းက ဝေ့ဝူယင်ကို အရင်ဦးစွာ စော်ကား ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဝူယုသာ တိုက်ခိုက်မည် ဆိုလျှင် ထိုအရာက လျှို့ဝှက်ကျိန်စာ အတွင်း ရှိပေလိမ့်မည်။
ဟွမ်ရီကောင်း၏ မျက်နှာမှာ ဖြူရော်သွား၏။
“ရှင် ကြိုးစားကြည့်လေ...”
ဧကရီ ရှောင်ချန်း၏ မျက်လုံးများက ပိုမို ကျဉ်းမြောင်းသွားကာ ပြောလိုက်သည်။ အင်ပါယာ ကောင်းကင်ချီ နည်းလမ်းကို ကျင့်ကြံထားသည့် ကျင့်ကြံသူ တစ်ယောက်က အဘယ်ကြောင့် ထိုမျှ ရန်လို နေရမှန်း သူမ စဉ်းစား မရပါချေ။ သို့တည်းမဟုတ်... ထိုအရာက ဝေ့ဝူယင်၏ အမိန့်လော။ သူ့နောက်ခံ အဖွဲ့အစည်းကြောင့်လော။
ထျန်းမူယန်နှင့် ထျန်းလီယင်းတို့ အပါအဝင် မြေကြီး ရှန့်ထို ဆယ့်တစ်ယောက်မှာ ဝူယုကို အပြည့်အဝ အာရုံစိုက်ထားကြသည်။ အကယ်၍ ဝူယု တစ်စုံတစ်ရာ လှုပ်ရှားပါက ဝင်ပါနိုင်အောင် သူတို့ အဆင်သင့် ပြင်ဆင် ထားကြ၏။
အခြားတစ်ဖက်၌... ဟွမ်ရီကောင်းကတော့ ဒေါသတဟုန်းဟုန်း ထနေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ဝူယုက သူ့ကို တိုက်ခိုက်ရဲလိမ့်မည်ဟုတော့ မထင်ပါချေ။ အကယ်၍ တိုက်ခိုက်ပါကလည်း... ဝူယု သေဆုံးသွားသည်ကို သူ မြင်ချင်သည်။ ထို့ကြောင့်ပင် သူက အိပ်စက်နေသည့် ဝေ့ဝူယင်ထံ ဦးတည်၍ လှမ်းအော်ငေါက်လိုက်၏။
“ဝေ့ဝူယင်... မင်းခွေးကို မင်း မထိန်းသေးဘူးလား”
“...”
လူတိုင်းမှာ ဟွမ်ရီကောင်းကို လှမ်းကြည့်လိုက်မိကြ၏။ ပြဿနာက တဖြည်းဖြည်းနှင့် အထိန်းအကွပ်မဲ့လာခဲ့ပြီ ဖြစ်သည်။ စကားလုံးများကို နားထောင်ရုံဖြင့်ပင် ဟွမ်ရီကောင်းမှာ ဝူယု အပေါ်တွင်သာ မက ဝေ့ဝူယင် ကိုပါ လုံးဝ လေးစားမှု ကင်းမဲ့ကြောင်း ထင်ရှားလှပေသည်။
ဝူယု၏ အမူအရာက ပိုမို၍ နက်မှောင်သွား၏။ သူ၏ သတ်ဖြတ်လိုသည့် ဆန္ဒများက ပိုမို၍ ပြင်းထန်လာခဲ့သည်။ သို့သော်လည်း... သူ လှုပ်ရှားသည်နှင့် အင်ပါယာ ကလန်နှင့် တိုက်ခိုက်ရမည် ဖြစ်ကြောင်း သိရှိထားပြီး ဖြစ်သည်။
ထိုအခိုက်အတန့်တွင်ပင် ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းများမှာ ပွင့်ဟလာခဲ့၏။ သူက ဖြည်းညင်းစွာပင် လှဲနေရမှ ထထိုင်ကာ ခန္ဓာကိုယ်ကို ဖုတ်ဖက်ခါလိုက်၏။ ထို့နောက် ခေါင်းကို မော့ကာ အထက်ရှိ ပလ္လင်များကို မော့ကြည့်လိုက်၏။
သေမျိုးတစ်ယောက်နှင့် အကြည့်ချင်း ဆုံသွားခြင်း ဖြစ်သည့်တိုင် ဟွမ်ရီကောင်းမှာ ကျောရိုး တစ်ခုလုံး အေးစက် သွားသလို ခံစားလိုက်ရ၏။
သို့သော်လည်း... ဝေ့ဝူယင်က ဟွမ်ရီကောင်း၏ စကားလုံးများကို မည်သို့မှ မတုန့်ပြန်ပါချေ။ သူက ဝူယုဘက်ကိုသာ လှည့်ကာ တိတ်ဆိတ်စွာ ပြုံးပြလိုက်၏။
ဝူယု၏ အမူအရာက လျှင်မြန်စွာပင် တည်ငြိမ်သွားကာ ပြန်လည် ထိုင်လိုက်သည်။ ထို့နောက် သူက ကိုယ်ပိုင် လျှို့ဝှက် စွမ်းအင်များကိုသာ ထုတ်ဖော်ကာ ရာဇပလ္လင်၏ ထိခိုက် ပျက်စီးမှုများကိုသာ မွမ်းမံဖို့ အာရုံစိုက်လိုက်၏။ လူအိုကြီးမှာ ဟွမ်ရီကောင်းကိုရော အင်ပါယာ မျိုးနွယ်ကိုရော နည်းနည်းလေးမျှ ဂရုမစိုက်တော့ချေ။
ဝေ့ဝူယင်က တည်ငြိမ်စွာပင် ဟွမ်ရီကောင်းဘက်ကို ပြန်လှည့်လိုက်၏။
“အဂ္ဂိရတ် အာဏာရှင်ဟွမ်... ကျုပ်ရဲ့ မဟာ သူရဲကောင်း ပြောတဲ့ စကားတွေက မမှားဘူး... တကယ်လို့ ခင်ဗျား စိတ်ပူတယ် ဆိုရင် ကျုပ် အတွက် လမ်းညွှန်သူကို ခင်ဗျား ရွေးပေးလို့ ရတယ်”
***