← Chapters

ဝေ့ဝူယင်၏ လမ်းညွှန်သူ

Vol. 75 Ch. 1040

ဝေ့ဝူယင်၏ လမ်းညွှန်သူ

Vol. 75 Ch. 1040

“အဂ္ဂိရတ် အာဏာရှင်ဟွမ်... ကျုပ်ရဲ့ မဟာ သူရဲကောင်း ပြောတဲ့ စကားတွေက မမှားဘူး... တကယ်လို့ ခင်ဗျား စိတ်ပူတယ် ဆိုရင် ကျုပ် အတွက် လမ်းညွှန်သူကို ခင်ဗျား ရွေးပေးလို့ ရတယ်”

ဝေ့ဝူယင်က တည်ငြိမ်စွာပင် ပြောလိုက်၏။

“....”

ဟွမ်ရီကောင်းမှာ တစ်ခဏမျှ ဆွံ့အသွား၏။ ထိုလူငယ်က ရူးနေသည်လား။ သို့သော်လည်း... ဤသည်က သူ့အတွက် အခွင့်အရေး ဖြစ်သည်။ သူက ထီမထင်သလို နှာခေါင်းရှုံ့လိုက်ရင်း...

“ဘယ်သူ ဖြစ်ဖြစ်ပေါ့ ဟုတ်လား”

“အင်း...”

ဝေ့ဝူယင်က ခေါင်းညိတ်လိုက်သည်။ ဟွမ်ရီကောင်း၏ မျက်လုံးများက လင်းလက်သွားသည်။ သူက နည်းနည်းလေးမျှ မစဉ်းစားပဲ လူအုပ် အတွင်းရှိ တစ်နေရာသို့ လက်ညိုးထိုးလိုက်၏။

ဝှစ်...

အလင်းတန်း တစ်ခုက သူ့လက်ညိုးမှ ထွက်ပေါ်လာကာ လျှို့ဝှက် ကြယ်တာရာ အဆင့် အမျိုးသမီး ကျင့်ကြံသူ တစ်ယောက်ထံ ရောက်ရှိသွားသည်။ သူမက အလွန်အမင်း အိုမင်းနေကာ မျက်နှာ တစ်ခုလုံး အရေးအကြောင်းများဖြင့် ပြည့်နှက်နေ၏။ ခါးသည်လည်းပဲ ကုန်းနေကာ ခန္ဓာကိုယ် တစ်ခုလုံးမှာ သေခြင်းတရား၏ အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။ သို့မှတစ်ပါး... သန့်စင်သည့် အဂ္ဂိရတ် အော်ရာများမှာ သူမ၏ မွေးညှင်းပေါက် ကလေးများမှ နေ၍ အပြင်သို့ စိမ့်ကာ ထွက်ပေါ်နေ၏။

“လော့နင်...”

ဝေ့ဝူယင်က အဘွားအိုကို လှမ်းကြည့်လိုက်သည်။ သူ၏ အမူအရာက မပြောင်းမလဲ တည်ငြိမ်နေဆဲ ဖြစ်၏။ သူက မတုန့်မဆိုင်းပင် ခေါင်းညိတ်လိုက်သည်။

“လော့နင် ဟုတ်လား... ကောင်းပြီလေ... သူ့ကိုယ်သူ သတ်မှတ်ထားတဲ့ စျေးနှုန်းထက် ကျုပ် အဆတစ်ထောင် ပေးမယ်”

ဝေ့ဝူယင်၏ ကြေညာချက်က လျှို့ဝှက် အာဏာရှင် အဆင့်များနှင့် လေ့လာနေကြသည့် လူအားလုံးကို အံ့အားသင့် သွားစေခဲ့၏။ အထူးသဖြင့်... မြေကြီးရှန့်ထိုများနှင့် သေမျိုး အဂ္ဂိရတ် အာဏာရှင်များပင်။

အဘယ်ကြောင့်နည်း။ လော့နင်မှာ အဂ္ဂိရတ် ဝိညာဉ်သာ ရှိသည့် လျှို့ဝှက် ကြယ်တာရာ အဆင့် တစ်ယောက် ဖြစ်နေသောကြောင့်ပင်။

လော့နင် တောင်းသည့် စျေးနှုန်းကတော့ အခြား လျှို့ဝှက် ကြယ်တာရာ အဆင့်များနှင့် ယှဉ်လျှင် အလွန် နိမ့်ပါးကာ ကြယ်တာရာ ကျောက်တုံး တစ်ထောင်မျှသာ ဖြစ်သည်။ သူမက လျှို့ဝှက် ကြယ်တာရာ အဆင့် တစ်သောင်း နှစ်ထောင်ထဲတွင် စျေးနှုန်း အနိမ့်ဆုံး သတ်မှတ်ထားသူ ဖြစ်သည်။

သို့သော်လည်း... သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်၏ ရွေးချယ်ခြင်း ခံရလိမ့်မည် ဆိုသည့် မျှော်လင့်ချက်မျိုး လော့နင်တွင် မရှိချေ။ အမှန်အတိုင်း ဝန်ခံရပါက... သူမ စျေးနှုန်း သတ်မှတ်ခဲ့ရခြင်း ပင်လျှင် စန်းလော့ယန်၏ ညွှန်ကြားမှုကြောင့်သာ လုပ်ရိုးလုပ်စဉ် ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်။ သူမက ထိုကဲ့သို့ ပြိုင်ပွဲမျိုးနှင့် မထိုက်တန်ချေ။

သေမျိုး အဂ္ဂိရတ် အာဏာရှင်များစွာမှာ ဟွမ်ရီကောင်း ဆင်လိုက်သည့် ထောင်ချောက်ကို ကြည့်ကာ စိတ်ထဲမှ ပြုံးလိုက်မိကြ၏။ တစ်ချိန်တည်း၌ မူယုယ ကဲ့သို့ အဂ္ဂိရတ် အာဏာရှင် အချို့ကတော့ လော့နင်ကို ကြည့်ကာ မျက်မှောင်များ ကြုတ်လိုက်မိကြသည်။

လော့နင်...

ထိုအဘွားအိုကြီးမှာ မထင်မရှား တစ်ယောက် မဟုတ်ပါချေ။ ထာဝရ နယ်မြေ၏ အဂ္ဂိရတ် အာဏာရှင်များ အကြားတွင် ဒဏ္ဍာရီ တစ်ခု သဖွယ် ကျော်ကြားဖူးသူ ဖြစ်သည်။ သို့သော်လည်း သူမ၏ ဒဏ္ဍာရီက ကပ်ဘေးဆိုးများနှင့် ပြည့်နှက်ခဲ့ပေသည်။

စန်းလော့ယန်၏ အမူအရာက အနည်းငယ် သုန်မှုန်သွားကာ ဝေ့ဝူယင်ကို ကြည့်လိုက်၏။

“လော့နင်ကို ရွေးမှာ သေချာရဲ့လား... စည်းမျဉ်းအရ လမ်းညွှန်သူ တစ်ယောက်ကိုပဲ ရွေးလို့ ရမှာနော်”

ဝေ့ဝူယင်က ရှင်းလင်းစွာပင် ခေါင်းညိတ်လိုက်၏။

“ကျုပ် ဆုံးဖြတ်ပြီးပါပြီ”

သူ့ မျက်လုံးများထဲတွင် နောင်တ မရမရှိပါချေ။ အဘွားအိုကြီးကတော့ သူ၏ ဝေဝေဝါးဝါး မျက်လုံးများနှင့် ဝေ့ဝူယင်ကို ကြည့်နေခဲ့မိ၏။ သူမ၏ အမူအရာက ကြားရ မြင်ရသမျှကို မယုံကြည်နိုင်အောင် ဖြစ်နေသည့် ပုံပင်။

“ဒီကို လာခဲ့ပါ... အဂ္ဂိရတ် အင်ပါယာလော့...”

ဝေ့ဝူယင်က အနည်းငယ် ပြုံးကာ လေးစားသည့် အမူအရာဖြင့် ခြေဟန်လက်ဟန် ပြလိုက်သည်။ လော့နင်မှာ တစ်ခဏမျှ တုန့်ဆိုင်းနေကာ ဟွမ်ရီကောင်းကို တစ်ချက် လှမ်းကြည့်လိုက်၏။ ထို့နောက် သူမက ဖြည်းညင်းစွာပင် ဝေ့ဝူယင်ရှိသည့် ကျောက်ဖြာထက်သို့ ပျံသန်းကာ ဆင်းသွားခဲ့သည်။

အဘွားအို ထွက်ခွာသွားပြီး နောက်တွင် စန်းလော့ယန်မှာ ပုံမှန် လမ်းညွှန်သူ ရွေးချယ်ခြင်း လုပ်ရိုးလုပ်စဉ်ကို ပြန်လည် စတင်လိုက်၏။

ထိပ်တန်း လမ်းညွှန်သူများ အတွက် စျေးနှုန်းများမှာ အကြမ်းဖျဉ်း ကြယ်တာရာ ကျောက်တုံး တစ်သန်းမှ လျှို့ဝှက် ကျောက်တုံး တစ်တုံး အထိ ရှိ၏။ အချို့သော နာမည်ကျော် ဒိတ်ဒိတ်ကျဲ ကျင့်ကြံသူကြီးများ ဆိုလျှင် လျှို့ဝှက် ကျောက်တုံး သုံးတုံးမှ ငါးတုံးအထိပင် တောင်းဆိုကြ၏။ သူတို့က ကိုယ့်ကိုယ်ကို စျေးပေါပေါဖြင့် ရောင်းချရန် စိတ်မဝင်စားကြချေ။

များမကြာခင်မှာပင် သေမျိုး အဂ္ဂိရတ် အာဏာရှင် ၂၄၄ ယောက်လုံးမှာ သူတို့၏ ကိုယ်ပိုင် လမ်းညွှန်သူများကို ရွေးချယ် ပြီးသွားကြပြီ ဖြစ်သည်။ အံ့အားသင့်ဖို့ ကောင်းတာ တစ်ခုက... ဆည်းဆာ အဂ္ဂိရတ် အာဏာရှင် မူယုယမှာ (စုမေ့တို့) အထီးကျန် ဆေဘာဂိုဏ်းချုပ် တောက်ယုဝမ်ကို လျှို့ဝှက် ကျောက်တုံး သုံးတုံး၊ ကြယ်တာရာ ကျောက်တုံး နှစ်သိန်းဖြင့် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ထိုအရာများ ဖြစ်ပျက်နေချိန်တွင် ဝေ့ဝူယင်ကတော့ ပိုင်လင်၏ ညာဘက် အတောင်ပံ သားမွေးများပေါ်တွင် ပြန်လည် လှဲလျောင်း နေခဲ့သည်။ ဘယ်လောက်ပင် ပိုမို ကောင်းမွန်သည့် အရာများ ရှိစေကာမူ ပိုင်လင်မှာ သူ့အတွက်တော့ အကောင်းဆုံး မွေ့ယာ ဖြစ်သည်။

လော့နင်ကတော့ သူတို့ နံဘေးတွင် ရပ်နေကာ အဂ္ဂိရတ် အော်ရာကို ထုတ်ဖော်ထား၏။ သူမ၏ အော်ရာမှာ သန့်စင်လှသော်လည်း ခိုင်မာသည့် လျှို့ဝှက်အဆင့် အဂ္ဂိရတ် စွမ်းအင်များ မရှိသေးသည်ကို အထင်အရှား မြင်နိုင်ပေသည်။ ထိုအရာက အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ်နှင့် လျှို့ဝှက် အမြုတ အကြား မညီမျှမှုကြောင့်ပင် ဖြစ်သည်။ သူမ၏ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ်မှာ လျှို့ဝှက် အမြုတေ၏ ခွန်အားကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း မရှိပါသေးချေ။

ဝေ့ဝူယင်တို့ အေးအေးလူလူ ရှိနေချိန်တွင် သေမျိုး အဂ္ဂိရတ် အာဏာရှင်များမှာ သူတို့၏ ဒုတိယမြောက် ရွေးချယ်မှုကို စတင် နေကြပြီ ဖြစ်လေသည်။ ၎င်းက မြေတောင်မြှောက်ပေးမည့် ရွေးချယ်ခံ ကိုယ်စာလှယ်လောင်း ရွေးပွဲပင်။

သေမျိုး အဂ္ဂိရတ် အာဏာရှင် အားလုံးမှာ ထူးခြားသော နည်းလမ်းများကို သုံးကာ အကောင်းဆုံး ပါရမီရှင်များကို ရွေးထုတ်ကြ၏။ သူတို့က နားလည်မှုနှင့် ထိုးထွင်း သိမြင်မှု အလားအလာများကို သိရှိရန် အတွက် စမ်းသပ်မှုများကိုပင် တည်ဆောက်လိုက်ကြသေးသည်။

ရွေးချယ်ခံ ရွေးချယ်မှု အတွက် ရင်းမြစ် ကန့်သတ်ချက်များ မရှိလေရာ သူတို့မှာ စိတ်ကြိုက်ပင် စီမံ နေကြလေ၏။

“အဂ္ဂိရတ် အင်ပါယာလော့... ဒီမှာ”

ဝေ့ဝူယင်က လျှို့ဝှက် ကျောက်တုံး တစ်ခုကို ထုတ်ယူကာ လှမ်းပေးလိုက်၏။ လော့နင်က တွန့်ဆုတ် တွန့်ဆုတ်ဖြင့် ကျောက်တုံးလေးကို လက်ခံယူလိုက်သည်။ ထို့နောက် သူမက ၎င်းကို အင်္ကျီလက်အိုးထဲကို ထည့်ကာ ဝေ့ဝူယင်ကို အားတုံ့အားနာ ကြည့်လိုက်မိသည်။

“ကျွန်မ ရှင့်ကို ကူညီနိုင်မယ် မထင်ဘူး”

ကျိုးနင်က ပြောလိုက်၏။

“ဘာလို့လဲ... ပြောပြပါဦး”

ဝေ့ဝူယင်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ချည်ဖျင်သား ပါသည့် နောက်မှီ သစ်သား ကုလားထိုင် တစ်လုံး ပေါ်လာခဲ့သည်။ ၎င်းက ကြီးမား ခမ်းနားခြင်း မရှိသည့်တိုင် လူတစ်ယောက် ထိုင်ဖို့ လုံလောက်ပေသည်။ ကျိုးနင်မှာ ခါးကုန်းနေရာ ထိုကုလားထိုင်က သူမ အတွက် သင့်တောင့်သက်သာ ဖြစ်စေလိမ့်မည်ဟု ဝေ့ဝူယင် ယူဆမိသည်။

လော့နင်က ကုလားထိုင်တွင် ဝင်ရောက်ကာ ထိုင်လိုက်၏။ ထို့နောက် သူမက ဝေ့ဝူယင်၏ မေးခွန်းကို အဖြေပေးလိုက်လေသည်။

“ကျွန်မက ဘဝတစ်လျှောက်လုံး အချိန်တွေ အားလုံးကို အဂ္ဂိရတ် တာအိုမှာပဲ မြှုပ်နှံထားခဲ့တာ... သုံးနှစ် သမီးတည်းက စလို့ အသက် ကိုးရာ လေးဆယ့်လေးနှစ် ပြည့်တဲ့ အထိပေါ့လေ... အဂ္ဂိရတ် တာအိုနဲ့ မသက်ဆိုင်တဲ့ ကျင့်စဉ်တွေ၊ နည်းလမ်းတွေနဲ့ အစီအရင်တွေကို ဘာတစ်ခုမှ ကျွန်မ နက်နက်ရှိုင်းရှိုင်း နားမလည်ဘူး... “

အဘွားအိုမှာ သက်တမ်းမှာ သေဆုံးရန် အလွန် နီးကပ်နေပြီ ဖြစ်သည်။ လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းရန် ခရီးလမ်း၌ သူမမှာ နှစ်ရှစ်ရာ အသုံးပြုခဲ့ရပြီး ကျရှုံးခဲ့သည်။ အဂ္ဂိရတ် အင်ပါယာ တစ်ယောက် အနေဖြင့် သက်တမ်းအား တိုးမြှင့်ပေးနိုင်သည့် ဆေးများ ဖော်စပ်နိုင်သည့်တိုင် သူမ၏ အားနည်းလှသော ခန္ဓာကိုယ်မှာ ဆေးလုံး အောင်မြင်မှုနှုန်းကို တားမြစ်ထားသည်။

မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ သမိုင်းကြောင်း၌ ထာဝရ ဧကရာဇ်၏ လမ်းကြောင်းကို လိုက်ကာ အဂ္ဂိရတ် ဝိညာဉ်ကို ကျင့်ကြံဖို့ ကြိုးစားခဲ့သူ များစွာ ရှိသည်။ သို့သော်လည်း... ကျင့်ကြံခြင်း လမ်းခရီး၏ အခက်အခဲများက ကြီးမားလွန်းလှပေသည်။

လော့နင်သည်လည်း အဂ္ဂိရတ် တာအိုကို မြှုပ်နှံထားသည့် အခြား ကျင့်ကြံသူများလိုပင် လမ်းစဉ်၏ အကြီးမားဆုံးသော အတားအဆီးနှင့် ကြုံတွေ့ခဲ့ရသည်။ ၎င်းကတော့ အချိန်ပင် ဖြစ်လေသည်။

ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။ သူက မလိုအပ်သည့် အခြား စကားများ မပြောပါချေ။ ထို့အစား... သူမ၏ အတိတ်အကြောင်းကိုသာ ပြောပြနိုင်ပါက ပြောပြရန် စေခိုင်းလိုက်တော့၏။

လော့နင်က မတုန့်မဆိုင်းပင် လက်ခံကာ သူမ ဘဝ အကြောင်းကို စီကာပတ်ကုံး စတင်ကာ ပြောပြလိုက်တော့သည်။

***

All Chapters