← Chapters

လော့နင်

Vol. 75 Ch. 1041

လော့နင်

Vol. 75 Ch. 1041

လော့နင်ကို ထာဝရ အစည်းအရုံး ကြီးစိုးသည့် ထာဝရ နယ်မြေတွင်ပင် မွေးဖွားခဲ့သည်။ ငယ်ရွယ်စဉ် အချိန်ကတည်းက သူမမှာ အဂ္ဂိရတ် တာအိုကို စွဲလမ်းခဲ့ကာ ထိုလမ်းစဉ်ကို ကျင့်ကြံဖို့ လုံလောက်သည့် ပါရမီ ပါသည်ဟု ယုံကြည်ခဲ့သည်။ ယုံကြည်ချက် အတိုင်းပင် သူမ အဂ္ဂိရတ် ဝိညာဉ်ကို ကျင့်ကြံခဲ့သည်။

လော့နင်၏ အစောပိုင်း နေ့ရက်များမှာ အဆုံးအစမဲ့ တောက်ပမှုများနှင့် ပြည့်နှက် နေခဲ့သည်။ ထို့ကြောင့်ပင် သူမ မောက်မာခဲ့သည်။ ထာဝရ အစည်းအရုံးမှ လူငယ် ပါရမီရှင်များကို ဆက်တိုက် အနိုင်ယူလာနိုင်ခဲ့ပြီး နောက်တွင် သူတို့မှာ သူမ အတွက် မထိုက်တန်ဟုပင် ယူဆခဲ့သည်။

ထိုစဉ်အခါတုန်းက လော့နင်မှာ ဆယ်ကျော်သက် တစ်ယောက်မျှသာ ဖြစ်ကာ အဂ္ဂိရတ် လမ်းစဉ်တွင်လည်း အဆင့်ခုနစ်တွင်သာ ရှိခဲ့သေးသည်။ သူမ၏ အနာဂတ်က အညွန့်တလူလူနှင့် ဖြစ်သည်။ သို့သော်လည်း... အထက် ဖော်ပြပါ သဘောထားများကြောင့်ပင် ထာဝရ အစည်းအရုံး၏ အစွမ်းထက် ပုဂ္ဂိုလ် တစ်ယောက်က သူမကို နာမည်ပျက် သွင်းခဲ့သည်။ နောက်ပိုင်းတွင် သူမ ကြီးပြင်းလာကာ ပိုမို ရင့်ကျက်လာခဲ့သည့်တိုင် ထာဝရ အစည်းအရုံး အတွင်း ဝင်ခွင့်ကတော့ ဆက်လက် ကန့်သတ် ခံထားရဆဲ ဖြစ်သည်။

ထိုလုပ်ရပ် အပေါ် သူမကလည်း လူငယ် ပီသစွာ တုန့်ပြန်ခဲ့သည်။ ထာဝရ အစည်းအရုံး၏ ထိပ်တန်း ပါရမီရှင်ဆိုသည့် လူငယ်များကို အဂ္ဂိရတ် တိုက်ပွဲများ စဉ်ဆက်မပြတ် စိန်ခေါ်ခဲ့သည်။ သူမ သူတို့ တစ်ယောက်ချင်းစီကို အနိုင်ယူခဲ့သည်။

ဤသို့ဖြင့် လော့နင်မှာ လွန်ခဲ့သည့် နှစ်တစ်ထောင် အတွင်း သူမတို့ မျိုးဆက်၏ နံပတ်တစ် အဂ္ဂိရတ် ဧကရာဇ် အဖြစ် ကျော်ကြားလာခဲ့သည်။ ထိုစဉ်အခါက သူမ ဘယ်လောက် တောက်ပလိုက်သနည်း။

လော့နင်မှာ အဘိုးဖြစ်သူ ပေးသည့် ထာဝရ ခြေချခြင်း ဆေးလုံးနှင့် အတူ ကြယ်တာရာ အမြုတေ အဆင့်ကို ဝင်ရောက်ခဲ့သည်။ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ်ကို ထုဆစ်ခဲ့သည်။ စိတ်လှုပ်ရှားစွာဖြင့်... အဂ္ဂိရတ် တာအို၏ ကြယ်တာရာ အမြုတေ အဆင့်ကို သူမ ကျင့်ကြံခဲ့သည်။ သို့သော်လည်း... နောက်ပိုင်း အဆင့်များသို့ ရောက်လေလေ ပိုမို ဖြေရှင်းရခက်သည့် ပဟေဠိများနှင့် သူမ ကြုံတွေ့လာရလေလေ ဖြစ်သည်။

လမ်းကြောင်းပိတ်ဆို့မှုများနှင့် အတူ ကျင့်ကြံခြင်း လမ်းစဉ်တွင် ကျရှုံးမှုများကို သူမ ရရှိလာခဲ့သည်။ တစ်ချိန်တည်း၌... အဂ္ဂိရတ် တိုက်ပွဲများတွင် ထာဝရ အစည်းအရုံး၏ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ် မရှိသည့် အဂ္ဂိရတ် သမားများမှာလည်း သူမကို အနိုင်ယူလာခဲ့သည်။ အကျိုးဆက် အနေဖြင့် သူမ၏ ဂုဏ်ရောင်များမှာ တဖြည်းဖြည်း မှေးမှိန်လာခဲ့သည်။

ထိုစဉ်အခါရောက်မှ ကျိုးနင်မှာ ပြဿနာကို သဘောပေါက် လာခဲ့တော့သည်။ သူမက တစ်ယောက်တည်း သီးခြား ဖြစ်နေခဲ့ခြင်းပင်။

နဂါးငွေ့တန်း ကြယ်ကွင်းပြင်နှင့် ခြားနားစွာပင်... မဟာစက်ဝန်း ကြယ်ကွင်းပြင်၌ ထာဝရ ဧကရာဇ်၏ အမွေအနှစ်များကို တင်းကြပ်စွာ တားမြစ်ထားသည်။ လော့နင်ထံတွင် ရှိသမျှ ကျမ်းစာများက အခြေခံသာသာလောက်သာ ဖြစ်သည်။ အဂ္ဂိရတ် တာအိုကို တစ်ဆင့် မြှင့်ပေးနိုင်သည့် ဆေးညွှန်း ဆိုလို့ သူမထံတွင် တစ်ခုတစ်လေပင် မရှိချေ။

လော့နင် ထိုပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်းခဲ့သည်။ အဂ္ဂိရတ် အဖွဲ့အစည်းများကို ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့သည်။ သို့သော်လည်း... အားလုံးက သူမကို အကြောင်းပြချက် ရေရေရာရာ မရှိပဲ ငြင်းပယ်ခဲ့ကြသည်။ သို့သော်လည်း... လော့နင် အဓိက အကြောင်းပြချက်ကို သိပေသည်။ ၎င်းကတော့ ထာဝရ အစည်းအရုံးပင်။

လော့နင် ကိုယ့်ကိုယ်ကို ရုပ်ဖျက်ကာ ဝင်ရောက်ဖို့ ကြိုးစားခဲ့သေးသည်။ သို့သော်လည်း... သူတို့က သူမ မည်သူ ဖြစ်သည်ကို ချက်ချင်းပင် ရှာတွေ့ သွားကြကာ မောင်းထုတ်ခဲ့ကြသည်

နောက်ဆုံး၌ လော့နင်တွင် ရွေးချယ်စရာ တစ်ခုသာ ကျန်ခဲ့တော့သည်။ ၎င်းက အဆုံးမဲ့ ကောင်းကင်တွင် ထာဝရ အစည်းအရုံး မလှန်ဝံ့သည့် အင်ပါယာ ကလန်ကို ဝင်ရောက်ရန်ပင်။ အားစိုက်ထုတ်မှု အနည်းငယ်ဖြင့်ပင် သူမမှာ ဝင်ခွင့် စာမေးပွဲကို အောင်မြင်ခဲ့သည်။

ငယ်ရွယ်နုပျိုစဉ် အခါတုန်းက လော့နင်မှာ ထိပ်တန်း အလှပဂေး တစ်ယောက် ဖြစ်သည်။ အချို့ နတ်မိမယ် စာရင်းဝင်များနှင့်ပင် အလွယ်လေး ယှဉ်နိုင်ခဲ့သည်။

ကံကောင်းထောက်မစွာပင် အဂ္ဂိရတ် ဝိညာဉ် ပိုင်ရှင် ဆိုသည့် အဆင့်အတန်းကပင် သူမကို တစ်ဘဝလုံး ကာကွယ်ပေးခဲ့သည်။ ထာဝရ ဧကရာဇ် လျှို့ဝှက် ဆန်းကြယ်စွာ ပျောက်ဆုံးသွားပြီး ကတည်းက ရွှေရောင် အသက်နန်းတော်နှင့် ထာဝရ အစည်းအရုံး အကြားတွင် သံမဏိ စည်းမျဉ်းလို သဘောတူညီမှု ထားရှိခဲ့၏။ ၎င်းက အဂ္ဂိရတ် ဝိညာဉ်ပိုင်ရှင်များကို သူတို့ ဆန္ဒနှင့် ဆန့်ကျင်၍ ဖမ်းဆီးခြင်း မပြုရ။ အတင်းအကြပ် တွန်းအားပေးခြင်း မပြုရဟု။

အဂ္ဂိရတ် ဝိညာဉ်ပိုင်ရှင်များမှာ ထာဝရ ဧကရာဇ်၏ ခက်ခဲလွန်းလှသော လမ်းကြောင်းကို လိုက်လံ လျှောက်လှမ်းဝံ့သည် အထိ ရဲရင့်ကြသူများဖြစ်သည်။ အထက်ပါ စည်းမျဉ်းကို ဖောက်ဖျက်ဖို့ ကြိုးစားသူတိုင်း ဆွေခုနစ်ဆက် မျိုးခုဆက် ကျူပင်ခုတ်၊ ကျူငုတ်မကျန် သတ်ဖြတ်ခံရမည် ဖြစ်သည်။

လော့နင် အကြောင်းကို ပြန်ဆက်ရပါက... သူမ၏ လှပသော ရုပ်ရည် သွင်ပြင်မှာ အင်ပါယာ မျိုးနွယ်တွင် ပြဿနာ တစ်ခု ဖြစ်လာခဲ့သည်။ အတိုချုပ်ရလျှင်... ဟွမ်ရီကောင်းမှာ လော့နင်ကို သဘောကျခဲ့သည်။ သူ့ ကိုယ်လုပ်တော် တစ်ယောက် ဖြစ်လာစေဖို့ လိုလားခဲ့သည်။ ထို့အပြင် ကျင့်ကြံခြင်း လောက၌... အဂ္ဂိရတ် ကျင့်ကြံခြင်း ဝိညာဉ် ရှိသည့် အပျိုစင်များမှာ အလွန် အဖိုးတန်သည့် ကျင့်ကြံခြင်း ရင်းမြစ်များ ဖြစ်သည်။ လော့နင်ထံမှ အဂ္ဂိရတ် ယန်စွမ်းအင်များမှာ ဟွမ်ရီကောင်း အတွက် ဆေးဖော်စပ်ရာတွင် များစွာ အထောက်အကူ ပြုနိုင်စွမ်း ရှိသည်။

ဟွမ်ရီကောင်း၏ ကမ်းလှမ်းမှုကို လော့နင် ငြင်းဆိုခဲ့သည်။ သူမမှာ အ‌စောကြီးတည်းက မာနခဲ ဖြစ်လေရာ ကိုယ်လုပ်တော် တစ်ယောက် မည်ကဲ့သို့ ဖြစ်ချင်မည်နည်း။ အကယ်၍ ဇနီးမယား ဆိုလျှင်တော့ သူမ လက်ခံမည် ဖြစ်သည်။ သို့သော်လည်း... ဟွမ်ရီကောင်းက ထိုအချက်ကို လက်မခံချေ။

ဤသို့ဖြင့် လော့နင်မှာ အင်ပါယာ မျိုးနွယ်မှ ကန်ထုတ် ခံခဲ့ရသည်။ အင်ပါယာ မျိုးနွယ်မှ သင်ကြားပေးခဲ့သည့် ကျင့်စဉ်များ၊ နည်းလမ်းများ၊ အစီအရင်များကို နောက်တစ်ကြိမ် အသုံးမပြုတော့ပါဟု လျှို့ဝှက် ကျိန်စာ ကျိန်ဆိုခဲ့ရသည်။

လော့နင်၏ ဘဝက ဒုံရင်းသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ မည်သို့ပင် ဆိုစေ... ‌လော့နင်ကတော့ ခေါင်းမာနေဆဲ ဖြစ်သည်။ ဟွမ်ရီကောင်းထံ ကိုယ်လုပ်တော် အဖြစ် လက်ခံပေးဖို့ နည်းနည်းလေးမျှ မတောင်းဆိုခဲ့ချေ။ လမ်းညွှန်သူ မရှိသည့် အဂ္ဂိရတ် တာအိုကိုသာ ခိုင်မာသည့် နှလုံးသားနှင့် ဆက်လျှောက်ခဲ့သည်။

ဝေ့ဝူယင်မှာ လော့နင်၏ ဇာတ်လမ်း အသေးစိတ်ကို အာရုံစိုက်ကာ နားထောင်နေခဲ့သည်။ ဇာတ်လမ်း အဆုံးသတ်သို့ အရောက်တွင်တော့ သူက ငွေရောင် မျက်လုံးများကို ပင့်တင်ရင်း အထက် ကောင်းကင်ရှိ ဟွမ်ရီကောင်း၏ ပလ္လင်ကို လှမ်းကြည့်လိုက်သည်။

“ကဲ... ကျေနပ်ပြီလား”

လော့နင်မှာ လည်ချောင်းများ ခြောက်ကပ်နေသလို ခံစားနေရ၏။ သူမ လက်ဘက်ရည် တစ်ကျိုက်လောက် သောက်ချင်လာခဲ့သည်။ လော့နင် သူမ၏ ဘဝဇာတ်ကြောင်းကို ပြန်ပြောင်း မပြောခဲ့ရတာ ကြာခဲ့ပြီ ဖြစ်သည်။ ၎င်းကို နားထောင်လိုသူလည်း တစ်ယောက်မှ မရှိခဲ့ပါချေ။

ဝေ့ဝူယင်က အထက်ကောင်းကင်မှ အကြည့်ကို လော့နင်ထံ ပြန်ပို့ကာ အနည်းငယ် ပြုံးပြလိုက်၏။

“မကျေနပ်သေးဘူး...”

“အိုး... ရှင်က ဒီအဘွားကြီးဆီက ပိုသိချင်သေးတာလား... ဒါမှမဟုတ် ကျွန်မ ငယ်ငယ်က ဘယ်လိုပုံ ရှိလဲ ဆိုတာ မြင်ချင်နေတာလား... သေချာတာတစ်ခုကတော့ ကျွန်မက ရှင့်ရဲ့ ရုပ်... အဲလေ... ဟိုကောင်မလေး သုံးယောက်ရဲ့ ရုပ်ရည်ကို ဘယ်လိုမှ မမှီပါဘူး”

လော့နင်မှာ သူမကိုယ် သူမ ဝေ့ဝူယင်နှင့် နှိုင်းယှဉ်မလို လုပ်ပြီးမှ မဆီလျော်ကြောင်း သတိပြုမိကာ ပစ်မှတ်ကို ချက်ချင်း ပြောင်းလဲ ပစ်လိုက်၏။ ဝေ့ဝူယင်က အနည်းငယ် ရယ်မောလိုက်သည်။

“ကျုပ် သိပါတယ်ဗျာ...”

“ရှင်သိတယ် ဟုတ်လား... ကျွန်မ ဖြူစင်တာကို ရောပေါ့”

လော့နင်က ဟာသလုပ်ရင်း ရယ်မောလိုက်၏။ သူမ၏ ပါးထက်ရှိ အရေးအကြောင်းများက တွန့်ရှုံ့သွားလေရာ အဖုအပိန့်များ ထွက်လာသလိုပင် ထင်ရသည်။

ဝေ့ဝူယင် ပြုံးလိုက်၏။ ထိုအမျိုးသမီး ဘယ်လောက် ခေါင်းမာကြောင်း သူ နည်းနည်းလေးမှ သံသယ မရှိပါတော့ချေ။ ကြည့်ရသည်က... အဘွားအိုမှာ ဘဝ တစ်လျှောက်လုံး ဘယ်ယောက်ျားထံတွင်မှ အညံ့မခံလိုဟန် ရသည်။

ဘယ်လိုပဲ ဖြစ်ဖြစ်... သူမမှာ ရဲရင့်သူ ဖြစ်သည်။ လက်ရှိ ကျင့်ကြံခြင်း အခြေခံနှင့် အဂ္ဂိရတ် အဆင့်အတန်းကို ရောက်သည် အထိ တစ်ယောက်တည်း သတ္တိရှိရှိ လျှောက်လှမ်းခဲ့သူ ဖြစ်သည်။ သူမ၏ သတ္တိက ချီးကျူးစရာ ကောင်းလှသည်။

“တကယ် ကောင်းမွန်ခဲ့တဲ့ နေ့ရက်တွေပါပဲ...”

လော့နင်က အတွေးအတွင်း ပြန်လည် နစ်မြစ်သွားဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်၏။ ‘အဲဒီနှစ်တွေတုန်းက ငါသာ ခေါင်းမမာခဲ့ဘူး ဆိုရင် ဒုတိယမြောက် မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထို ဖြစ်မလာဘူးလို့ ဘယ်သူ အာမခံနိုင်မှာလဲ..’

ဝေ့ဝူယင်က မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်၏။ မိနစ်များစွာ ကြာမြင့်ပြီးနောက်မှ သူက မျက်ခွံများကို ပြန်ဖွင့်လိုက်ကာ နေ့အိပ်မက် ကမ္ဘာထဲ နစ်မြောနေသည့် လော့နင်ကို နှိုးလိုက်သည်။

“အဂ္ဂိရတ် အင်ပါယာလော့...”

အဘွားအိုမှာ စိတ်ကူးယဉ် ပုံရိပ်များထဲမှ နိုးထလာကာ ဝေ့ဝူယင်ကို ကြည့်လိုက်သည်။ ထို့နောက် သူမက ပြောင်စပ်စပ် မျက်နှာပေးဖြင့် စလိုက်၏။

“ဘာလဲ မင်းသားလေးရဲ့... ဒီအဘွားကြီးရဲ့ မထိမတွေ့ရသေးတဲ့ ခန္ဓာကိုယ် နုနုထွတ်ထွတ်လေးကို ကြိုက်နေတယ်လို့တော့ လာမပြောနဲ့နော်”

ဝေ့ဝူယင်က ဖြူရော်စွာ ပြုံးကာ ခေါင်းခါလိုက်၏။

“ကျုပ် အကောင်းပြောမလို့ အဂ္ဂိရတ် အင်ပါယာလော့... ခင်ဗျားကို ကျုပ် သေမျိုး အဂ္ဂိရတ် အာဏာရှင် ဖြစ်အောင် လုပ်ပေးမယ်”

“ဘာ... ဘာကြီး...”

လော့နင်မှာ အံ့သြသွားခဲ့တော့၏။

***

All Chapters