ဝေ့ဝူယင်၏ ရွေးချယ်ခံ
Vol. 75 Ch. 1043
“ကျုပ်မှာ အပြစ်မရှိပါဘူးဗျာ... ကျုပ်က အပြစ်ကင်းပါတယ်”
“ကျုပ် မဟုတ်တာ တစ်ခုမှ မလုပ်ခဲ့ရပါဘူးဗျာ...”
"မင်းမှာ နောက်ဆုံးစကား ရှိလား...”
“ကျုပ်...”
“ကျုပ်... ဗိုက်ဆာတယ်”
“ဟား ဟား ဟား... ဗိုက်ဆာနေတယ်တဲ့... ဟား ဟား ဟား...”
"ဗိုက်ဆာတယ် ဟုတ်လား... ငရဲပြည်မှာ စားကောင်းသောက်ဖွယ်တွေ ရှိတယ်တဲ့ဟေ့... မြန်မြန် သွားလိုက်တော့ကွာ...”
“စိတ်မပူပါနဲ့... မကြာခင် မင်း သတ္တုအပြည့် ဓားတစ်ချောင်းကို စားရတော့မှာပါ... ဗိုက်ပြည့်သွားမှာ သေချာတယ်...”
“နေကြဦး...”
"ဟဟ... မင်းက ငါသိထားတဲ့ ရာဇဝတ်ကောင်တွေနဲ့ မတူဘူး... ရယ်စရာကောင်းသားပဲ”
“ဟုတ်... ကျေး... ကျေးဇူးပါ”
“မင်း ဗိုက်ဆာနေတာလား...”
“ကောင်းတယ်... မင်းနာမည် ဘယ်လိုခေါ်လဲ..”
“ကောင်းပြီလေ တုလင်... ငါတို့ တစ်ခုခု သွားစားကြတာပေါ့”
...
ဝေ့ဝူယင်က ပန်းသီးကို ကလေးငယ်လေးထံ ကမ်းပေးလိုက်၏။ ကလေးငယ်လေးက မကြောက်မရွံ့ပင် သူ့လက်သေးသေးလေးများဖြင့် ပန်းသီးကို လက်ခံလိုက်သည်။ ထို့နောက် သူက မတုန့်မဆိုင်းပင် တဂွပ်ဂွပ် မြည်အောင် ကိုက်စား လိုက်တော့၏။
“မင်းလည်း မင်းအဖေလို ဗိုက်ဆာတတ်တဲ့ ကောင်ပဲ... ဟဟ”
ဘုန်း...
“အာ...”
ရုတ်တရက်... တုလင်က သူ၏ အဆီပြည့်နှက်နေသည့် ခန္ဓာကိုယ်ကြီးဖြင့် ပြေးဖက်လိုက်လေရာ ဝေ့ဝူယင်အှာ အံ့အားသင့် သွားခဲ့၏။ ကြည့်နေကြသည့် အခြားလူများမှာလည်း တုလင်၏ လုပ်ရပ်ကြောင့် အလားတူ အံ့သြ ထိတ်လန့် သွားကြသည်။
“သခင်... သခင်...”
တုလင်မှာ ရှိုက်ကြီး တငင်ငင် ငိုကြွေးနေတော့၏။ ဝေ့ဝူယင်က နွေးထွေးစွာ ပြုံးလိုက်ရင်း တုလင်ကို ပြန်လည် ဖက်လိုက်သည်။
“တုလင်ရေ... ငါလည်း မင်းကို ပြန်တွေ့ရတာ ဝမ်းသာပါတယ်ကွာ”
မရေမတွက်နိုင်သည့် လူများမှာ ထိုစိတ်လှုပ်ရှားစရာ မြင်ကွင်းကို မေးခွန်းပေါင်း များစွာနှင့် စောင့်ကြည့် နေခဲ့ကြသည်။ အဓိက ခန်းမကြီး အတွင်းတွင်... စုမေ့နှင့် ပိုင်လင်တို့မှ လွဲ၍ တုလင် ဆိုသော ပုဂ္ဂိုလ်မှာ ဝေ့ဝူယင် အတွက် ဘယ်လို အရေးပါကြောင်း သိသူ ရှိအံ့မည် မထင်ချေ။
အနန္တ ဧကရာဇ်ဂိုဏ်းထံ ထွက်ခွာသွားပြီးနောက်တွင် ဝေ့ဝူယင်မှာ အဂ္ဂိရတ် အရှင် တစ်ယောက် အနေဖြင့် ကိုယ်ပိုင် အင်အားကို ဖြည်းညင်းစွာ စတင် တည်ဆောက်ခဲ့သည်။ ထိုအတောအတွင်း သူ အလေးထား ဆောင်ရွက်ခဲ့သည့် ကိစ္စများထဲမှ တစ်ခုက အစွမ်းထက် ကျင့်ကြံသူ အချို့ကို အနန္တ ကုန်းမြေတိုက်ကြီးထံ စေလွှတ်ကာ တုလင်ကို ကာကွယ်ပေးစေခဲ့ခြင်း ဖြစ်သည်။
ဆယ်စုနှစ် တစ်ခုလောက် ကြာအောင် ဝေဝူယင်မှာ တုလင် အကြောင်း သတင်းများကို အဆက်မပြတ် လက်ခံ ရရှိနေခဲ့သည်။ သူ ရင်ဆိုင်နေရသည့် အခက်အခဲများကို လွယ်ကူအေင် ပြုလုပ်ပေးခဲ့သည်။ တစ်ခါတစ်ရံ၌ တုလင်ကို အနန္တ ဧကရာဇ်ထံ ခေါ်ဆောင်ဖို့ ဝေ့ဝူယင် စဉ်းစားခဲ့သေးသည်။ သို့သော်လည်း... ထိုအချိန်၌ စန်းမျိုးနွယ်နှင့် အဂ္ဂိရတ် အစည်းအရုံးတို့၏ ရည်ရွယ်ချက်များက မသဲကွဲလေရာ ဝန်ထုပ်ဝန်ပိုး အသစ်များကို ထပ်မလိုချင်ခဲ့ချေ။ ထိုအရာက တုလင် အတွက်လည်း အန္တရာယ် ရှိနိုင်ပေသည်။
ထို့အပြင်... ၎င်းနှစ်များ အတွင်း၌ တုလင်မှာ ဇနီးမယားများ၊ ကိုယ်လုပ်တော်များ၊ သားသမီးများနှင့် ဘဝ၏ အပျော်ရွှင်ရဆုံး နေ့ရက်များကို ဖြတ်သန်းနေချိန် ဖြစ်သည်။ ဝေ့ဝူယင် တစ်ကိုယ်ကောင်းဆန်ကာ တုလင်ကို ရွေးချယ်ခွင့် မပေးလိုခဲ့ချေ။
ယခုတိုင်အောင် ချီပျစ်ခဲခြင်း အဆင့်ငါးတွင်သာ ရှိနေသေးသည့် တုလင်ကို ကြည့်ကာ ဝေ့ဝူယင် သက်ပြင်းချလိုက်မိ၏။ မဟာစက်ဝန်း ကြယ်ကွင်းပြင်လို ကျင့်ကြံခြင်း ပတ်ဝန်းကျင်မျိုး၌ ခုနစ်နှစ်ကျော် ကြာအောင် နေထိုင်ခဲ့သည့်တိုင် တုလင်မှာ နည်းနည်းလေးမှ တိုးတက် မလာခဲ့ပါချေ။
ကျင့်ကြံခြင်းက အမြဲတမ်း ခက်ခဲပေသည်။ ဝမ်ယုထျန်းမှာ လောကရှန့်ထို အဆင့်ကို ရောက်ခဲ့သည့် တိုင်အောင် ချီပျစ်ခဲခြင်း အဆင့် တစ်ခုတွင် နှစ်ပေါင်း သုံးဆယ်ကြာ ပိတ်မိနေခဲ့ဖူးကြောင်း ပြောပြခဲ့ဖူးသည်။ မိစ္ဆာ စစ်ပွဲ လောကနယ်မြေထဲကို မဝင်ခင် နောက်ဆုံး သတင်းရခဲ့စဉ်ကလည်း တုလင်မှာ ချီပျစ်ခဲခြင်း အဆင့်ငါး ယန်ဖွံ့ဖြိုးခြင်း အဆင့်တွင်သာ ဖြစ်သည်။
ဝေ့ဝူယင်၏ ဝတ်စုံမှာ တုလင်၏ မျက်ရည်များဖြင့် ပေကျံနေ၏။ လူဝကြီး၏ လက်မောင်းများမှာ သူ့ ဘဝတစ်ခုလုံးအား ပြောင်းလဲ ပေးခဲ့သည့် အသက်သခင် ကျေးဇူးရှင်ကို နောက်တစ်ကြိမ် ပြန်လွတ်ပေးရန် နည်းနည်းလေးမျှ ဆန္ဒရှိတော့ပုံ မရပါချေ။
နေသွေးနီနီဂိုဏ်းတွင် ဝေ့ဝူယင် သေဆုံးသွားပြီဟု သတင်း ထွက်ခဲ့စဉ်တုန်းက သူ နည်းနည်းလေးမျှ မယုံကြည်ခဲ့ချေ။ သို့သော်လည်း... ဆယ်စုနှစ် တစ်ခုလောက် ကြာမြင့်ပြီး နောက်တွင်တော့ ဝေ့ဝူယင်ကို ဘယ်တော့မှ ပြန်မတွေ့နိုင်တော့ဟု သူ စတင် ခံစားလာရသည်။ ထို့နောက်... ဝေ့ဝူယင်မှာ မသေဆုံးရုံမျှသာ မကပဲ ဂိုဏ်းသို့ ပြန်လည် ရောက်လာကာ စုမေ့ကို ခေါ်ဆောင်သွားကြောင်း သူ သတင်း ကြားခဲ့ရသည်။ သူ့ကိုတော့ နှုတ်ဆက် စကားပင် ပြောမသွားခဲ့ပါချေ။
ထို့နောက် ရက်ပိုင်းအတွင်းမှာပင် ဝေ့ဝူယင်၏ ရောက်ရှိလာမှုနှင့် ထွက်ခွာသွားမှုတို့က ကောင်းသော အကြောင်းတရားနှင့် မဟုတ်ကြောင်း သူ သိရှိလာရသည်။ တုလင် မိသားစုကို ခေါ်ဆောင်ကာ ဂိုဏ်းမှ ထွက်ခွာခဲ့သည်။ ကိုယ်ပိုင် လမ်းကြောင်း တစ်ခုကို ထုဆစ်ခဲ့သည်။ ထာဝရ ကြယ်တာရာ နယ်မြေ ပျက်စီးပြီး နောက်တွင်တော့ သူ ထာဝရဂြိုဟ်တွင် နေထိုင်ဖို့ ရွေးချယ်ခဲ့သည်။ ထိုနေရာတွင် သူ ကြယ်တာရာ အဆင့် စိုက်ပျိုးရေး လုပ်ငန်းများကို စတင်ခဲ့ကာ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတစ်ခု တည်ဆောက်ခဲ့သည်။
ခေတ်တစ်ခေတ် စတင် တည်ထောင်ချိန်နှင့် ခေတ်တစ်ခေတ် ပျက်သုဉ်းချိန်မျိုး၌ စီးပွားရေး လုပ်ရတာ အကောင်းဆုံး ဖြစ်သည်။ အကျဉ်းချုပ် ပြောရပါက အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း၏ နောက်ကွယ်မှ အကူအညီနှင့် အတူ တုလင် ချမ်းသာလာခဲ့သည်။ ကျင့်ကြံခြင်း အခြေခံနှင့် ပါရမီတို့ နိမ့်ပါးသည့်တိုင် သူ အစွမ်းထက် ကြယ်တာရာ အမြုတေ အဆင့်များကိုပင် ငှားယမ်း လာနိုင်ခဲ့သည်။ ကိုယ်ပိုင် အာကာသ သင်္ဘော တစ်စင်းပင် ပိုင်ဆိုင်ကာ ညီလာခံသို့ တက်ရောက်လာနိုင်ခဲ့သည်။ သည်ခရီးစဉ်၌ သူ့ ဇနီးမယားနှင့် သမီးများကို ချန်ထားခဲ့ကာ သားများကိုသား ခေါ်ဆောင်လာခဲ့ပေသည်။
ဝေ့ဝူယင်မှာ ကြယ်ကွင်းပြင် တစ်ခုလုံး သိသည့် နာမည်ကျော် ပုဂ္ဂိုလ် တစ်ယောက် ဖြစ်ကြောင်း တုလင် သိရှိပြီး ဖြစ်သည်။ ထို့အပြင် တုလင်မှာ လူအ တစ်ယောက် မဟုတ်ပါချေ။ လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုကျော်လုံး ဝေ့ဝူယင်မှာ သူ့ကို နောက်ကွယ်မှ တိတ်တဆိတ် ထောက်ပံ့ပေးထားကြောင်း သတိပြုမိပြီး ဖြစ်သည်။ တုမိသားစု ဘေးကင်း လုံခြုံမှု၊ အောင်မြင်မှုများ၊ ကလေးများအတွက် ထောက်ပံ့ပေးမှုများတွင် ဝေ့ဝူယင်၏ ပတ်သက်မှုများက ရှင်းလင်းလှပေသည်။
အချိန်ကြာမြင့်စွာ ငိုယိုပြီး နောက်တွင် တုလင်မှာ ဝေ့ဝူယင်ကို ပြန်လည် လွှတ်ပေးလိုက်တော့၏။ ဝေ့ဝူယင်က နွေးထွေးစွာ ပြုံးပြလိုက်ရင်း တုလင်၏ သားငယ် တုပင်းကို ကောက်ချီလိုက်သည်။ တုပင်းလေးက ဝေ့ဝူယင်၏ မျက်နှာကို အနီးကပ် ကြည့်ရင်း စိတ်ဝင်တစား လက်ညိုးကလေးနှင့် ထိုးကြည့်နေခဲ့၏။
“ငါ့မျက်နှာပေါ်မှာ ဘာရှိလို့လဲကွ...”
ဝေ့ဝူယင်က မေးလိုက်၏။
“ဟိုဟာ... ဖေဖေပြေတာာ မှန်တယ်”
တုပင်းက ရယ်မောရင်း ပြောလိုက်၏။ အသက် သုံးနှစ်ကျော်ပုံ မရသေးသည့်တိုင် သူ၏ မျက်လုံး ဝိုင်းဝိုင်းလေးများက ကောင်းမွန်သော ဉာဏ်ရည်ဉာဏ်သွေးတို့နှင့် ပြည့်နှက်နေသည်။
ဝေ့ဝူယင်က တုလင်ကို တစ်ချက် လှမ်းကြည့်လိုက်၏။ ထို့နောက် တုပင်းကို ပြန်ကြည့်ကာ ပြုံးပြရင်း မေးလိုက်သည်။
“မင်းဖေဖေက ဘာပြောလို့လဲကွ...”
“ဦးလေးက ဟိုမိန်းမထက် ပိုချောတယ်”
သူက လက်ထဲရှိ ပန်းသီးကို ခွပ်ခနဲ ကိုက်ရင်း အဖြေပေးလိုက်သည်။
“ဟိုမိန်းမ...”
ဝေ့ဝူယင်က အနည်းငယ် အံ့သြသွားကာ တုလင်ကို လှမ်းကြည့်လိုက်၏။ တုလင်၏ မျက်နှာက အနည်းငယ် နီသွားကာ အောက်သို့ ငုံ့လိုက်သည်။ တုလင်က သူ့ကို မိန်းမ တစ်ယောက်နှင့် ခိုင်းနှိုင်းခဲ့သည်လော။
ဝေ့ဝူယင်က ရယ်မောလိုက်ရင်း တုပင်းကို ပြန်ကြည့်လိုက်သည်။
“ဘယ်မိန်းမလဲကွ...”
ထိုအခိုက်၌ ခန်းမ တစ်ခုလုံးမှာ တိတ်ဆိတ် နေကာ ဝေ့ဝူယင်တို့ကိုသာ ငေးမောကြည့်နေခဲ့၏။ သူတို့ ပြောနေသည့် စကားလုံးများကို လူတိုင်း ကြားနေရပေသည်။
တုပင်းက လက်ညိုးကို အပေါ်သို့ ထိုးပြလိုက်၏။ ဝေ့ဝူယင် အပါအဝင် လူတိုင်းမှာ ကလေး လက်ညိုး ညွှန်ပြရာ နေရာကို အလိုအလျောက်ပင် လှမ်းကာ ကြည့်လိုက်မိကြသည်။ ထိုနေရာတွင်တော့ ပလ္လင် တစ်ခုရှိကာ ကျက်သရေ ရှိလှသော အမျိုးသမီး တစ်ယောက် ကြာပန်း သဏ္ဌာန် ထိုင်နေခဲ့ပေသည်။ သူမက အခြားသူ မဟုတ်... အဆုံးမဲ့ ကောင်းကင်၏ နံပတ်တစ် အလှမယ် ဧကရီ ရှောင်ချန်းပင် ဖြစ်လေတော့၏။
ဝေ့ဝူယင်က ရယ်ချင်စိတ်ကို ထိန်းကာ တုလင်ကို လှမ်းကြည့်လိုက်သည်။
“ပိုချောတယ် ဟုတ်လား...”
လူအုပ်ကြီးမှာလည်း တူညီစွာပင် တုလင်ကို ကြည့်လိုက်ကြ၏။ ချီပျစ်ခဲခြင်း အဆင့် တစ်ယောက်က ဘယ်ကရသည့် သတ္တိဖြင့် သူ့ ကလေးကို ထိုကဲ့သို့ မဟုတ်က ဟုတ်က အမြင်မျိုး ပြောရသနည်း။ သို့သော်လည်း... ဝေ့ဝူယင်ကို သေချာ ကြည့်မိသော အခိုက်၌ ထိုစကားက ဟုတ်နေသလိုလို သူတို့ ခံစား လိုက်ရသည်။
ဝေ့ဝူယင်နှင့် ဧကရီ ရှောင်ချန်းတို့ နှစ်ယောက်စလုံးမှာ ကိုယ်ပိုင် စံနှုန်းများနှင့် အတူ ဘယ်သူမှ နှိုင်းယှဉ်မရအောင် ချောမောသူများ ဖြစ်သည်။ သို့သော်လည်း အပြန်ပြန် အလှန်လှန်နှိုင်းယှဉ်ကြည့်မိသော အခါတွင်တော့ လောကသခင် အဆင့် ကျင့်ကြံခြင်း အခြေခံနှင့် ဝေ့ဝူယင်က အနည်းငယ် ပိုမို၍ ထူးခြားသလို သူတို့ ခံစားရသည်။ အထူးသဖြင့် လောကတစ်ခုလုံးကို ထွင်းဖောက် မြင်နိုင်ဟန် ရသည့် တဖျပ်ဖျပ် တောက်ပနေသော ငွေရောင် မျက်ဝန်းများပင်။
“အမှန်ပဲ...”
တုလင်က အကြောက်အလန့် ကင်းမဲ့စွာပင် ဝန်ခံလိုက်၏။ အဘယ်ကြောင့် ကြောက်ရမည်နည်း။ ထိုအရာက အမှန်တရား ဖြစ်သည်။
"...”
ဧကရီ ရှောင်ချန်းမှာ ဝေ့ဝူယင်တို့ စကားဝိုင်းကို အဖက်မလုပ်သလိုပင် တည်ငြိမ်စွာ တည်ရှိနေ၏။ သို့သော်ငြားလည်း တစ်ချိန်လုံး စက္ကန့်မလပ် အနီးကပ် ကြည့်နေမည် ဆိုပါက သူ့ မျက်တောင်များက ဖျပ်ခနဲ လှုပ်ရှားသွားကြောင်း တွေ့ရှိရလိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင်က ခေါင်းခါလိုက်ရင်း တုပင်းကို ပြန်ကြည့်လိုက်၏။ အသက် သုံးနှစ်သာ ရှိသေးသည့်တိုင် ထိုကလေး၏ ကျင့်ကြံခြင်း အခြေခံကတော့ မနိမ့်ပါးလှပါချေ။ သူက ချီပျစ်ခဲခြင်း တတိယ အဆင့် ဒြပ်စင် မွေးဖွားခြင်းကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင်... တုပင်းမှာ အဝေး၌ ထိုင်နေသည့် ဧကရီ ရှောင်ချန်းကို လှမ်းကာ မြင်နိုင်ခဲ့ခြင်း ဖြစ်သည်။
“တုလင်... မင်းသားက အတော်လေး ပါရမီ ပါတာပဲ...”
ဝေ့ဝူယင်က ချီးမွမ်းလိုက်၏။ လူတိုင်း၏ မျက်လုံးများက ဖျပ်ခနဲ တောက်ပသွားသည်။ ဝေ့ဝူယင် ထိုနေရာသို့ သွားသည်မှာ လက်အောက်ငယ်သားဟောင်း တစ်ယောက်နှင့် ပြန်လည် တွေ့ဆုံရန် မဟုတ်ပဲ ရွေးချယ်ခံ ရွေးချယ်ရန် ဖြစ်ကြောင်း သူတို့ ပြန်ပြောင်းသတိရလိုက်မိ၏။ တုလင်၏ မျက်လုံးများက ခံစားချက်များနှင့် ပြည့်နှက် သွားသည်။ သူ့သားငယ်လေးကို ဝေ့ဝူယင်သာ ပြုစုပျိုးထောင်ပေးမည် ဆိုပါက အကောင်းဆုံးသော အရာ တစ်ခုပင်။
သို့သော်လည်း... အားလုံး မျှော်လင့်ထားသည်နှင့် ခြားနားစွာပင် ဝေ့ဝူယင်ကို တုလင်ကို ပြန်ကြည့်ကာ ပြောလိုက်လေ၏။
“တုလင်... မင်း လောကကြီးကို ကိုင်လှုပ်ဖို့ အဆင်သင့် ဖြစ်ပြီလား”
***