ဆက်သွယ်မှုများ
Vol. 75 Ch. 1045
တုလင်မှာ ကြာပန်း သဏ္ဌာန် ထိုင်ကာ မျက်လုံးများကို မှိတ်ထားခဲ့၏။ သူ၏ အော်ရာက ငြိမ်းချမ်းကာ တည်ငြိမ်နေသည်။
သူ၏ နောက် တစ်ပေခွဲခန့် အကွာတွင်တော့ လော့နင် တည်ရှိနေ၏။ သူမက လက်တစ်ဖက်ကို ဆန့်ထုတ်၍ တုလင်၏ နောက်ကြောထံ အပ်ကာ နူးညံ့သော စွမ်းအင်များကို ခန္ဓာကိုယ် စနစ်၊ ထျန်းတျန်နှင် အသိစိတ် ပင်လယ်များထဲ ပို့လွှတ်ပေးနေခဲ့သည်။
သူတို့၏ နံဘေးတွင်တော့ ဝေ့ဝူယင်မှာ တိတ်တဆိတ် ထိုင်ကာ ကောင်းကင်ဘုံ နတ်မျက်လုံးများကို အမြင့်ဆုံးထိ တင်၍ စောင့်ကြည့် နေခဲ့သည်။ လော့နင်မှာ ထူးခြားသည့် အစီအရင်များနှင့် အတူ တုလင် အတွက် ပါရမီ အကဲဖြတ်ခြင်းကို ဆောင်ရွက်နေခြင်း ဖြစ်သည်။
ဝေ့ဝူယင်မှာ ပါရမီ အကဲဖြတ်ခြင်း အကြောင်း သိပ်မရင်းနှီးချေ။ နေသွေးနီနီဂိုဏ်းတုန်းက ဆိုလျှင် သူ၏ ပါရမီကို အချက်သုံးချက်ဖြင့် စစ်ဆေးခဲ့သည်။ ၎င်းတို့က နံပတ်တစ်... အမတေ စုပ်ယူမှုနှုန်း၊ နံပတ်နှစ်... အမတေ စွမ်းအင် ပြောင်းလဲပုံ၊ နံပတ်သုံး... နားလည်နိုင်စွမ်း တို့ပင် ဖြစ်သည်။
သို့သော်လည်း... မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင်တော့ ပါရမီ စစ်ဆေးမှုကို ‘သွေးကြော’ နှင့် ‘ရုပ်ခန္ဓာ’ ဟု အပိုင်းနှစ်ပိုင်း ခွဲခြားထားကြောင်း သူ ကြားဖူးနားဝ ရှိသည်။
ထိုအပိုင်း တစ်ခုချင်းစီကို ငါးမျိုးဖြင့် ထပ်မံ စစ်ဆေးသည်။ ဥပမာ အားဖြင့်... သွေးကြောများ အတွက် စစ်ဆေးမှု ငါးခုမှာ အမတေ စုပ်ယူမှုနှုန်း၊ အမတေ စွမ်းအင် ပြောင်းလဲမှု၊ အပြင် စီးဆင်းမှု အမြန်နှုန်း၊ အတွင်း စီးဆင်းမှု အမြန်နှုန်း၊ လမ်းကြောင်း ကြံ့ခိုင်မှုတို့ပင် ဖြစ်သည်။
အဂ္ဂိရတ် ပါရမီ ကဲ့သို့ပင် သွေးကြာနှင့် ရုပ်ခန္ဓာ ပါရမီတို့ကိုလည်း အဆင့် ငါးဆင့် ခွဲခြားထားသည်။ ၎င်းတို့မှာ ဆိုင်ဖာ၊ စံ၊ ထိပ်တန်း၊ အရှင်သခင်နှင့် ရွေးချယ်ခံ အဆင့်တို့ပင်။ ထိုတစ်ဆင့်ချင်းစီကိုလည်း မြေကြီး၊ လောကနှင့် ကောင်းကင် အဆင့်တို့ ဟူ၍ ထပ်မံ ခွဲခြားထားသည်။
ချွင်းချက် အနေဖြင့် ဆိုင်ဖာ အဆင့် ပါရမီမှာ ကျင့်ကြံရန် လုံးဝ မဖြစ်နိုင်ဟု ဆိုလိုပေသည်။ ၎င်း၌ မြေကြီး အဆင့်၊ လောကအဆင့်၊ ကောင်းကင် အဆင့်များ မရှိပါချေ။ ထိုအဆင့်က ပါရမီ သတ်မှတ်ချက်များထဲတွင် အနိမ့်ဆုံး ဖြစ်ကာ ကောင်းကင် ရွေးချယ်ခံကတော့ အမြင့်ဆုံး ဖြစ်သည်။
တစ်နာရီခန့် ကြာမြင့်ပြီး နောက်မှ လော့နင်၏ ပါရမီ စစ်ဆေးမှု ဖြစ်စဉ်မှာ အဆုံးသတ် သွားခဲ့သည်။ သူမက သက်ပြင်းတစ်ချက် ချရင်း လက်ကို ပြန်ရုတ်လိုက်သည်။
“အခြေအနေ ဘယ်လိုလဲ...”
ဝေ့ဝူယင်က မေးလိုက်၏။ လော့နင်က ဖြူရော်စွာ ပြုံးရင်း ခေါင်းခါလိုက်သည်။
“ဒီပြိုင်ပွဲကို အနိုင်ရဖို့ မတွေးနဲ့တော့ မင်းသားလေးရေ...”
“အဲဒီလောက်တောင် ဆိုးလား...”
ဝေ့ဝူယင်က အံ့အားသင့်စွာဖြင့် မေးလိုက်၏။
"အဲဒီထက် ပိုဆိုးတယ်...”
လော့နင်က ခံစားချက် မဲ့သည့် လေသံဖြင့် ပြောလိုက်၏။
“သူ့ဆီမှာ ထူးခြားတဲ့ ပါရမီ ဘာတစ်ခုမှ မရှိဘူး... သူ့ရုပ်ခန္ဓာနဲ့ သွေးကြော နှစ်ခုစလုံးကလည်း စံ အဆင့်မှာပဲ ရှိနေတာ... ရုပ်ခန္ဓာကတော့ သွေးကြောထက် နည်းနည်းသာတယ်... လောကစံ အဆင့်အထိ ရှိတယ်”
"အိုး...”
ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်ရင်း ရေရွတ်လိုက်၏။ နှစ်ပေါင်း ရှစ်ဆယ်နီးပါး လေ့ကျင့်ခဲ့သည့်တိုင် ချီပျစ်ခဲခြင်း အဆင့်ငါး၌ တုလင် သောင်တင် နေခဲ့တာ အံ့သြစရာ မရှိတော့ချေ။
“ချော်ရည်ပူ အမတေနဲ့ ပတ်သက်တဲ့ သူ့ ပါရမီက မဆိုးဘူး ဆိုပေမဲ့ ကျင့်ကြံခြင်း အဆင့် တစ်ခု မြင့်ဖို့တောင် အချိန် အများကြီး ပေးရလိမ့်မယ်... ရိုးရိုးသားသား ပြောရရင် တိုးတက်ဖို့တောင် သိပ်မလွယ်ဘူး”
လော့နင်က အထက် ကောင်းကင်ရှိ နန်းတော်များကို မော့ကြည့်လိုက်၏။
“သူတို့ ရွေးချယ်ထားတဲ့ လူငယ်လေးတွေ ဆိုရင် အနည်းဆုံး ထိပ်တန်း အဆင့် ပါရမီကို ပိုင်ထားကြတဲ့ လူတွေချည်းပဲ... အများစုက အဲဒီထက်တောင် ပိုမြင့်ဦးမယ်... သေမျိုး အဂ္ဂိရတ် အာဏာရှင်တွေရဲ့ ပံ့ပိုးမှု၊ လျှို့ဝှက် ကြယ်တာရာ အဆင့်တွေရဲ့ လမ်းညွှန်မှုနဲ့ ဆိုရင် သုံးနှစ် အတွင်း သူတို့က အများကြီး တိုးတက်သွားမှာ သေချာတယ်”
ဝေ့ဝူယင်က လော့နင်ကို အပြစ်မတင်ပါချေ။ တုလင်မှာ ရွေးချယ်ခံ သူရဲကောင်း တစ်ဦး အနေဖြင့် ပုံဖော်နိုင်သည့် အဆိုးရွားဆုံး အနေအထားတွင် ရှိနေပေသည်။ သူ့ထံတွင် သီးခြား ရည်ရွယ်ချက် တစ်မျိုး မရှိသလို အစွမ်းထက် နည်းလမ်း ကျင့်စဉ် တစ်ခုလည်း မရှိချေ။ တိုက်ပွဲ အတွေ့အကြုံဆိုလျှင် ဝေလာဝေးပင်။ တစ်နည်းအားဖြင့် သူက အသုံးမကျသည့် ကျင့်ကြံသူ တစ်ယောက်ပင်။
မည်သို့ပင် ဆိုစေ... တုလင် အပေါ် ဝေ့ဝူယင် စိတ်မပျက်ပါချေ။ ထို့အစား... အဂ္ဂိရတ် တာအို၏ အကန့်အသတ်ဖြင့် အချိန်တို အတွင်း ဘယ်လောက်ထိ တွန်းတင်ပေးနိုင်မည်လဲ ဆိုတာကိုသာ သူ စိတ်လှုပ်ရှား နေခဲ့မိသည်။
“သွေးကြောတွေကနေပဲ ကျုပ်တို့ စလိုက်တာပေါ့...”
ဝေ့ဝူယင်က ဆုံးဖြတ်လိုက်၏။ လော့နင်က သက်ပြင်းတစ်ချက် ချရင်း ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း တုလင် အတွက် အခွင့်အရေး ရှိလိမ့်မည် ဟုတော့ သူမ မထင်ပါချေ။
လော့နင် ဖြည်းညင်းစွာပင် ဆေးအိုးကို ထုတ်ယူဖို့ ဟန်ပြင်လိုက်၏။ သို့သော်လည်း ဝေ့ဝူယင်က သူမဘက်သို့ လျှောက်လာကာ ပြောလိုက်လေသည်။
“ခင်ဗျားနဲ့ အရင် စလိုက်မယ်”
ထို့နောက် သူက လက်ညိုးကို ဆန့်ထုတ်ကာ လော့နင်၏ နဖူးကို ထိလိုက်၏။ လော့နင် တစ်ယောက် အံ့သြသွားစဉ်မှာပင် ဝေ့ဝူယင်က နောက်ထပ် ပြောလိုက်လေသည်။
“မခုခံနဲ့...”
...
အချိန်များကား လျှင်မြန်စွာပင် ဖြတ်ကျော်နေ၏။ မျက်တောင် တစ်ခပ်စာမျှ အတွင်းမှာပင် ခြောက်လတိတိ ကြာမြင့် သွားခဲ့ပြီ ဖြစ်သည်။ သတ်မှတ်ချိန် ပြည့်ခဲ့ပြီ ဖြစ်လေရာ... ထာဝရ အစည်းအရုံး၏ ဧည့်ခံမှုများမှာ ဆုံးခန်းတိုင်သို့ ရောက်ရှိခဲ့လေပြီ။
ကြယ်တာရာ မြူနှင်းများမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကာ ရွှေရောင်ဖျာများမှာလည်း အသက်မဲ့ သွားခဲ့၏။ အမျိုးမျိုးသော စင်မြင့်များကား သာမန် လွင်ထီးခေါင်ပြင်များ ပြန်ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
ပုံမှန်အားဖြင့် ၎င်းမှ စဦး ဆွေးနွေးမှုများ ပြီးဆုံးရမည့် အချိန် ဖြစ်သည်။ ညီလာခံကို ပါဝင်ရန် အရည်အချင်း မပြည့်မှီသူများ အလုံးလိုက် အရင်းလိုက် ထုတ်ခံရမည့် နေ့ရက်လည်း ဖြစ်သည်။ သို့သော်လည်း... ဝေ့ဝူယင်၏ ပါဝင် ပတ်သက်ခဲ့မှုက မဟာစက်ဝန်း ရှန့်ထို ညီလာခံ တစ်ခုလုံးကို ပြောင်းလဲ စေခဲ့ကာ မဟာစက်ဝန်း ရှန့်ထို အဂ္ဂိရတ် တိုက်ပွဲကြီး တစ်ခု အဖြစ် ဦးတည် သွားစေခဲ့သည်။
ထာဝရ အစည်းအရုံးထံမှ အထူး ဧည့်ခံမှုများ ပြီးဆုံးသွားခဲ့ပြီ ဖြစ်လေရာ အသက်ငါးရာအောက် ကျင့်ကြံသူ အားလုံးမှာလည်း နောက်ဆုံး ဆုံးဖြတ်ချက်ကို စောင့်မျှော်နေရသည့် ပရိသတ်များ အဖြစ် တန်းဆင်း သွားခဲ့ရပြီ ဖြစ်သည်။
“အနည်းဆုံးတော့ ငါတို့မှာ စားကောင်းသောက်ဖွယ်တွေ ရှိသေးတာပဲ...”
အဆုံးမဲ့သိုင်းဂိုဏ်း၏ အတွင်းစည်း တပည့် ဝတုတ်လေးက ခြင်းတောင်းထဲမှ စပျစ်သီးများကို နှိုက်မြည်းရင်း ဆိုလိုက်၏။
ထာဝရ အစည်းအရုံးမှာ ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် ထောက်ပံ့မှုများကို ပြန်လည် ရုတ်သိမ်းလိုက်ပြီ ဖြစ်သည့်တိုင် အစားအသောက်ပိုင်းကိုတော့ လုံလောက်အောင် ထောက်ပံ့ထားပေးဆဲ ဖြစ်သည်။ ဝတ်ရုံဝတ် ပုဂ္ဂိုလ်များမှာ တစ်ရက် သုံးကြိမ်လာကာ အရသာ ရှိသည့် ဟင်းလျာများ၊ လတ်ဆတ် ချိုမြိန်သည့် သစ်သီးဝလံများ၊ ရေသန့်များကို လိုက်လံ ဝေငှလေ့ ရှိသည်။
“ညီလာခံက ဒီလို ဖြစ်သွားလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားခဲ့ဘူး”
ဝတုတ်လေး၏ ဘေးနားရှိ ချောမောသော လူငယ်လေး တစ်ယောက်က ပြောလိုက်၏။ သူက စီနီယာ အကိုရှုဟု ခေါ်ကြသည့် ရှုယုပင် ဖြစ်လေသည်။
အခြားလူများက ရှုယု၏ စကားကို ထောက်ခံဟန်ဖြင့် ခေါင်းညိတ် လိုက်ကြ၏။ မဟာစက်ဝန်း ရှန့်ထို ညီလာခံက သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့် အားလုံး ပါဝင်သည့် အဂ္ဂိရတ် တိုက်ပွဲ တစ်ခု အဖြစ် ဦးတည် သွားလိမ့်မည်ဟု မည်သူ ထင်ထားခဲ့မိလိမ့်မည်နည်း။ အမှန်အတိုင်း ဝန်ခံရပါက မြေကြီး ရှန့်ထိုများက အဘယ်ကြောင့် ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ကြောင်း သူတို့ နားမလည်နိုင်ချေ။ ၎င်းက မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ အနာဂတ်ကို သေမျိုး အဂ္ဂိရတ် အာဏာရှင်များ လက်ထဲ ပုံအပ်လိုက်ခြင်းမျိုး ဖြစ်သည်။
ရှုယုက ထောင့်တစ်နေရာ၌ ထိုင်နေသည့် ပုံရိပ်ကို လှည့်ကြည့်လိုက်၏။
“ညီမလေးအိ... နင့် ကောင်လေးက ဒီကို ရောက်နေပြီ မလား... သွားပြီး နှုတ်မဆက်တော့ဘူးလား”
သူ့လေသံက လှောင်ပြောင်မှု အရိပ်အငွေ့များနှင့် ပြည့်နှက်နေကြောင်း ရှင်းလင်းလှပေသည်။ ညီမလေးအိ ခေါ် အိကျူးလင်မှာ ကြေးဝါရောင် အသားအရည်၊ ခပ်ရှည်ရှည် နားရွက်များနှင့် လှပသည့် အယ်ဗန်မလေး ဖြစ်သည်။ သူမက ရှုယုကို လှည့်ကြည့်လိုက်၏။
ထူးဆန်းစွာပင်... မိန်းကလေး၏ မျက်ဝန်းများထဲ၌ လှောင်ပြောင်ခံရသည့် အတွက် ဒေါသ အရိပ်အငွေ့များ မရှိပါချေ။ ၎င်းတို့က လျှို့ဝှက် အလင်းတန်းများနှင့် တောက်ပနေသယောင်ပင် ထင်ရ၏။ သူမ၏ လှပသော နှုတ်ခမ်းဖူးလေး ထက်တွင်တော့ အပြုံးတစ်ခုက တွဲလွဲခို နေခဲ့သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ရှုယု၏ အမူအရာက အနည်းငယ် သုန်မှုန်သွားသည်။ ဝတုတ်တုတ် လူငယ် ဟယ်ရှန်းက စပျစ်သီး နောက်ထပ် လက်ဆုပ်ကို နှိုက်ကာ ပါးစပ်ထဲ ထည့်လိုက်ရင်း တပျပ်ပျပ်ဖြင့် ပြောလိုက်သည်။
“ငါတို့တော့ အထူး ဧည့်သည်တွေ ဖြစ်တော့မှာ မဟုတ်တော့ဘူး”
အိကျူးလင်က ဘာမှ ပြန်မပြောပါချေ။ ထို့အစား လက်ရှိ ဟင်းလင်းပြင် လက်စွပ်ကလေးကိုသာ ပွတ်သပ်ရင်း အမြင့်ဆုံး ကျောက်ဖြာထက်ရှိ လျှို့ဝှက် အမိုးခုံးကလေးကို လှမ်းကြည့်လိုက်၏။
လွန်ခဲ့သည့် ခြောက်လ အတွင်း ဝေ့ဝူယင်မှာ သူမကို လူကိုယ်တိုင် လာမတွေ့ခဲ့သည့်တိုင် အဆက်အသွယ် မလုပ်သည့် နေ့ ဟူ၍ မရှိသလောက်ပင်။ ထို့အပြင်... သူက သူမ အတွက် လိုအပ်သည့် အဂ္ဂိရတ် ထုတ်ကုန်များ၊ ရင်းမြစ်များကို လက်စွပ် အတွင်း အလျှံပယ် ပို့ပေးခဲ့သည်။
အနီးကပ် မတွေ့ရသည့် အပေါ် ဝမ်းနည်းမိသည့်တိုင် ဝေ့ဝူယင် အလုပ်များနေကြောင်း သူမ နားလည်ပေသည်။ ထိုကဲ့သို့ အလုပ်များနေသည့် ကြားမှပင် အဆက်မပြတ် ဆက်သွယ်နေခြင်းက သူမ အပေါ် သူ့ ခံစားချက်ကို ဖော်ပြနေသည်။ အဘယ်ကြောင့် လှောင်ပြောင်စကား အချို့ကို သူမ ဂရုစိုက်ရမည်နည်း။
ရီယွင်က အိကျူးလင်၏ ဟင်းလင်းပြင် လက်စွပ်ကို လှမ်းကြည့်လိုက်၏။ အဓိက ခန်းမ အတွင်း ရောက်ရှိပြီး ကတည်းက ၎င်းထံမှ သိမ်မွေ့သောလှိုင်းများကို သူ ခံစားမိနေခဲ့သည်။ ဝေ့ဝူယင်က သူမကို တကယ်ပဲ ဆက်သွယ် နေသည်လော။
အမအိက တကယ်ပဲ သူ့ ရည်းစားလော။
***