← Chapters

လွှဲပြောင်းမှု

Vol. 75 Ch. 1046

လွှဲပြောင်းမှု

Vol. 75 Ch. 1046

ထိုအခိုက်၌ ဝေ့ဝူယင်နှင့် ဆက်သွယ် နေခဲ့သည်က အိကျူးလင် တစ်ယောက်တည်း မဟုတ်ချေ။ ဝေ့ဝူယင်ထံမှ ဟင်းလင်းပြင် လက်စွပ်ကို ပိုင်ဆိုင်ထားသည့် လူတိုင်းလိုလို ဖြစ်သည်။ သူတို့ အားလုံးမှာ လျှို့ဝှက်စွာပင် ဝေ့ဝူယင်ထံမှ ဆက်သွယ်မှုနှင့် အဂ္ဂိရတ် ထုတ်ကုန်များ ရင်းမြစ်များကို လက်ခံ ရရှိခဲ့ကြသည်။

ခရမ်းရောင် အရည်ပြား၊ ရွှေရောင် မျက်ဝန်းများနှင့် နတ်ဆိုးမှ အစ... ရှည်လျားသော ငွေရောင် ဆံနွယ်များနှင့် ဝံပုလွေ ရှို့ရန် အဆုံး... တစ်ယောက်မှ မလွဲချော်ခဲ့ချေ။ သူနှင့် နောက်ဆုံး ဆုံတွေ့ခဲ့သည့် ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေမှ လက်အောက်ငယ်သား သုံးယောက်ပင်လျှင် အဆင့်မြင့် ရင်းမြစ်များကို လက်ခံ ရရှိခဲ့ကြသည်။ ထိုအထဲ၌ စနစ်တကျ ချိပ်ပိတ်ထားသည့် လျှို့ဝှက် အဆင့် ထုတ်ကုန်များပင် ပါဝင်သည်။

လအနည်းငယ် အတွင်းမှာပင် များစွာသော အာဏာရှင် အဖွဲ့ဝင်များ၊ ဗာကီရီ အဖွဲ့သားများမှာ အရှိန်အဟုန်နှင့် တိုးတက်မှုများကို ရရှိခဲ့သည်။ ထို့အပြင်... သူတို့ထံတွင် အဂ္ဂိရတ် တိုက်ပွဲ ဆင်နွှဲမည့် လေးဆယ့် နှစ်လတာ ကာလ အတွင်း ကျင့်ကြံရန် ရင်းမြစ်များ အလျှံပယ် ရှိနေပြီ ဖြစ်သည်။

ဟုန်ချွင်းဟွာမှာ အခြား အာဏာရှင် အဖွဲ့ဝင်များနှင့် အတူ ကျင့်ကြံ နေခဲ့သည်။ အာဏာရှင် အဖွဲ့ဝင်များ အတွက်တော့ ကျင့်ကြံခြင်း အခြေခံနှင့် သင့်တော်သည့် ရင်းမြစ်များ လက်ခံ ရရှိခြင်းက အလွန်အမင်း ရင်းနှီး နေခဲ့ပြီ ဖြစ်သည်။ နှစ်ပေါင်းများစွာ လေ့ကျင့်ထားသည့် စစ်သားများလိုပင် သူတို့က စိတ်လှုပ်ရှားပုံ မရသလို စကားတစ်ခွန်းမှလည်း မဆိုကြချေ။

‘အာရုဏ်ဦး ဝိညာဉ် ပင်လယ် ဆေးရည်’ ဟု အမည်ရသော အသက်နှင့် တစ်ကိုယ် တစ်ခါမှ မကြားဖူးသည့် ဆေးရည် တစ်မျိုးကို လအနည်းငယ် ကြာ‌အောင် သန့်စင်ပြီး နောက်တွင် ဟုန်ချွင်းဟွာမှာ ကျောက်စိမ်းပြား တစ်ခုကို ထုတ်လိုက်လေသည်။ ၎င်း၏ မျက်နှာပြင်ထက်တွင်တော့ “အာရုဏ်ဖျက် ဓားအလင်း နည်းလမ်း” ဟူသော ခေါင်းစည်းကို ရေးထိုးထား၏။

“မြေကြီး အဆင့်မြင့်...”

အကြမ်းဖျဉ်း ဖော်ပြချက်ကို ဖတ်ရင်း ဟုန်ချွင်းဟွာ၏ စိတ်၊ နှလုံးသားနှင့် ဝိညာဉ် သုံးခု စလုံးမှာ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက် သွားခဲ့၏။ ထိုကျင့်ကြံခြင်း နည်းလမ်းက သူမ၏ ဘဝ တစ်ခုလုံးကို ပြောင်းလဲ ပေးလိမ့်မည် ဖြစ်ကြောင်း ဟုန်ချွင်းဟွာ ခံစားနေမိခဲ့ပြီ ဖြစ်လေသည်။

...

လျှို့ဝှက်စွမ်းအင် အကာအကွယ် အတွင်းတွင်တော့ ဝေ့ဝူယင်မှာ မျက်နှာ တစ်ခုလုံး ဖြူရော်လျှက် ရှိ၏။ သူက မျက်လုံးများကို မှိတ်ထားကာ အသက်ရှူသံမှာ လေးပင် နေခဲ့သည်။ တစ်ချိန်တည်း၌ သူ၏ အော်ရာကလည်း အနည်းငယ် မတည်မငြိမ် ဖြစ်နေခဲ့၏။

ဝေ့ဝူယင်မှာ ကြမ်းပြင်ထက်၌ ထိုင်နေခဲ့ခြင်း ဖြစ်ကာ သူ့ အရှေ့တည့်တည့်တွင်တော့ တုလင် တစ်ယောက် ရှိနေခဲ့၏။ ဝေ့ဝူယင် လက်ရှိ ဖြစ်ပေါ်နေသည့် အမူအရာနှင့် ခြားနားစွာပင် တုလင်၏ မျက်နှာက အနည်းငယ် နီရဲ နေကာ ဝင်သက် ထွက်သက်များမှာ သန်မာ ပြင်းထန်နေ၏။

လော့နင်ကတော့ မီတာ အနည်းငယ် အကွာအဝေးတွင် ရပ်နေခဲ့ကာ ဒြပ်စင်ဥဿုံ နေကြတ် မှော်ဆေးအိုးကို စိတ်လှုပ်ရှားစွာ စိုက်ကြည့် နေခဲ့သည်။

“ငါ လုပ်နိုင်ပြီ... ငါ လုပ်နိုင်ပြီ...”

ထိုအခိုက်၌ သူတို့ သုံးယောက်စလုံးမှာ အသန့်စင်ဆုံး မြူနှင်း လောကထဲသို့ ရောက်ရှိနေခြင်း ဖြစ်ကာ ဝူယုက သူ၏ လျှို့ဝှက် အကာအကွယ်ကို ဘယ်သူမှ မထိုးဖောက်နိုင်အောင် တားဆီးထားသည်။ ထိုအမိုးခုံးကြောင့်သာ မဟုတ်လျှင် လောက တစ်ခုလုံးမှာ ဒြပ်စင် ဥဿုံ အဂ္ဂိရတ် မှော်ဆေးအိုးမှ ထုတ်လွှတ်နေသည့် အသန့်စင်ဆုံး မြူနှင်းများကို ကြည့်ကာ အံ့အားသင့် သွားကြလိမ့်မည် ဖြစ်သည်။

လော့နင်က အဆင့်ခုနစ် အဆင့်နိမ့် ကြယ်တာရာ တူး‌ဖော်ခြင်း ဆေးလုံးလေးကို မှော်ဆေးအိုးထဲမှ ထုတ်ယူ လိုက်သည်။ ၎င်းက အထွတ်အထိပ် အရည်အသွေး အဆင့်၌ ရှိပေသည်။ သူမ၏ ဘဝ တစ်လျှောက်လုံး၌... အဆင့်ခုနစ် ဆေးလုံးကို အထွတ်အထိပ် အရည်အသွေး ရောက်ရှိအောင် ဖော်စပ်နိုင်ခဲ့သည့် အကြိမ် အရေအတွက် လက်ချိုးရေ၍ပင် ရသည်။ သူမက အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ် ပိုင်ဆိုင်ထားသည့် လျှို့ဝှက် ကြယ်တာရာ အဆင့် တစ်ယောက် ဖြစ်သည့်တိုင်အောင်... အထွတ်အထိပ် အဆင့် အရည်အသွေးကို ရောက်ရှိခြင်း ဟူသော အယူအဆမှာ အလှမ်းမှီရန် ခက်ခဲသည့် အဆင့်တစ်ခု ဖြစ်သည်။

လော့နင်၏ ဘဝ တစ်လျှောက်လုံး၌ အဂ္ဂိရတ် ထုတ်ကုန်များ ဖော်စပ်ရာတွင် ကျရှုံးခဲသည်။ သို့သော်လည်း... အများစုက အဆင့်နိမ့် အရည်အသွေးများသာ ဖြစ်သည်။ ထိုအထဲမှ အနည်းငယ်သာလျှင် အဆင့်မြင့် အရည်အသွေးကို ရောက်ရှိခဲ့ပေသည်။

ဝေ့ဝူယင်က မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။ ၎င်းတို့က အနည်းငယ် မှိန်ဖျော့နေကာ အားနည်းနေကြောင်း ထင်ရှားလှပေသည်။ သူကား စိတ်ပိုင်းဆိုင်ရာ အရ အလွန်ပင် ပင်ပန်း နွမ်းနယ် နေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း... ငြိမ်သက်စွာ တရားထိုင်နေသည့် တုလင်ကို မြင်ရသော အခိုက်၌ သူ့ နှုတ်ခမ်းထက်တွင် ပျော်ရွှင်သည့် အပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။ ဗဟုသုတ လွှဲပြောင်းမှုမှာ သူ မျှော်လင့်ထားသည်ထက် ပိုမို၍ ရှုပ်ထွေး ခက်ခဲသည့် ဖြစ်စဉ် တစ်ခု ဖြစ်သည်။ အထူးသဖြင့်... တုလင်၏ အလွန်အမင်း အားနည်းလှသည့် အသိစိတ် ပင်လယ်နှင့် စိတ်စွမ်းအင်တို့ထံ လွှဲပြောင်း ပေးချိန်တွင်ပင်။

အသိဉာဏ် ပညာများမှာ ပိုမို လေးနက် လေလေ၊ လက်ခံ ရရှိသူ အတွက် စိတ်စွမ်းအင်များ ပိုမို ကုန်ဆုံးလေလေ ဖြစ်သည်။ အကယ်၍ သူတို့သာ ထိုထိုးထွင်း သိမြင်မှုများကို အသိစိတ် ပင်လယ် အတွင်း အချိန်မှီ မထည့်သွင်းနိုင်ပါက အချိန်နှင့် အမျှ ပျောက်ကွယ်သွားလိမ့်မည် ဖြစ်သည်။

မကြာသေးမှီက ဖြစ်ပေါ်သွားခဲ့သည့် အဂ္ဂိရတ် ကြယ်တာရာ ပေါင်းဆုံခြင်း ဖြစ်စဉ်မှာ အကောင်းဆုံးသော ဥပမာ ဖြစ်သည်။ ထိုဖြစ်စဉ် အတွင်း၌ ဝေ့ဝူယင်မှာ ထိုးထွင်း သိမြင်မှုများကို စုပ်ယူရင်း စိတ်စွမ်းအင် အားလုံးနီးပါး ကုန်ဆုံးသည် အထိ ဖြစ်ခဲ့ရသည်။ သို့သော်လည်း... အချို့သော သေမျိုး အဂ္ဂိရတ် အာဏာရှင်များမှာ သူ ရရှိသလောက်၏ အပုံတစ်ထောင်ပုံ တစ်ပုံပင် မရခဲ့ကြချေ။

လွန်ခဲ့သည့် လအနည်းငယ် အတွင်း၌ ဝေ့ဝူယင်မှာ ဧဒင် အမြုတေထံမှ စွမ်းအင် မြောက်များစွာကို လော့နင်နှင့် တုလင်တို့ထံ လွှဲပြောင်းပေးကာ အသိစိတ် ပင်လယ်များကို ချဲ့ထွင် ပေးခဲ့သည်။ သူတို့၏ စိတ်စွမ်းအင်များကို ပိုမို သန်မာလာစေခဲ့သည်။ ၎င်းက အလွန် ပင်ပန်းသည့် ဖြစ်စဉ် တစ်ခု ဖြစ်ကာ ဧဒင်ထံမှ ကျင့်ကြံခြင်း အစိတ်အပိုင်း များစွာကို ယူဆောင် သွားခဲ့သည်။

ထိုကဲ့သို့ လေ့ကျင့်ပေးခြင်းမျိုးမှာ အဆင်အခြင်မဲ့ကာ အလွန်ပင် အန္တရာယ် များလွန်းသည်။ အကယ်၍ လျှို့ဝှက် ကြယ်တာရာ အဆင့်များသာ သူတို့၏ ကျင့်ကြံခြင်း အခြေခံများကို ရွေးချယ်ခံ သူရဲကောင်းများ အတွက် စတေးပေးမည် ဆိုပါက ထိုအရာက အလွန် မမျှတသည့် အားသာချက်မျိုး ဖြစ်သွားလိမ့်မည် ဖြစ်သည်။ ထို့ကြောင့်ပင် ထာဝရ အစည်းအရုံးမှာ လျှို့ဝှက် ကြယ်တာရာ အဆင့် လမ်းညွှန်သူများကို ထိုကဲ့သို့ လုပ်ရပ်မျိုး မလုပ်စေရန် လျှို့ဝှက် ကျိန်ဆို စေခဲ့သည်။ ကံကောင်းထောက်မစွာပင် ဝေ့ဝူယင်ထံတွင်တော့ ထိုကဲ့သို့ ကျိန်စာမျိုး မရှိချေ။

ဘယ်လိုပဲ ဖြစ်ဖြစ်... ၎င်းမှာ လွှဲပြောင်းပေးသူ အတွက် အလွန် အထိအခိုက်များသည့် ဖြစ်စဉ် တစ်ခု ဖြစ်နေဆဲ ဖြစ်သည်။ အကယ်၍ အချိန် ကန့်သတ်ချက်သာ မရှိပါက ဝေ့ဝူယင်မှာ ထိုနည်းလမ်း အစား အမျိုးမျိုးသော အဂ္ဂိရတ် ထုတ်ကုန်များကိုသာ သုံးမိလိမ့်မည် ဖြစ်သည်။

အခြားတစ်ဖက်၌ လော့နင်နှင့် တုလင်တို့ကတော့ အကျို ကျေးဇူး မြောက်များစွာကို ရရှိခဲ့သည်။ သူတို့၏ စိတ်စွမ်းအင်များမှာ ကျယ်ပြန့်စွာပင် တိုးတက် လာခဲ့သည်။ အထူးသဖြင့် တုလင်ပင်။ ကျင့်ကြံခြင်း အခြေခံ တစ်စက်မျှ တိုးတက်လာခြင်း မရှိသေးသည့်တိုင် လူဝကြီးမှာ အနာဂတ် အတွက် အခြေခံ အုတ်မြစ် တစ်ခုကို ကောင်းစွာ ပြုစုပျိုးထောင် နိုင်ခဲ့ပြီး ဖြစ်သည်။

လွန်ခဲ့သည့် လပိုင်း အတွင်းမှာပင် အထွတ်အထိပ် အဆင့် ချော်ရည်ပူ ရည်ရွယ်ချက် အပါအဝင် ချီပျစ်ခဲခြင်း အဆင့်နှင့် ဆက်နွယ်နေသည့် ဝေ့ဝူယင်၏ မှတ်ဉာဏ်များ၊ ဉာဏ်အလင်းများကို သူ လက်ခံ ရရှိခဲ့ပြီး ဖြစ်သည်။ ထိုအရာများနှင့် အတူ မှားသော အမှန်အဆင့်မှ ဝိညာဉ်ဆက်သွယ်ခြင်း အဆင့် အထိ သူ့ လမ်းစဉ်မှာ အလွန် လွယ်ကူ သွားတော့မည် ဖြစ်သည်။

ထို့အပြင်... တုလင်၏ ဝိညာဉ် ကျင့်ကြံခြင်းမှာ ဒြပ်စင် ကိုးမျိုးကို ချီအဖြစ် အချိန်မရွေး ထုတ်လွှတ် နိုင်ခဲ့ပြီ ဖြစ်သည်။ ထိုနည်းဖြင့် သူက ဒြပ်စင် မွေးဖွားခြင်း အဆင့်၏ အဆုံးစွန်သော အကန့်အသတ်ကို ရောက်ရှိကာ ခန္ဓာကိုယ်ကို ထိုပြိုင်စံရှား စွမ်းအင်ဖြင့် သန့်စင်နိုင်ခဲ့ပြီ ဖြစ်သည်။ ယင်းမှာ လွန်ခဲ့သည့် ဆယ်စုနှစ်များဆီက ဝေ့ဝူယင် သူ့အုတ်မြစ်ကို တည်ဆောက်ခဲ့သည့် အတိုင်း အတိအကျပင် ဖြစ်သည်။

လော့နင်ကတော့ ဝေ့ဝူယင်၏ အဂ္ဂိရတ် ဗဟုသုတ ငါးဆယ် ရာခိုင်နှုန်းခန့်ကို လက်ခံ ရရှိခဲ့သည်။ ထိုအထဲ၌ အဂ္ဂိရတ် ကြယ်တာရာ ပေါင်းဆုံခြင်း ဖြစ်စဉ်တွင် ဝေ့ဝူယင် ရရှိခဲ့သမျှ၏ ဆယ့်ငါး ရာခိုင်နှုန်းလည်း အပါအဝင်ပင် ဖြစ်သည်။ ထိုကဲ့သို့ ထောက်ပံ့မှုများနှင့် အတူ လော့နင်၏ အဂ္ဂိရတ် တာအို လမ်းစဉ်မှာ လုံးဝ ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။

လော့နင် အတွက် စိတ်မကောင်းစရာ တစ်ခုက ထိုအရာမှာ ဝေ့ဝူယင် ကမ်းလှမ်းလိုသမျှ အကုန်အစင် ဖြစ်နေခြင်း ဖြစ်သည်။ နောက်တစ်ချိန်တွင် သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်ကို တက်လှမ်းနိုင်၊ မတက်လှမ်းနိုင်က သူမ တစ်ယောက်တည်း အပေါ်တွင်သာ မူတည် သွားတော့မည် ဖြစ်ပေသည်။

***

All Chapters