← Chapters

ရလဒ် (၂)

Vol. 75 Ch. 1048

ရလဒ် (၂)

Vol. 75 Ch. 1048

မာ့ကျန်းက စန်းလော့ယန်နှင့် ဟွမ်ရီကောင်းတို့၏ ကောင်းကင် နန်းတော်များကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းတစ်ချက် ညိတ်ရင်း ဟန်ယုဟိုင်ကို ပြန်ကြည့်လိုက်သည်။

“ခင်ဗျားပြောတာ ဖြစ်နိုင်တယ်.... ကျင့်ကြံခြင်း လောကမှာ ကြယ်တာရာ ကပ်ဘေးတွေကို ဖုံးကွယ်နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိတယ်... အဂ္ဂိရတ် သမားတွေဆီမှာ ပိုပြီးတော့တောင် များသေးတယ်... ထာဝရ ဧကရာဇ်ရဲ့ ထာဝရ ခြေချခြင်း ဆေးလုံးကိုပဲ ကြည့်...”

“မဖြစ်နိုင်ဘူး...”

ယခုတစ်ကြိမ် စကားပြောလိုက်သူကတော့ ဟုန်ယန်လျဲ့လန်ပင် ဖြစ်လေသည်။ မာ့ကျန်၏ တောင်းဆိုမှုနှင့် အတူ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ ခရီးစဉ်၌ ပူးပေါင်း ပါဝင်ခဲ့ပြီးနောက်တွင် သူမမှာ ထိုအဖွဲ့၏ တစ်စိတ်တစ်ပိုင်း သဖွယ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူမက ရံဖန်ရံခါ ပုပ်ရဟန်း မင်းကြီး အနားမှ ခွာကာ မာ့ကျန်းတို့နှင့် ဆွေးနွေးရန် ရောက်ရှိလာတတ်သည်။

“ဘာလို့ မဖြစ်နိုင်ရတာလဲ...”

ကျန်းကျိရီက မေးလိုက်၏။ ဟုန်ယန်လျဲ့လန်က ‘ငါ တကယ် ရှင်းပြဖို့ လိုတာလား’ ဆိုသည့် အကြည့်မျိုးဖြင့် ကျန်းကျိရီကို လှည့်ကြည့်လိုက်သည်။

သို့သော်လည်း... အဆုံးသတ်တွင်တော့ သူမက မာ့ကျန်းတို့ အဖွဲ့နားသို့ နီးကပ်အောင် ပျံသန်းလာခဲ့ကာ သူမ အမြင်ကို စတင် ရှင်းပြလို်ကလေသည်။

“ချီပျစ်ခဲခြင်း အဆင့်ကို စုဆောင်းတဲ့ အဆင့်လို့တောင် ပြောလို့ ရတယ်... ဒြပ်စင် မွေးဖွားခြင်း အဆင့်၊ မှားသော အမှန်အဆင့်၊ ဝိညာဉ် ဆက်သွယ်ခြင်း အဆင့် သုံးဆင့်က လွဲလို့ ကျန်တဲ့ အဆင့်တွေကို ရောက်ဖို့ ဉာဏ်အလင်း မလိုသလောက်ပဲ... ရင်းမြစ် အကန့်အသတ်သာ မရှိရင် အလွယ်လေး ဖြတ်ကျော်နိုင်တယ်...”

“ဒါပေမဲ့ စုဆောင်းတဲ့ နယ်ပယ်မှာလည်း အကန့်အသတ် ရှိတာပဲ... အဲဒီ အကန့်အသတ်တွေထဲမှာ ပါရမီ၊ ရင်းမြစ်ရဲ့ အရည်အသွေးနဲ့ အချိန်တို့က အရေး အကြီးဆုံးပဲ... အဲဒီ သုံးခုက ဒီပြိုင်ပွဲမှာ စကားပြောသွားလိမ့်မယ်... ချီအမတေ အဆင့်က ချီပျစ်ခဲခြင်း အဆင့်ရဲ့ နောက်ဆုံး အဆင့်ပဲ... အဲဒီ အဆင့်ကို ရောက်ဖို့ အတွက် ကျင့်ကြံသူတွေက သူတို့ရဲ့ ကိုယ်ပိုင် ဝိညာဉ် မန်နာတွေဆီကနေ ချီအမတေ အမှုန်အမွှားတွေကို သန့်စင်ရတယ်... အရမ်းကို အချိန်ကုန်တဲ့ ဖြစ်စဉ် တစ်ခုပေါ့”

“...”

မြေကြီး ရှန့်ထိုများမှာ ငြိမ်သက်စွာပင် နားထောင် နေကြ၏။ ထိုအကြောင်းအရာများကို သူတို့ သိရှိပြီး ဖြစ်သည့်တိုင် ဟုန်ယန်လျဲ့လန် ပြောချင်သည့် အဓိက အကြောင်းအရာကို သူတို့ စိတ်ဝင်စား နေကြသည်။

“အဆင့်ခုနစ် ကြယ်တာရာ တူးဖော်ခြင်း ဆေးလုံးကို သုံးရင် ချီအမတေ အမှုန်အမွှားတွေ ဖွဲ့စည်းတာ ပိုပြီး မြန်တယ် မလား”

ကျန်းကျိရီက မိန်းကလေး ပီပီ ထောက်ပြဖို့ ကြိုးစားလိုက်၏။

“အချိန်...”

ဟုန်ယန်လျဲ့လန်က ပြုံးလိုက်သည်။

“သူတို့မှာ အချိန် သုံးနှစ်ခွဲပဲ ရှိတယ်... ဘယ်သေမျိုး အဂ္ဂိရတ် အာဏာရှင်က သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်ထက် နိမ့်တဲ့ ခြေချမှုမျိုးကို ခွင့်ပြုမှာလဲ... အဲဒီလို လုပ်ဖို့ အတွက် ဆိုရင်ရော ဆေးလုံး ဘယ်လောက် လိုမှာလဲ... အဲဒီ ဆေးလုံးတွေ ဖော်စပ်ဖို့ရော အချိန် ဘယ်လောက် လိုမှာလဲ...”

“ဖော်စပ်နိုင်တယ်ပဲထား... ထာဝရ ခြေချခြင်းလို ဆေးမျိုးကို မသုံးဘူး ဆိုရင် ‌ရွေးချယ်ခံ သူရဲကောင်းတွေကရော သေမျိုး ကြယ်တာရာ ဝင်္ကပါ ကပ်ဘေးကို ကျော်ဖြတ်နိုင်အောင် သန်မာမှာလား”

“...”

မြေကြီးရှန့်ထိုများမှာ ဟုန်ယန်လျဲ့လန်၏ စကားက အမှန်တရားလို ခံစားလိုက်ရသည်။ ညီလာခံ၌ အသစ် ဖော်စပ်ထားသည့် ဆေးလုံးများကိုသာ အသုံးပြုခွင့် ပြုထားသည်။ မည်သည့် သေမျိုး အဂ္ဂိရတ် အာဏာရှင်က ထာဝရ ခြေချခြင်း ဆေးလုံး တစ်လုံးကို သုံးနှစ် အတွင်း ဖော်စပ်နိုင်မည်နည်း။ အထူးသဖြင့်... ယခုလို ဘေးပန်း အကူအညီများ မရှိသည့် အချိန်တွင် ပို၍ပင် မဖြစ်နိုင်သေးသည်။

အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်များ ဖော်စပ်ရသည်မှာ အလွန်ပင် ခက်ခဲလွန်းလှသည်။ အကယ်၍ သေမျိုး အဂ္ဂိရတ် အာဏာရှင်များက သူတို့ မာနများကို လျှော့ချကာ သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်များအား ပျိုးထောင်ဖို့ မကြိုးစားဘူး ဆိုလျှင်ပင် ကြယ်တာရာ တူးဖော်ခြင်း အခြေခံ ဆေးလုံးများကို သန့်စင်ရန် ရက်သတ္တပတ်ချီ အချိန်ယူ ရလိမ့်မည် ဖြစ်သည်။ ထို့အပြင်... ကျင့်စဉ်များ၊ အစီအရင်များ၊ သီးခြား နည်းလမ်းများကို လေ့ကျင့်ပေးရန် အချိန်လည်း ရှိပေသေးသည်။

အကယ်၍ သေမျိုး အဂ္ဂိရတ် အာဏာရှင်များ အနေဖြင့် ကြယ်တာရာ အမြုတေ အဆင့်များကို ဖန်တီးနိုင်လျှင်ပင် ထိုလူများမှာ အဆင့်နိမ့် ကျင့်ကြံသူများသာ ဖြစ်ပေလိမ့်မည်။ ထိုကြယ်တာရာ အမြုတေ အဆင့်များမှာ (တိုက်ခိုက်ရေး တစ်ခုတည်းကိုသာ ဦးစားပေး လေ့ကျင့်ထားကြောင်း ရှင်းလင်းသည့်) ချီအမတေ အဆင့် လီချင်းလီကိုပင် အနိုင်ယူနိုင်တော့မည် မဟုတ်ချေ။

များမကြာခင်မှာပင် အခြား သေမျိုး အဂ္ဂိရတ် အာဏာရှင်များမှာလည်း ရွေးချယ်ခံ သူရဲကောင်းများနှင့် အတူ သူတို့၏ ကောင်းကင် နန်းတော်များထဲမှ ထွက်ပေါ် လာခဲ့ကြလေသည်။ ဟုန်ယန်လျဲ့လန် ခန့်မှန်းသည့် အတိုင်းပင် မည်သူမှ ကြယ်တာရာ အမြုတေ အဆင့်ကို ရောက်ရှိကြခြင်း မရှိချေ။ သို့သော်လည်း... သူတို့ အားလုံးမှာ ထိပ်တန်း ပါရမီရှင်တို့၏ အငွေ့အသက်များကို ပိုင်ဆိုင်ထားကြပေသည်။

အားအနည်းဆုံး ရွေးချယ်ခံ သူရဲကောင်းမှာ ယန်ဖွံ့ဖြိုးခြင်း အဆင့်တွင် ဖြစ်သည်။ သူက မှားသော အမှန် အဆင့်ကို ထိတွေ့နိုင်ခြင်း မရှိရုံသာ မက အလွန် အလှမ်းကွာဝေးနေဆဲ ဖြစ်သည်။ သူ့ဘေးနားတွင် ရပ်နေသည့် သေမျိုး အဂ္ဂိရတ် အာဏာရှင်၏ မျက်လုံးများက အလွန်ပင် သုန်မှုန်နေကာ သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက် နေသည်။ သူနှင့် လမ်းညွှန်သူတို့ ဘယ်လောက်ပဲ ကြိုးစားစေကာမူ ထိုရွေးချယ်ခံ သူရဲကောင်းမှာ ခြေတစ်လှမ်းမျှ ရှေ့ဆက်တိုးနိုင်ခြင်း မရှိပါချေ။

အလားတူ ဖြစ်ရပ်မျိုး ကြုံတွေ့နေရသည်က သူ တစ်ယောက်တည်းသော မဟုတ်ပါချေ။ ရွေးချယ်ခံ သူရဲကောင်းများထဲ၌ သုံးဆယ့် နှစ်ယောက်မှာ ယန်ဖွံ့ဖြိုးခြင်း အဆင့်တွင်သာ ပိတ်မိနေဆဲ ဖြစ်သည်။ သူတို့ထဲမှ တစ်ယောက်ဆိုလျှင် မူလ အဆင့် သေမျိုး အဂ္ဂိရတ် အာဏာရှင် ကိုယ်တိုင် ပျိုးထောင် ပေးခဲ့ခြင်း ဖြစ်ပေသည်။

မြေကြီး ရှန့်ထိုများ၊ ဖန်တီးခြင်း ပညာရှင်များ၊ များလှစွာသော ပရိသတ်များမှာ ထိုအချင်းအရာကို သတိထားမိရာ ပြိုင်တူ သက်ပြင်းများ ချလိုက်မိကြသည်။ ကျင့်ကြံခြင်းကား ခက်ခဲလွန်းလှသည်။

သို့သော်လည်း... သူတို့ကို အပြစ်တင်စရာ မရှိသလို သနားစရာလည်း မရှိပါချေ။ ကျင့်ကြံခြင်း၌ အချို့ အဆင့်များမှာ ကျော်ဖြတ်ရန် အတွက် ဉာဏ်အလင်းများကို လိုအပ်သည်။ ထိုအရာက ကံကောင်းမှုနှင့် မဆိုင်သလို ထောက်ပံ့မှုနှင့်လည်း မဆိုင်ပါချေ။

အနန္တ ကုန်းမြေတိုက်ကြီးရှိ စုစုပေါင်း ကျင့်ကြံသူ အရေအတွက်နှင့် မှားသောအမှန်အဆင့် အရေအတွက်ကို နှိုင်းယှဉ် ကြည့်ပါက ထိုအချင်းအရာကို နားလည်နိုင်ပေသည်။ ကွာခြားချက်က အဆပေါင်း ကုဋေနှင့်ပင် ချီပေလိမ့်မည်။

ရွေးချယ်ခံ သူရဲကောင်းများထဲ၌ ဝိညာဉ် ဆက်သွယ်ခြင်း အဆင့် (ချီပျစ်ခဲခြင်း အဆင့်ရှစ်) နှင့် မြင့်မြတ်သော ချီ အဆင့် (ချီပျစ်ခဲခြင်း အဆင့်ကိုး) များတော့ တစ်ယောက်မှ မရှိပါချေ။ သူတို့က ယန်ဖွံ့ဖြိုးခြင်း အဆင့်၊ မှားသော အမှန်အဆင့်နှင့် ချီအမတေ အဆင့်များတွင်သာ ရှိကြပေသည်။ ဝိညာဉ် ဆက်သွယ်ခြင်း အဆင့်နှင့် မြင့်မြတ်သောချီ အဆင့်တို့မှာ လုံလောက်သည့် ရင်းမြစ် ရှိရုံဖြင့် ကျော်ဖြတ်နိုင်သည့် အဆင့်များ ဖြစ်ကြလေရာ သူတို့ အတွက် လွယ်ကူ ခဲ့ကြပုံ ရသည်။

“သုံးလွှာ အဂ္ဂိရတ် အာဏာရှင် ထွက်လာပြီဟေ့...”

စန်းလော့ယန်၏ ကောင်းကင် နန်းတော် လှုပ်ရှားလာသည်ကို မြင်ရသော အခိုက်၌ ပရိသတ် တစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ် လိုက်လေသည်။ ၎င်းက ချက်ချင်းပင် မရေမတွက်နိုင်သည့် လူများ၏ အာရုံ စူးစိုက်မှုများကို ဆွဲဆောင် သွားခဲ့၏။ ထာဝရ အစည်း၏ တတိယမြောက် အာဏာ အရှိဆုံး ပုဂ္ဂိုလ်မှာ မည်သည့် အဆင့်ထိ တက်လှမ်းနိုင်မည်နည်း။

အားလုံး၏ အကြည့်များ အောက်တွင်ပင် စန်းလော့ယန်၏ ကောင်းကင် နန်းတော်မှာ တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားကာ ပုံရိပ် သုံးခု ဖြည်းညင်းစွာ ပေါ်လာခဲ့လေသည်။ စန်းလော့ယန်၏ ဘယ်ဘက်၌ ရပ်နေသူကတော့ သူ၏ လျှို့ဝှက် ကြယ်တာရာ အဆင့် လမ်းညွှန်သူပင် ဖြစ်လေသည်။ သူက စျေးအကြီးဆုံး လမ်းညွှန်သူများထဲမှ တစ်ယောက် ဖြစ်ကာ ထိုဝန်ဆောင်မှု အတွက် လျှို့ဝှက် ကျောက်တုံး ရှစ်တုံး အထိ တောင်းဆိုခဲ့သည်။

ထိုစျေးနှုန်းကို စန်းလော့ယန် ကျေကျေနပ်နပ် ပေးခဲ့သည့် အကြောင်းရင်းလည်း ရှိပေသည်။ ထိုပုဂ္ဂိုလ်မှာ အဆုံးမဲ့ ကောင်းကင် တော်ဝင်မျိုးနွယ်မှ တိုက်ရိုက် ဆင်းသက်လာသူ ဖြစ်ကာ “ထျန်း” မျိုးရိုး နာမည်ကို ဆက်ခံ ထားနိုင်သူ ဖြစ်သည်။ အဆင့်တက်လှမ်းရန် ကျရှုံးမှုကြောင့် နာမည် ဂုဏ်သတင်း အနည်းငယ် မှေးမှိန်သွားသည့်တိုင် ထိုပုဂ္ဂိုလ်မှာ ငယ်ရွယ်စဉ် အခါက အလွန် ထူးချွန်သူ ဖြစ်သည်။ သူက ရွေးချယ်ခံ တစ်ယောက်ပင် ဖြစ်ဖူးခဲ့သည်။

လက်ရှိ၌ သူက အဆုံးမဲ့ ကောင်းကင်၏ အသန်မာဆုံး လျှို့ဝှက် ကြယ်တာရာ အဆင့် ခုနစ်ယောက်ထဲမှ တစ်ယောက် ဖြစ်သည်။ သူ့နာမည်က ထျန်းကျူးရှန်းပင်။

ထျန်းကျူးရှန်း၏ ရုပ်ရည်က ခန့်ညား ချောမောလှကာ တော်ဝင် မျိုးနွယ်၏ ထူးကဲသော အော်ရာကို ပိုင်ဆိုင်ထားသည်။ အထူးသဖြင့်... သူ၏ ဟေဇယ်နှင့် ရွှေရောင် မျက်ဝန်းများမှာ အင်ပါယာ ကလန်၏ အမှတ် သင်္ကေတ အတိုင်း တဖျပ်ဖျပ် တောက်ပနေသည်။

စန်းလော့ယန်၏ ညာဘက်၌ ရပ်နေသည့် ရွေးချယ်ခံ သူရဲကောင်းမှာလည်း တော်ဝင်ဆန်ဆန် ရုပ်ရည်နှင့် လူငယ် တစ်‌ယောက် ဖြစ်သည်။ သို့သော်လည်း... ထျန်းကျူးရှင်း၊ စန်းလော့ယန်တို့နှင့် နှိုင်းယှဉ်လိုက်ချိန်တွင်တော့ သူက သာမန် ကောင်ငယ်လေး တစ်ယောက်လို ဖြစ်သွားကာ ထူးခြားမှု ကင်းမဲ့ သွားသည်။ သူ့ကို ချောသည်ဟု ပြော၍ မရသလို ရုပ်ဆိုးသည်ဟုလည်း ပြော၍ မရချေ။ သူက ထိုနှစ်ခု၏ အလယ်တည့်တည့်၌ ရပ်တည်နေသူ ဖြစ်သည်။ ပုံမှန် လူအုပ်ကြားတွင် ဆိုပါက သူ့ကို သတိထားမိဖို့ ခက်ခဲလိမ့်မည် ဖြစ်သည်။

လူငယ်မှာ လျှို့ဝှက် ကြယ်တာရာ အဆင့် နှစ်ယောာက်မှ မွေးဖွားလာသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ သူက ရွေးချယ်ခံ သူရဲကောင်းများ အကြားတွင် မျိုးရိုး အကောင်းဆုံး ဖြစ်လေရာ... ပါရမီပိုင်းတွင် ကွာခြားချက်များ ရှိသည်ဟု ဆိုနိုင်ပေသည်။ သူ့ကို သူ့မိဘများက တုကုပေ့ရွှမ်း ဟု နာမည် ပေးထားသည်။

တစ်ခဏ အတွင်းမှာပင် လူအများ၏ အာရုံများက တုကုပေ့ရွှမ်း အပေါ်သို့ စုပြုံကျရောက် သွားသည်။ လူငယ်လေးမှာ သူ့မိဘများလိုပင် ကျရှုံး ကျင့်ကြံသူ တစ်ယောက် ဖြစ်လာမည်လား။ သို့တည်းမဟုတ် အဆုံးမဲ့ အလားအလာများကို ထုတ်ဖော် ပြသနိင်မည်လား။

လူသန်းပေါင်းများစွာ၏ အကြည့်များနှင့် ရင်ဆိုင်နေရသည့်တိုင် တုကုပေ့ရွှမ်းမှာ အနည်းငယ် နောက်တွန့်သွားခြင်း မရှိပါချေ။ သူက ဖြည်းညင်းစွာပင် အော်ရာကို စတင် ထုတ်လွှတ်လိုက်၏။ သူ့ ပတ်ဝန်းကျင်ရှိ လေထုက ပျက်ပြယ်သွားကာ မန်နာများက လှုပ်ယမ်း သွားသည်။

ရလဒ်ကို တွေ့မြင်လိုက်ရသော အခိုက်တွင်တော့ လူတိုင်း၏ နှလုံးသားများမှာ တုန်ရီ သွားကြတော့၏။

***

All Chapters