ရလဒ် (၃)
Vol. 75 Ch. 1049
အဓိက ခန်းမကြီး၏ သီးသန့် ဟင်းလင်းပြင် နယ်မြေထဲတွင်တော့... လက်တစ်ဖက် ဝှေ့ယမ်းရုံဖြင့် လေနှင့်မိုးကို ဆင့်ခေါ်နိုင်သည့် ပုဂ္ဂိုလ်ကြီးများမှာ ထိုမြင်ကွင်းကို ကြီးမားလှသည့် မျက်နှာပြင်ကြီးများမှ ကြည့်နေခဲ့ကြလေသည်။
သူတို့ အားလုံး၏ အလယ်တည့်တည့်၌ ရှိနေသူက ရွှေရောင် ဝတ်စုံနှင့် ခုနစ်ရောင်ခြယ် ခါးပတ်ကို ဆင်မြန်းထားသည့် ပိန်ပိန်ပါးပါး ယောက်ျားကြီး တစ်ယောက် ဖြစ်သည်။ သူက ထာဝရ နတ်ဘုရားမှ တစ်ပါး မည်သူ ဖြစ်နိုင်ပါမည်နည်း။
သူနှင့် အတူ ရှိနေသူများထဲတွင် ဝိညာဉ် ရှန့်ထို ဧကရာဇ်၊ ယွီစွန်းလီနှင့် ရွှေရောင် ဂိတ်တံခါး နန်းတော်မှ မဟာ ပုရောဟိတ်တို့လည်း အပါအဝင်ပင် ဖြစ်သည်။
မဟာပုရောဟိတ်၏ နံဘေးတွင်တော့ ပိန်ပိန်ပါးပါး ကျောင်းတော်သား တစ်ယောက် ရှိနေခဲ့သည်။ သူက အညိုရောင် မျက်ဝန်းများကို ပိုင်ဆိုင်ထားကာ လေးထောင့်စပ်စပ် မျက်မှန်ကို တပ်ထားခဲ့သည်။ ရှည်လျား နက်မှောင်သည့် ဆံပင်ရှည်များကိုတော့ နောက်တွင် စုစည်း ထားခဲ့၏။ အကယ်၍ ထိုပုဂ္ဂိုလ်သာ မည်သူဖြစ်ကြောင်း သင် သိရှိပါက ကျိန်းသေ အံ့အားသင့်မိသွားလိမ့်မည် ဖြစ်သည်။
အဘယ်ကြောင့်နည်း။ သူက အလွန်တရာ နာမည် ကျော်ကြားလှသည့် အဆုံးမဲ့ သိုင်းဂိုဏ်းကြီး၏ ဂိုဏ်းချုပ် အဆုံးမဲ့ သိုင်းဧကရာဇ်မှ ဖြစ်နေသောကြောင့်ပင်။
သူတို့၏ နံဘေးတွင်တော့ ငွေရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် အခြား အမျိုးသမီး တစ်ဦး ရှိနေခဲ့သည်။ သူမက မျက်နှာကို ဇာသား တစ်ခုဖြင့် ဖုံးကွယ်ထားကာ လည်ပင်းတွင်တော့ လခြမ်း သဏ္ဌာန် ဆွဲကြိုးတစ်ကုံးကို ဆွဲထားသည်။ သူမက အလွန်တရာပင် ဆွဲဆောင်မှု ရှိလှကာ အထူးသဖြင့် ရင်သားများမှာ ဝတ်စုံအောက်မှပင် မို့မောက် တင်းရင်းနေ၏။ သူမက အလင်း မျက်နှာပြင်များကို တိတ်တဆိတ်ပင် လေ့လာနေ၏။
သူတို့ အားလုံးနှင့် အနည်းငယ် ကွာလှမ်းသည့် သီးခြား တစ်နေရာတွင်တော့ အရပ်ရှည်ရှည်နှင့် အသက်လတ် လူကြီး တစ်ဦး ရှိနေခဲ့သည်။ သူက အသက် ငါးဆယ်ခန့် ရှိကာ မီးခိုးရောင် ဆံပင်ရှည်များ၊ မုတ်ဆိတ်ရှည်များကို ပိုင်ဆိုင်ထားသည်။
သူက သပ်ရပ်သည့် အဖြူလွလွ ဝတ်စုံကို ဝတ်ဆင်ထားသည်။ ၎င်းက အလွန် သန့်စင်လွန်းရကား အသက်လတ် လူကြီး၏ ပတ်လည် တစ်မိုင်ခန့်ကို မည်သည့် အညစ်အကြေး၊ အစွန်းအထင်းမှ မသက်ရောက်နိုင်ပုံ ရသည်။ ထိုအခိုက်၌... လူကြီးမှာ မျက်လုံးများကို မှိတ်ထားကာ တရားထိုင်သည့် အနေအထား တစ်ခုတွင် ရှိနေခဲ့သည်။ သို့သော်လည်း... တစ်ချိန်တည်း၌ သူက အလင်း မျက်နှာပြင်များကို ဖြတ်သန်း၍ ကြည့်ရှုနေသလို လူတိုင်း ခံစားနေရ၏။
ထိုပုဂ္ဂိုလ်ကြီးကား မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးတွင် ဉာဏ်အကောင်းဆုံး၊ အစွမ်း အထက်ဆုံး လူများထဲမှ တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။ သူကတော့ အခြားသူ မဟုတ်... အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ၏ အင်ပါယာ အကြံပေးပင် ဖြစ်လေသည်။
သီးသန့် ဟင်းလင်းပြင် နယ်မြေ အတွင်း ရှိနေသည့် နောက်ဆုံး တစ်ယောက်ကတော့ တောက်ပြောင်သည့် အသားအရေ၊ လှပသည့် မုတ်ဆိတ်များနှင့် လူပုလေး တစ်ယောက် ဖြစ်သည်။ သူ၏ နောက်ကြောထက်တွင်တော့ သူ့ အရွယ်အစား နှစ်ဆမျှ ရှိသည့် တူကြီး တစ်လက် ရှိနေခဲ့သည်။ သူက ပန်းပဲဆရာများ၏ ဝတ်စုံကို ဝတ်ဆင်ထား၏။
ထိုလူပုလေးကား ပန်းပဲ နတ်ဘုရား အင်ပါယာပင် ဖြစ်လေသည်။ ထို့အပြင်... သူ ပုနေရသည့် အကြောင်းရင်းမှာ သဘာဝ အတိုင်း မဟုတ်ပဲ... ခန္ဓာကိုယ်အား ကျုံ့ဝင်စေသည့် ကျင့်စဉ် တစ်ခုကြောင့် ဖြစ်ကြောင်း လူတိုင်း သိကြပေသည်။ တစ်ခါတစ်ရံ၌ လူများမှာ သူ့ကို အရပ် ခြောက်ပေခန့် ရှိသည့် သာမန် လူတစ်ယောက် အဖြစ် တွေ့မြင်ရပေသည်။
သီးသန့် ဟင်းလင်းပြင် အတွင်း၌ ရှိနေသည့် ပုဂ္ဂိုလ် တစ်ယောက်ချင်းစီမှာ ကြယ်ကွင်းပြင်၏ အကြီးမားဆုံးသော သြဇာအာဏာကို ပိုင်ဆိုင်ထားကြသူများ ဖြစ်လေရာ အလွန် ရှားပါးသည့် စုစည်းမှု တစ်ခုဟု ဆိုရပေလိမ့်မည်။
“ကြယ်တာရာ အမြုတေ အဆင့်... ကြည့်ရတာ မင်းက ဝှက်ဖဲကို သိမ်းထားခဲ့တဲ့ပုံပဲကွ... ဒီပြိုင်ပွဲ လုပ်ဖို့ အကြံပေးခဲ့တာ မထူးဆန်းတော့ဘူး”
အဆုံးမဲ့ သိုင်းဧကရာဇ်က ဆိုလိုက်၏။ သူ၏ လေသံက ပေါ့ပေါ့ပါးပါး နိုင်လှသည့်တိုင် စကားလုံး တစ်လုံးချင်းစီမှာ အလွန် လေးပင်လှသည့် စွမ်းအင်လှိုင်းများကို သယ်ဆောင်ထားပေသည်။ သူ၏ အလွန် အစွမ်းထက်လှသည့် ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်မှာ ရှင်းလင်းလှသည်။
တုကုပေ့ရွှမ်းမှာ ကြယ်တာရာ အမြုတေ အဆင့် တစ်ယောက် ဖြစ်ကြောင်း သူ့ကိုယ်သူ ထုတ်ဖော်ပြသခဲ့သည်။ ထို့အပြင် သူက ပထမ အဆင့်ပင် မဟုတ်ချေ။ ဒုတိယမြောက် ကောင်းကင် အုပ်စိုးသူ အဆင့် ဖြစ်သည်။ ထိုကျင့်ကြံခြင်း အခြေခံက လူတိုင်းကို အံ့အားသင့်စေခဲ့ကာ သံသယ စိတ်များပင် မွေးဖွား လာစေခဲ့သည်။
အခြား သေမျိုး အဂ္ဂိရတ် အာဏာရှင်များပင်လျှင် ထိုထုတ်ဖော် ပြသမှုကို ကြည့်ကာ တိတ်ဆိတ် ငြိမ်သက် နေကြ၏။ တုကုပေ့ရွှမ်း၏ မူလ ကျင့်ကြံခြင်း အခြေခံက ယန်ဖွံ့ဖြိုးခြင်း အဆင့် ဖြစ်သည်။ ထို့နောက်... သုံးနှစ်ခွဲမျှ အတွင်းမှာပင် သူက ကြယ်တာရာ အမြုတေ အဆင့်နှစ် ကောင်းကင် အုပ်စိုးသူ အဆင့်ကို ခုန်တက် သွားခဲ့ခြင်း ဖြစ်သည်။ ထိုတိုးတက်မှုက ကြောက်စရာ ကောင်းလွန်းလှသည်။
မည်ကဲ့သို့နည်း။ ထိုအရာက လူတိုင်း၏ စိတ်ထဲ၌ တစ်ပြိုင်နက်တည်း ပေါ်လာသည့် မေးခွန်း တစ်ခုပင်။ အားလုံး၏ မျက်လုံးများက ထုတ်ကုန်ထံမှ တစ်ဆင့် ထုတ်လုပ်သူထံ ပြန်လည် ရွေ့လျား သွား၏။ စန်းလော့ယန်မှာ အပြုံးတစ်ခုကို ဆင်မြန်းထားကာ ပရိသတ်များထံမှ အာရုံ စူးစိုက်မှုများကို ကျေကျေနပ်နပ်ပင် လက်ခံ နေသည်။
“ဟမ့်...”
ထိုအခိုက်တွင်ပင် အေးစက်သည့် နှာခေါင်းရှုံ့သံ တစ်ခု ထွက်ပေါ်လာကာ လူတိုင်း၏ အာရုံများကို ဝူယုထံသို့ ယူဆောင် သွားခဲ့သည်။ ဝူယု၏ မျက်ဝန်းများက အဆုံးမဲ့ ကြယ်တာရာများနှင့် ပြည့်နှက်နေကာ စန်းလော့ယန်ကို အကြောက်အလန့် ကင်းမဲ့စွာ စိုက်ကြည့် နေခဲ့၏။
“မင်း ဘာလို့ ကျင့်ကြံခြင်း အဆင့်ကို ဝှက်ထားတာလဲ...”
ဝူယု၏ မေးခွန်းက မရေမတွက်နိုင်သည့် လူများကို အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ် သွားစေ၏။ သို့သော်လည်း သူတို့၏ နှလုံးသားများကတော့ စိတ်လှုပ်ရှားမှုနှင့် အတူ မြင်းရိုင်းများလို ကဆုန်ဆိုင်း ပြေးနေခဲ့ပြီ ဖြစ်သည်။ သူတို့က စန်းလော့ယန်ကို အလုအယက် ပြန်လည် ကြည့်လိုက်မိကြ၏။ ကျင့်ကြံခြင်း အဆင့် ဝှက်ထားခြင်း... ထိုအရာက ဘာကို ဆိုလိုသနည်း။
စန်းလော့ယန်၏ အမူအရာက ပြောင်းလဲသွားကာ ဝူယုကို စိုက်ကြည့်လိုက်၏။ ထိုအာရုဏ်ဦး စစ်သည်က ဖုံးကွယ်ခြင်း ရတနာကို မည်ကဲ့သို့ ဖြတ်မြင်နိုင်သနည်း။ သို့သော်လည်း... ဝူယု ဆိုသော လူအိုကြီးမှာ လွယ်လွယ်ကူကူဖြင့် မဟာ ဧကရာဇ် ဖြစ်လာခဲ့ခြင်း မဟုတ်ကြောင်း သိရှိပြီး ဖြစ်လေရာ စန်းလော့ယန် စိတ်တည်ငြိမ်မှုကို လျှင်မြန်စွာ ပြန်လည် ရရှိလိုက်၏။
“ဝှက်ထားရမယ်... ဟုတ်လား...”
စန်းလော့ယန်က ခေါင်းကို ခါယမ်းလိုက်၏။
“ခင်ဗျား ပြောမှ ကျုပ် သတိရသွားတယ်... ဟုတ်သားပဲ... ကျုပ် အဆင့် ချိုးဖျက်နိုင်တာကို ကြေညာရဦးမယ်”
“အဆင့်ချိုးဖျက်တာ...”
အားလုံး၏ မျက်လုံးများက အံ့သြ ထိတ်လန့်မှုများနှင့် ပြည့်နှက် သွား၏။ အဆုံးမဲ့ သိုင်းဧကရာဇ်နှင့် ဝိညာဉ် ရှန့်ထို ဧကရာဇ်တို့ ပင်လျှင် ထာဝရ နတ်ဘုရားကို မတူကွဲပြားသည့် အမူအရာများဖြင့် တ်ချက် လှမ်းကြည့် လိုက်သည်။
ဟူး... ဟူး...
ဖုံးကွယ်ခြင်း အစီအရင်ကို ဖယ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် စန်းလော့ယန်၏ လျှို့ဝှက် ဝိညာဉ်မှာ လျှို့ဝှက် ရည်ရွယ်ချက် အော်ရာများဖြင့် စတင် တောက်ပလာ၏။ သောင်းနှင့်ချီသည့် သင်္ကေတများက သူ့ခန္ဓာကိုယ် တစ်ဝိုက်၌ မွေးဖွားလာကာ ဆိုင်းကလုန်း မုန်တိုင်း တစ်ခုအလား စတင် ဝှေ့ယမ်းလိုက်သည်။ ထိုအခိုက်၌ သေမျိုးတိုင်းမှာ အလွန်တရာ ကြီးမားသည့် ဖိအား တစ်ခုကို ခံစားလာရ၏။ သူတို့က ချက်ချင်းပင် စန်းလော့ယန်ကို ဒူးထောက် ခစားကာ ဦးညွှတ်ချင်စိတ်များပင် ဖြစ်ပေါ်နေခဲ့ပြီ ဖြစ်သည်။
နိုးထခြင်း အဆင့် ရည်ရွယ်ချက်၊ လျှို့ဝှက် သင်္ကေတများနှင့် ကြောက်မက်ဖွယ် အော်ရာ...
မြေကြီး ရှန့်ထို...
စန်းလော့ယန်မှာ မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
ဥမင်၏ အဆုံးမှ အလင်းရောင် ကဲ့သို့ လူတိုင်းမှာ အဖြေကို သိလိုက်ပြီ ဖြစ်သည်။ စန်းလော့ယန်မှာ သေမျိုး အဂ္ဂိရတ် အာဏာရှင် ၂၄၅ ယောက်တွင် ပထမဆုံးသော မြေကြီး ရှန့်ထို ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ထိုကျင့်ကြံခြင်း အဆင့်က ဆေးဖော်စပ်နှုန်းကို မည်ကဲ့သို့ မသက်ရောက်ပဲ နေပါမည်နည်း။ ဆေးအရည်အသွေးကို မည်ကဲ့သို့ မသက်ရောက်ပဲ နေပါမည်နည်း။ အောင်မြင်မှုနှုန်းကို မည်ကဲ့သို့ မသက်ရောက်ပဲ နေပါမည်နည်း။ ထို့အပြင်... သူက သာမန် မြေကြီး ရှန့်ထို တစ်ယောက် မဟုတ်ချေ။ လမ်းစဉ် လေးခုကို ပိုင်ဆိုင်ထားသည့် ထိပ်တန်း မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်သည်။ သုံးနှစ်ခွဲ အတွင်း သူ ကောင်းကင် အုပ်စိုးသူ တစ်ယောက်ကို ပြုစု ပျိုးထောင်ပေးနိုင်ခဲ့တာ မထူးဆန်းတော့ချေ။
စန်းလော့ယန်ပြီးနောက် ဟွမ်ရီကောင်းမှာ သူ့ရွေးချယ်ခံ သူရဲကောင်းနှင့် အတူ ကောင်းကင် နန်းတော်ထဲမှ ဝင့်ကြွားစွာ ထွက်ပေါ်လာခဲ့၏။
မရေမတွက်နိုင်သည့် ပရိသတ်များမှာ အင်ပါယာ ကလန်၏ အဂ္ဂိရတ် အာဏာရှင်ကို ကြည့်ရင်း ပုံမှန်ထက် ပိုမို၍ စိတ်လှုပ်ရှား လာကြသည်။ သူကရော အံ့အားသင့်ဖွယ် တစ်ခု လုပ်ပြနိုင်မည်လား။ မြေကြီး ရှန့်ထို အဆင့် ကျင့်ကြံခြင်း အခြေခံကို ထုတ်ဖော်ပြသမည်လား။
ဟွမ်ရီကောင်း၏ ရွေးချယ်ခံ သူရဲကောင်းမှာ အရပ်ရှည်ရှည်နှင့် ချောမော ခန့်ညားသည့် လူငယ် တစ်ယောက် ဖြစ်သည်။ တစ်နည်းဆိုရသော်... သူက ရွေးချယ် တစ်ယောက်နှင့် ထိုက်တန်သည့် ဥပဓိရုပ်မျိုး ပိုင်ဆိုင်ထားသူ ဖြစ်၏။ သို့သော်လည်း... သူက အော်ရာကို ထုတ်ဖော်ပြသချိန်တွင်တော့ လူတိုင်း၏ တုန့်ပြန်မှုများက အနည်းငယ် ကွာခြား သွားကြသည်။
ကြယ်တာရာ အမြုတေ အဆင့်တစ်... လောကပင်လယ် အဆင့်...
"..."
လူများ၏ အကြည့်များက တုကုပေ့ရွှမ်းထံ ပြန်လည် ရောက်ရှိသွားကြ၏။ မျှော်လင့်မထားသည့် တုန့်ပြန်မှုကြောင့် ဟွမ်ရီကောင်း၏ အမူအရာက သုန်မှုန်မှုများနှင့် ပြည့်နှက် သွားသည်။ သူ ချက်ချင်းပင် ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်လိုက်၏။
ဟွမ်ရီကောင်းမှာ သေမျိုး အဂ္ဂိရတ် အာဏာရှင်များထဲတွင် နောက်ဆုံးမှ ထွက်ပေါ်ကာ သူ ပြုစုပျိုးထောင်ထားသည့် ရွေးချယ်ခံ သူရဲကောင်း၏ အံ့အားသင့်ဖွယ် ကျင့်ကြံခြင်း အခြေခံကို ပြသလျှက် အားလုံးထံမှ အထင်ကြီးမှုများကို သိမ်းပိုက်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ထိုအရာက သူ ကိုယ်တိုင် သေချာ စီစဉ် တွက်ချက်ထားသည့်အစီအစဉ် တစ်ခုပင်။
မလှမ်းမကမ်းတွင် ရပ်နေသည့် စန်းလော့ယန်ကို သတိထားမိသော အခိုက်၌ ဟွမ်ရီကောင်း၏ မျက်လုံးများက ကျဉ်းမြောင်း သွား၏။ စန်းလော့ယန်က မြေကြီးရှန့်ထို တစ်ယောက် ဖြစ်သွားသည်လား။ နောက်ပြီး... သူ့ ရွေးချယ်ခံ သူရဲကောင်းက ကောင်းကင် အုပ်စိုးသူ အဆင့်...။
ထိုအရာက...။
မချင့်မရဲဖြင့် အရှုံးကို လက်ခံရန်မှ တစ်ပါး ဟွမ်ရီကောင်းထံတွင် အခြား ရွေးချယ်စရာ မရှိခဲ့ပါချေ။
နောက်ဆုံး၌... သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်သာ ထုတ်ဖော်ပြရန် ကျန်ရှိပေတော့သည်။ သူကတော့ ဝေ့ဝူယင်ပင်။
***