← Chapters

တုလင်၏ ကျင့်ကြံခြင်း အဆင့်

Vol. 75 Ch. 1050

တုလင်၏ ကျင့်ကြံခြင်း အဆင့်

Vol. 75 Ch. 1050

“ဝေ့ဝူယင်...”

အားလုံး၏ မျက်လုံးများက ဖြည်းညင်းစွာပင် လျှို့ဝှက် အမိုးခုံးပေါ်သို့ ရွေ့လျားသွား၏။ အချိန်နှင့် အမျှ သူတို့၏ စိတ်အတွေးများမှာ ရိုင်းစိုင်းစွာပင် အမျိုးမျိုးသော ခံစားချက်များ၊ မျှော်လင့်ချက်များ၊ ရူးသွပ်ဖွယ်အတွေးများနှင့် ပြည့်နှက်လာနေခဲ့သည်။

သေမျိုး အဂ္ဂိရတ် အာဏာရှင် ၂၄၄ ယောက်ထဲ၌ နောက်ဆုံးသော ပုဂ္ဂိုလ်မှာ အလွန် ပါရမီ ပါလှသည့် အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်သည်။ သူက သမိုင်းတစ်လျှောက် အငယ်ဆုံးသော သေမျိုး အဂ္ဂိရတ် အာဏာရှင်လည်း ဖြစ်ကာ အသက်တစ်ရာ မပြည့်ခင်မှာပင် ခေတ်တစ်ခုအား ပြောင်းလဲစေခဲ့သည့် ထုတ်ကုန်ကို ထုတ်လုပ်ခဲ့သူ ဖြစ်သည်။ သို့ဖြစ်လေရာ မည်သူက စိတ်မလှုပ်ရှားပဲ နေပါမည်နည်း။

သို့သော်လည်း... စန်းလော့ယန်မှာ ကြယ်တာရာ အမြုတေ အဆင့်နှစ် ရွေးချယ်ခံ တစ်ယောက်ကို ပြုစု ပျိုးထောင်နိုင်ခဲ့လေရာ ဝေ့ဝူယင် အနိုင်ရရန် ရာခိုင်နှုန်း နည်းကြောင်း အားလုံး သဘောပေါက်ထားကြပြီး ဖြစ်သည်။

လူငယ်လေးမှာ သေမျိုး အဆင့်ဖြင့် လျှို့ဝှက် အာဏာရှင် အဆင့် အဂ္ဂိရတ် အာဏာရှင်များကို ယှဉ်ပြိုင် နေရခြင်း ဖြစ်သည်။ သူ့အသက်အရွယ်၊ သူ့ ကျင့်ကြံခြင်း အခြေခံဖြင့် ထိုကဲ့သို့ ပြိုင်ပွဲမျိုးတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်းကပင် ရူးသွပ်လောက်စရာ ကောင်းနေခဲ့ပြီ ဖြစ်သည်။

ဘယ်လိုပဲ ဖြစ်ဖြစ်... သူတို့ စိတ်အတွင်းပိုင်းတွင်တော့ အလွန် ခမ်းနားထည်ဝါလှသည့် အပြောင်းအလဲ တစ်ခုကို မျှော်လင့် မိကြဆဲ ဖြစ်သည်။

အသက် တစ်ရာပင် မပြည့်သေးသည့် သေမျိုးလေး တစ်ယောက်က မြေကြီး ရှန့်ထို တစ်ယောက် အပါအဝင် လျှို့ဝှက် အာဏာရှင် အဆင့် အဂ္ဂိရတ် အာဏာရှင်များကို အနိုင်ယူကာ ခေတ်သစ် တစ်ခုကို ထူထောင်ခဲ့ခြင်း... ထိုကဲ့သို့ ဆိုလျှင် မည်မျှ ကြီးကျယ် ခမ်းနားလိုက်သနည်း။

“ကြည့်ရတာ ငါတို့က နောက်ဆုံးပဲကွ...”

ရုတ်တရက် အသံတစ်ခုနှင့် အတူ ဖြူလွလွ အဂ္ဂိရတ် ဝတ်စုံကို ဝတ်ဆင်ထားသည့် ချောမောသော လူငယ်လေး တစ်ယောက် ထွက်ပေါ်လာ၏။ သူ၏ ငွေရောင် မျက်လုံးများက တဖျပ်ဖျပ် တောက်ပနေကာ အဓိက ခန်းမ အတွင်းကို တစ်ချက် ဝှေ့ကြည့်လိုက်သည်။ သူက အားလုံး စောင့်မျှော်နေကြသည့် ဝေ့ဝူယင်ပင်။

“နောက်ဆုံး ဟုတ်လား... သခင်က ပထမဆုံး ဖြစ်ချင်တယ်လို့ ကျုပ် ထင်နေတာ”

နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာကာ အနီရောင် ရင့်ရင့် ဝတ်စုံနှင့် လူဝကြီး တစ်ယောက် ဝေ့ဝူယင် နောက်တွင် ပေါ်လာခဲ့၏။ ချက်ချင်းပင် အားလုံး၏ အာရုံများက တုလင် အပေါ်သို့ စုပြုံကျရောက်သွား၏။

“မင်းသားလေးက ပထမ နေရာကို ယူမယ်လို့ ပြောတာ... ပထမဆုံး အပြင်ကို ထွက်မယ် ပြောတာ မဟုတ်ဘူး... နင့်နားတွေကို သန့်ရှင်းရေး လုပ်ပေးရတော့မှာလား”

အဘွားအို လော့နင်မှာလည်း ကုန်းကုန်း ကုန်းကုန်းနှင့် ထွက်လာ၏။ သူမ၏ လေသံက ရွှင်မြူးမှုများနှင့် ပြည့်နှက်နေသည်။

“ဖေကြီး... ဖေကြီး... အဲဒါ ဖေကြီးပဲ... ကိုကို”

တုပင်းက တုလင်ကို လှမ်းကာ လက်ညိုးထိုးရင်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။ လွန်ခဲ့သည့် သုံးနှစ်ခွဲ အတွင်း ဖခင်ဖြစ်သူနှင့် အတူ မကြာခဏ ဆုံခဲ့ရသည့်တိုင် တုပင်းမှာ အကြိမ်တိုင်း စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်။ ယခုတွင်တော့ သုံးနှစ် ကောင်လေးမှာ အသက် ခြောက်နှစ် ရှိလာခဲ့ပြီ ဖြစ်သည်။ သူက အနည်းငယ် အရပ်ပိုရှည်လာကာ ဉာဏ်လည်း ပိုကောင်းလာ၏။ ယခုအခါ၌ တုပင်းမှာ အချီပင် သိပ်မခံတော့ချေ။ သူက အကိုဖြစ်သူ၏ လက်ကို ဆွဲကာ ကိုယ်တိုင် ရပ်နေခဲ့၏။

တုလင်မှာ တုပင်းလေး၏ အသံကို ကြားလိုက်ရလေရာ ခေါင်းကို ချာချာလည်လှည့်၍ ရှာဖွေလိုက်၏။ မကြာခင်မှာပင် သူက လူအုပ် အကြားတွင် သားများကို တွေ့ရှိသွားကာ အတောက်ပဆုံး ပြုံး၍ လှမ်းကာ လက်ဝှေ့ယမ်း ပြလိုက်လေသည်။

တစ်ချိန်တည်း၌... ဝေ့ဝူယင်မှာ တလက်လက် တောက်ပနေသည့် ငွေရောင် မျက်ဝန်းများဖြင့် အခြားသော သေမျိုး အဂ္ဂိရတ် အာဏာရှင်များနှင့် သူတို့၏ ရွေးချယ်ခံ သူရဲကောင်းများကို စစ်ဆေး နေခဲ့သည်။ တုကုပေ့ရွှမ်းထံမှ ကောင်းကင် အုပ်စိုးသူ အငွေ့အသက်များ တွေ့မြင်လိုက်ရသော အခိုက်၌ သူ့ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်း သွားသည်။ သူ တိတ်တဆိတ်ပင် အခြားလူများကို ဆက်လက်၍ စစ်ဆေးလိုက်၏။ ‌

တစ်ယောက်ပြီး တစ်ယောက်... နောက်တစ်ယောက်...

ကောင်းကင်ဘုံ နတ်မျက်လုံးများ၏ အောက်၌ သူ့ထံမှ ကျင့်ကြံခြင်း အခြေခံကို ဖုံးကွယ်ထားနိုင်သည့် ရွေးချယ်ခံ သူရဲကောင်း မရှိပါချေ။ သို့သော်လည်း... အချိန်တိုင်း၌ အမျှ သူ့ မျက်လုံးများက ပိုမို၍ ကျဉ်းမြောင်းလာနေခဲ့၏။

အခြားတစ်ဖက်တွင်တော့...

“တုလင်ရေ... နင့်အလှည့်ရောက်ပြီ... ပြလိုက်တော့”

လော့နင်က ပြုံးရင်း ပြောလိုက်၏။ သူမမှာ လောကကြီးကို သူမ ဘဝ တစ်လျှောက် ဂုဏ်အယူရဆုံး လက်ရာအား ပြသလိုနေခဲ့ပြီ ဖြစ်သည်။ သူမမှာ ထိုထုတ်ကုန် အားလုံးကို သူမကိုယ်တိုင် ဖော်စပ်ခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင်က သူမကို စိတ်စွမ်းအင် ချိတ်ဆက်မှုမှ တစ်ဆင့်သာ ကူညီပေးခဲ့သည်။

ဝေ့ဝူယင်မှာ အဂ္ဂိရတ် တာအို၏ အစစ်မှန်ဆုံးသော ဆရာသခင် တစ်ယောက်ဟုပင် သူမ ခံစားနေရသည်။ တစ်ခါတုန်းက သူမ ဟွမ်ရီကောင်းထံတွင် ပညာသင်ကြားခဲ့ဖူးသည်။ ထိုပုဂ္ဂိုလ်ကြီးမှာ နှစ်ပေါင်း သောင်းနှင့်ချီ အဂ္ဂိရတ် ပညာရပ်ကို လေ့လာထားကာ ကြယ်ကွင်းပြင် တစ်ခုလုံး၏ အဂ္ဂိရတ် နယ်ပယ်တွင် သြဇာ အကြီးဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ သူက အဂ္ဂိရတ် ရှန့်ထိုများထက်ပင် များစွာ သိမ်ငယ်ခြင်း မရှိပါချေ။

အင်ပါယာ ကလန်၌ နေထိုင်ခဲ့ည့် နှစ်များ အတွင်း သူမ တိုးတက်ခဲ့ပေသည်။ သို့သော်လည်း... သေမျိုး အဆင့်ကိုး တာအိုကိုပင် သူမ နီးကပ် ခဲ့ခြင်း မရှိခဲ့ပါချေ။

ယခု ဝေ့ဝူယင်၏ လမ်းညွှန်မှု ‌အောက်တွင်တော့ လုံးဝ ခြားနားသည့် လမ်းစဉ် တစ်ခုကို သူမ ရှာတွေ့ခဲ့သည်။ အထူးသဖြင့်... ဒြပ်စင် ဥဿုံ နေကြတ် မှော်ဆေးအိုးလို ရတနာ၏ အကူအညီနှင့် အတူ သူမ ကြီးမားသည့် အောင်မြင်မှုများ ရရှိခဲ့သည်။ ဤအတိုင်းသာ ဆက်လက် တိုးတက်သွားပါ အဂ္ဂိရတ် ရှန့်ထို တစ်ယောက်ပင် ဖြစ်လာနိုင်သည်ဟု သူမ ယုံကြည်ချက် ရှိနေခဲ့ပြီ ဖြစ်သည်။

တုလင်က ပင့်သက်တစ်ချက် ရှိုက်လိုက်၏။ သူက အခြား သေမျိုး အဂ္ဂိရတ် အာဏာရှင်များကို မကြည့်သလို အခြား ရွေးချယ်ခံ သူရဲကောင်းများကိုလည်း စစ်ဆေးရန် မကြိုးစားပါချေ။ ဂုဏ်ယူ ဝင့်ကြွားစွာဖြင့် ရှေ့ကိုသာ ခြေတစ်လှမ်း တိုးလိုက်သည်။

ဝေ့ဝူယင်မှာ ထိုအရာကို သတိထားမိသည်နှင့် နောက်ကို ကပျာလှည့်လိုက်၏။

“နေ..”

သူ တုလင်ကို ခေါ်ဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း... နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

ဘုန်း...

တုလင်၏ အော်ရာက ပေါက်ကွဲထွက်ပေါ်လာကာ သူ့ခန္ဓာ ကိုယ်မှာ ကြောက်မက်ဖွယ် စွမ်းအားဖြင့် လွှမ်းခြုံ သွား၏။ အနီရင့်ရောင် ကြယ်တာရာ အမြုတေက သူ့ထျန်းတျန် အတွင်း တောက်ပလာကာ လူတိုင်းကို မြင်သာအောင် ပြလိုက်သည်။ ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ မန်နာများမှာ စတင် လှည့်ပတ်လာကာ တုလင်၏ ထိန်းချုပ်မှု အတွင်း ကျရောက်သွား၏။

တုလင်၏ အထက်တွင်တော့ မီတာပေါင်း တစ်သောင်း မြင့်မားသည့် မီးတောင်ကြီး တစ်ခု ရှိနေခဲ့သည်။ ဝိညာဉ် စွမ်းအင်များနှင့်သာ ဖွဲ့စည်းထားသည့်တိုင် ၎င်းမှာ လောက၌ အမှန်တကယ် တည်ရှိနေသလို အမှောင် မီးခိုးများနှင့် အပူရှိန်များကို တငြီးငြီး ထုတ်လွှတ်နေခဲ့၏။ ထိုတောင်ကြီး၏ ပတ်လည်တွင်တော့ ရစ်ပတ်နေသည့် ကွင်းကြီး ဆယ်ခု ရှိနေခဲ့သည်။

သို့သော်လည်း တိုးတက်မှုများက ထိုမျှနှင့် ရပ်တန့်သွားခြင်း မရှိပါချေ။

“ယား...”

တုလင်က အော်ဟစ် မာန်သွင်းရင်း အံကို တင်းတင်းကြိတ်၊ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ အော်ရာကို အမြင့်ဆုံးထိ မြှင့်တင်လိုက်သည်။ ရုတ်ချည်းပင် အာကာသမှာ အေးခဲသွားကာ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းလုံးများ ထွက်ပေါ်လာခဲ့၏။ ၎င်းတို့က ပတ်ဝန်းကျင် ဟင်းလင်းပြင်ကို သက်ရောက်ကာ အထက် ကောင်းကင်ရှိ ပလ္လင်များထံကိုပါ ပျံ့နှံ့ သွားခဲ့သည်။

နောက်ဆုံး အနေဖြင့် တုလင်က ကြယ်တာရာ ဝိညာဉ်နှင့် ပြီးပြည့်စုံစွာ ပေါင်းစည်ထားသည့် နယ်မြေ မျိုးစေ့ကို ထုတ်လွှတ်လိုက်၏။

ဘုန်း...

သူ့ခန္ဓာကိုယ်မှ နေ၍ အနီရင့်ရောင် လောကနယ်မြေ တစ်ခု ဖြာကာ ထွက်ပေါ်လာခဲ့သည်။ ၎င်းက အချင်း မီတာ သုံးရာတိုင်တိုင် ဖြန့်ကျက်သွားပြီးနောက်မှ ရပ်တန့် သွာ’၏။

အာရုဏ်ဦး နေမီးတောက် ဆေးလုံး...

“ဘုရားရေ..”

မူယုယ၏ မျက်လုံးများမှာ အဆုံးစွန်ထိ ဝိုင်းစက် ပြူးကျယ်သွား၏။ သူမ၏ မေးရိုးများက အောက်သို့ ပြုတ်ကျလုနီးပါးပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

အခြားတစ်ဖက်၌...စန်းလော့ယန်၏ အပြုံးများမှာ လမ်းခုလတ်တွင်ပင် အေးခဲနေ၏။ သူ၏ မျက်လုံးများက မီတာပေါင်း တစ်သောင်း မြင့်မားသည့် ဝိညာဉ်ဆင်းတုကြီးနှင့် ကွင်းသုံးကွင်းကို မလွတ်စတမ်း ‌ငေးမော ကြည့်နေခဲ့သည်။ ပြင်းထန်သည့် အာကာသ ပဲ့တင်သံလှိုင်းများအောက်တွင် သူ့ဝတ်ရုံကတော့ တဖျပ်ဖျပ် လွင့်ခါနေလေ၏။

အာကာသ ပဲ့တင်သံ အဆင့်...

ဝေ့ဝူယင်မှာ ဖြူရော်စွာ ပြုံးရင်း မျက်နှာလွှဲလိုက်၏။ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ သေမျိုး အဂ္ဂိရတ် အာဏာရှင် ဆိုသူများမှာ ထိုမျှ အသုံးမကျလိုက်မည်ဟု မည်သူ ထင်ထားခဲ့မိလိမ့်မည်နည်း။ ရွေးချယ်ခံ သူရဲကောင်းများထဲတွင် ချီပျစ်ခဲခြင်း အဆင့်များပင် ကျန်ရှိနေသေးသည်။ မဟုတ်သေး... အားလုံးနီးပါးက ချီပျစ်ခဲခြင်း အဆင့်များ ဖြစ်သည်။

အဘယ်ကြောင့်နည်း။ သုံးနှစ်ခွဲ ဆိုသည့် ထိုသောက်အချိန်ကြီးက ဘာအတွက်နည်း။ မဟာစက်ဝန်း အဂ္ဂိရတ် တိုက်ပွဲ အပေါ် ဝေ့ဝူယင်၏ နားလည်မှုက ရိုးရှင်းပေသည်။

ယင်းပြိုင်ပွဲ အကြောင်း ထာဝရ နတ်ဘုရား စတင် အဆိုပြုစဉ်တုန်းက... ပြိုင်ပွဲ၏ အဆုံးသတ်တွင် ခေတ်သစ်တစ်ခု အပြောင်းအလဲကို ထင်ဟပ်စေရန် အာရုဏ်ဦး နေမီးတောက် ဆေးလုံး သို့မဟုတ် ထာဝရ နယ်မြေ ဆေးလုံးတို့ကို အသုံးပြုစေလိမ့်မည်ဟု သူ ယုံကြည်ထားခဲ့သည်။

ပြိုင်ပွဲဝင်များ အနေဖြင့် အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို ရရှိရန် မဖြစ်နိုင်လျှင်ပင် ထာဝရ အစည်းအရုံးဘက်မှ ထာဝရ နယ်မြေ ဆေးလုံးကို ရရှိဖို့ လုပ်ဆောင်‌ပေးလိမ့်မည်ဟု သူ ယုံကြည်ထားခဲ့သည်။

ထိုဆေးလုံးများကို အသုံးပြုရန် အတွက် အနိမ့်ဆုံး ကျင့်ကြံခြင်း အကန့်အသတ်မှာ ဝိညာဉ် ဆင်းတု အဆင့် ဖြစ်သည်။ အဂ္ဂိရတ် တိုက်ပွဲမှာ ငါးနှစ်ကျော် ကြာမည် ဖြစ်လေရာ ရွေးချယ်ခံ သူရဲကောင်းများမှာ ထိုဆေးလုံးများကို သန့်စင်ရန် နောက်ထပ် နှစ်နှစ် ဝန်းကျင် အချိန် ရရှိမည်။ ထိုအရာက သူ့နားလည်မှု ဖြစ်သည်။

သို့သော်လည်း... မည်သည့် အရာများ ဖြစ်ပျက်ကုန်သနည်း။ လေးဆယ့် နှစ်လ ဆိုသော အချိန်မှာ အလွန် ကြာမြင့်လှသည့် အချိန်တစ်ခု ဖြစ်သည်။

ထိုကာလအတွင်း၌ သူသည်လျှင်ပင် အဆုံးမဲ့ ကြယ် ပဲ့တင်ထပ်ခြင်း ဆေးလုံးများကို သုံးကာ လောကသခင် အဆင့်၏ အကန့်အသတ်ကို ရောက်ရှိခဲ့သည်။ ဧဒင်ထံမှ ဆုံးရှုံးသွားသည့် ကျင့်ကြံခြင်း အပိုင်းများကို ပြန်ဖြည့်နိုင်ခဲ့သည်။

ထို့အပြင်... လော့နင်နှင့် တုလင်တို့ကို အာရုဏ်ဦး ဧဒင် လွဲပြောင်းခြင်း အစီအရင်မှ တစ်ဆင့် အမျိုးမျိုးသော ကျင့်စဉ်များ၊ နည်းလမ်းများကို သင်ပေးခဲ့သည်။ အာရုဏ်ဦး ဧဒင် လွှဲပြောင်းခြင်း အစီအရင် ဆိုသည်မှာ သူ အသုံးပြုခဲ့သည့် ဉာဏ်အလင်းများကို လွှဲပြောင်းပေးသည့် အစီအရင်ပင် ဖြစ်သည်။ ၎င်းက စိတ်တာအို အပေါ် သူ့ကိုယ်ပိုင် ထိုးထွင်း သိမြင်မှုများနှင့် ဆက်စပ်နေလေရာ ထိုကဲ့သို့ နာမည်ပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း...

အချို့သော သေမျိုး အဂ္ဂိရတ် အာဏာရှင်များမှာ အဘယ်ကြောင့် မှားသော အမှန်အဆင့်ကိုပင် မကျော်ဖြတ်နိုင်ရသနည်း။ သူတို့ထံတွင် ယင်ယန် ကောင်းကင် စက်ဝန်းများကို ဖန်တီးနိုင်စွမ်း မရှိလေသည်လား။

ထိုအရာက လုံးဝ စိတ်ပျက်စရာ ကောင်းလွန်းလှပေသည်။

***

All Chapters