အခန်း (၁၂၉)
Vol. 9 Ch. 129
လူငယ်မှာ အခိုက်တန့်တစ်ခုအကြာခန့်အံ့သြ သွားသည်။
ဤသည်မှာ သူနတ်စဥ်ပေါ်တွင် ပေါ်လာပြီး တည်ငြိမ်စွာရှိနေရာမှ ပထမဆုံးပြောင်းလဲသွားသည့် အမူအယာဖြစ်သည်။ ထို့နောက်တွင် လျှင်မြန်စွာပင် သူ၏ အမူအယာမှာ ပြန်လည်တည်ငြိမ်သွားပြီး ဖှေးအားစိုက်ကြည့်လိုက်သည်။
ဖှေးလဲ ပုခုံးတွန့်ပြလိုက်၏။
သူပြောသည်မှာ အမှန်တိုင်းပင်။ သူခန့်မှန်းလိုက်ခြင်းဖြစ်သည်။
မင်းသမီးမှာ တစ်စုံတစ်ခုအတွက် ကြိုတင်ပြင်ဆင်နေသည်ကို ဖှေးရိပ်မိပြီးဖြစ်သည်။ ထို့အပြင် လုပ်ကြံသတ်ဖြတ်သူများ ဝိုင်းရံထားခြင်းကို ခံလိုက်ရစဥိကတည်းက မင်းသမီး၏ အမူအယာမှာ တည်ငြိမ်လွန်းလှသည်။ ဘေးတွင်ရှိသော လူများအားလုံးမင်းသမီးကိုစိုးရိမ်နေခဲ့ကြသော်လည်း မင်းသမီး၏ အမူအယာမှာတစ်စက်မှ ပြောင်းခဲခြင်းမရှိချေ။ သူမ၏မျက်နှာတွင် အပြုံးယောင်သန်းလျှက်ပင်ဖြစ်ပြီး သူမထံသို့ဦးတည်လာနေသော ဓားများလက်နက်များကို တစ်ချက်ပင် မကြည့်ခဲ့ချေ။
ဤသည်မှာ အကြောင်းပြချက်တစ်ခုသာရှိသည်။ သူမတွင် စိုးရိမ်စရာကိစ္စလုံးဝမရှိသောကြောင့်ပင်။ ဖှေးတွေ့လိုက်မိသည်မှာ မင်းသမီးတွင် မှော်ဝင်ပစ္စည်းတစ်ခုခုရှိနေမည်လား..သို့မဟုတ် အစွမ်းထက်သည့်ဆရာတစ်ယောက် မင်းသမီး၏ဘေးတွင် ကိုယ်ရောင်ဖျောက်လျှက်ရှိနေမည်လား ဆိုသည်ကိုပင်။
ထို့ကြောင့် ဖှေး အော်ခေါ်ကြည့်လိုက်ခြင်းဖြစ်သည်။
ဖှေး အော်ခေါ်သံနှင့် အတူထိုလူမှာရုတ်တရက်ထွက်ပေါ်လာပြီးအခြေအနေအား ကယ်တင်လိုက်လိမ့်မည်ကို မည်သူမျှ ထင်ထားကြမည်မဟုတ်ချေ။
ထို့နောက်တွင် ခနတာ ထက်မံတိတ်ဆိတ်သွားပြီး....
“ပဲရစ် နင်ဒီနေရာမှာရှိနေတယ်ဆိုတာ ငါသိတယ် ထွက်ခဲ့လိုက်တော့....”
အနည်းငယ် ကွဲရှနေသောအသံဖြင့် မင်းသမီးတာနာရှာ စကားပြောလိုက်သည်။ သူမရှေ့သို့ခြေတလှမ်းတိုးကာ ဓားရှည်နှင့် လူငယ်ဘေးတွင်ရပ်လိုက်ပြီး သူမ၏ သမုဒ္ဒရာကဲ့သို့ မျက်လုံးများဖြင့် လူအုပ်ထဲသို့လှမ်းကြည့်လိုက်သည်။ သူမ၏အသံနေအသံထားမှာ သူငယ်ချင်းဟောင်းတစ်ဦးအား စကားပြောနေသကဲ့သို့ပင်။
“ဟီးဟီး...အမတော် တာနာရှာ...မတွေ့တာတောင်ကြာပြီနော်....အရင်လိုပဲ လူမမာပုံပေါက်တုန်းပါလား....”
ချိုသာသော အမျိုးသမီးသံတစ်ခု လူအုပ်ထဲတွင် ပျံ့နှံ့သွား၏။ ထို့နောက်တွင် ငွေရောင်အလင်းတန်းတစ်ခုတောက်ပသွားပြီး မင်းသမီး၏အရှေ့ ဓားကိုင်ထားသော လုပ်ကြံသတ်ဖြတ်သူ၏ဘေးတွင် ကြော့ရှင်းလှပသော အမျိုးသမီးတစ်ယောက်ပေါ်လာ၏။ သူမသည် အဖြူရောင်ဝတ်စုံတစ်ခုအား ဝတ်ဆင်ထားပြီး သူမ၏ လက်ထဲတွင် နီရဲနေသည့် နှင်းဆီတစ်ပွင့်အားဆွဲကိုင်ထားသည်။ ထိုနှင်းဆီပန်းနှင့် အဖြူရောင်ဝတ်ရုံတို့၏ အရောင်သွေးကွာခြားပုံမှာ လူများအား အလွန်ထူးဆန်းသည့်ခံစားချက်ကို ပေးလျှက်ရှိသည်။
“အမတော်တာနာရှာက နာမည်ကြီးတဲ့ ဓားတစ်လက်သူရဲကောင်းကို ကိုယ့်ဘက်ရောက်အောင် စည်းရုံးထားမယ်လို့ထင်မထားမိခဲ့ဘူး...တော်တော်ဆိုးတာပဲ ဒီနေ့တော့ အမကို သတ်နိုင်မှာ မဟုတ်တော့ပါဘူး....”
နှင်းဆီပန်းနှင့်အမျိုးသမီးမှာ အသက်၂၀ခန့်သာရှိသေးသည်။ သို့သော် သူမ၏ လှပသောရုပ်သွင်ဖြင့် မလိုက်ဖက်စွာပင် သတ်ဖြတ်မည်ဟူသော စကားအား အလွယ်တကူပင် ပြောဆိုလိုက်သည်။
မင်းသမီးမှာ ပြုံးသာနေပြီး ဘာမှပြန်မပြောချေ။
သို့သော် မင်းသမီးမှာတစ်ချိန်တည်းမှာပင် မျက်မှောင်ကြုံ့လျှက်ရှိသည်ကို ဖှေးသတိထားမိလိုက်သည်။ မင်းသမီးမှာ ထိုအမျိုးသမီးအား အလွန်စပ်ဆုပ်ရွံရှာနေသောကြောင့် စကားတစ်ခွန်းမျေပင် ပြန်ပြောချင်စိတ်မရှိသည့် ဟန်ပင်။
“ဒီမိန်းမပျက်က ဘယ်သူလဲ....”
ဖှေး မင်းသမီးဘေးတွင် ရပ်ပြီး မင်းသမီးနားနားလို့ကပ်ကာ မေးလိုက်သည်။ နားနားသို့ကပ်၍ မေးခြင်းဖြစ်သော်လည်း အနီးနားရှိ လူများအားလုံးဖှေး၏ အသံကိုရှင်လင်းစွာကြားလိုက်ရသည်။ ဖှေး ဤကဲ့သို့ကြားအောင်သေချာလုပ်နေခြင်းဖြစ်ပေလိမ့်မည်။
မိန်းမပျက်ဟူသော စကားကြောင့် မင်းသမီးမှာပြုံးလိုက်မိသော်လည်း။ အဖြူရောင်ဝတ်ရုံနှင့် နှင်းဆီပန်းအမျိုးသမီးမှာ ပြုံးေနလျှက်ဖြင့်ပင် ဖှေးအားတစ်ချက်ကြည့်လိုက်သည်။ သူမ၏ သွေးဆောင်ဖျားယောင်းနေသည့် အပြုံး၏နောက်ကွယ်တွင် သတ်ဖြတ်လိုသည့် ဆန္ဒများမှာ ဖှေးအားဦးတည်လျှက်ရှိသည်။ ဖှေး၏ နှလုံးခုန်သံကိုပင် အနည်းငယ်မြန်ဆန်သွားစေသည်။
“ငါကနင့်ကိုကြောက်ရမှာလား....ဒီကဆရာအကိုကြီးနဲ့ဆိုရင် နင့်ကိုတောင်ဖက်နမ်းလိုက်လို့ရတယ်...”
သိပ်မဝေးနေရာတွင် ရပ်နေသော ဓားတစ်လက်သူရဲကောင်းက်ုတွေ့ရသောကြောင့် ဖှေးယုံကြည်ချက်အပြည့်ဖြစ်သွားပြီး ထိုအမျိုးသမီးအား ပြန်လည်စိုက်ကြည်နေ၏။ သူ၏ မျက်လုံးများသည် ထိုမိန်းကလေး၏ရင်သားများပေါ်သို့ပင် စက္ကန့်အနည်းငယ်ခန့်ကျရောက်သွားသည်။
ထိုအကြည့်များအား ပဲရစ်အမည်ရှိသော အမျိုးသမီး သတိထားမိသွားပုံရပြီး သူမ၏အကြည့်များ ရုတ်တရက်စူးရှလာတော့သည်။
သိပ်မကြာခင်အချိန်တွင် ကပ္ပတိန်ရိုမန်သည်အစောင့်စစ်သည် နှစ်ရာကျော်နှင့်အတူ နတ်စင်ပေါ်သို့ပြေးတက်လာပြီး ပဲရစ်အပါဝင် လုပ်ကြံသတ်ဖြတ်သူများကို ဝိုင်းရံလိုက်ကြသည်။ စစ်သည်များ၏ ချွန်မြနေသောလက်နက်များသည် ၄င်းတို့အား ချိန်ရွယ်ထားကြ၏။
ဤအချိန်တွင် အနိုင်အရှုံးမှာ သိသာထင်ရှားနေပြီဖြစ်သည်။
ဤပွဲတွင် အဓိကအရေးကြီးဆုံးလူမှာ သံကြေးတက်နေသော ဓားစုတ်တလက်အားကိုင်ထားသည့် အဖြူရောင်ဝတ်ရုံနှင့် လူငယ်ပင်။ သူ၏ သာလွန်သောစွမ်းအားမှာ ကြက်ကလေးများထဲမှ သိမ်းငှက်တစ်ကောင်ကဲ့သို့ပင်။ သူတစ်ယောက်တည်းဖြင့်ပင် ဤနေရာတွင်ရှိသော လူများအားလူံးကို သတ်ဖြတ်ပစ်နိုင်၏။
သို့သော် ဖှေးအနည်းငယ် မရှင်းသလိုခံစားနေရသည်။ “ဒီပဲရစ်ဆိုနဲ့ အမျိုးသမီးက ဦးနှောက်များမကောင်းတာလား...သူရှုံးနေပြီကို ဘာလို့ထွက်လာသေးတာလဲ...သက်သက်များအဖမ်းခံချင်လို့များလား...”
ထိုအခိုက်တန့်တွင် ....
“မင်းသမီးတာနာရှာ...ကျွန်တော့ကတိအတိုင်းပဲ ကျွန်တော်ဆောင်ရွက်ပြီးသွားပြီ....ကျွန်တော်တို့ဘယ်တော့မှ ထက်မတွေ့ပါစေနဲ့တော့...”
သံချေးတက်နေသော ဓားတစ်လက်ဖြင့်လူငယ်မှာ ထိုကဲ့သို့ပြောပြီး ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။ ထိုသူမှာ ထွက်ခွာသွားပြီဖြစ်သည်။
ဖှေး အနည်းငယ်အံ့သြသွားသည်။
ဖှေး ရုတ်တရက် ထွက်ခွာသွားခဲ့သည့် ဓားတစ်လက်သူရဲကောင်းအား စောက်ခွက်ရိုက်ချင်စိတ်ပင်ပေါက်သွား၏။”မင်းအရေးကြီးနေတဲ့အချိန်မှထွက်သွားရသလားကွ....နည်းနည်းလောက်ကြာကြာလေးနေတော့ ဘာဖြစ်မှာမို့လို့လဲ ဟူ၍ပင်...”
စွမ်းအားကြီး ဓားတစ်လက်သူရဲကောင်းထွက်ခွာသွားချိန်တွင် မင်းသမီးတို့အဖွဲ့၏ အနိုင်ရရှိနိုင်ချေမှာ သိသိသာသာပင်ကျဆင်းသွားသည်။
နှင်းဆီတစ်ပွင့်အား ကိုင်ထားသည့် ပဲရစ်မှာပျော်ရွှင်သွား၏။ သူမ၏လှပသော မျက်နှာပေါ်ရှိအပြုံးမှာ တောက်ပသည်ထက်တောက်ပလာသည်။ သူမ၏လက်ထဲတွင် ကိုင်ဆောင်ထားသော နှင်းဆီပန်းမှ ပွင့်ဖက်များကို တစ်ရွက်ပြီးတစ်ရွက်ချွေကာ လေထဲတွက် လွှင့်ပစ်နေ၏။ ထူးဆန်းစွာပင် ဖှေးဤအပြုအမူအား ရက်စက်မှုကိုဖော်ပြနေသကဲ့သို့ ခံစားနေရသည်။
“ဟီးဟီး...လွန်ခဲ့တဲ့အချိန်ကြာတုန်းက ဓားတစ်လက်သူရဲကောင်းက မင်းသား အာရဗင်ပေါ်မှာ အကြွေးတစ်ခုတင်ပြီး မင်းသမီးတာနာရှာအတွက် တစ်ခါလှုပ်ရှားပေးဖို့ ကတိပေးခဲ့ဖူးတယ်လို့...ကျွန်မကြားဖူးတယ်....ဒါက အမှန်တကယ်ဖြစ်တဲ့ပုံပဲ...ဒါမယ့် တစ်ခါပဲ လှုပ်ရှားပေးတာကတော့ တော်တော်ဆိုးတာပဲ အမတော် တာနာရှာ သူလုပ်ကြံသူတွေ လက်ကနေ အမတော်ကိုကယ်တင်ပေးတာနဲ့တင် အဆုံးသက်သွားပြီထင်တယ်...အမကိုသတ်ဖို့ ကျွန်မအတွက်အခွင့်ရေးရှိသေးတဲ့ပုံပဲ ဟီးဟီး...”
သူမသည် ရိုးရှင်းသော ကလေးမလေးတစ်ယောက်ကဲ့သို့ ပြုံးရွှင်နေ၏။ သူမ၏ အဖြူရောင်ဝတ်စုံသည်လေထဲတွင် တလူလူလွှင့်လျက်ရှိပြီး မြင်ရသူတိုင်း၏ ကြောရိုးများကို အေးစက်သွားစေသည်။ ဤကောင်မလေးသည် နတ်သမီးနှင့် နတ်ဆိုးတို့ ပေါင်းစပ်ထားသကဲ့သို့ပင်။ ချိုမြသော အဆိပ်ရည်ကဲ့သို့ပင်။
“နင်ကြိုးစားကြည့်ပေါ့....” မင်းသမီး၏ တုန့်ပြန်မှုမှာ ခပ်တိုတိုပင်။