အခန်း (၁၄၄)
Vol. 10 Ch. 144
ဤကဲ့သို့ မျှော်လင့်ချက်မဲ့နေသည့် အခြေအနေတွင် သွေးအေးသည့် မိန်းမလှလေးမှာ ထက်မံပြုံးလိုက်သည်။ သို့သော် ယခုပြုံးသည်မှာ ယခင်ကကဲ့သို့ မြူဆွယ်သည့် အပြုံးမျိုးမဟုတ်တော့ချေ။ လေညင်းသည် သူမ၏ မျက်နှာဖုံးအား ယူဆောင်သွားသကဲ့သို့ အပြုံးမှာ ပို၍သဘာဝကျကာ စစ်မှန်၏။ မိမိချစ်ရသူထံမှ ငြင်းဆန်ခြင်းခံလိုက်ရသည့် မိန်းကလေးတစ်ယောက်ကဲ့သို့ ပဲရစ်သက်ပြင်းချကာ သူမ၏ နူးညံ့သော လက်ကို ဝှေ့ရမ်းလိုက်သည်။
ထို့နောက်တွင် သူမ၏ အနောက်တွင်ရှိသော လုပ်ကြံသမားမှာ ရှေ့သို့တက်လာပြီး သူမနှင့် ဖှေးတို့အကြားတွင် ဝင်ရပ်လိုက်သည်။
“.....”
လုပ်ကြံသူမှာ သူ၏မျက်နှာတွင် ဝတ်ဆင်ထားသည့် မျက်နှာဖုံးအား ချွတ်လိုက်ရာ ခန့်ညားသည့် မျက်နှာတစ်ခုပေါ်ထွက်လာသည်။ ထို့နောက်တွင် သူ၏ လက်ထဲရှိဓားမှာ ပြင်းထန်စွာလှုပ်ရှား တုန်ခါစပြုလာသည်။ ဤဓားသမားမှာ အစွမ်းကုန်ထုတ်သုံးကာ တိုက်ခိုက်တော့မည်ဟူသော အဓိပ္ပါယ်ပင်။
“ဟာ..သူက [ပုန်းကွယ်နေသူ နှစ်ယောက်]ထဲက တစ်ယောက်ဖြစ်တဲ့ [နှင်းတောင်၌ ပုန်းကွယ်နေသူ] ဒါနီပဲ....အဆင့်၁ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ နာဒဲကိုတိုင်းပြည်က အကြီးဆုံးမင်းသား...သူက နာဒဲကိုတိုင်းပြည်ပိုင်နက်ထဲမှာရှိတဲ့ နှင်းတောင်တစ်ခုမှာ လေ့ကျင့်နေကြလို့ ကြားဖူးတယ်..သူ့လိုလူမျိုးက ပဲရစ်အတွက် လုပ်ကြံသမားလာလုပ်ပေးနေတယ်ဆိုတာ ငါလုံးဝမယုံနိုင်ဘူး...” တစ်စုံတစ်ယောက်မှာ ဓားသမားအား မှတ်မိလိုက်သည်။
ဖှေးလဲ အံ့သြသွားရ၏။
[ဓားတစ်လက်သူရဲကောင်း]ရောက်လာကာ သူ၏ ရပ်တံ့၍မရသော စွမ်းရည်များကို ပြသပြီး ပွဲမပြီးသေးခင်ထွက်ခွာသွားပြီးနောက်တွင် ဇီးနစ်အင်ပါယာရှိ လူငယ်စစ်သည်များ မှော်ဆရာများထဲမှ ဒုတိယအဆင့်ရှိသည့် လူအား ထက်မံတွေ့ရမည်ဟူ၍ ထင်မထားခဲ့ပေ။
“ငါမင်းနဲ့ မျှမျှတတတိုက်ခိုက်ဖို့ ဆန္ဒရှိပါတယ်တယ်....ရှူံးရင် အသေခံလိုက်မယ်...ဒါမယ့် ငါနိုင်မယ်ဆိုရင်တော့ ပဲရစ်ကို ထွက်သွားခွင့်ပေးလိုက်ပါ...” ဤသည်မှာ [နှင်းတောင်၌ပုန်းကွယ်နေသူ] ပထမဆုံးအကြိမ် စကားပြောလိုက်ခြင်းဖြစ်သည်။ သူ၏ အသံမှာ နက်ရှိုင်းပြီး နန်းဆန်လှသည်။ ဤ ဒါနီဟုခေါ်သော မင်းသားမှာ လူကောင်းတစ်ယောက်ဖြစ်သည်က်ု ဖှေးလက်ခံရမည်ဖြစ်သည်။ တစ်ခုရှိသည်မှာ ထိုလူ၏မျက်နှာတွင် တစ်စုံတစ်ခုအား စိုးရိမ်ပူပန်နေဟန်ရှိနေခြင်းပင်။
သူ၏ အသက်ကို ပဓာနမထားဘဲ ပဲရစ်အတွက် အသနားခံလိမ့်မည်ဟု ဖှေးထင်မထားခဲ့ပေ။
“ငါတို့တိုက်ခိုက်ပြီးမှ ပြောကြတာပေါ့...”
ဖှေး ရုတ်တရက် သူ၏ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။
ထို့နောက်တွင် သူ၏ခန္ဓာကိုယ်ပေါ်တွင် မီးတောက်များစွာပေါ်ထွက်လာသည်။ မီးတောက်များမှာ အရောင်စုံပင်ဖြစ်သည်။ မီးတောက်များလောင်ကျွမ်းနေခြင်းနှင့် အတူ စွမ်းအားကြီးသည့်အရှိန်ဝါရှိသည့် ချပ်ဝတ်များ၊ ခါးပတ်များ လက်အိပ်များ စသည်တို့သည် ဖှေး၏ ခန္ဓာကိုယ်အားဖုံးလွှမ်းသွားကြ၏။ မကြာမှီတွင် သူသည် ဤလျို့ဝှက်ထူးဆန်းသည့် ချပ်ဝတ်တစ်ခုလုံးကို ဝတ်ဆင်ထားပြီးဖြစ်သွားသည်။
ဤချပ်ဝတ်များသည် အေဇာရုတိုက်တွင် အသုံးပြုနေကြ ချပ်ဝတ်များဖြင့် မတူညီချေ။
ချပ်ဝတ်၏ အစိတ်ပိုင်းတစ်ခုစီတိုင်းသည် တောက်ပနေကြပြီး မှော်စာလုံးများ သင်္ကေတများ ထွင်းထုထားသည်။ ကြည့်ရုံဖြင့်ပင် စွမ်းအားကြီးကြောင်းသိနိုင်၏။ ထူထဲလေးလံသော ချပ်ဝတ်တစ်ခုကဲ့သို့မဟုတ်သော်လည်း ဖှေး၏ ခန္ဓာကိုယ်ပေါ်ရှိ အရေးကြီးသောနေရာများကို ကောင်းမွန်စွာကာကွယ်ထားသည်။ သူ၏ လက်ဆယ်ချောင်းလုံးကို ပင်ဝတ်ဆင်ထားသော လက်အိပ်များဖြင့် ကာကွယ်ထားသည်။ ထိုလက်အိပ်များသည် အဖြူရောင်ဝတ်ရုံနှင့် လုပ်ကြံသမားအသုံးပြုသော သံမဏိလက်သည်းများထက်ပင် ပိုမိုသန်မာသည်။ ထိုလက်အိပ်များသည် ဖှေး လက်တစ်ခုလုံးအား တင်းကြပ်စွာကာရံထားသော်လည်း ဖှေး၏ လက်ချောင်းများ၏ လှုပ်ရှားမှုများ အထိတွေ့ခံစားမှုများက်ို နှောင့်နှေးစေခြင်းမရှိပေ။ ဖှေးနှင့်အတူ မွေးဖွားလာသည့် သံမဏိလက်များကဲ့သ်ို့ပင် လွယ်ကူစွာရွေ့လျားနိုင်သည်။
ဖှေး လက်ကို ဆန့်တန်းလိုက်သည်။
အစိမ်းရောင်နှင့် ခရမ်းရောင်ဓားနှစ်ချောင်းဖှေး ၏လက်ထဲတွင် ပေါ်လာသည်။ ထိုဓားများသည် ထူးဆန်းသည့်ပုံဆန်ရှိသော်လည်း ဓားသွားများသည် ပါးလွှာကာ ချွန်ထက်သည်။
“သူမရဲ့ကံကြမ္မာကို သူမကိုင်တိုင်ပဲဆုံးဖြတ်နိုင်လိမ့်မယ်...အဲ့လိုပဲ မင်းကလဲ မင်းကိုယ်မင်းပဲ ကယ်တင်နိုင်လိမ့်မယ်...” ဖှေး သူ၏ခေါင်းက်ု ခါရမ်းကာ ပြောလိုက်သည်။ “ငါတစ်ကြိမ်ပဲတိုက်ခိုက်မယ်....မင်းအဲ့တစ်ကြိမ်ကို မသေပဲခုခံနိုင်မယ်ဆိုရင် ဒီကနေထွက်သွားခွင့်ပေးမယ်...”
ဖှေး သူ၏ တောင်းဆိုမှုကို ချက်ချင်းငြင်းဆန်လိုက်သည်ကို ကြားလိုက်ရသည့်အခါတွင် နှင်းတောင်၌ပုန်းကွယ်နေသူသည် မျက်မှောင်ကြုံ့လိုက်ပြီး ဘာမှထပ်မပြောတော့ပေ။ သူသည် စကားနည်းသော လူတစ်ယောက်ဖြစ်သည်။ ဤကဲ့သို့သောလူများသည် ဆုံးဖြတ်ချက်ခိုင်မာသူများဖြစ်ကြသည်။ မည်ကဲ့သ််ု့သော အခြေအနေမျိုးနှင့် ကြုံလာစေကာမူ ဆုံးဖြတ်ချက်ပြောင်းလဲမည့်လူများမဟုတ်ကြချေ။
သို့သော် တိတ်ဆိတ်နေခြင်းမှာ အညံ့ခိုင်လိုက်ခြင်းမဟုတ်ပေ။
ရူးစေလောက်အောင်များပြားသည့် အတွင်အားများထည့်တွင်းထားသည့် ဒါနီ၏ ဓားမှာ တစ်စတစ်စကျယ်လောင်စွာပင် မြည်ဟည်းစပြုလာသည်။ ကြယ်အဆင့်နှိမ့်စစ်သည်များမှာ မူးဝေလာပြီး အော့အန်ကုန်ကြ၏။ တချို့လူများဆိုလျှင် နားများကို တင်းကြပ်စွာပိတ်ထားကြ၏။ ဓားသွားမှာ ဖော်ပြ၍မရနိုင်အောင် မြင့်မားသည့် တုန်ခါနှုန်းဖြင့် တုန်ခါနေသည်။
ဇီးနစ်အင်ပါယာရှိ အဖွဲ့ဝင်နိုင်ငံပေါင်း၂၅၀၏ တော်ဝင်မိသားစုများမှ လူငယ်မျိုးဆက်များထဲတွင် ဒါနီသည် ကြယ်ငါးလုံးအဆင့်ရှိသည့် ကျွမ်းကျင်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ ဖှေး၏ အစွမ်းကုန်ကို မြင်တွေ့နေရပြီး သူ၏ အစွမ်းများ အထွတ်အထိတ်သို့ရောက်ရှိနေသည့် အချိန်မှာပင် ဒါနီ သတိမလွတ်ရဲသေးပေ။
ဖှေး အသက်သေချာရှူပြီး သူ၏ ဓားနှစ်လက်ကို တင်းကြပ်စွာကိုင်ထားသည်။
လေထုထဲတွင် ဖိအားများများပြားနေသည်။ မုန်တိုင်းမစခင် ငြိမ်သက်နေသကဲ့သို့ပင်။
ဤအချိန်တွင် ချမ်းဘော့ဒ်အရှေ့ဘက်တောင်ထိပ်ရှိ စွမ်းအားအမြင့်မားဆုံးကျန်ရှိနေဆဲ ဖြစ်သည့် ဆရာနှစ်ယောက်၏ အသေအကြေတိုက်ပွဲမှာ စတင်တော့မည်ဖြစ်သည်။
ရုတ်တရက်...
“ဝှစ်”
ဓားများဆွဲထုတ်လိုက်ကြသည်။
ကြုံးဝါးအော်ဟစ်သံများလည်းမရှိ၊ အတွင်းအားစွမ်းအင်များဖြင့် ပစ်လွှတ်မှုများလည်းမရှိ၊မြေပြင်များ အက်ကွဲ၍လဲမသွားချေ၊ ဖုန်တစ်မှုန်ပင်မထလိုက်။ လူသားမျက်လုံးဖြင့် မြင်နိုင်ရန်မဖြစ်နိုင်သော အမြန်နှုန်းရှိသည့် အရိပ်နှစ်ခု ပျံသန်းကာနေရာခြင်းလဲယူလိုက်ကြသည်။
ထိုကဲ့သို့ပြီးမှ ဓားခြင်းရိုက်ခတ်သံများနှင့်ဓားခုတ်ပိုင်းသံများမှာ လူများ၏ နားအတွင်းသို့ရောက်ရှိလာသည်။
လေဗွေသည် မြေပြင်ရှိဖုန်များကို အထက်သို့ယူဆောင်သွားပြီး လူများ၏ စိတ်ဝင်စားမှုကို မြင့်တက်စေသည်။
ဖုန်များ အနည်ထိုင်သွားသည်။
ထို့နောက်တွင် ဖှေး၏ ပုခုံးတစ်ဖက်မှ သွေးများပန်းထွက်လာပြီး သူ၏ ထူးဆန်းသော ချပ်ဝတ်တစ်ခုလုံးအနီရောင်လွှမ်းသွားတော့သည်။
ပဲရစ်ဘက်မှ လူများပျော်ရွှင်စွာအော်ဟစ်အားပေးကုန်ကြသည်။ သို့သော်မကြာမှီ၌ပင် ဒါနီ၏ အင်္ကျီတွင်လည်း အနီရောင်သွေးကွက်များစတင်ပေါ်ထွက်လာတော့သည်။ သူ၏ ခန္ဓာကိုယ်မှာ စတင်ယိမ်းယိုင်လာပြီး ကောင်းမွန်စွာမရပ်နိုင်တော့ချေ။
တစ်ဖက်သို့လှည့်ရန် ရုန်းကန်နေရင်း [နှင်းတောင်၌ပုန်းကွယ်နေသူ]သူ သူ၏ခန္ဓာကိုယ်တွင် ရုတ်တရက်ပေါ်ပေါက်လာသည့် များစွာသော ဓားဒဏ်ရာများကို ငုံ့ကြည့်ရင်း မဲ့ပြုံးပြုံးလိုက်သည်။ “အရှင်နိုင်ပါတယ်....ဒါပေမယ့် အရှင်အလတ်ဇန္ဒား ပဲရစ်ကိုတော့ ချမ်းသာပေးပါ ကျွန်တော်အသနားခံပါတယ်....”
ဓားဖြင့်မြေပေါ်ထောက်ပြီး အားပြုကာရပ်နေရင်းဖြင့် သူ၏ခန္ဓာကိုယ်မှဒဏ်ရာများမှ သွေးများစီးကျလာပြီး အနီးနားရှိကျောက်တုံးများနှင့် မြေပြင်များပေါ်သို့ စွန်းထင်းကုန်သည်။ သူတို့နှစ်ယောက် ထိတွေ့တိုက်ခိုက်လိုက်သည့် အချိန်ခဏလေးအတွင်းမှာပင် ဖှေး၏ ဓားနှစ်လက်သည် ဒါနီ၏ ခန္ဓာကိုယ်နေရာအနှံ့တွင် မရေတက်နိုင်လောက်သည့် ဒဏ်ရာများစွာ ထားရှိခဲ့ခြင်းဖြစ်သည်။
ထိုအခိုက်တန့်တွင် လူများသည် အဆင့်၁အဖွဲ့ဝင်နိုင်ငံဖြစ်သည့် နာဒဲကိုတိုင်းပြည်မှ မင်းသားအား ကိုယ်ချင်းစာလိုက်မိကြသည်။ ကောလဟာလများအရ သူသည် ပဲရစ်အားတစ်ဖက်သက် ချစ်မိသည့်အတွက် ထီးနန်းကိုပင်စွန့်လွှတ်ပြီး နှင်းတောင်ထဲတွင် တစ်ကိုယ်ထဲနေထိုင်ကာ လေ့ကျင့်နေခဲ့သည်ဟု ဆိုကြသည်။ ယခုအချိန်တွင်လဲ လုပ်ကြံသမားတစ်ယောက်ဖြစ်ရန် ဆုံးဖြတ်ခဲ့သည်မှာ ပဲရစ်အတွက်ပဲ ဖြစ်နိုင်၏။ ကံမကောင်းစွာပင် ယခုအခါသည် ဤသူရဲကောင်း၏လမ်းအဆုံးဖြစ်နိုင်၏။ သူ ချစ်ရသည့်သူကို မကယ်တင်နိုင်တော့ရုံသာမက သူ၏အသက်ရှင်နိုင်ရေးပင် မသေချာတော့ချေ။
သူရဲကောင်းများ သည် အခြင်းခြင်းလေးစားတတ်ကြသဖြင့် ဤဘုရင်သည်လည်း ဒါနီ၏ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးလိုမလား...
သို့သော်....
“ငါပြောပြီးသားပဲ....မင်းရဲ့ဓားက မင်းကိုပဲ ကယ်တင်နိုင်သည်...သူမရဲ့ အသက်ကိုလဲ သူမကိုယ်တိုင်ပဲ ဆုံးဖြတ်လိမ့်မယ်...” ဖှေး သူ၏ခေါင်းကို ခါရမ်းကာ ရက်ရက်စက်စက် ငြင်းဆိုလိုက်သည်။ “ငါ့ကတိအတိုင်းပဲ မင်းကို အသက်ရှင်လျှက် ထွက်သွားခွင့်ပေးမယ်...”
[နှင်းတောင်၌ ပုန်းကွယ်နေသူ] အနည်းငယ် တွံ့ဆုတ်သွားသည်။
နာကြင်စွာ တစ်ကြိမ်ရယ်မောပြီးနောက်တွင် သွေးများစွန်းထင်းနေသော ခြေရာများချန်ခဲ့ကာ ဖှေးအား ကျော်လွန်၍ ပဲရစ်အနောက်သို့ပြန်သွားကာ ရပ်နေတော့၏။ ထို့နောက်တွင် သူဘာမှမပြောတော့ချေ။ သွေးများဖြင့် ဖုံးလွှမ်းနေသည့် သူ၏ ဓားရှည်ကိုသာ တင်းကြပ်စွာဆုပ်ကိုင်ထားသည်။
ဤဖြစ်စဥ်တစ်ခုလုံးအတွင်းတွင် ပဲရစ်တွင် တုန့်ပြန်မှုတစ်စုံတရာမရှိချေ။
သူမ၏ မျက်လုံးများသည် အဝေးရှိတိမ်တိုက်များကိုသာ ငေးကြည့်နေသည်။ နှင်းတောင်၌ပုန်းကွယ်နေသူအား ယခုအခါတွင် သူမနှင့် မသက်ဆိုင်တော့သကဲ့သို့ တစ်ချက်မျှပင် မကြည့်ခဲ့ချေ။
“အခု ငါ့အလှည့်လား...” ပဲရစ် ဖှေးအား တည်ငြိမ်စွာပြန်ကြည့်လိုက်သည်။ “ငါ့ကိုရော ဘယ်နှစ်ချက်ခုခံစေချင်သလဲ...”