သူတို့က ခင်ဗျားမှ မဟုတ်တာ
Vol. 76 Ch. 991
ချင်မူမှာ အဆုံးမရှိသည့်အလား ပြည့်နှက်နေသော ဂူသင်္ချိုင်းများကို ကြည့်ရင်း ထူးဆန်းသောခံစားချက် ဖြစ်ပေါ်လာသည်။
ရွှင်ပျော်ပျော်ကျေးရွာ၏ ကောင်းကင်ဘုံ ၃၃ ဘုံမှာ ကမ္ဘာအမျိုးမျိုး ကွဲနေသည့်အလားပင်။ ခိုင်ဧကရာဇ်၏ အရာရှိဟောင်းများမှာ မကျေနပ်မှုများဖြင့် ညည်းညူနေကြသော်လည်း မျိုးဆက်သစ်များကတော့ စည်းစိမ်အပြည့်ဖြင့် ဇိမ်ကျနေကြသည်။
သို့တိုင်အောင် ချင်မျိုးဆက်မှာတော့ ရွှင်ပျော်ပျော်ကျေးရွာ၏ ဘေးကင်းလုံခြုံရေးအတွက် အသက်နှင့်လဲကာ တိုက်ခိုက်ပေးနေရသည်။
ရယ်စရာကောင်းလွန်း၏။
‘ရွှင်ပျော်ပျော်ကျေးရွာက ပျက်စီးသွားပြီ... တစ်နည်းပြောရရင် ပြိုကွဲသွားခဲ့ပြီ’
မျိုးဆက်ဟောင်းတို့၏ တာအိုနှလုံးသားတို့သည် ပြည်သူပြည်သားများအား ကာကွယ်မည်ဟု ကျိန်ဆိုထားခဲ့သော ကတိသစ္စာကို မျက်ကွယ်ပြုခဲ့ရကတည်းက ပျက်စီးသွားခဲ့ပြီဖြစ်သည်။ မျိုးဆက်သစ်များကမူ ဤနေရာရှိ စည်းစိမ်ချမ်းသာတို့တွင် ယစ်မူးရင်း ရွှင်ပျော်ပျော် နေထိုင်နေကြသည်။
ထိုအချိန်တွင် ချင်မိသားစုမှာ ပြည်သူပြည်သားများနှင့် မျိုးဆက်ဟောင်းများကို မျက်နှာချင်းမဆိုင်ရဲတော့ဘဲ၊ ခိုင်ဧကရာဇ်၏ ဂုဏ်ကျက်သရေနှင့် ရွှင်ပျော်ပျော်ကျေးရွာ၏ ငြိမ်းချမ်းရေးကို ထိန်းသိမ်းပေးရန် အသေခံနေကြရသည်။
“ကျွန်တော့်ဘိုးဘေးတွေလို ဒီမှာ မြေမြုပ်ခံရမှာစိုးလို့ ကျွန်တော့်ကို ပြန်မလာခိုင်းကြတာလား”
ချင်မူ ခေါင်းယမ်းလိုက်သည်။ သူ စိတ်ကူးယဉ်ထားခဲ့သော ရွှင်ပျော်ပျော်ကျေးရွာမှာ ပြိုကွဲပျက်စီးသွားကာ မတည်ရှိတော့ပေ။ ခိုင်ဧကရာဇ်၏ ဂုဏ်ကျက်သရေနှင့် ရွှင်ပျော်ပျော်ကျေးရွာ၏ ဘေးကင်းလုံခြုံရေးအတွက် သူ၏ဘိုးဘေးများ ပေးဆပ်ခဲ့ရသည်မှာ လုံး၀မတန်သလို ခံစားလိုက်ရသည်။
“ခိုင်ဧကရာဇ်က ရွှင်ပျော်ပျော်ကျေးရွာကို တည်ထောင်ဖို့ ပရမတ္တကမ္ဘာရဲ့ တစ်ခြမ်းကို ပိုင်းဖြတ်ခဲ့တာကြောင့် ဖန်ဆင်းရှင်တွေက မကျေမနပ် ဖြစ်ကြတာပါ... ဒီနေ့တော့ ပရမတ္တယိုတုကို တည်ဆောက်ပြီး နှစ်ဦးနှစ်ဖက်လုံး ငြိမ်းချမ်းရေးရတော့မယ်”
ချင်မူက ချင်ဟန်ကျန်းဆီသို့ ပြောသည်။ “ဒီနေ့ကစပြီး ချင်မိသားစုရဲ့ သားသမီးတစ်ယောက်မှ ခိုင်ဧကရာဇ်ရဲ့ ဂုဏ်ကျက်သရေကို ထိန်းသိမ်းဖို့ ဖန်ဆင်းရှင်တွေနဲ့ တိုက်ခိုက်စရာမလိုတော့ဘူး”
ချင်ဟန်ကျန်းက ခေါင်းယမ်းကာ ပြော၏။ “မျိုးဆက်သစ်တွေဟာ ခိုင်ဧကရာဇ်ရဲ့ ဂုဏ်ကျက်သရေအတွက် အသက်ပေး တိုက်ခိုက်ကြဦးမှာပဲ.... ရွှင်ပျော်ပျော်ကျေးရွာဆိုတာ အဲဒီတိုင်းပဲလေ... ငါတို့ ရွှင်ပျော်ပျော်ကျေးရွာကနေ ထွက်သွားရင်တောင်မှ အပြင်ကမ္ဘာကလည်း ရွှင်ပျော်ပျော်ကျေးရွာပဲမဟုတ်လား”
ချင်မူ သူ့အနောက်မှ လိုက်သွားရင်း အုတ်ဂူတစ်ခုပြီးတစ်ခု ဖြတ်ကျော်လာခဲ့ကြသည်။ ဘိုးဘေးများ၏ သေဆုံးခဲ့ရမှုနှင့် ဖန်ဆင်းရှင်တို့စစ်ပွဲက သူ့ကို ရယ်လည်း ရယ်ချင်၊ ငိုလည်း ငိုချင်ဖြစ်စေသော်လည်း ရယ်လည်း မရယ်မိ၊ ငိုလည်း မငိုမိပေ။
သူ့မှာ ခေါင်းခါရုံသာ တတ်နိုင်သည်။
ချင်မူသည် အရွယ်ရောက်ကတည်းက ရွှင်ပျော်ပျော်ကျေးရွာအား အသည်းအသန်လိုက်ရှာခဲ့၏။ နောက်ဆုံးတော့ သူ ရရှိလိုက်သည့်အရာမှာ အတုအယောင် မျှော်လင့်ချက်သာ ဖြစ်နေသည်။ သူ့နေရာတွင် မဟုတ်သရွေ့ သူ့ကို နားလည်ရန် ခက်ခဲလိမ့်မည်။
ဘုရင်ကျန်း၏အိမ်တော်အနား ရောက်လာသည်နှင့်အမျှ အုတ်ဂူသင်္ချိုင်းအရေအတွက်မှာ တဖြည်းဖြည်း နည်းသွားသည်။ အိမ်တော်အနားတွင် အပြင်းအထန် ကျင့်ကြံနေကြသော လူငယ်များ တွေ့ရသည်။
သူတို့သည် မိသားစု၏ အငယ်မျိုးဆက် ဖြစ်ဟန်တူပြီး ချင်မူနှင့်ရွယ်တူခန့် ရှိကြ၏။ တချို့က နှစ်အနည်းငယ် အသက်ပိုကြီးပြီး တချို့က နှစ်အနည်းငယ် ငယ်သည်။
ချင်မိသားစုတွင် လူအနည်းငယ်သာ ရှိပါသော်လည်း သူတို့၏လေ့ကျင့်ရေးမှာ ရွှင်ပျော်ပျော်ကျေးရွာရှိ တခြားသူတိုင်းထက် ပိုမိုပြင်းထန်နေသည်။ သူတို့က ရုပ်ခန္ဓာ၊ ချီစွမ်းအင်နှင့် အသိစိတ်အလျဉ်တို့ကို အောက်သက်ကြေအောင် သင်ကြားလေ့ကျင့်နေကြလေသည်။
ရွှင်ပျော်ပျော်ကျေးရွာ၏ မျိုးဆက်သစ်အများစုသည် ဤနေရာတွင် စည်းစိမ်ချမ်းသာ ခံစားရန်သာ စိတ်ဝင်စား၏။ ကျားကုတ်ကျားခဲ ကျင့်ကြံနေသူများကို မြင်တွေ့ရခဲသည်။
ချင်မူက ရပ်လိုက်ပြီး ချင်ဟန်ကျန်းဆီသို့ မေးသည်။ “ကျွန်တော်တို့မိသားစုမှာ သူတို့ပဲ ကျန်တာလား”
ချင်ဟန်ကျန်းက ခေါင်းညိတ်ကာ ဖြေသည်။ “ဟုတ်တယ်.... ဧကရာဇ်နဲ့ မျိုးဆက်တစ်ရာကျော် ကွာနေမှတော့ ဘယ်သူက သူတို့ကို မင်းမျိုးမင်းနွယ်လို့ တွေးကြတော့မလဲ... ကိုယ့်ကိုယ်ကိုပဲ မင်းမျိုးမင်းနွယ်လို့ တွေးပြီး အဲဒီမာနကို လက်ကိုင်ထားရုံပဲ ရှိတာ... ပြီးတော့ ပြင်းပြင်းထန်ထန် မကြိုးစားရင် ဖန်ဆင်းရှင်တွေနဲ့ တိုက်ခိုက်တဲ့အချိန်မှာ အသေဆိုးနဲ့ သေရတယ်လေ.... ဖုန်းကျင့်ရောက်လာမှ ငါတို့တွေ အသက်ရှူချောင်သွားတာ”
ချင်မူ သူတို့ကို တခဏကြည့်လိုက်သည်။ ချင်ဟန်ကျန်းက မိန်းကလေးတစ်ယောက်အား လှမ်းခေါ်လိုက်သည်။ “စစ်ယင်၊ ဒါက နင့်ရဲ့ ဝမ်းကွဲအစ်ကိုပဲ”
ထိုမိန်ကလေးမှာ ချွေးတို့ ရွှဲနစ်နေသဖြင့် ချီစွမ်းအင် သုံးကာ ချွေးများကို အငွေ့ပျံစေလိုက်သည်။ သူမက ချင်မူ့အား စပ်စပ်စုစု ကြည့်ကာ ပြောသည်။ “သူက ဖန်ဆင်းရှင်တွေရဲ့ အထွတ်အမြတ်ကလေးငယ် မဟုတ်လား... သူက သိပ်ကြောက်ဖို့ကောင်းတယ်... သူ့ကြောင့် လူတွေအများကြီး ငိုခဲ့ရတာ... သမီးတောင် ကြောက်လွန်းလို့ ငိုမိသေးတယ်”
ချင်မူက ပြုံးလိုက်ပြီး ကမ္ဘာဦးရေကြည်တစ်စက် ထုတ်၍ ပုလဲတစ်လုံး မြင်ယောင်ဖန်ဆင်းကာ အထဲ၌ ထည့်လိုက်သည်။ သူက သူမဆီ ပေး၍ ပြောလိုက်သည်။ “ဒါကို လည်ပင်းမှာ ဆွဲထားရင် ကျင့်ကြံတဲ့နေရာမှာ အထောက်အကူ ဖြစ်လိမ့်မယ်”
ချင်စစ်ယင်သည် လက်ခံပြီး ပြန်လည်ကျင့်ကြံရန် ပြေးထွက်သွား၏။ “စစ်ယင်က မိသားစုထဲမှာ အငယ်ဆုံးလေ.... သူက မင်းဦးလေးရဲ့ ကလေးပေါ့.. ဆယ်နှစ်လောက်ပဲ ရှိသေးတယ်... အခု သူ့ကို သင်ပေးနေတာ ငါပဲ”
ချင်ဟန်ကျန်းက ပြောသည်။ “အိမ်ပြန်ကြစို့.... ဘိုးဘေးတွေကို ရှိခိုးဖို့ ဘိုးဘေးအောက်မေ့ဆောင်ဆီ ခေါ်သွားပေးမယ်”
ချင်မူ ခေါင်းညိတ်လိုက်သည်။ ဘုရင်ကျန်း၏အိမ်တော်က သိပ်မကြီးမားပေ။ နဂါးဗြဟ္မအပြောင်းအလဲကောင်းကင်ဘုံကဲ့သို့ မခမ်းနားသော်လည်း ဘိုးဘေးအောက့်မေ့ဆောင်ကမူ ကြီးမားကျယ်ဝန်းသည်။
ကြင်ယာတော်မင်းသမီးကျန်းနှင့် ရှုကျွင်းက သူတို့ကို အပြင်တွင် စောင့်ကျန်ရစ်ခဲ့ကြပြီး ချင်ဟန်ကျန်းက ချင်မူ့ကို အထဲသို့ ခေါ်လာသည်။ အထဲရောက်သည့်အခါ အစဉ်တကျ နေရာချပြီး ဧရာမယဇ်ပလ္လင်ကြီးအသွင် စုဝေးနေသော ကမ္ဗည်းကျောက်စာတိုင်များအား တွေ့မြင်ရသည်။
ဤနေရာ၏အငွေ့အသက်မှာ လေးလံဖိစီးနေသည်။
ချင်မူက ချင်ဟန်ကျန်းနှင့် နောက်မှလိုက်သွားရင်း ဒူးထောက်အရိုအသေပေးကာ အမွှေးတိုင်ထွန်းလိုက်ကြသည်။
ချင်ဟန်ကျန်းက ချင်မိသားစု၏ အိမ်ထောင်စုစာရင်းကို ထုတ်လာကာ မေးသည်။ “ငါ မင်းရဲ့နာမည်ကို ထည့်ပေးရမလား”
ချင်မူ တွေဝေသွားပြီးနောက် ငြင်းဆန်လိုက်သည်။ “ကျွန်တော်က ဧကရာဇ်နဲ့ သွားတိုက်ခိုက်တော့မှာဆိုတော့... အဲ့ဒီမတိုင်ခင် ထည့်လို့မရဘူး... အဲ့ဒါပြီးရင်လည်း ထည့်လို့မရသေးပါဘူး”
ချင်ဟန်ကျန်း မှင်သက်သွားသည်။
ခိုင်ဧကရာဇ်ကို တိုက်ခိုက်ခြင်းသည် မိသားစု၏ဘိုးဘေးကြီးကို တိုက်ခိုက်ခြင်းနှင့် ညီမျှ၏။ ချင်မူက ၁၀၇ ဆက်မြောက်မျိုးဆက်ဖြစ်သဖြင့် သူ့ကို တိုက်ခိုက်၍မရပေ။ တိုက်ခိုက်လျှင် စော်ကားရာကျသည်။
တိုက်ခိုက်ပြီးသည့်အချိန်တွင် ချင်မူသည် ဆရာနှင့် ဘိုးဘေးများအပေါ် စော်ကားရိုင်းပျသော လူမိုက်အဖြစ် သတ်မှတ်ခံရကာ ဖယ်ရှားခံရလိမ့်မည်။
“မင်း အဲ့လောက်ထိ သွားမှရမှာလား” ချင်ဟန်ကျန်းမှာ မမေးမိဘဲ မနေနိုင်တော့ပေ။
“အဲ့ဒါပြီးရင် မင်းဒီနေရာကို ဘယ်လိုမှ ၀င်လာလို့ရမှာ မဟုတ်တော့ဘူး... မင်းသေရင် မင်းရဲ့အုတ်ဂူက ငါတို့ရဲ့ ဂူသင်္ချိုင်းမှာလည်း မရှိနိုင်တော့ဘူး... မင်းက မိသားစုဝင်တစ်ယောက်မှ မရှိခိုးတဲ့ အထီးကျန်သရဲတစ်ကောင် ဖြစ်လာမှာ”
ချင်မူ ပြုံးလျက် ပြောလိုက်သည်။ “ကျွန်တော် သူ့ကို မတိုက်ခိုက်ရင် ရွှင်ပျော်ပျော်ကျေးရွာက မနိုးထလာနိုင်တော့ဘူး... ခိုင်ဧကရာဇ်ကလည်း အဲ့ဒီလိုလုပ်စေချင်နေတယ်... သူက ရွှင်ပျော်ပျော်ကျေးရွာကနေ ရိုက်ထုတ်ခံချင်နေတာမလို့ ကျွန်တော် သူ့ကို စိတ်ပျက်စေလို့ မဖြစ်ဘူး”
သူက ပြုံးသည်။ “ကျွန်တော်က ရွှင်ပျော်ပျော်ကျေးရွာဖြစ်တဲ့ ရေကန်ထဲကို ခိုင်ဧကရာဇ် ထည့်ပေးလိုက်တဲ့ ငါးခူတစ်ကောင်လိုပေါ့... သူက ကျွန်တော့်ကြောင့် ရေနောက်စေချင်တာမဟုတ်ဘူး... စိတ်ပျက်နေတဲ့ ငါးတွေ ရေပြန်ကူးလာနိုင်အောင်၊ မူးယစ်နေတဲ့ ငါးတွေ နိုးထလာအောင် လုပ်စေချင်တာ... ဒါကြောင့် ကျွန်တော့်အနေနဲ့ ငါးခူတစ်ကောင်လို တာဝန်ကျေမှ ဖြစ်မယ်”
ချင်ဟန်ကျန်းသည် တိတ်ဆိတ်နေပြီးနောက် သူ့ကို သတိပေး၏။ “ခိုင်ဧကရာဇ်က သိပ်ကြောက်ဖို့ကောင်းတယ်နော်”
“သိပါတယ်... ကောင်းကင်နတ်အရှင်ဟွေ့နဲ့ သူတိုက်ခိုက်တုန်းက မဟာလေဟာနယ်ထဲမှာ ကျန်ခဲ့တဲ့အရာကို မြင်ခဲ့ရတယ်... ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ သိုင်းအဆင့်က ပိုအားကောင်းပေမယ့် သူ့ဓားက သူ့ကို ဒဏ်ရာရအောင် လုပ်ခဲ့နိုင်ခဲ့တယ်”
ချင်မူက ပြောသည်။ “လက်ရှိကောင်းကင်နတ်အရှင်ဆယ်ယောက်ထဲမှာ ကောင်းကင်နတ်အရှင်ဟွေ့က အသန်မာဆုံးမဟုတ်ပေမယ့် အားအနည်းဆုံးလည်း မဟုတ်ဘူး... ကောင်းကင်နတ်အရှင်ဟွေ့ကို မဟာလေဟာနယ်မှာ အရာတစ်ခုကျန်အောင် လုပ်နိုင်ခဲ့ပြီး ဒဏ်ရာလည်း ရစေခဲ့တယ်ဆိုတော့ ခိုင်ဧကရာဇ်ရဲ့စွမ်းအားက ကျွန်တော်ထင်ထားတာထက် ပိုတယ်”
ချင်ဟန်ကျန်းက ပြောသည်။ “သူ့စွမ်းအားက ဓားတာအိုတင် မဟုတ်ဘူး.... ဓားတာအိုက အစွမ်းထက်ဆုံးနယ်ပယ် ဆိုပေမယ့် ကောင်းကင်နတ်သိုင်းမှာလည်း အဲ့လောက်နီးနီး အစွမ်းထက်တယ်”
ချင်မူ ခေါင်းညိတ်၍ ပြောသည်။ “နဂါးဟန်ခေတ်ရဲ့ ပထမနှစ်မှာ ကျွန်တော် သူနဲ့ တွေ့တုန်းက သူက ဓားတာအိုနဲ့ ကောင်းကင်နတ်သိုင်းမှာ ပြိုင်ဘက်ကင်းနေပြီ... ကျွန်တော် ကောင်းကင်နတ်အရှင်ဟောင်ကို ဒဏ်ရာအပြင်းအထန်ရအောင် လုပ်ပြီး အရှင်မယွမ်မုကို ဒေါသထွက်အောင် လုပ်လိုက်တော့ သူက ကောင်းကင်နတ်သိုင်း သုံးပြီး ကျွန်တော့်ကို ကယ်တင်ပေးခဲ့တယ်... အဲ့ဒီကောင်းကင်နတ်သိုင်းရဲ့ ဆန်းကြယ်နက်နဲမှုတွေက ကျွန်တော့်ကို ဒီနေ့အထိ အံ့အားသင့်နေစေတုန်းပဲ”
ချင်ဟန်ကျန်းမှာ တခဏ တိတ်ဆိတ်သွားပြီးနောက် ပြောသည်။ “မင်း ပြန်သင့်ပြီ... ငါ မင်းကို ဒီမှာ ခေါ်မထားနိုင်တော့ဘူး”
ချင်မူလည်း ခေါင်းညိတ်၍ အပြင်ထွက်လိုက်သည်။
အပြင်မှ နေရောင်က မျက်လုံးကို စူးသွားသဖြင့် ချင်မူမှာ လက်ဖြင့်ကာကာ နောက်ပြန်လှည့်ကြည့်လိုက်သည်။ ချင်မိသားစု၏ ဘိုးဘေးအောက်မေ့ဆောင်သည် တည်ကြည်လေးနက်နေ၏။ ၎င်းသည် မိသားစုဝင်ဘိုးဘေးများအတွက် အောက်မေ့ဆောင် ဖြစ်သော်လည်း သူ့အနေဖြင့် ဘယ်တော့မှ ထပ်မ၀င်နိုင်တော့ပေ။
သူက ကြင်ယာတော်မင်းသမီးကျန်းကို ကြည့်၍ အရိုအသေပေးကာ ရှုကျွင်းနှင့်အတူ ဘုရင်ကျန်း၏အိမ်တော်မှ ထွက်လာခဲ့သည်။
ကြင်ယာတော်မင်းသမီးကျန်းသည် သူ့ကျောပြင်ဆီ ကြည့်ရင်း ပါးစပ်ဟလိုက်သော်လည်း ဘာမှမပြောပေ။ ချင်ဟန်ကျန်း သူမအနားသို့ ရောက်လာပြီး သူမနှင့်အတူ ရပ်လိုက်သည့်အခါ ကြင်ယာတော်မင်းသမီးကျန်းမှာ သူ့ပုခုံးပေါ်သို့ အားနည်းစွာ မှီချလိုက်သည်။
“မူအာ ဘယ်တော့မှ ပြန်မလာတော့ဘူးထင်တယ်” သူမက တိုးညှင်းစွာ ရေရွတ်လိုက်လေသည်။
ချင်မူက အပြင်းအထန် ကျင့်ကြံနေသော ချင်မိသားစုဝင်ကလေးများကို ကြည့်ရင်း သူတို့ဘေးမှ လျှောက်သွားသည်။
“အစ်ကိုကြီး” ချင်စစ်ယင်ဆိုသည့် ကလေးမလေးက သူ့ကို လက်ဝှေ့ယမ်း နှုတ်ဆက်ပြသည်။
ချင်မူလည်း လက်ပြန်ဝှေ့ယမ်းလိုက်၏။ ဤနေရာတွင် အိမ်၏အနွေးဓာတ် ရှိသော်လည်း သူ နေ၍ မရပေ။
သူက ရှုကျွင်းကိုခေါ်၍ ဘိုးဘေးသင်္ချိုင်းများကြားမှ ဖြတ်သွားသည်။ လမ်းလျှောက်နေစဉ် ချင်မူက မြေကြီးတချို့ ယူ၍ ချင်စာလုံးမြေပြင်ထဲတွင် ထည့်လိုက်သည်။
ရှုကျွင်း ဇဝေဇဝါဖြစ်သွားသဖြင့် ချင်မူက ပြုံးပြကာ ပြောသည်။ “ကျွန်တော်သေသွားရင် ဒီနေရာမှာ ခေါင်းချလို့မရဘူးဆိုတော့ ကျွန်တော့်အုတ်ဂူပေါ်မှာ အိမ်က မြေကြီးနည်းနည်းတော့ ရှိသင့်တယ်မလား”
နှစ်ယောက်သား ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ တည်ရှိသော ၃၃ ခုမြောက် ကောင်းကင်ဘုံသို့ ရောက်လာကြသည်။
ကောင်းကင်နတ်ဘုံ၏ အမျိုးမျိုးသော အရာရှိများသည် ကောင်းကင်နတ်အရှင်တို့၏တိုက်ပွဲအတွက် တိတ်ဆိတ်စွာ စောင့်စားရင်း ရောက်ရှိနေကြပြီ ဖြစ်သည်။ သူတို့၏ခန္ဓာကိုယ်ကြီးများက ကောင်းကင်နတ်ဘုံ၏ ထောင့်နေရာတိုင်း၌ ရပ်နေကြသည်။
သူတို့သည် ချင်မူ တောင်ကောင်းကင်မုခ်၀နှင့် နန်းဆောင်များ၊ ခန်းမများကြားမှ ဖြတ်လျှောက်လာသည်ကို ငြိမ်သက်စွာ ကြည့်နေကြ၏။
ချင်မူက ကောင်းကင်နတ်လမ်းကြားကို ဖြတ်လာပြီး လမ်းတွင် ကျောက်စိမ်းစင်မြင့်နှင့် နဂါးသွဲ့ရေကန်ကို ကျော်ကာ ကျောက်စိမ်းမြို့တော်ဆီသို့ ရောက်လာသည်။
ခိုင်ဧကရာဇ်၏ကောင်းကင်နတ်ဘုံသည် နဂါးဟန်ခေတ်နှင့် တူသော်လည်း နဂါးဟန်ခေတ်ကောင်းကင်နတ်ဘုံမှာ အပြင်အဆင်အရ ပိုမိုရိုးရှင်း၏။ နေရာကလည်း မကျယ်ပေ။ သို့သော် အပြင်အဆင်အရ ခိုင်ဧကရာဇ်ကောင်းကင်ဘုံက နဂါးဟန်ခေတ်ထက် ပိုမိုခမ်းနားနေသည်။ ဤသည်မှာ ပရမတ္တကမ္ဘာ၏တစ်စိတ်တစ်ပိုင်း ရွှင်ပျော်ပျော်ကျေးရွာ မဟုတ်ပါလော။ ဤနေရာတွင် မြင်ယောင်ဖန်ဆင်းရသည်မှာ အခြားနေရာများထက် လွယ်ကူလေသည်။
ချင်မူက ကောင်းကင်နတ်သိုင်းများမသုံးဘဲ တစ်လှမ်းချင်း လျှောက်သွားသည်။ ခိုင်ဧကရာဇ် ကောင်းကင်နတ်ဘုံသည် မကျယ်ဝန်းသော်လည်း သူ့အတွက် လမ်းလျှောက်ဖြတ်သွားရန် အတော်လေး အချိန်ကြာလိုက်သည်။
သူသည် ခြေတစ်လှမ်းချင်း လှမ်းရင်း လမ်းရှိ အရာများကို အလေးအနက် လေ့လာနေသော ခရီးသွားတစ်ယောက်သဖွယ် တည်ကြည်နေ၏။ သို့သော် သူက ကောင်းကင်နတ်ဘုံကို အကဲခတ်နေခြင်း မဟုတ်ဘဲ သူ့တာအိုနှလုံးသားဖြင့် အမှားအမှန် ဆုံးဖြတ်နေခြင်း ဖြစ်သည်။
ဤနေရာတွင် ရှုကျွင်းမှလွဲ၍ ဖန်ဆင်းရှင်များ မရှိပေ။ ဖန်ဆင်းရှင်များသည် သူတို့နှင့် မသက်ဆိုင်သော အရာများတွင် ဝင်ရောက်စွက်ဖက်မည်မဟုတ်သလို၊ သူတို့၏တိုက်ပွဲကိုလည်း လာရောက်ကြည့်ရှုကြမည် မဟုတ်ပေ။
ခိုင်ဧကရာဇ်၏ အစောင့်အရှောက်အိုကြီးများသာ ရှိသည်။ ခိုင်ဧကရာဇ် တာအိုဂိုဏ်း၏ တာအိုသခင်၊ စုမိုင်ချင်း၊ နေစောင့်ရှောက်သူ ယန်ရင်းနွမ်၊ လက်ထောက်လေးယောက် - ဖန်ရုံကျီ၊ ကောပိုင်ရွှမ်၊ ကျိုးကျင့်မင်နှင့် ကျိုးရွှမ်ဖန်း၊ ဌာနအသီးသီးမှ နတ်ဘုရားအိုကြီးများ… သူတို့အားလုံးသည် ချင်မူ ကျောက်စိမ်းမြို့တော်ထံ လျှောက်လာနေသည်ကို စောင့်ကြည့်နေကြ၏။
သူတို့ကား မျှော်လင့်နေကြသော အသွင်အပြင်များ ရှိကြသည်။ ယန်ရင်းနွမ်က ဓားသွေးနေဆဲ ဖြစ်ပြီး သံချေးများ တဖြည်းဖြည်း ကွာကျနေသည်။
သူတို့အပြင် နတ်ဘုရားအသစ်များလည်း ရှိကြသည်။ သူတို့သည် အခမ်းနားဆုံး ကျောက်စိမ်းမြို့တော်ထဲတွင် ဖြစ်ကြ၏။ တချို့က ချင်မူ ရောက်လာသည့်အတွက် အလွန်ပျော်နေကြပြီး၊ တချို့က လေချွန်နေကြသည်။ တချို့မှာတော့ စိုးရိမ်ထိတ်လန့်နေကြသည်။
ချင်မူက သူတို့ကို မမြင်ချင်ယောင်၊ မကြားချင်ယောင်ဆောင်ထားသည်။
ချင်ဟန်ကျန်းနှင့် ကြင်ယာတော်မင်းသမီးကျန်းကလည်း ချင်မိသားစုဝင်များကို ခေါ်လျက် ရောက်နေကြသည်။ သူတို့သည် ချင်မူ ကျောက်စိမ်းမြို့တော်၏ လမ်းကြားများကို မီးငှက်မုခ်ဝမှ ကောင်းကင်အလိုတော်မုခ်ဝအထိ လျှောက်လာသည်ကို တွေဝေရှုပ်ထွေးနေသော အမူအရာများဖြင့် ကြည့်နေကြ၏။
ကောင်းကင်အလိုတော်မုခ်ဝက မားမားမတ်မတ် ရပ်တည်နေပြီး ၎င်း၏အရှေ့တွင် ဧကရာဇ်၏ အခွင့်အာဏာကို ကိုယ်စားပြုသော နတ်ကောင်းကင်ခန်းမ ရှိသည်။
ချင်မူက မုခ်ဝအောက်၌ ရပ်၍ ရှုကျွင်းဘက် လှည့်ကာ အရိုအသေပေးလိုက်သည်။ “ဒီမှာ နေခဲ့ပါ နတ်ဘုရင်”
ရှုကျွင်းကလည်း သူ့ကို အရိုအသေပြန်ပေးကာ မုခ်ဝအောက်တွင် ရပ်လိုက်၏။ သူက ချင်မူ လှေကားထစ်များအတိုင်း နတ်ကောင်းကင်ခန်းမထက်သို့ တက်သွားသည်ကို ကြည့်နေသည်။
အချိန်တချို့ကြာသော် ချင်မူ ခန်းမအရှေ့သို့ ရောက်သွားသည်။
နတ်ကောင်းကင်ခန်းမအထဲတွင် ဧကရာဇ်တစ်ပါးသည် ပလ္လင်ထက်၌ ထိုင်နေ၏။ သူ ရောက်လာသည်နှင့် ဧကရာဇ်က မတ်တပ်ထရပ်သည်။
ခိုင်ဧကရာဇ်က နန်းဝတ်နန်းစားများကို ချွတ်၍ သပ်သပ်ရပ်ရပ် ခေါက်ကာ ပလ္လင်ပေါ် တင်သည်။ ထို့နောက် ခေါင်းရှိ သရဖူကို ချွတ်ကာ ခေါက်ထားသည့် ဝတ်ရုံအပေါ် တင်သည်။
သူက ခါးရှိ ရွှင်ပျော်ပျော်ဓားကို မြှောက်လိုက်ရာ ရွှင်ပျော်ပျော်ဓားသည် ချွင်ခနဲ မြည်သံပြုလျက် ဓားအိမ်ထဲမှ ဆွဲထုတ်ခံလိုက်ရ၏။ ထို့နောက် ဓားအိမ်ကို ညင်ညင်သာသာ ဝှေ့ယမ်းကာ နတ်ကောင်းကင်ခန်းမ၏ တိုင်တွင် ချိတ်လိုက်သည်။
ဓားရောင်သည် တောက်ပလင်းထိန်နေ၍ ခန်းမတစ်ခုလုံးတွင် ဓားရိပ်များ ဖြတ်ပြေးလင်းလက်သွားတော့သည်။
သူက ချင်မူ ဝင်လာသည်ကို ကြည့်ရင်း တိတ်ဆိတ်စွာ စောင့်နေသည်။ ထိုနေရာတွင် မလှုပ်မယှက် ရပ်နေသော သူ၏ပုံရိပ်သည် သူ၏တာအိုနှလုံးသားပမာ ခိုင်မာနေ၏။
အချိန်ကြာသွားသော်လည်း သူ၏မူလရည်မှန်းချက်များက မပြောင်းလဲသွားခဲ့ပေ။
ချင်မူ သူ့ဆီ လျှောက်သွားကာ ပြုံးပြလိုက်သည်။ “မတွေ့ရတာ ကြာပြီ ချင်ခိုင်”
ခိုင်ဧကရာဇ်က ပြန်ပြုံးသည်။ “မူချင်း ၊ နှစ်တစ်သန်း ကြာခဲ့ပြီ… ထိုက်ဧကရာဇ်ကောင်းကင်ဘုံကနေ မင်းတက်လာတော့ ဘာတွေမြင်ခဲ့ရလဲ”
“ခင်ဗျားရဲ့ ကောင်းကင်နတ်ဘုံ ပျက်စီးစုတ်ပဲ့နေတာတွေ မြင်ခဲ့ရတယ်”
ချင်မူက ဓားစက်လုံး ထုတ်ကာ အသာအယာ လှုပ်ခါလိုက်သည်။ ဓားစက်လုံးသည် သူ့လက်ထဲတွင် နတ်ဓားတစ်လက်အသွင် ဖွဲ့တည်သွား၏။ ဓားက တဝှမ်ဝှမ် တုန်ခါနေသည်။ “ခင်ဗျား ဒီကို ရွှေ့လာတဲ့ ရည်ရွယ်ချက်က ကောင်းပေမယ့် ခင်ဗျားတစ်ယောက်မှာပဲ ရည်မှန်းချက်တွေ ရှိတော့တယ်… ခင်ဗျားရဲ့ အစောင့်အရှောက်အိုကြီးတွေဟာ အရှုံးကို လက်မခံနိုင်လို့ တာအိုနှလုံးသားတွေ နာကျင်ပြီး ခါးသီးနေကြပြီ… သူတို့ဟာ ခင်ဗျားလို ဒီဝန်ထုပ်ဝန်ပိုးကို မသယ်နိုင်ဘူး… သူတို့တွေ ခင်ဗျားကို ဒေါသထွက်ပြီး မုန်းကြလိမ့်မယ်.. သူတို့က ခင်ဗျားမဟုတ်ဘူး”
ခိုင်ဧကရာဇ်က ခေါင်းညိတ်၍ ပြောသည်။ “ငါ သဘောထားချင်း မတိုက်ဆိုင်တာတွေကို အဖက်မလုပ်ဘဲ ငါ့သဘောနဲ့ငါ ပြောင်းရွှေ့ခဲ့တယ်… အဲဒီအတွက် အပြစ်ရှိပါတယ်… မင်း တခြားဘာတွေ မြင်ခဲ့ရသေးလဲ”
ချင်မူက ပြောသည်။ “ခင်ဗျားရဲ့ ခိုင်ဧကရာဇ်ပြုပြင်ပြောင်းလဲမှု မအောင်မြင်ခဲ့တာ မြင်ခဲ့ရတယ်… လူတွေရဲ့ နှလုံးသားတွေဟာ ပြိုလဲပျက်စီးနေပြီ.. ခင်ဗျား ဒီကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ထဲက ပြုပြင်ပြောင်းလဲမှုက မအောင်မြင်တာပဲ… ခင်ဗျားမှာ ကျန်တာဆိုလို့ စည်းစိမ်တွေပဲ ရှိတယ်”
ခိုင်ဧကရာဇ်က ခေါင်းညိတ်သည်။ “ခိုင်ဧကရာဇ်ခေတ်မှာ လူသားတွေကို နတ်ဘုရားတွေလို သဘောထားပေးဖို့က နိုင်ငံတော်ရဲ့ အခြေခံစည်းမျဉ်းပဲ… ငါ လက်လျှော့ခဲ့တဲ့အတွက် အဲဒီတာဝန်မကျေတော့ဘဲ ပြုပြင်ပြောင်းလဲမှု ပြိုလဲသွားခဲ့တယ်… ငါ အပြစ်ရှိတယ်… မင်း တခြားဘာတွေ မြင်ခဲ့ရသေးလဲ”
ချင်မူက ဆက်ပြောသည်။ “မျိုးဆက်သစ်တွေမှာ ပြုပြင်ပြောင်းလဲချင်တဲ့ စိတ် ကင်းမဲ့နေတာ မြင်ခ့ရတယ်... သူတို့က ပျော်ပါးဖို့ပဲ သိတော့တယ်... တိုက်ခိုက်နိုင်စွမ်းတွေ မရှိတော့ဘူး.... အဲဒါကြောင့် မျိုးဆက်ဟောင်းနဲ့ မျိုးဆက်သစ်ကြား ကွာဟသွားပြီ... သူတို့က ခင်ဗျားမဟုတ်ဘူး”
ခိုင်ဧကရာဇ်က သဘောတူသည်။ “ဟုတ်တယ် ငါ့အပြစ်ပါ”
“ခင်ဗျားရဲ့ ဆုံးဖြတ်ချက်တွေအတွက် ကျွန်တော်တို့မိသားစုရဲ့ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အသက်ပေးခဲ့ရတာကိုလည်း မြင်ခဲ့ရတယ်”
ချင်မူ သက်ပြင်းချကာ ဆက်ပြောသည်။ “သူတို့က ခင်ဗျားမဟုတ်ဘူး... သူတို့က ခင်ဗျား ဖြစ်မလာနိုင်ဘူး... သူတို့ လုပ်နိုင်တာက ခင်ဗျားရဲ့အမှားတွေအတွက် သူတို့အသက်နဲ့ ပြန်ပေးဆပ်ဖို့ပဲ”
ခိုင်ဧကရာဇ်က တိတ်ဆိတ်သွားပြီးနောက် ဝန်ခံ၏။ “ငါ့အပြစ်ပါ”
“ခင်ဗျား အပြင်ထွက်ချင်ပေမယ့် ထွက်လို့မရတာကိုလည်း မြင်ရတယ်...အပြင်ထွက်နိုင်တာက ခင်ဗျားတစ်ယောက်ပဲ ရှိပေမယ့် ရွှင်ပျော်ပျော်ကျေးရွာသားတွေက မထွက်ချင်ကြဘူး... သူတို့က ရွှင်ပျော်ပျော်ကျေးရွာကနေ မထွက်သွားနိုင်တော့ ခင်ဗျားလည်း သူတို့ကြောင့် ထွက်သွားမရဘူး ဖြစ်နေတယ်”
ချင်မူက လက်ကောက်ဝတ်ကို လှုပ်ခါလိုက်ပြီး ဓားများအား ပြောင်းလဲလိုက်၏။ ဓားထိပ်တို့က မြေပြင်သို့ ဦးစိုက်လျက် ကျဆင်းသွားသည်။ ချင်မူက ခပ်ပြတ်ပြတ် ပြောလေသည်။ “ချင်ခိုင်၊ ခင်ဗျား ရင်ထဲက ရွှင်ပျော်ပျော်ကျေးရွာကို ကျုပ် ဖျက်စီးပေးပါရစေ”
ဘုန်း
နတ်ကောင်းကင်ခန်းမ ပြိုကွဲသွားသည်။ ကျောက်တိုင်များ၊ နံရံများ လှေကားထစ်အောက်သို့ လိမ့်ဆင်းသွားကြီး ပန်းချီများ၊ ပန်းပုများလည်း ပြာကျသွား၏။
နတ်ကောင်းကင်စင်မြင့်ထက်တွင် ခိုင်ဧကရာဇ်က ဓားဖြင့် မြေသို့ ရွယ်လျက် ပြုံးနေသည်။ “မူချင်း၊ ငါ မင်းကို စောင့်နေခဲ့တာ ကြာပြီ.. ကျေးဇူးပြုပြီး”
ချင်မူ၏ သူငယ်အိမ်များ ကျုံ့သွားသည်။ “ကျုပ်ရောပါပဲ”