ရည်မှန်းချက်တွေ ရှိနေသေးတဲ့ အာဇာနည်တစ်ယောက်
Vol. 76 Ch. 989
အဘိုးအိုက သူ့ကို ကြည့်၍ စိတ်ပျက်သည့်ဟန်ဖြင့် မျက်လုံးလှန်လိုက်ကာ သရော်တော်တော် ပြောသည်။ “အရင်တုန်းက ဖြောင့်မတ်မှန်ကန်တဲ့လူတွေ သူတို့အခေါင်းတွေကို နန်းတွင်းဆီ သယ်ပြီး ဧကရာဇ်ကို နားချရင်း အသေခံခဲ့ကြပေမယ့် ဧကရာဇ်က ရူးချင်ယောင်ဆောင်နေခဲ့တယ်လေ... ဒီတော့ ငါက သူ့အတွက် စက္ကူတွေ မီးရှို့ပေးလို့ မရဘူးလား... ငါ မီးရှို့ပေးနေခဲ့တာ နှစ်ပေါင်းနှစ်သောင်းလောက် ကြာပြီ... အဲဒီသောက်ရူးဘုရင်သာ တကယ် သေနေရင် ငါ့ကြောင့် ယိုတုမှာ အချမ်းသာဆုံး သရဲ ဖြစ်နေလောက်ပြီဟ”
ရှုကျွင်းသည် စနောက်သလို ရယ်လိုက်၏။ “ခင်ဗျားကလည်းဗျာ အဲဒီလောက် ဖြောင့်မတ်မှန်ကန်တဲ့လူ ဖြစ်ချင်သပဆိုလည်း ခိုင်ဧကရာဇ်ချင်ယဲ့အရှေ့မှာ စက္ကူတွေ မီးသွားရှို့ပေါ့... ဒီလို စုတ်ပြတ်နုံချာနေတဲ့ နေရာမှာ ဘာလာလုပ်နေတာလဲ... ခင်ဗျားလည်း လူမှန်တစ်ယောက် ဟုတ်မနေပါဘူး”
အဘိုးအိုက မြေကြီးပေါ်တွင် စိတ်ပျက်လက်ပျက် ထိုင်ချပြီး ခပ်တိုးတိုး ရေရွတ်နေသည်။ “ဟုတ်ယ်၊ ငါက လူမှန်မဟုတ်ဘူး... ငါသာ ဖြောင့်မတ်မှန်ကန်တဲ့ လူတစ်ယောက်ဆိုရင် လွန်ခဲ့တဲ့ နှစ်နှစ်သောင်းတုန်းက ငါ့အခေါင်းကို နန်းတွင်းဆီ သယ်သွားပြီး ဧကရာဇ်ကို နားချဖို့ အသေခံခဲ့လောက်ပြီ... တကယ်တော့ ငါ အခေါင်းကိုတောင် ပြင်ထားပြီးပါပြီ... ကံဆိုးစွာနဲ့ သူရဲဘောကြောင်တဲ့ စိတ်ကြောင့် နန်းတွင်းဆီ သယ်မသွားရဲခဲ့ဘူး....”
သူက အင်္ကျီလက်စ ဝှေ့ယမ်းလိုက်ရာ အနက်ရောင်အခေါင်းတစ်ခေါင်း ပျံထွက်လာသည်။ ထိုအခေါင်းသည် ထိုနှစ်တုန်းက သူ ရိုက်ထားသော အခေါင်းဖြစ်လိမ့်မည်။ ဤအဘိုးကြီးကား ဧကရာဇ်ကို နားချရင်း အသေခံရန် အမှန်တကယ် ရည်ရွယ်ထားခဲ့ပုံရ၏။
ရှုကျွင်းသည် အနက်ရောင်ခေါင်းတလားဆီသို့ ကြည့်လိုက်သည့်အခါ မကြာခဏ ပွတ်တိုက်ထားသဖြင့် တောက်ပြောင်နေကြောင်း မြင်လိုက်ရသည်။ သူ မရယ်မိဘဲ မနေတော့ပေ။ “အဘိုးကြီး၊ ခင်ဗျားက အခေါင်းကို ပြောင်လက်နေတဲ့အထိ တိုက်ထားတာပဲ... မပြတ်သားတဲ့လူမှန်း သိသာတယ်”
အဘိုးအိုမှာ မီးပုံယမ်းကျ ပေါက်ကွဲသွားသော်လည်း ပြန်စဉ်းစားကြည့်ပြီး ရှုကျွင်း၏စကားက အမှန်ပင် မှန်ကြောင်း သဘောပေါက်သွားသည်။
အခေါင်းကို နန်းတွင်းသို့ သူ မသယ်သွားခဲ့ရဲသော်လည်း နေ့တိုင်း ထုတ်,ထုတ်ကြည့်လိုက်၊ ပွတ်သိပ်လိုက်၊ ပြန်ထည့်လိုက်ဖြင့် မဆုံးဖြတ်နိုင်ဖြစ်ခဲ့ရာ အခေါင်းမှာ တောက်ပြောင်နေခြင်း ဖြစ်ပေသည်။
ရှုကျွင်းက သူ့ကို ခနဲ့ရန် ပြင်နေသော်လည်း ချင်မူက သူ့ကို တားလိုက်၏။
“အဘိုးကို ဘယ်လိုခေါ်ရမလဲဗျ” ချင်မူ မေးလိုက်သည်။
အဘိုးကြီးက မှိုင်းမှိုင်းညို့ညို့ဖြင့် ပြန်ဖြေသည်။ “ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံရဲ့ လက်ထောက်အစောင့်အရှောက်ငယ် လေးယောက်ထဲက တစ်ယောက်၊ ဖန်ရုံကျီ.. ဒီနေ့မှာတော့ ချင်းမင်ကောင်းကင်ဘုံရဲ့ သင်္ချိုင်းစောင့်ပေါ့ကွာ”
ချင်မူ မေးလိုက်သည်။ “အစောင့်အရှောက်ငယ်တစ်ယောက်ဆို ပထမအဆင့် အမြင့်စံအရာရှိတစ်ယောက်ပဲ... ဘယ်လိုလုပ်ပြီး ဒီရောက်လာတာတုန်း”
ဖန်ရုံကျီက မတ်တပ်ထကာ ပြောသည်။ “မင်းက ကောင်းကင်နတ်အရှင်မူဆိုတော့ အမြဲ မှန်မှာပါ.. ဒါပေမဲ့ ငါ ဓားလမ်းစဉ်နဲ့ ပတ်သက်ပြီး နည်းနည်း သိထားတယ်... ကောင်းကင်နတ်သိုင်းတွေပဲ ကျွမ်းကျင်တဲ့သူ ဆိုတော့ ကောင်းကင်နတ်သိုင်းတွေပဲ သုံးပြီး ဓားသိုင်းကို ထုတ်ဖော်တတ်တယ်... ဒီဓားက သံမဏိနှလုံးသား ချင်းမင်ဓားတဲ့”
သူက ကောင်းကင်နတ်သိုင်းများဖြင့် ဓားကွက် ထုတ်လွှတ်လိုက်ရာ ဓားကွက်သည် လင်းလက်တောက်ပစွာ ထွက်ပေါ်လာ၏။ ထို့နောက် ဧရိယာတစ်ခုလုံး ကျတ်တီးခေါင်ပြင် ဖြစ်သွားသည်။ ဤဓားမှ ဓားခံစားချက်ကို ချင်မူ မြင်နိုင်လေသည်။
ခိုက်ဧကရာဇ်သည် သွေးသောက်ရဲဘော်များ၏ ကျဆုံးမှုကြောင့် ပူဆွေးရခြင်း၊ ဘိုးဘေးတို့၏ သေဆုံးမှုကြောင့် ဝမ်းနည်းရခြင်းတို့မှတစ်ဆင့် နှလုံးသားကို သံမဏိသဖွယ် မာကြောနေအောင် လေ့ကျင့်ပေးရန် ဤလမ်းစဉ်ကို ဖွင့်လှစ်ခဲ့၏။ သူက ဤဓားဖြင့် အတိတ်ကို အသုံးချကာ ပစ္စပ္ပုန်အား ပုံဖော်ခဲ့သည်။ ပြိုင်ဘက်၏ တာအိုနှလုံးသားကို စမ်းသပ်ရန်လည်း အသုံးပြုလေသည်။
ဤဓားကို ရင်ဆိုင်ရန် တာအိုနှလုံးသား ခိုင်မာနေမှ ဖြစ်လိမ့်မည်။ တာအိုနှလုံးသားသာ မခိုင်မာလျှင် သူတို့ သူ့ကို ရှုံးကြလိမ့်မည်။
အစောင့်အရှောက်ငယ် ဖန်ရုံကျီသည် ဓားကွက်ကို ထုတ်ဖော်ရင်း ပြော၏။ “ငါ ကောင်းကင်နတ်သိုင်းတွေကို သုံးရင်း သူ့တတိယဓားကွက်ကို ထုတ်ဖော်ပြသခဲ့ပေမယ့်... ဒါက ကောင်းကင်နတ်သိုင်းဆိုတော့ သူ့ဓားတာအိုရဲ့ ဆန်းကြယ်နက်နဲမှုတွေကို အပြည့်အဝ မဖန်တီးပြနိုင်ဘူး... ကောင်းကင်နတ်အရှင်မူ ဒီဆန်းကြယ်နက်နဲမှုတွေကို မမြင်လိုက်ရင် ငါ ပြန်ကစားပြနိုင်တယ်”
ချင်မူက မျက်လုံးများပိတ်၍ ပြန်ဖွင့်ကာ ဖြေသည်။ “မလိုတော့ပါဘူး”
ဖန်ရုံကျီက ဆောင့်ကြောင့်ပြန်ထိုင်၍ နာမည်မရှိသော အုတ်ဂူအတွက် စက္ကူငွေများ မီးရှို့နေသည်။ “ကောင်းကင်နတ်အရှင်မူ၊ အမှောင်သန္ဓေသားကောင်းကင်ဘုံဆီ သွားလို့ရပါပြီ... အဲဒီက အစောင့်က လက်ထောက်လေးယောက်ထဲက ဒုတိယလက်ထောက်... အစောင့်အရှောက်ငယ် ကောပိုင်ရွှမ်ပဲ”
ချင်မူ သူ့ကို ကျေးဇူးတင်၍ ရှုကျွင်းနှင့်အတူ ထွက်လာသည်။ ချင်းမင်ကောင်းကင်ဘုံ၏ တက္ကသိုလ်ဆီသို့ သူတို့ မသွားကြတော့ပေ။
ရှုကျွင်း နောက်လှည့်ကြည့်လိုက်သည့်အခါ အဘိုးအိုကြီးသည် စက္ကူငွေများအား ဆက်လက်မီးရှို့နေသည်ကို တွေ့လိုက်ရ၏။ သူက ချင်ယဲ့ အသေဆိုးနှင့် သေခဲ့ရသည့်အကြောင်း အော်ကြီးဟစ်ကျယ် ငိုယိုမနေတော့ပေ။ ထိုအစား မီးတောက်များ အလင်းဟပ်နေသောကြောင့် သူ၏ နီမြန်းနေသော မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ထွန်းနေသည်။
“ခိုင်ဧကရာဇ်ရဲ့ အစောင့်အရှောက်ငယ်က မင်း ခိုင်ဧကရာဇ်ကို အသက်ထွက်အောင် ရိုက်ဖို့ မျှော်လင့်နေတဲ့ပုံပဲနော်”
ရှုကျွင်းမှာ အံ့အားသင့်နေသည်။ “ဒီအဘိုးကြီးကတော့ ကျွေးတဲ့လက်ကို ပြန်ကိုက်နေတာပဲ.... အဲ့ဒါတင်မကသေးဘူး... ပျော်ပျော်ကြီးကို ကိုက်သွားတာ... အထွတ်အမြတ်ကလေးငယ်၊ အခု မင်း ဘာလို့လျှောက်သွားနေလဲ ငါ နားလည်ပြီ.... ခိုင်ဧကရာဇ်ရဲ့လက်အောက်မှာ မင်းကို သိုင်းကွက်သင်ပေးမယ့် လူတွေ တစ်ပုံကြီးရှိနေလို့မလား”
ချင်မူ ပြုံးလိုက်မိသည်။ “မြင်းဇောင်းထဲက မြင်းအိုတစ်ကောင်ဟာ မိုင်တစ်ထောင် ပြေးနိုင်ဖို့ မျှော်လင့်ထားသလို... အသက်ကြီးနေတဲ့ အာဇာနည်တစ်ယောက်ဟာလည်း ရည်မှန်းချက်တွေ ရှိနေတုန်းပဲတဲ့... ခိုင်ဧကရာဇ်ဟာ နတ်ဘုရားစစ်သည်တော်တွေနဲ့ မိစ္ဆာတွေကို ဦးဆောင်ရင်း ရွှင်ပျော်ပျော်ကျေးရွာမှာ လာပုန်းခဲ့ပေမယ့် လူတိုင်း မပုန်းချင်ကြဘူး.... ရည်မှန်းချက်ကြီးတဲ့သူတွေက ကျွန်တော် ခိုင်ဧကရာဇ်အပေါ် အနိုင်ယူနိုင်မှာ မျှော်လင့်ထားရုံမကဘဲ အဲ့ဒီခေါင်းဆောင်ရဲ့ ရည်မှန်းချက်တွေကို ပြန်လည်လှုံ့ဆော်ပေးစေချင်ကြတယ်”
သူက ဆက်ပြောသည်။ “သူတို့ရဲ့ရည်မှန်းချက်တွေကိုလည်း ပြန်လည်လှုံ့ဆော်ပေးစေချင်တာလည်း ပါတယ်... သူတို့အဖြစ်က သူတို့က နွားခြေရာခွက်ထဲမှာ ပိတ်မိနေတဲ့ နတ်နဂါးတွေလိုပေါ့... ခန္ဓာကိုယ်တွေကို ခြေရာခွက်သေးသေးလေးထဲမှာ ကျုံ့လိမ်ကွေးကောက်ပြီး တိမ်တိုက်တွေထက် ခုန်ပေါက်သွားလာနိုင်ဖို့ မျှော်လင့်နေကြတယ်.... ရွှံ့ထဲမှာ လူးလွန်းဖို့ မဟုတ်ဘဲနဲ့ပေါ့”
“ငါ့ကိုများ ရွဲ့ပြောနေသလား”
ရှုကျွင်းက ရယ်လိုက်သည်။ “ငါက မင်းဇာတ်လမ်းထဲက နတ်နဂါးပဲလေ”
ချင်မူလည်း ရယ်လိုက်ရင်း အမှောင်သန္ဓေသားကောင်းကင်ဘုံသို့ တက်သွားသည်။ သူတို့အရှေ့တွင် အုံ့ဆိုင်းနေသော တောအုပ် ရှိနေပြီး တောအုပ်အတွင်း၌ စာသင်ပေးနေသူ တစ်ယောက်ရှိ၏။ သူ့အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ “မေတ္တာသည် ကိုယ်ကျိုးမငဲ့သော စေတနာ မည်၏။ လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ခြင်းသည် ဖြောင့်မတ်မှန်ကန်ခြင်း မည်၏။ ဤသည်ကား တာအိုပေတည်း... မင်းတို့တွေ ဒီသဘောကို နားလည်လား”
“မေတ္တာနဲ့ စေတနာ လက်ကိုင်ထားပြီး ကျင့်သုံးနေထိုင်ခြင်းက ဖြောင့်မတ်မှန်ကန်ခြင်း ဖြစ်ပေတယ်... မေတ္တာနဲ့ စေတနာလမ်းစဉ်အတိုင်း လျှောက်ခြင်းဟာ တာအိုပဲတဲ့... ဒီစကားက အခြေခံကျင့်ဝတ်တွေကို လိုက်နာကျင့်သုံးရမှာ ခက်ခဲရင်တောင် လိုက်နာကျင့်သုံးရမှာပဲလို့ ဆိုလိုတယ်”
“အဲဒီလို အသိနဲ့ အလုပ်၊ အလုပ်နဲ့ အသိထပ်တူ ကျအောင် လုပ်ရင် တာအိုကို ရရှိမယ်... အဲဒီလို မလုပ်တာက ခိုင်ဧကရာဇ်ပဲ”
....
ချင်မူနှင့် ရှုကျွင်း ရှေ့ဆက်လျှောက်သွားသည့်အခါ စာပေသမားတစ်ယောက်လို ၀တ်ဆင်ထားသည့် ကျောင်းဆရာတစ်ယောက်အား မြင်လိုက်ရသည်။
သူက လက်တစ်ဖက်တွင် စာအုပ်အချို့ ကိုင်ထားပြီး တစ်ဖက်တွင် ပေတံ ကိုင်ထားရင်း ကျမ်းစာများအား တက်တက်ကြွကြွ ရှင်းပြနေသည်။ သူ၏တပည့်များကမူ အ၀တ်အစား ၀တ်ထားသည့် မျောက်များ ဖြစ်ကြသည်။ တချို့က မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်၍ ခေါင်းကုတ်နေကြသည်။ တချို့က အချင်းချင်း သန်းရှာနေကြ၏။ အကုန်လုံး ယောက်ယက်ခတ်နေပြီး ငြိမ်ငြိမ်ထိုင်နေသည့် အချိန်မရှိပေ။
မျောက်များက ချင်မူနှင့် ရှုကျွင်းကို မြင်သည့်အခါ အ၀တ်အစားများ ချွတ်၍ တွေ့ကရာနေရာသို့ လွှင့်ပစ်ကာ ထွက်ပြေးကုန်ကြသည်။ ကျောင်းဆရာမှာ ဒေါသထွက်သွားပြီး လှမ်းအော်၏။ “မတုန်လှုပ်နိုင်တဲ့ ဖြောင့်မတ်တည်ကြည်မှုတွေ ဘယ်ရောက်သွားပြီတုန်း.... သောက်သုံးမကျတဲ့ကောင်တွေ... ရန်သူမြင်တာနဲ့ ထွက်ပြေးရတယ်လို့”
သူက အလွန်ဒေါသထွက်နေသော ပုံစံဖြင့် ချင်မူ့ဆီ ခုန်ဝင်လာသည်။ သူ့လက်ထဲရှိ ပေတံသည် ဓားသဖွယ် ပြုမူကာ လျှို့၀ှက်ဆန်းကြယ်သော ဓားကွက်၊ အမှောင်သန္ဓေသားဓားဖြင့် ချင်မူ့ဆီသို့ လှမ်းပိုင်းချလိုက်၏။
“တခြားလူတွေကတော့ မင်းကို ကြောက်ရင် ကြောက်မယ်... ငါကတော့ မကြောက်ဘူး”
ရှုကျွင်းက ဟန့်တားရန် ပြင်လိုက်သော်လည်း ချင်မူက တားလိုက်သည်။ ဆရာကောပိုင်ရွှမ်သည် ဓားနှင့်အတူ လှုပ်ရှားရင်း အမှောင်သန္ဓေသားဓားအား ထုတ်ဖော်ပြသပြီးနောက် လှည့်၍ အဝေးသို့ ထွက်သွား၏။
ထို့နောက် တောအုပ်ထဲမှ လှမ်းအော်သည်။ “ရန်သူတွေက အင်အားကြီးလွန်းတော့ ငါ မနိုင်တော့ဘူး... ခိုင်ဧကရာဇ်လို ထွက်ပြေးမှပဲ”
ရှုကျွင်းမှာ မှင်သက်လျက် ကျန်ခဲ့သည်။
ကောပိုင်ရွှမ်းက သစ်ပင်ကြားမှ ခေါင်းပြူထွက်လာကာ ပြောသည်။ “ငါက မင်းကို မယှဉ်နိုင်ဘူး.... မဟာကျောင်းဆရာ ကျိုးကျင့်မင်က ယွမ်မင်ကောင်းကင်ဘုံမှာ ငါ့အတွက် ကလဲ့စားချေဖို့ မင်းကို စောင့်နေတယ်လို့ ငါ မပြောဘူးနော်”
ချင်မူ ကပျာကယာ မေးလိုက်သည်။ “အဲ့ဒီကို ဘယ်လိုသွားရမလဲ”
ကောပိုင်ရွှမ်သည် လက်ချောင်းတစ်ချောင်း မြှောက်၍ ဖြောင့်မတ်တည်ကြည်စွာ ပြော၏။ “ငါ့အလောင်းကို ဖြတ်သွားရတောင် အဲဒီကို သွားနိုင်မယ့်လမ်းက အဲဒီဖက်ဆိုတာ ငါ ဘယ်တော့မှ မပြောပြဘူး”
“ကျေးဇူးပါဗျာ” ချင်မူ ဦးညွှတ်အရိုအသေပေးပြီး ကောပိုင်ရွှမ် လက်ညှိုးထိုးပြခဲ့သော ဘက်သို့ ရှုကျွင်းနှင့်အတူ ထွက်သွားသည်။
ရှုကျွင်းက သူ့နောက်မှ ကြောင်တောင်တောင်ဖြင့် လိုက်လာပြီး နောက်ပြန်လှည့်ကြည့်သည်။ ခိုင်ဧကရာဇ်၏ လက်ထောက်အစောင့်အရှောက် ကောပိုင်ရွှမ်သည် တောအုပ်ထဲမှ မျောက်များအား လှမ်းခေါ်နေသည်ကို တွေ့လိုက်ရ၏။ မျောက်များမှာ အဝတ်များကို မဝတ်ချင်ဝတ်ချင်ဖို့ ပြန်ဝင်ပြီး ဦးထုပ်များ ပြန်ဆောင်းကာ နားထောင်နေကြသည်။
“အထူးအဆန်းကြီးပဲ” ရှုကျွင်း ခေါင်းယမ်းလိုက်မိသည်။
“ထင်ထားတဲ့အတိုင်းပဲ.... ရည်မှန်းချက်တွေ ပျောက်ကုန်တော့ တာအိုလမ်းတွေ ပိတ်ကုန်ပြီး တာအိုနှလုံးသားတွေလည်း ယိုင်လဲကုန်တယ်”
ချင်မူက ပြောသည်။ “လူတစ်ယောက်ဟာ အခြေခံကျင့်ဝတ်တွေကို သိရင် သိတဲ့အတိုင်း ပြုမူနေထိုင်သင့်တယ်... အခု အဲဒီလို မလုပ်နိုင်မှတော့ သူတို့တာအိုနှလုံးသားတွေ မထိခိုက်ဘဲ နေပါတော့မလား”
သူတို့ ယွမ်မင်ကောင်းကင်ဘုံသို့ ရောက်လာကြသည့်အခါ မဟာကျောင်းဆရာ ကျိူးကျင့်မင်နှင့် တွေ့သည်။ သူသည် လက်ထောက်အစောင့်အရှောက်ငယ် ကောပိုင်ရွှမ်ကို ကလဲ့စားချေရန် ကြိမ်းထားသဖြင့် ချင်မူတို့အား ဝင်ခွင့်မပြုပေ။
“ဝင်လာချင်ရင် ငါ့အလောင်းကို ကျော်သွားမှပဲ ရမယ်” မဟာကျောင်းဆရာအိုကြီး ကျိုးကျင့်မင်က အတည်ပေါက်ကြီးဖြင့် လှမ်းအော်သည်။
ထို့နောက် ယွမ်မင်စာပေဓားကို ထုတ်ဖော်ပြသပြီးနောက် မြေကြီးပေါ်၌ ခပ်တည်တည် လှဲချလိုက်၏။ ရှုကျွင်းက သူ့’အလောင်း’ကို နင်း၍ ကျော်သွားသည့်အခါ အဘိုးကြီးက ဒေါကြီးမောကြီး လှမ်းဆဲလေသည်။ “တကယ်ကြီး နင်းရလားဟ”
ချင်မူက သူ့ကို ကျေးဇူးတင်၍ အရိုအသေပေးပြီးနောက် ပတ်ရှောင်သွားသည်။
ကျိုးကျင့်မင်၏ ‘အလောင်း’ထဲမှ မူလဝိညာဉ် ထလာပြီး လှမ်းအော်သည်။ “ငါ့အစ်ကိုကြီး ကျို့ရွှမ်ဖန်းက ခုနစ်စဉ်အလင်းကောင်းကင်ဘုံမှာ ငါ့အတွက် ကလဲ့စားချေလိမ့်မယ်... မင်းတို့ စောင့်သာနေလိုက်”
ရှုကျွင်းမှာ ရယ်ရမလား၊ ငိုရမလား မသိတော့ဘဲ ပြန်လှည့်ကာ မေးလိုက်သည်။ “အဲဒီကို ဘယ်လိုသွားရမလဲ”
“အဲဒီဖက်ပဲ”
ကျိုးကျင့်မင်၏ မူလဝိညာဉ်က လက်ချောင်းတစ်ချောင်း ထောင်ကာ လှမ်းခြောက်သည်။ “သွားရဲရင် သွားကြည့်လိုက်”
ချင်မူနှင့် ရှုကျွင်း ခုနစ်စဉ်အလင်းကောင်းကင်ဘုံဆီ ရောက်သွားပြီး ခိုင်ဧကရာဇ်အတွက် အသေခံပေးချင်နေသော ကျိုးရွှမ်ဖန်းနှင့် တွေ့သည်။ ကျိုးရွှမ်ဖန်းက သစ္စာရှိမှုအား ပြသရန် ‘အသေခံ’၏။ သူ ‘သေ’သွားသော ပုံစံက ကျိုးကျင့်မင်ထက်ပင် ဆိုးရွားသေးသည်။ သူက မ’သေ’ခင် ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ၏ အုပ်ချုပ်ရေးမှုးသုံးယောက် သူတို့ကို နောက်ကောင်းကင်ဘုံများတွင် စောင့်နေလိမ့်မည်ဟု ပြောသွားခဲ့၏။
ဤသို့ဖြင့် နှစ်လကြာသွားပြီး ချင်မူနှင့် ရှုကျွင်းမှာ ဗလာနတ္ထိကောင်းကင်ဘုံ၊ ထိုက်ကျိကောင်းကင်ဘုံ၊ ချိမင်ကောင်းကင်ဘုံ၊ မဟူရာအလင်းကောင်းကင်ဘုံနှင့် လင်းရောင်ဆောင်ကောင်းကင်ဘုံတို့ကို ဖြတ်ကျော်ပြီးမှန်းမသိ ဖြတ်ကျော်ပြီးသွားသည်။ ကောင်းကင်ဘုံ ၃၃ ဘုံ၏ ထိပ်ဆုံးနှင့် သူတို့ နီးကပ်လာချေပြီ။
ယနေ့တွင် သူတို့နှစ်ယောက်သား ထိုက်ကောင်းကင်ဘုံသို့ ရောက်လာပြီး ဝင်လိုက်လျှင်ချင်း ရယ်သံ ကြားလိုက်ရသည်။ မြည်းတစ်ကောင်သည် သူတို့ဆီသို့ တရှိန်ထိုး ပြေးလာနေ၏။ ငါးမျှားတံမှာ ၎င်း၏ခေါင်းတွင် ချည်ခံထားရပြီး ငါးမျှားကြိုး၌ ခါကြက်ဥတစ်လုံး ရှိနေသည်။ မြည်းက ချင်မူ့ဘေး ရောက်သည့်အခါ တုံ့ခနဲ ရပ်လိုက်၏။ “ဟီးဟီး ဒါက ကောင်းကင်နတ်အရှင်မူ မဟုတ်လား... ငါ့ကို မမှတ်မိဘူးလား”
မြည်းက မတ်တပ်ရပ်ပြီး ရှေ့ခွာတစ်ဖက်ကို ချင်မူ့ပခုံးပေါ် တင်သည်။ ကျန်ခွာတစ်ဖက်က ရှုကျွင်း၏ ပခုံးပေါ် တင်ပြီး သူတို့နှစ်ယောက်ကို အတူတူ ဖက်လိုက်ရာ နှစ်ယောက်သား ကြက်သီးတဖြန်းဖြန်း ထလာတော့၏။ မြည်းက ပြုံးနေသည်။ “ငါက လွီကျန်းလေ... ငါတို့အတူတူ ဒုက္ခခံခဲ့ရတာ မေ့သွားပြီလား... ငါ မင်းကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်... ဒီထိုက်ကောင်းကင်ဘုံက ငါ့သခင်, ကောင်းကင်ဆရာသခင်ကျစ်ရှီရဲ့ နယ်ပဲ... သူ မင်းတို့နှစ်ယောက်လုံးကို စောင့်နေတာ ကြာပြီ”
မြည်းက သူတို့ကို ဖက်ရင်း ရှေ့ဆက်လျှောက်သွားသည်။ “ငါသခင်က ငါတို့ကို ပြောတယ်... ရွှင်ပျော်ပျော်ကျေးရွာနဲ့ ဖန်ဆင်းရှင်တွေအကြား ငြိမ်းချမ်းရေး ရသွားပြီတဲ့... ဒါက အောင်ပွဲခံသင့်တဲ့ အရာမဟုတ်လား.. ဒီရက်တွေထဲ ငါတို့ မိန်းမလှလေးတွေ ရှာပြီး သီချင်းဆိုကျင့်ခိုင်း၊ အကကျင့်ခိုင်းထားတယ်... သူတို့ကြောင့် အတော်လေးကို စိတ်အေးချမ်းရတယ်ကွ... တကယ် ကောင်းတယ်... တကယ်ကောင်းတယ်”
ရှုကျွင်းမှာ မြည်း၏ တင်းတင်းကြပ်ကြပ် ပွေ့ထားမှုကြောင့် ခြေထောက်ဖြင့် မြေကိုပင် မထိတော့ပေ။ သူ ရုန်းသော်လည်း ရုန်းမရ၍ ကြောက်လာသည်။
သူက အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်း ထုတ်သုံးသော်လည်း သူ၏အသိစိတ်အလျဉ်မှာ မြည်း၏ ခေါင်းထဲသို့ ထိုးဖောက်မရပေ။ ထို့ကြောင့် ရှုကျွင်း ပိုကြောက်လာတော့သည်။ “ဒီမြည်းက တော်တော် ကြောက်စရာကောင်းတာပဲကွ’
ချင်မူက ခပ်တိုးတိုး လှမ်းပြောသည်။ “ခုခံမနေနဲ့... ဒီမြည်းက နတ်ကောင်းကင်ခန်းမအဆင့်... ကျွန်တော် အရင်တုန်းက မြင်ခဲ့ရတဲ့ ကောင်းကင်အရှင်သခင်တွေလောက် အင်အားကြီးတယ်”
ရှုကျွင်းလည်း လက်လျှော့လိုက်တော့သည်။ သူ စကားပြောချင်သော်လည်း မြည်းသည် စကားများလှ၏။ တစ်ချက်တစ်ချက် တဟီးဟီး ထဟည်တတ်သေးသည်။
ချင်မူမှာ လွီကျန်းအကြောင်း သိထားသဖြင့် ငြိမ်ငြိမ်သာ နားထောင်နေသည်။ သူ့ကို စကားပြောရန် ကြိုးစားလျှင် အသက်ရှူကြပ်သေသည်အထိ မွန်းကြပ်ရလိမ့်မည်။ ထို့ကြောင့် စကားဝင်မပြောခြင်းက အကောင်းဆုံးပင်။
လွီကျန်းက သူတို့ကို ထိုက်ကောင်းကင်ဘုံ၏ မြို့ထဲ ခေါ်သွားသည်။ မြို့သည် ခမ်းနားတင့်တယ်ပြီး မရေမတွက်နိုင်သော ကချေသည်လေးများ စိတ်လှုပ်ရှားစွာ ကခုန်နေကြ၏။ စကပ်လေးများက လေတွင် ဝဲပျံနေပြီး အင်္ကျီလက်အိုးလေးများ လှုပ်ခတ်နေကြသည်။ အတိုင်းထက်အလွန် လှရက်လွန်းချေသည်။
ဘယ်ဖက်၌ ပုလွေမှုတ်နေသော နတ်ဘုရားများအား မြင်တွေ့ရပြီး ညာဖက်တွင် ကြိုးတပ်တူရိယာများ တီးခတ်နေသည့် နတ်ဘုရားများ ရှိနေသည်။ သူတို့၏အပေါ်တွင် နတ်ဘုရားတစ်စုက ဗုံတီးနေပြီ အောက်၌ အခြားတူရိယာများ တီးမှုတ်နေသော နတ်ဘုရားများ တွေ့မြင်ရသည်။
မိန်းကလေးများက ကောင်းကင်ထဲတွင် ပျံသန်းလိုက်၊ မြေပြင်ထက်၌ ကခုန်လိုက်ဖြင့် အလှည့်ကျ နေရာပြောင်းနေကြသည်။ သူတို့၏အသွင်အပြင်များမှာ ချစ်စဖွယ်ကောင်းလှသလို အသံများကလည်း ဆွဲဆောင်မှု ရှိလှ၏။ သူတို့က ခိုင်ဧကရာဇ်၏ ကြီးမြတ်မှု၊ ဉာဏ်ပညာနှင့် ခွန်အားတို့အကြောင်း သီဆိုနေကြပေသည်။
ယန်ယွင်ရှီသည် ယောက်ျားတစ်ယောက်လို ဝတ်စားလျက် မြို့တိုင်းထက်မှနေ၍ ကြည့်ရှုနေ၏။ သူမလည်း တစ်ချက်တစ်ချက် ဝင်ရောက်ကခုန်တတ်ပြီး လက်ခုတ်သြဘာပေးနေသည်။ အရာရှိများကလည်း သူမနှင့်အတူ သီဆိုရင်း ခိုင်ဧကရာဇ်အား ချီးကျူးအမွမ်းတင်နေကြ၏။
လွီကျန်းက သူတို့ကို အပေါ်သို့ ခေါ်သွားကာ ချပေးသည်။
ယန်ယွင်ရှီက သူတို့ကို လှမ်းကြည့်ပြီး ပြုံးပြသည်။ “ဒီဖျော်ဖြေမှုကို ဘယ်လိုမြင်လဲ ကောင်းကင်နတ်အရှင်မူ... ခမ်းနားလား.... ငါတို့ ပရမတ္တယိုတုကို တည်ဆောက်ပြီးရင် သူတို့ကို ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံဆီ ခေါ်သွားပြီး အဲဒီက အရာရှိတွေနဲ့အတူ ခိုင်ဧကရာဇ်ရဲ့ အောင်မြင်မှုတွေကို ဂုဏ်ပြုသီဆိုမယ် တွေးထားတယ်”
ချင်မူက ပြုံးလိုက်သည်။ “ကကွက်က လှပြီး ဆွဲဆောင်မှု ရှိပါပေတယ်... သီချင်းကလည်း ခမ်းနားပြီး ရင်ထဲ ထိစေတယ်”
ယန်ယွင်ရှီသည် လက်ခုပ်လက်ဝါးတီး၍ ရယ်မောလိုက်ရင်း သူ့ဆီ လှမ်းကြည့်၏။ “ကံဆိုးစွာနဲ့ မင်းက ခိုင်ဧကရာဇ်ကို စိန်ခေါ်ခဲ့တာဆိုတော့ ကောင်းကင်နဲ့မြေပြင်ရဲ့ အတိမ်အနက်ကို နားလည်မထားဘူးပဲ... ခိုင်ဧကရာဇ်က ဓားလမ်းစဉ်မှာ နံပါတ်တစ် ဖြစ်ပြီး ဓားနဲ့ ပတ်သက်လာရင် ဘယ်လောက်အောင်မြင်လဲ မင်း နားလည်ပုံလည်း မရဘူး... ငါ မင်းကို ပြောလိုက်ရင် မင်း သေလောက်အောင် ကြောက်သွားလိမ့်မယ်... ငါ သူ့ရှေ့မှာ မင်းရဲ့ ဆယ့်ကိုးချက်မြောက် ဓားကွက်ကို ထုတ်ကစားပြလိုက်တဲ့နောက်ပိုင်း သူက နှစ်ဆယ်ကွက်မြောက် ဓားချက်ကို စတွေးနေပြီ”
သူမက ထရပ်ပြီး ဂုဏ်ယူစွာ ပြော၏။ “ခိုင်ဧကရာဇ်က အဲဒီလို ပြိုင်ဘက်ကင်းပြီး ဉာဏ်ရည်ထက်တဲ့ လူတော်တစ်ယောက်ပဲ... ဒါကြောင့် မင်းအနေနဲ့ မင်းရဲ့ ပေါက်ကရအတွေးတွေကို ခေါင်းထဲက ထုတ်သင့်တယ်... ဒါပေမဲ့ မထုတ်ချင်ဘူးမလား... ဒီတော့ ငါ မင်းကို ခိုင်ဧကရာဇ်ရဲ့ ဓားကွက်နဲ့ အနိုင်ယူပြမယ်”
သူမသည် အင်္ကျီလက်အိုးကို ဝှေ့ယမ်းကာ အော်လိုက်၏။ “နောက်ဆုတ်ကြ... ငါ ခိုင်ဧကရာဇ်ရဲ့ ဓားကွက် သုံးပြီး ကောင်းကင်နတ်အရှင်မူ ကောင်းကင်နဲ့မြေပြင်ရဲ့ အတိမ်အနက်ကို နားလည်သွားအောင် လုပ်တော့မယ်”
ဖျော်ဖြေပွဲ ရပ်တန့်သွားပြီး ကချေသည်များ နောက်ဆုတ်သွားကြသည်။
ယန်ယွင်ရှီက ဓားဆွဲထုတ်ကာ ချင်မူ့ကို ကြည့်၏။
ချင်မူမှာ မှင်သက်သွားသည်။ “ခင်ဗျားတောင် ဒီလိုလား...”