← Chapters

သံချေးတက်နေသော ဓားနှင့် နှလုံးသား

Vol. 76 Ch. 988

သံချေးတက်နေသော ဓားနှင့် နှလုံးသား

Vol. 76 Ch. 988

ကောင်းကင်နတ်ဘုံ၏ တာအိုဂိုဏ်းတွင် တာအိုရသေ့အစစ်များများစားစား မရှိပေ။ တာအိုဂိုဏ်းဟု အမည်တပ်ထားသော်လည်း အာဏာပိုင်မိသားစုများမှ အရှိန်အဝါရှိသော မျိုးဆက်များ နာမည်ရအောင် လာသည့်နေရာတစ်နေရာသာ ဖြစ်သည်။ ဆန့်ကျင်ဘက်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ တာအိုဂိုဏ်းတွင် တာအိုရသေ့စစ်စစ်များ ရှိ၏။ သူတို့က တာအိုနှင့် သင်္ချာကို လေ့လာရာတွင်သာ စိတ်ရောကိုယ်ပါ နှစ်မြုပ်ထားကြပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများ တိုးတက်အောင် ကြိုးစားပေးကြလေသည်။

သက်လတ်ပိုင်းအရွယ် တာအိုရသေ့၊ စုမိုင်ချင်း၊ ကောင်းကင်နတ်ဘုံ တာအိုဂိုဏ်း၏ အစွန့်ပစ်ခံဂိုဏ်းသားတစ်ယောက်သည် ကမ္ဘာဦးဘုံထဲတွင် တာအိုဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ခဲ့၏။ ‌လေးစားရိုသေထိုက်သော လူတစ်ယောက်ဟု ဆိုရပေမည်။

ချင်မူလည်း ဤအစွ့န်ပစ်ခံဂိုဏ်းသားနှင့် ပတ်သက်ပြီး ကောလဟာလများစွာ ကြားဖူးသည်။ သူသည် ယခင်က ကောင်းကင်နတ်ဘုံ၏ တာအိုဂိုဏ်းမှ ဖြစ်ခဲ့ပြီး ချုံဧကရာဇ်ခေတ်၏ နောက်ဆုံးနှစ်များအတွင်း အောက်ဘုံသို့ ဆင်းသက်လာခဲ့၏။

ဤသို့ဖြင့် ခိုင်ဧကရာဇ်ခေတ်တွင် သူက လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများ၏ တိုးတက်မှုအတွက် တာ၀န်ရှိလာခဲ့သည်။

ခိုင်ဧကရာဇ်ခေတ်တုန်းက ပန်းပဲပညာသည် အဆင့်မြင့်မားနေပြီဖြစ်၏။ သို့သော် နတ်လက်နက်များ သွန်းလုပ်ခြင်း၊ စစ်သင်္ဘောများ၊ နတ်ဘုရားမြို့တော်များ ဆောက်လုပ်ခြင်းနှင့် ၀င်္ကပါသိုင်းကွက်များ၏ ပြုပြင်ပြောင်းလဲမှုအတွက် အက္ခရာသင်္ချာအား လိုအပ်လေသည်။

ထိုကာလအတွင်း တာအိုဂိုဏ်း၏ အက္ခရာသင်္ချာသည် ခိုင်ဧကရာဇ်ခေတ်၏ အဓိကတွန်းအားတစ်ရပ် ဖြစ်ခဲ့၏။

ပို၍ရှင်းလင်းမြင်သာအောင် ပြောရလျှင် သူသည် သိကြားဗုဒ္ဓလီရုံလန် ရွှင်ပျော်ပျော်ကျေးရွာအား ဖန်ဆင်းသည့် လုပ်ငန်းစဉ်တွင်ပင် တစ်ထောင့်တစ်နေရာ၌ ပါ၀င်ခဲ့၏။

ဤသက်လတ်ပိုင်းတာအိုရသေ့မှာ ခိုင်ဧကရာဇ်ခေတ်၏ ကောင်းကင်နတ်မင်းလေးပါးနှင့် ကောင်းကင်ဆရာသခင်လေးပါးကဲ့သို့ ထင်ထင်ရှားရှား မရှိခဲ့ပေ။ သို့သော် သူ၏ လုပ်ဆောင်ချက်များနှင့် သက်ရောက်မှုများက အတိုင်းထက်အလွန် ကြီးမားခဲ့သည်။

အတိုက်အခိုက်ကျွမ်းကျင်သူသည် လူများစိတ်ဝင်စားအောင် ဟိတ်ဟန်လုပ်ပြနေသော တိုက်ပွဲမျိုးထက် အောင်မြင်စွာ အနိုင်ရနိုင်မည့် တိုက်ပွဲများသာ ဖန်တီးတတ်သည်။ တာအိုရသေ့စုမိုင်ချင်းက ထိုကဲ့သို့ လူတစ်ယောက်ပင်။

“တာအိုသခင်စုနဲ့ ဒီမှာ တွေ့ရတာ တကယ် ကံကောင်းတာပဲဗျာ”

ချင်မူ ပြုံး၍ ပြောလိုက်မိသည်။ “ကျွန်တော် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှာတုန်းက တာအိုဂိုဏ်းရဲ့ တာအိုသခင်နှစ်ယောက်နဲ့ ကျွန်တော့်ဆက်ဆံရေးက သိပ်မဆိုးလှဘူး... တာအိုသခင်စုနဲ့လည်း ဒီမှာတွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူးဗျာ.. တာအိုသခင်စု၊ အောက်ဘုံမှာ ခင်ဗျားချန်ရစ်ခဲ့တဲ့ တာအိုသခင်ဂိုဏ်းက အခု ထာ၀ရငြိမ်းချမ်းအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုအတွက် ထောက်တိုင်တစ်တိုင်ကြီး ဖြစ်နေပြီ”

စုမိုင်ချင်းက ပျာပျာသလဲ ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ အဲ့ဒီလိုမပြောပါနဲ့... ကျုပ်က တာအိုသခင် မဟုတ်‌တော့ပါဘူး... အဲ့ဒီရာထူးကို စွန့်ခွာခဲ့တာကြာပြီ.... ကျုပ်က ခြေသလုံးအိမ်တိုင်တာအိုရသေ့အနေနဲ့ ဒီမှာ တစ်ချက်တစ်ချက် စာလာသင်ပေးနေတာပါ.... ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ တာအိုဂိုဏ်းရဲ့ ကောင်းမှုတွေက ကျုပ်နဲ့ ဘာမှမဆိုင်ပါဘူး”

ချင်မူ သူ့အပေါ် အတော်လေး လေးစားသွားမိ၏။ စုမိုင်ချင်းသည် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ တာအိုဂိုဏ်း၏ တည်ထောင်သူဖြစ်သည်။ သို့သော် အောင်မြင်မှုကို ငမ်းငမ်းတက်နေသူများကဲ့သို့ ကောင်းမှုများအား သူ့တစ်ယောက်တည်းအတွက် နာမည်ဝင်မယူပေ။

“ကောင်းကင်နတ်အရှင်မူ... ကောင်းကင်နတ်အရှင်မူက နှစ်လနေရင် အရှင်မင်းကြီးနဲ့ တိုက်ပွဲအတွက် ပြင်ဆင်ဖို့ ဒီကို ရောက်လာတာလား”

သက်လတ်ပိုင်းအရွယ်တာအိုရသေ့က မျက်တောင်ပုတ်ခတ်ကာ ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူအနေနဲ့ ခိုင်ဧကရာဇ်ရဲ့ လမ်းစဉ်၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို ရှာဖွေဖို့ ဒီကိုရောက်လာတာဆိုရင် မှားသွားပြီ... အပေါ်စီးကနေ ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ မြေပြင်အနေအထားတွေကို ကြည့်သင့်တယ်”

ချင်မူ တအံ့တဩ အော်လိုက်မိသည်။ “တာအိုရသေ့ကြီး၊ ခိုင်ဧကရာဇ်ရဲ့ ဓားလမ်းစဉ်ကို ကျုပ်ကို ဘာလို့ပြောပြနေတာတုန်း.. အဲ့ဒီလိုလုပ်ရင် ခင်ဗျား ခိုင်ဧကရာဇ်ကို သစ္စာဖောက်လိုက်တာပဲနော်”

“ဒါဖြင့် ကောင်းကင်နတ်အရှင်မူက ခိုင်ဧကရာဇ် ဓားလမ်းစဉ်ရဲ့ ကောင်းကင်ဘုံ ၃၃ ဘုံကို စဉ်းစားမိပြီးသွားပြီလား”

စုမိုင်ချင်းက ပြုံးလိုက်သည်။ “ကျုပ် အများကြီး ပြောပြမိပြီး ကောင်းကင်နတ်အရှင်မူရဲ့ ဉာဏ်ပညာကို အထင်သေးမိသလို ဖြစ်သွားမိတယ်... ကျုပ်က ကောင်းကင်နတ်ဘုံကို သစ္စာဖောက်ခဲ့ဖူးတာပဲ.. ခိုင်င်ဧကရာဇ်ကို သစ္စာဖောက်နေလည်း မထူးတော့ပါဘူး.. ရွှင်ပျော်ပျော်ကျေးရွာကို တည်ဆောက်ခဲ့တုန်းက ကျုပ်က ၀မ်တျန်းကဲနဲ့အတူ ရပ်တည်ပြီး ရွှင်ပျော်ပျော်ကျေးရွာကို မ‌တည်ဆောက်သင့်ဘူးလို့ ယုံကြည်ခဲ့တယ်လေ... ဒါပေမဲ့ မတူတာက ကျုပ်က ၀မ်တျန်းကဲလောက် မပြတ်သားတာ တစ်ခုပဲ”

သူက နဖူးပေါ်တွင် ‌အရေးအကြောင်းများ ပေါ်လာသည့်တိုင်အောင် မျက်မှောင်ကြုတ်ကာ ပြောသည်။ “အဲ့ဒီနှစ်တုန်းက ခိုင်ဧကရာဇ်ကပ်ဘေး ပေါ်လာတဲ့ အချိန်ပေါ့.. ကျုပ်က ခိုင်ဧကရာဇ်နဲ့အတူ ထွက်သွားခဲ့တယ်....နောက်တော့ ဒီမှာ နှစ်ပေါင်းနှစ်သောင်းကျော် ပိတ်မိနေခဲ့ပြီး ရည်မှန်းချက်တွေ မဖြည့်ဆည်းနိုင်တော့ဘဲ စိတ်ဓာတ်ကျတာပဲ အဖတ်တင်ခဲ့တယ်... ကျုပ်ကိုယ်ကျုပ်လည်း မပြုပြင်နိုင်တော့လို့ ရွှင်ပျော်ပျော်ကျေးရွာရဲ့ အောက်ဆုံးထပ်မှာ နေပြီး စာသင်ပေးနေတာပါ..

“၀မ်တျန်းကဲက ကျုပ်ထက် ပိုပြီး ပြတ်သားတော့ ရွှင်ပျော်ပျော်ကျေးရွာဆီ လိုက်လာဖို့ ငြင်းဆန်ခဲ့တယ်... သူက အပြင်မှာပဲနေပြီး ကျန်ခဲ့တဲ့စစ်တပ်ကြီးကို ဦးဆောင်ခဲ့တယ်လေ... ဒီထဲကို ဘယ်တော့မှ ခြေမချခဲ့ဘူး.. သူ့လောက်သာ ပြတ်သားပြီး အဆုံးထိ တိုက်ခိုက်ခဲ့ရင် အရှင်မင်းကြီးလည်း ရွှင်ပျော်ပျော်ကျေးရွာကို မလာခဲ့လောက်ဘူးလို့ တွေးမိတယ်”

သူသည် ငေးကြောင်သွားပြီး အနည်းငယ် တွေဝေနေဟန်တူ၏။

ချင်မူ၏မျက်ဝန်းများ လှုပ်ခတ်သွားသည်။ “ရသေ့ကြီးလည်း ခိုင်ဧကရာဇ် ရွှင်ပျော်ပျော်ကျေးရွာအပြင် ထွက်အောင် လုပ်ဖို့ ကူညီပေးချင်လား”

စုမိုင်ချင်းက ဟက်ခနဲ ရယ်လိုက်၏။ “တာအိုရသေ့တစ်ယောက်အနေဲ့ ဘယ်လိုဖြစ်လို့ အဲ့ဒီလိုအတွေးမျိုး တွေးနိုင်မှာတုန်း.... ခိုင်ဧကရာဇ် ဓားလမ်းစဉ်ရဲ့ ပထမသိုင်းကွက် ထိုက်ဧကရာဇ်ချေမှုန်းခြင်းဓားက ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ မြေပြင်သွေးကြောထဲမှာ နစ်မြုပ်နေတယ်... ဒီဓားက ခိုင်ဧကရာဇ်ရဲ့ ပထမဓား၊ ပထမကောင်းကင်ဘုံဆိုတော့ အင်မတန်မှ အစွမ်းထက်တယ်”

သူက သစ်ကိုင်းတစ်လက် ချိုး၍ ဓားသဖွယ် အသုံးပြုကာ ထိုက်ဧကရာဇ်ကောင်းကင်ဘုံချေမှုန်းခြင်းဓားကို ထုတ်ဖော်ပြသသည်။

သစ်ကိုင်းခတ် လေထဲတွင် လှုပ်ရှားသွားသည့်အခါ ၎င်း၏လှုပ်ရှားမှုများတွင် ရှိန်လောက်ဖွယ်ရာ အငွေ့အသက် ရှိသော အခြေခံဓားချက်များ ကိန်းဝပ်နေသည်။ ထို့နောက် နေ၊ လ၊ တောင်တန်းများနှင့် မြစ်ချောင်းများအဖြစ် ပြောင်းလဲသွားသည်။ လှုပ်ရှားမှုများက အနှောင်အဖွဲ့မရှိသည့်အချိန်တွင် ခမ်းနားကြီးကျယ်သော တောင်တန်းမြစ်ချောင်းများအဖြစ် ဖွဲ့တည်လာပြီး ကောင်းကင်နှင့်မြေပြင်၏ ကမောက်ကမအခြေအနေများကို ဖိနှိပ်ပေးနိုင်သော အရှိန်အဝါကို ထုတ်လွှတ်လိုက်၏။

စုမိုင်ချင်းက ဤဓားကွက်ကို ဖော်ထုတ်ပြပြီးသည်နှင့် သစ်ကိုင်းခတ်ကို ကိုင်ကာ မြေကြီးထဲသို့ ဂရုတစိုက် ထိုးထည့်လိုက်သည်။ “ဒီသစ်ကိုင်းလေးက တစ်ရက်ကျ သစ်ပင်ကြီးတစ်ပင် ဖြစ်လာလိမ့်မယ်”

ချင်မူ မျက်လုံးပိတ်၍ စုမိုင်ချင်း ထုတ်‌ဖော်ပြသသွားသော ထိုက်ဧကရာဇ်ကောင်းကင်ဘုံ‌ ချေမှုန်းခြင်းဓားကို ပြန်တွေးကြည့်လိုက်သည်။ အချိန်အနည်းငယ်ကြာသော် သူက မျက်လုံးပြန်ဖွင့်ကာ ကျေးဇူးတင်သည့်အနေဖြင့် ဦးညွှတ်အရိုအသေပေးလိုက်၏။ “ကျေးဇူးတင်ပါတယ် တာအိုသခင်၊ ..... ကျွန်တော် နားမလည်တာလေး တစ်ခု ရှိတယ်... ခိုင်ဧကရာဇ် ရွှင်ပျော်ပျော်ကျေးရွာကို ရောက်လာတဲ့နောက်ပိုင်း ခိုင်ဧကရာဇ်ခေတ်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေက ဘာလို့ ရပ်တန့်သွားတာလဲ”

စုမိုင်ချင်းက သစ်ပင်စိုက်ပြီးသည့်အခါ ခါးပြန်မတ်ပြီး ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ ဒီနေ့ ငါ့စိတ်အခြေအနေ ဘယ်လိုရှိတယ်ထင်လဲ”

ချင်မူလည်း အမှန်အတိုင်း ပြောလိုက်သည်။ “အုံ့မှိုင်းနေတယ်.. ညှင်းသိုးသိုးနဲ့.. တိုက်ခိုက်ချင်တဲ့စိတ် မရှိဘူး”

စုမိုင်ချင်းက ရယ်လိုက်၏။ “အဲဒါက ရွှင်ပျော်ပျော်ကျေးရွာတစ်ရွာလုံးရဲ့ စိတ်အခြေအနေပဲ”

ချင်မူမှာ မှင်သက်သွားသည်။

“ခိုင်ဧကရာဇ်ရဲ့ ပြုပြင်ပြောင်းလဲမှုက ကောင်းကင်ဘုံရဲ့ အလိုတော်နဲ့ ပြည်သူပြည်သားတွေရဲ့ စိတ်ဆန္ဒကို လိုက်နာတယ်... ပြုပြင်ပြောင်းလဲမယ့်ပုံစံကို ဝမ်တျန်းကဲက ဆုံးဖြတ်ပေးခဲ့တာ... ပြုပြင်ပြောင်းလဲမှုရဲ့ အဓိက ရည်ရွယ်ချက်က ကာကွယ်‌စောင့်ရှောက်ပေးဖို့ပဲ”

စုမိုင်ချင်းသည် ရေတချို့ မြင်ယောင်ဖန်ဆင်း၍ သစ်ကိုင်းခတ်အပေါ် လောင်းချကာ ပြော၏။ “နတ်ဘုရားတွေက ပြည်သူပြည်သားတွေကို ကာကွယ်စောင့်ရှောက်ပေးပြီး သူတို့ရဲ့ နေထိုင်မှုဘဝ ကောင်းမွန်လာအောင် လုပ်ပေးရမယ်.. ပြည်သူပြည်သားတွေဟာ နတ်ဘုရားအလောင်းအလျာ၊ ကောင်းကင်နတ်သိုင်းပညာရှင်တွေကို မွေးထုတ်ပေးရမယ်... အဲဒီလို သံသရာလည်ရမှာပေါ့လေ... ကောင်းကင်နတ်သိုင်းပညာရှင်တွေနဲ့ နတ်ဘုရားတွေ ကောင်းကင်နတ်သိုင်းများများ ဖန်တီးနိုင်လေလေ၊ ခိုင်ဧကရာဇ်ခေတ် ပိုအင်အားကြီးလေလေ၊ ပိုတိုးတက်လေလေပေါ့... ဒါပေမဲ့ ခိုင်ဧကရာဇ်ကပ်ဘေး ဖြစ်လာတော့ နတ်ဘုရားတွေဟာ ပြည်သူပြည်သားတွေကို ကာကွယ်မပေးတော့ဘူး”

သူက အပင်ပေါက်လေးကို ငေးကြည့်နေသည်။ အတန်ကြာသော် သက်ပြင်းချလိုက်၏။ “နတ်ဘုရားတွေက လူတွေကို စွန့်ပစ်ပြီး ထွက်သွားကြတယ်... ဒါကြောင့် ခေတ်တစ်ခေတ်လုံးရဲ့ စိတ်ဓာတ်အားမာန်တွေ အငွေ့ပျံသွားပြီး ပြုပြင်ပြောင်းလဲမှု ရပ်တန့်သွားတာပဲ... နန်းတွင်းမှာတော့ ရွှင်ပျော်ပျော်ကျေးရွာက ဖန်ဆင်းရှင်တွေရဲ့ မြင်ယောင်ဖန်ဆင်းခြင်း သဘောတရားတွေကို အတုယူနိုင်ခဲ့လို့ ပြုပြင်ပြောင်းလဲမှု ဆက်သွားနေတုန်းပဲလို့ ချီးကျူးနေကြတဲ့သူတွေ ရှိတယ်... သူတို့က ကောင်းကင်ဘုံတောင် တုန်ခါရတဲ့အထိ အာကျယ်အာကျယ်နဲ့ အရူးချီးပန်း လျှောက်ပြောပြီး တကယ်ကြီး ယုံနေကြတယ်လေ... ငါတော့ မယုံဘူး”

သူက နှာခေါင်းရှုံ့၍ ပြန်ရန် လှည့်လိုက်သည်။ “ငါ မယုံဘူး... ပြုပြင်ပြောင်းလဲမှုရဲ့ အခြေခံအုတ်မြစ်က ပြိုလဲသွားပြီ... ရည်ရွယ်ချက်လည်း အသုံးမဝင်တော့ဘူး.... သူတို့က တစ်ချိန်လုံး ချီးကျူးပြီး ကြွားဝါနေကြပေမယ့် ဘယ်မှာလဲ ပြုပြင်ပြောင်းလဲမှု... အလကား ဖော်လံဖားဖို့ပဲ သိတဲ့ အရူးတွေ... ငါ သူတို့နဲ့ မပတ်သက်ချင်ဘူး... မင်းလည်း ခိုင်ဧကရာဇ်ကို အသိစိတ်ဝင်လာတဲ့အထိ ရိုက်နိုင်ပါစေလို့ ငါ ဆုတောင်းတယ်”

ချင်မူမှာ သူ ထွက်သွားသည်ကို ငေးကြည့်ရင်း မှင်သက်နေမိသည်။

ရှုကျွင်းက သူ့ဆီ လျှောက်လာပြီး သူ့အကြည့်အတိုင်း လိုက်ကြည့်သည်။ စုမိုင်ချင်း၏ နောက်ကျောကို မြင်လျှင် ဇဝေဇဝါဖြင့် မေးလေသည်။ “အထွတ်အမြတ်ကလေးငယ် ဘာကြည့်နေတာလဲ”

“ဘာမှမဟုတ်ပါဘူး”

ချင်မူ ဣန္ဒြေပြန်ဆည်ကာ ရယ်လိုက်မိသည်။ “ဒီတိုင်း တွေးစရာလေးတွေ ရှိလို့ပါ... နတ်ဘုရင်၊ ပြီးပြီလား”

ရှုကျွင်းက ခေါင်းညိတ်၍ ပြောသည်။ “ငါ ပြီးခဲ့တဲ့ နှစ်တစ်သန်းက လမ်းစဉ်တွေ၊ ကျင့်စဉ်တွေ၊ ကောင်းကင်နတ်သိုင်းတွေနဲ့ ရင်းနှီးသွားပြီ... နောင်ကျ ငါ ဆက်လျှောက်မယ့် လမ်းစဉ်နဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မရှိသေးပေမယ့် အကြံတစ်ခုတော့ ရထားတယ်... ငါတို့‌ မိုးပေါ် တက်ပြီး ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ မြေပြင်အနေအထားကို ကြည့်ဦးမှာလား”

“မလိုတော့ဘူး”

ချင်မူ ပြုံး၍ ဖြေလိုက်သည်။ “ခိုင်ဧကရာဇ်‌ရဲ့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ ချေမှုန်းခြင်းဓားကို ကျွန်တော် နားလည်သွားပြီ... ထိုက်မင်ကောင်းကင်ဘုံဆီ ဆက်သွားကြစို့”

ရှုကျွင်းမှာ အူကြောင်ကြောင် ဖြစ်နေသော်လည်း ချင်မူနောက်မှ လိုက်သွားပြီး ထိုက်မင်ကောင်းကင်ဘုံဆီ ပျံသန်းသွား၏။

ထိုက်မင်ကောင်းကင်ဘုံသို့ ရောက်သည့်အခါ ထိုက်မင်ကောင်းကင်ဘုံ၏ အကြီးဆုံးတက္ကသိုလ်ကို ရှာ၍ စာကြည့်တိုက်တွင် မွှေနှောက်ကြသည်။

ချင်မူက ရှုကျွင်းထက် ခြေတစ်လှမ်း အမြဲသာနေသေးသည်။ သူက ရှုကျွင်းထက်အလျင် ဖတ်ရှုပြီးစီးသလို၊ အလွတ်လည်း မှတ်မိလေသည်။

သူ စာကြည့်တိုက်အပြင် ထွက်တော့မည့်အချိန် အေးစက်စက်အသံတစ်သံက သူ့အနောက်၌ ထွက်လာသည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်းက ကြေညက်အောင် မလေ့လာပဲ ဒီတိုင်း ဖတ်သွားတာပါလား... အခုလို လုပ်နေတဲ့ ပုံစံမျိုးနဲ့ ခိုင်ဧကရာဇ်ရဲ့ ဓားကွက်တွေကို ဖျက်စီးပြီး အနိုင်ယူနိုင်မယ်ထင်လား”

ချင်မူ အသံလာရာဆီသို့ ကြည့်လိုက်သည့်အခါ မျက်ခုံးမွှေးထူထူ၊ မျက်လုံးဝိုင်းဝိုင်းဖြင့် ခပ်ထွားထွားလူတစ်ယောက်အား မြင်လိုက်ရသည်။ သူ၏ကျောတွင် ဓားအိတ်တစ်လုံး လွယ်ထားပြီး ဓားလက်ကိုင်ရိုးများစွာ မြင်တွေ့ရသည်။

ချင်မူမှာ သူ့အသိစိတ်အလျဉ်ဖြင့် ပြုစားမခံထားရသော ပညာရှင်တစ်ယောက်နှင့် တွေ့ထားရပြီးဖြစ်သည့်အတွက် ဤလူထွားကြီး ဘွားခနဲ ပေါ်လာသည်ကို မြင်လျှင် သိပ်မအံ့ဩသွားပေ။

ရွှင်ပျော်ပျော်ကျေးရွာတွင် ခိုင်ဧကရာဇ်ခေတ်မှာ သိုင်းပညာရှင်များစွာ ရှိသည်မဟုတ်ပါလော။ ဤနေရာသို့ ရွှေ့ပြောင်းလာပြီးနောက် တချို့သည် ရည်မှန်းချက်များ ပြိုလဲ၍ စိတ်ဓာတ်ကျသွားပြီး တစ်ယောက်တည်းသာ သီးသန့်နေထိုင်တတ်ကြ၏။

ချင်မူ မေးလိုက်သည်။ “ဘယ်သူလဲဗျ”

“ခိုင်ဧကရာဇ်ရဲ့ နေစောင့်ရှောက်သူ၊ ယန်ရင်းနွမ်”

လူထွားကြီးက ဓားအိတ်ကို ချ၍ ဓားလက်ကိုင်ရိုးတစ်လက်ကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ခပ်ပြင်းပြင်း ဆောင့်ဆွဲလိုက်သော်လည်း ဓားက ထွက်မလာပေ။ သူက ခေါင်းကုတ်ကာ ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ ခဏလောက် စောင့်ပါဦး... ငါ့ဓားတွေ အပြင်မရောက်တာ နှစ်နှစ်သောင်းကြာပြီဆိုတော့ နည်းနည်း သံချေးတက်နေလို့”

သူက အားကုန်သုံး၍ ဆွဲထုတ်နေပြီး နောက်ဆုံးတွင်တော့ ဓားတစ်လက် ဆွဲထုတ်နိုင်သွားသည်။ ဓားတွင် သံချေးများ ဖွေးဖွေးလှုပ်နေချေသည်။

‘ဓား သံချေးတက်နေတာ မဟုတ်ဘူး... နေစောင့်ရှောက်သူရဲ့ ဓားနှလုံးသားက သံချေးတက်နေတာ’

ချင်မူ ရတနာဓားကို ကြည့်ကာ ရယ်လိုက်မိသည်။ ‘နေစောင့်ရှောက်သူရဲ့ ဓားနှလုံးသားပေါ်က သံချေးတွေက တော်တော်ဆိုးဆိုးရွားရွား ဖြစ်နေတာပဲ’

‘ခဏ ဓားသွေးလိုက်ဦးမယ်”

လူထွားကြီး ယန်ရင်းနွမ်သည် စာကြည့်တိုက်အပြင် ထွက်သွားပြီး တက္ကသိုလ်ဘေးရှိ စမ်းချောင်းလေးတစ်ချောင်းဆီ ရောက်သွား၏။ သူက သံချေးတက်နေသော ဓားကို စသွေးတော့သည်။

ယန်ရင်းနွမ်မှာ ဓားသွေးရင်း မောလာသည်။ သွေးလေ သွေးလေ၊ သံချေးက များ‌လာလေလေ ဖြစ်နေရာ သူ့မှာ အံ့အားသင့်နေသည်။

ချင်မူက သူ့အနောက်တွင် ရပ်လျက် တိတ်ဆိတ်စွာ စောင့်နေသည်။

ထို့နောက် လူထွားကြီး၏ ပခုံးများ တုန်နေသည်ကို မြင်လိုက်ရသည်။ ဘယ်အချိန်ကတည်းက ငိုနေမှန်း မသိပေ။ သူ့မျက်ရည်များက မီးတောက်များသဖွယ် သူ့မျက်လုံးထဲမှ ထွက်ကျလာပြီး လေထဲတွင် ကခုန်ပျံဝဲနေသည်။

“ဒီဓားကို ဘယ်လိုလုပ်ရတော့မလဲ... ဘာအတွက် သုံးရတော့မလဲ... ဒီသောက်ဓားက သွေးလို့တောင် မရဘူး”

သူက ရုတ်တရက် ထရပ်ပြီး ဓားဖြင့် ချင်မူ့ဆီသို့ လှမ်းထိုးလိုက်၏။

ချင်မူက မလှုပ်မယှက် ရပ်နေသည်။ သူ၏ပတ်ပတ်လည်တွင် “ရွှပ် ရွှပ်” မြည်နေသော ဓားရောင်များ ပျံဝဲနေ၏။

ယန်ရင်းနွမ်က ဓားကို ဝှေ့ယမ်းလိုက်သည့်အခါ ဓားပေါ်ရှိ သံချေးများက ချင်မူ့ကို ဝန်းရံထားသော သံချေးကမ္ဘာတစ်စင်းအသွင် ဖွဲ့တည်သွားသည်။ ဤကမ္ဘာမှာ သံချေးတို့ တိုက်စားဖျက်စီးခံထားရသကဲ့သို့ ပျက်စီးနေသည့်အငွေ့အသက်များ ပြည့်နှက်နေသည်။

“နှလုံးသားက မရှင်းလင်းမှတော့ ဓားကလည်း ရှင်းလင်းတော့မှာ မဟုတ်ဘူး... ထိုက်မင်ရေလှိုင်းဓားတောင် သံချေးတက်လာခဲ့ပြီ”

ယန်ရင်းနွမ် ကျယ်လောင်စွာ အော်ဟစ်နေစဉ် သူ၏ဓားက မြန်လာသည်။ သူက ဒေါသတကြီး‌‌ အော်ဟစ်ပေါက်ကွဲရင်း ဓားကို ရှေ့သို့ ထိုးစိုက်လိုက်၏။ “ဒီသံချေးတက်နေတဲ့ ဓားက ဘာအတွက် အသုံးဝင်တော့မလဲ... ငါကလည်း သံချေးတက်နေတဲ့ နှလုံးသားနဲ့ ဘာအတွက် အသုံးကျတော့မလဲ.. အတိတ်တုန်းက ငါ့ဓားဟာ ခိုင်ဧကရာဇ်ရဲ့ အလျင်ဓားအောက် အနည်းငယ်ပဲ နိမ့်ကျတဲ့ မီးတောက်ဓား...အခုတော့ မလျင်တော့သလို၊ ငါ့နှလုံးသားနဲ့ ဓားဟာလည်း မီးတောက်မနေတော့ဘူး”

သူသည် ရူးသွပ်သွားသော သိုင်းသမားပမာ ခိုင်ဧကရာဇ် ဓားလမ်းစဉ်၏ ဒုတိယဓားကွက်၊ ထိုက်မင်ရေလှိုင်းဓားကို ထုတ်ဖော်ပြသနေ၏။

ချင်မူ့ကို ဝန်းရံထားသည့် သံချေးရောင် လွှမ်းနေသော ထိုက်မင်ကောင်းကင်ဘုံသည် တစ်ချိန်က မည်သူ့ကိုမဆို တုန်လှုပ်သွားစေခဲ့သော သိုင်းကွက်တစ်ကွက် ဖြစ်ခဲ့၏။

ဤဓားကွက်ကို ထုတ်ဖော်ကစားပြပြီးနောက် ယန်ရင်းနွမ်က အမျက်တချောင်းချောင်း ထွက်နေပြီး ဓားကို ဝေးနိုင်သမျှ ဝေးဝေးသို့ လွှင့်ပစ်လိုက်သည်။

သို့သော် သူ့မှာ နောင်တရသွားပြီး ဓားကို ပြေးကောက်သည်။ ထို့နောက် စမ်းချောင်းထဲရင် ဆက်ဆေးရင်း ငိုနေသည်။

ရှုကျွင်းက ရောက်လာကာ ဇဝေဇဝါဖြင့်‌ မေးလေသည်။ “သူ ဘာဖြစ်နေနေတုန်းဟ”

“တာအိုနှလုံးသား ထိခိုက်သွားတာ”

ချင်မူက ပြောသည်။ “ချင်းမင်ကောင်းကင်ဘုံဆီ သွားကြစို့”

ရှုကျွင်းမှာ ချီတုံချတုံဖြင့် ပြောလေသည်။ “ရွှင်ပျော်ပျော်ကျေးရွာရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို စစချင်းကြည့်တုန်းကတော့ ငါ ခမ်းနားတယ် တွေးခဲ့မိတယ်... ဒါပေမဲ့ တက္ကသိုလ်ကြီးနှစ်ခုမှာ စာတွေဖတ်ပြီးတော့ တော်တော်များများက ထပ်နေတာ တွေ့လိုက်ရတယ်... အထွတ်အမြတ်ကလေးငယ် ၊ တခြားကောင်းကင်ဘုံတွေရဲ့ တက္ကသိုလ်တွေဆီ သွားစရာမလိုတော့ပါဘူး”

ချင်မူက ရယ်ကာ ပြောသည်။ “သွားကြည့်လိုက်လို့ အန္တရာယ်ဖြစ်မသွားပါဘူး”

ရှုကျွင်းမှာ လိုက်ရုံအပြင် ရွေးစရာမရှိပေ။ သူတို့နှစ်ယောက်သား ချင်းမင်ကောင်းကင်ဘုံဆီ ရောက်သွားကြပြီး တက္ကသိုလ်ကို ရှာမတွေ့ခင် လူအိုကြီးတစ်ယောက်အား လမ်းတွင် မြင်လိုက်ရသည်။ သူက အုတ်ဂူတစ်လုံးအရှေ့၌ အဝါရောင်စက္ကူများ မီးရှို့ရင်း ငိုနေသည်။ “ချင်ယဲ့၊ ငယ်ငယ်ရွယ်ရွယ်နဲ့ သေရတယ်လို့ကွာ... အသေဆိုးနဲ့ သေရတယ်လို့...”

ရှုကျွင်းက ရယ်သည်။ “အဘိုးကြီး၊ ကျုပ်မှာ ခင်ဗျားလောက် သတ္တိကောင်းတဲ့ မိတ်ဆွေတစ်ယောက် ရှိတယ်... သူက မဟာဧကရာဇ်ကိုတောင် စော်ကားရဲတယ်သိလား... နောက်နှစ် သူ့ဆီ အလယ်သွားရင် သူ့အုတ်ဂူ‌ပေ်က မြက်တွေက လူတစ်ရပ်လောက်တောင် ရှိလိမ့်မယ်”

All Chapters