← Chapters

ယခင်ချင်မိသားစု

Vol. 76 Ch. 990

ယခင်ချင်မိသားစု

Vol. 76 Ch. 990

ယန်ယွင်ချီက ဓားကို ဝှေ့ရမ်းကာ တိုက်ခိုက်တော့သည်။ သူမက ချင်မူ့ကို စကားပြီးဆုံးအောင် ပြောခွင့်မပေးဘဲ ချက်ချင်းပင် ခိုင်ဧကရာဇ် ဓားလမ်းစဉ်၏ ကောင်းကင်ဘုံ ၃၃ ဘုံမှ ပထမဓားကွက် ကောင်းကင်ဘုံချေမှုန်းခြင်းဓားကို ထုတ်လွှတ်လိုက်၏။

သူမက ပြောသည်။ “ငါ့ကို စုမိုင်ချင်းလို ယန်ရင်းနွမ်လို မထင်နဲ့.. သူတို့က အက္ခရာသင်္ချာနဲ့ ကောင်းကင်နတ်သိုင်းမှာပဲ ကျွမ်းကျင်တာ... တစ်ယောက်က စစ်တပ်ကို ဦးဆောင်တဲ့နေရာမှာ ကျွမ်းကျင်တယ်.... တစ်ယောက်က ပြည်ထဲရေးအရာရှိထက် မပိုဘူး... သူတို့တွေက ခိုင်ဧကရာဇ်ဓားကွက်ရဲ့ ဆန်းကြယ်နက်နဲမှုတွေကို ပြသနိုင်မယ်ထင်လား”

သူမ ထုတ်ဖော်ပြသလိုက်သည့်အခါ ခိုင်ဧကရာဇ်၏ဓားသိုင်းသည် ခမ်းနားကြီးကျယ်နေ၏။ ချင်မူ မြင်ခဲ့ရသည့် ဓားကွက်များနှင့် လုံး၀မတူတော့ပေ။ စုမိုင်ချင်းနှင့်လည်း ကွဲထွက်‌နေသည်။ ယန်ရင်းနွမ်ဆိုလျှင် စကားထဲပင် ထည့်ပြောစရာမလိုတော့ပေ။

ယန်ယွင်ရှီသည် အမှန်တကယ်ပင် ပညာရှင်တစ်ယောက် ဖြစ်သူပီပီ ဓားလမ်းစဉ်၏ စွမ်းအားဟူသမျှအား ထုတ်ဖော်ပြသနေတော့သည်။ သို့သော် သူမက ချင်မူ၏သိုင်းအဆင့်ကို လျှော့တွက်ကာ နတ်ဘုရားအဆင့်ကိုသာ အသုံးပြုထားသည်။ ထို့ကြောင့် ခိုင်ဧကရာဇ်ဓားလမ်းစဉ်၏ ဓားသိုင်းကို ထုတ်ဖော်ပြသနေသော်လည်း ချင်မူ့ကို မခြိမ်းခြောက်နိုင်ပေ။

ချင်မူ ရင်ထဲတွင် လှုပ်ခတ်သွားပြီး သူ၏ဓားစက်လုံးက ပျံထွက်ကာ သူမ၏ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ ချေမှုန်းခြင်းဓားကို ဖြိုခွင်းလိုက်သည်။

ယန်ယွင်ရှီသည် သူ့ဓားဆီမှ အားလှိုင်းအား ခံစားရသည့်အခါ မှော်စွမ်းအင်ကို မြှင့်တင်၍ ဒုတိယဓားကွက်၊ ထိုက်မင်ရေလှိုင်းဓားကို ထုတ်လွှတ်လိုက်သည်။

ချင်မူက သူ့ဓားဖြင့် ဆက်လက်ဖြိုခွဲပြီး ရေလှိုင်းဓားအား ပိုင်းဖြတ်လိုက်သည်။

ယန်ယွင်ရှီ၏ မှော်စွမ်းအင်က အစစ်အမှန်နတ်ဘုရားအဆင့်သို့ ရောက်ရှိသွားသည်။ သို့သော် ချင်မူ၏မှော်စွမ်းအင်က သိပ်သည်းနေသဖြင့် သူမသိုင်းအဆင့်ထက် ပိုမိုအားကောင်းသည်ဟု ခံစားနေရသေး၏။ ဤအခြင်းအရာက သူမကို ထိတ်လန့်လာစေသည်။

ယန်ယွင်ရှီ၏ လမ်းစဉ်က သူများနှင့်မတူပေ။ သူမသည် နယ်ပယ်အမျိုးမျိုးကို ‌လေ့လာနှံ့စပ်သလို၊ ဉာဏ်ရည်ထက်မြတ်သူပီပီ မည်သည့်နယ်ပယ်တွင်မဆို ထူးချွန်၏။

ခိုင်ဧကရာဇ်ကိုယ်တိုင်ပင် သူမသည် ဉာဏ်ရည်ထက်မြတ်ပြီး ၀မ်းထျန်းကဲနှင့်ယှဉ်လျှင် အနည်းငယ်သာ နိမ့်ကျသည်ဟု ချီးကျူးခဲ့ဖူးသည်။ သို့တိုင်အောင် သူမ၏ပင်ကိုယ်ပါရမီက ၀မ်ထျန်းကဲထက် များစွာသာလွန်လေသည်။ ပင်ကိုယ်ပါရမီတွင် သူမသည် တီရီယွဲ့အောက် နိမ့်ကျသော်လည်း ဉာဏ်ပိုကောင်း၏။

ကျစ်ယွီယွဲ့က ကောင်းကင်နယ်စားမင်း၏မျိုးဆက် ဖြစ်သည့်အလျောက် မည်သည့်အရာကိုမဆို အလွယ်တကူ နားလည်နိုင်သည်။ ယန်ယွင်ရှီကမူ ထို့ကဲသို့အစွမ်းမျိုး မရှိသော်လည်း တူရိယာ၊ စစ်တုရင်၊ စာပေ၊ ပန်းချီ၊ ဂီတ၊ လှံ၊ ဓား၊ ၀င်္ကပါနှင့် သိုင်းပညာအစရှိသော ကမ္ဘာခေတ်နှောင်းမဟာတာအိုမှန်သမျှ လေ့လာနိုင်ခဲ့သည်။

ယန်ယွင်ရှီ လျှောက်နေသော လမ်းစဉ်ကား ကောင်းကင်နန်းဆောင်များစွာ ပြိုင်တူ ဖွဲ့တည်နိုင်သော လမ်းစဉ်ဖြစ်သည်။ သူမသည် ဧကရာဇ်ပလ္လင်အဆင့်သို့ တက်လှမ်းပြီးသည့်အချိန်တွင် ကောင်းကင်နတ်ဘုံအဆင့်၏ အမြင့်ဆုံးသို့ ရောက်သွားပြီး ကောင်းကင်နတ်အရှင်များနှင့် တူညီသော သိုင်းအဆင့်ဖြစ်သွားရန် မျှော်လင့်ထား၏။

သို့သော် လမ်းစဉ်တစ်ခုနှင့်တင် ဧကရာဇ်ပလ္လင်အဆင့်သို့ တက်ရန် ခက်ခဲနေပြီဖြစ်ရာ လမ်းစဉ်ပေါင်းများစွာဖြင့် တက်ရန်မှာ မလွယ်ကူနိုင်ပေ။ တစ်လှမ်းချင်း၊ တစ်ရွေ့ချင်း သွားမှသာ ရလိမ့်မည်။

သူမကိုယ်တိုင်လည်း ဤလမ်းက ခက်ခဲမည်မှန်း သိသည်။ တိရီယွဲ့နှင့် သိုင်းပညာကောင်းကင်ဆရာသခင်ပင် ဧကရာဇ်ပလ္လင်အဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း သူမမှာတော့ နတ်ကောင်းကင်ခန်းမအဆင့်တွင်သာ တစ်နေခဲ့သည်။

သို့သော် ဤအခြင်းအရာကြောင့်လည်း သူမ၏မှော်စွမ်းအင်သည် ခမ်းနားကြီးမား၏။ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံတွင် ကောင်းကင်ဆရာသခင် ကွမ်းချာကို သူမလို အနိုင်ယူနိုင်သူ အနည်းငယ်သာ ရှိလေသည်။

သိုင်းပညာကောင်းကင်ဆရာသခင် ကွမ်းချာကို အနိုင်ယူနိုင်သည့် ပထမဆုံးတစ်ယောက်ကတော့ ခိုင်ဧကရာဇ်ပင်။

ခိုင်ဧကရာဇ်၏ မှော်စွမ်းအင်သည် အတိုင်းထက်အလွန် အားကောင်းပြင်းထန်၏။ ချင်မူ၏ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်က ခိုင်ဧကရာဇ်၏ အခြေခံတောက်ယင်ကျင့်စဉ်မှ ဆင်းသက်လာသည် မဟုတ်ပါလော။

ဒုတိယတစ်ယောက်ကတော့ ကောင်းကင်နယ်စားမင်း၏ သွေးပါသည့်အတွက် ပင်ကိုယ်အားဖြင့် သန်မာအားကောင်းနေ‌သော တိရီယွဲ့ပင်။

သို့သော် ယန်ယွင်ရှီသည် သိုင်းပညာကောင်းကင်ဆရာသခင်အောက် သိုင်းအဆင့်တစ်ဆင့် နိမ့်သော်လည်း အနိုင်ယူနိုင်ခဲ့သေးရာ ... သူမမည်မျှ အစွမ်းထက်မှန်း ပေါ်လွင်နေချေပြီ။

သို့တိုင်အောင် ချင်မူ့ကို ရင်ဆိုင်ရသည့်အခါ အဆင့်တူတွင် ချင်မူ၏ မှော်စွမ်းအင်သည် သူမထက် နှစ်ဆ၊ သုံးဆ ပိုမိုအားကောင်းသန်မာနေသည်ဟု ခံစားရ၏။

သူမက သိုင်းအဆင့်ကို နတ်ဘုရားစီရင်ရာစင်မြင့်အဆင့်သို့ မြှင့်တင်လိုက်ကာ ချင်မူ့ဓားအား ရင်ဆိုင်သည်။

‘အဆင့်တူမှာ ခိုင်ဧကရာဇ်တောင် သူ့လောက် မသန်မာလောက်ဘူး’

ချင်မူ၏မှော်စွမ်းအင်ကား သိပ်သည်းလွန်း၏။ အဆင့်တူတွင် ခိုင်ဧကရာဇ်ပင် မှေးမှိန်သွားလိမ့်မည်။

ယန်ယွင်ရှီက ကောင်းကင်ဘုံ ၃၃ ဘုံ၏ ဓားကွက်များအား ထုတ်ဖော်ကစားပြရင်း ထိုက်ဓားအထိ ရောက်ရှိလာသော်လည်း ချင်မူမှာ တစ်ခါမှ မမြင်ဖူးထားသဖြင့် ၎င်း၏ ဆန်းကြယ်နက်နဲမှုများအား ချင်မူ မြင်နိုင်အောင် ဖြည်းဖြည်းချင်း ပြန်လည်ထုတ်လွှတ်ပြ၏။

ဤဓားကွက်ပြီးနောက် ယန်ယွင်ရှီသည် မရပ်ပေ။ ထိုအစား ၃၀ ဘုံမြောက် ကောင်းကင်ဘုံ၊ အောင်နိုင်ခြင်း မဟာကျောက်စိမ်းဓားကို ထုတ်ဖော်လိုက်သည်။

ထို့နောက် ၃၁ ဘုံမြောက် ကောင်းကင်ဘုံ၊ နဂါးဗြဟ္မအပြောင်းအလဲဓား။

ထို့နောက် ၃၂ ဘုံမြောက် ငြိမ်းချမ်းရေးပညာဓား။

နောက်ဆုံးတော့ ၃၃ ဘုံမြောက်၊ မဟာလင်းရောင်ဓား။

ဤဓားကွက်တွင် ယန်ယွင်ရှီသည် ရပ်၍ ဓားကို လွှင့်ပစ်ကာ ဝန်ခံ၏။ “ငါ မင်းကို အနိုင်မယူနိုင်ပေမယ့် ခိုင်ဧကရာဇ်ကတော့ အနိုင်ယူနိုင်တယ်... သူက ဓားလမ်းစဉ်ရဲ့ ကောင်းကင်ဘုံ ၃၃ ဘုံကို သုံးရင် ငါ့ထက် အများကြီး သန်မာအားကောင်းလိမ့်မယ်... မင်း သူ့ကို သေချာ‌ပေါက် ရှုံးမှာပဲ”

“ကျေးဇူးအများကြီးတင်ပါတယ်” ချင်မူ ဓားစက်လုံးကို သိမ်းရင်း လှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။

ယန်ယွင်ရှီသည် သူ့ကို ကြည့်၍ အေးစက်စက် ပြော၏။ “ခိုင်ဧကရာဇ်ကို နင် အနိုင်ယူနိုင်မယ် ထင်လား.. သူက ဓားလမ်းစဉ်မှာ နံပါတ်တစ်ပဲ... သူ့အောင်မြင်မှုတွေက ပြိုင်ဘက်ကင်းတယ်... သူ့အတွေးအမြင်တွေက မြန်လွန်းလို့ ဘယ်သူ့မှ လိုက်မမှီနိုင်ဘူး... သူက လွန်ခဲ့တဲ့ နှစ်နှစ်သောင်းတုန်းက ဓားလမ်းစဉ်ရဲ့ ကောင်းကင်ဘုံ ၃၃ ဘုံကို ဖန်ဆင်းခဲ့တဲ့သူ.. အခု သူ ဘယ်အဆင့်ရောက်နေမှန်း ငါတောင် မသိဘူး”

ချင်မူ စိုးရိမ်လာသည်။

ယန်ယွင်ရှီက ဆက်ပြော၏။ “ခိုင်ဧကရာဇ် မင်းရဲ့ ဆယ့်ကိုးချက်မြောက် ဓားကွက်ကို မြင်တုန်း ဆယ့်ငါးချက်မြောက်၊ ဆယ့်ခုနစ်ချက်မြောက်နဲ့ ဆယ့်ရှစ်ချက်မြောက် ဓားကွက်တွေအထိ စဉ်းစားနိုင်ခဲ့တယ်.... သူက ဆယ့်ကိုးချက်မြောက် ဓားကွက်မှာ တစ်နေမယ့် သူ မဟုတ်ဘူး... မင်း ခိုင်ဧကရာဇ်ရဲ့ ကောင်းကင်နတ်ဘုံထဲ ဝင်လိုက်ရင် သူ့ရဲ့ နှစ်ဆယ်ချက်မြောက် ဓားကွက်ကို မြင်ရင် မြင်ရလောက်ပြီ... သူ့ဓားလမ်းစဉ်ရဲ့ ၃၄ ဘုံမြောက် နဲ့ ၃၅ ဘုံမြောက် ကောင်းကင်ဘုံတွေတောင် မြင်ရင် မြင်ရမှာ.... မင်းတော့ သေပြီပဲ”

ချင်မူ နူးညံ့ချိုသာစွာ ပြုံးလိုက်သည်။ “ခိုင်ဧကရာဇ် ကျွန်တော့်ရှုံးမှာ အဲဒီလောက် မြင်ချင်တယ်လား”

ယန်ယွင်ရှီက သူ့ကို စိုက်ကြည့်ကာ အော်သည်။ “ပေါက်တတ်ကရ.... ငါက ခိုင်ဧကရာဇ်ကို သစ္စာရှိတယ်... နေနဲ့ လတောင် ငါ သစ္စာရှိတာ မြင်တယ်... ငါ မင်းကို ရှုံးသွားတာက ငါ့အစွမ်း မလုံလောက်လို့... ခိုင်ဧကရာဇ်ရဲ့ ဓားကွက်တွေ မင်းကို မြင်စေချင်လို့ မဟုတ်ဘူး”

လွီကျန်းနှင့် ရှုကျွင်းသည် မြို့တံတိုင်းထက်တွင် ကျန်နတ်ဘုရားအရာရှိများနှင့်အတူ ရေနွေးကြမ်းသောက်နေကြ၏။ သူမစကား ကြားလျှင် အရာရှိတချို့ ရေနွေးသီးကုန်ကြသည်။

“ဘာတွေ ရယ်နေကြတာလဲ”

လွီကျန်း ဒေါသထွက်သွားပြီး သူတို့ကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လိုက်သည်။ “သောက်စရာရှိတာ သောက်... ဒီနေ့ မသောက်တဲ့သူတိုင်း ဘာကိုမှ မမြင်၊ မကြားရဘူး ဖြစ်သွားမယ်... ဘယ်သူမှ ထွက်သွားခွင့်မရှိဘူး”

အရာရှိနတ်ဘုရားများမှာ ကြောက်လန့်သွားကြကာ သောက်နေကြသည်။

ယန်ယွင်ရှီအတွက် လွီကျန်းက မြည်းတစ်ကောင် ဖြစ်သည်။ ထိုက်ကောင်းကင်ဘုံထဲရှိ ကျန်ရှိသူများအတွက်တော့ ဤမြည်းသည် မြည်းမိစ္ဆာဘုရင် ဖြစ်၏။

ချင်မူက ဘေးသို့ အခြေအနေ ကြည့်ကာ မေးသည်။ “ကောင်းကင်ဆရာသခင်၊ ဓားလမ်းစဉ်မှာ တကယ်ပဲ ၃၄ ဘုံမြောက် ကောင်းကင်ဘုံ ရှိတာလား”

“ငါ မသိဘူး”

ယန်ယွင်ရှီက ခေါင်းယမ်းကာ ပြောသည်။ “ရှိလည်း ရှိနိုင်တယ်.. ရှိလည်း မရှိနိုင်ဘူး.... သူ့ ပါရမီအရဆိုရင်တော့ ဖြစ်နိုင်တယ်... ရွှင်ပျော်ပျော်ကျေးရွာရဲ့ အခြေအနေအရဆိုရင်တော့ မဖြစ်နိုင်ဘူး”

ချင်မူ သူမ၏မျက်ဝန်းထဲသို့ စိုက်ကြည့်ကာ မေးလိုက်၏။ “ဘယ်အချိန်မှ မိန်းကလေးလို ဝတ်မှာလဲ... သစ်ခုတ်သမားနဲ့ သိုင်းပညာကောင်းကင်ဆရာသခင် စောင့်နေတယ်နော်”

ယန်ယွင်ရှီ စိတ်တိုသွားသည်။ “အဲဒါ မင့်ကိစ္စပါလား... ငါ့နှလုံးသားကို လှုပ်ရှားစေနိုင်တဲ့ ယောက်ျားနဲ့ မတွေ့မချင်း ဒီလိုပဲ ဝတ်နေမှာ”

ချင်မူ ရယ်လိုက်မိသည်။ “သစ်ခုတ်သမားလို အမြော်အမြင်ရှိတဲ့သူ... သိုင်းပညာကောင်းကင်ဆရာသခင်လို ခေါင်းမာတဲ့လူမျိုး မရှိနိုင်တော့ဘူး... ခင်ဗျား အခုကတည်းက မိန်းကလေးလို ဝတ်စားပြီး သူတို့ထဲက တစ်ယောက်နဲ့ လက်ထပ်သင့်တယ်... နှစ်ယောက်လုံး ခင်ဗျားကို စောင့်နေကြတော့ လူပျိုကြီးအရိုး ဆွေးတော့မယ်ဗျ... ခင်ဗျား ဒီလိုလုပ်နေတာ သူတို့အတွက် အဆင်မပြေဖြစ်တယ်”

ယန်ယွင်ရှီမှာ စိတ်လည်း တို၊ ရှက်လည်း ရှက်သွားသည်။ “အခု ထွက်သွားစမ်း.... ငါ့ကို အရှက်လာခွဲမနေနဲ့”

“ရှုကျွင်း သွားစို့”

ချင်မူ လှမ်းခေါ်လိုက်သည့်အခါ ရှုကျွင်းက အလျင်အမြန် ထလာသည်။ လွီကျန်းက ပြုံး၍ ပြော၏။ “ဟေ့ကောင်ကြီး၊ အချိန်ရရင် ဒီမှာ လာသောက်လှည့်ဦး.. ငါ မင်းကို ခါကြက်ဥတွေ ကျွေးမယ်”

သူ့ခေါင်းပေါ်ရှိ ငါးမျှားတံတွင် ချိတ်ခံထားရသော ခါကြက်ဥမှာ ရုန်းကန်နေသော်လည်း ရုန်းမရသဖြင့် သူ့ကံကြမ္မာသူသာ လက်ခံလိုက်ရတော့သည်။

ရှုကျွင်းက သဘောတူ၍ ချင်မူ့ဆီသို့ ရောက်လာသည်။

“နောက်ကောင်းကင်ဘုံတွေဆီ မသွားတော့နဲ့”

ယန်ယွင်ရှီက သူ့ကို မြို့အပြင် လိုက်ပို့ကာ ပြောသည်။ “ဒီဖျော်ဖြေပွဲက ဟန်ပြသက်သက်ပဲ... နောက်ကောင်းကင်ဘုံတွေက ဖျော်ဖြေပွဲတွေကတော့ အစစ်တွေ... မင်း အဲဒီကို သွားရင် အရှက်ခွဲခံရလိမ့်မယ်”

ချင်မူမှာ အနည်းငယ် မှင်သက်သွားကာ ကြောင်နေ၏။

ယန်ယွင်ရှီက သက်ပြင်းချ၍ ပြောသည်။ “ရွှင်ပျော်ပျော်ကျေးရွာမှာ ခါးသီးစိတ်ပျက်နေတဲ့ လူတွေက ငါတို့လို လူအိုကြီးတွေပဲ... ဒီမှာ မွေးဖွားလာတဲ့ နတ်ဘုရားတွေ၊ မိစ္ဆာတွေကတော့ အပြင်လောကအပေါ် သံယောဇဉ် သိပ်မရှိတော့ ကောင်းကင်နတ်ဘုံအကြောင်း ကြားပြီး ကြောက်နေကြတာလေ... သူတို့က ထွက်မသွားချင်ကြဘူး... မင်း ခိုင်ဧကရာဇ်ကို တိုက်ခိုက်မယ့်ကိစ္စက ခိုင်ဧကရာဇ် အပြင်ထွက်အောင် ဖိအားပေးဖို့မှန်း သိတဲ့သူက သိထားကြတယ်... ဒီတော့ မင်းကို သေချာပေါက် တားကြမှာပဲ”

ချင်မူ ပြုံးပြပြီး ခေါင်းညိတ်လိုက်သည်။ “သူတို့အတွက် ဒီနေရာက တကယ် ရွှင်ပျော်ပျော်ကျေးရွာပေါ့လေ”

ယန်ယွင်ရှီက အေးစက်စက် နှာခေါင်းရှုံ့၍ ခပ်ပြတ်ပြတ် ပြောသည်။ “ဘာရွှင်ပျော်ပျော်ကျေးရွာလဲ... ဒီကမ္ဘာပေါ်မှာ ရွှင်ပျော်ပျော်ကျေးရွာ မရှိဘူး... သွားတော့ ... မင်း ခိုင်ဧကရာဇ်နဲ့ မြန်မြန်တွေ့လေ၊ မင်း အနိုင်ရနိုင်ခြေ များလေလေပဲ.. ဓားလမ်းစဉ် ကောင်းကင်နတ်သိုင်းတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ တွေးခေါ်နိုင်စွမ်းက မြင့်မားလွန်းတယ်... မင်း နောက်ကျသွားလေ... သူ နှစ်ဆယ်ချက်မြောက် ဓားကွက်ကို ဖန်တီးပြီးနိုင်လေပဲ... ဒါကြောင့် မင်း အရေးနိမ့်သွားနိုင်တယ်”

ချင်မူ သူမကို နှုတ်ဆက်ကာ ထွက်လာခဲ့သည်။

နှစ်ယောက်သား မဟာကျောက်စိမ်းကောင်းကင်ဘုံသို့ ရောက်လာကြသည်။ ဤကောင်းကင်ဘုံသည် အရှေ့ကောင်းကင်ဘုံ ၂၉ ဘုံနှင့် အတော်လေးကွဲပြားနေ၏။ အလွန်ခမ်းနားတင့်တယ်နေပြီး သီချင်းသံများ၊ ကခုန်နေသံများ ပြည့်နှက်နေသည်။ နတ်ဘုရားငယ်၊ မိစ္ဆာငယ်များက မြင်ယောင်ဖန်ဆင်းကောင်းကင်နတ်သိုင်းများ အသုံးပြု၍ အမျိုးမျိုးသော မြင်ကွင်းများအား ပုံဖော်ဖန်ဆင်းထားကြ၏။

မိန်းမငယ်များသည် ထူးဆန်းစွာ လှပနေသော ဤမြေထဲတွင် ကခုန်သီဆိုနေကြ၏။ ဝိုင်ရေကန်များ၊ အသားတောအုပ်များ ရှိနေပြီး အတိုင်းထက်အလွန် ဆန်းပြားနေသည်။

ရှုကျွင်းမှာ ဤနေရာသို့ ရောက်လျှင် ရုတ်တရက် ထငိုသည်။

ချင်မူမှာ အထူးအဆန်း ဖြစ်ပြီး မေးမိသည်။ “ဘာဖြစ်လို့တုန်း”

“ငါတို့တွေ မျိုးမတုံးခင်တုန်းက ဒီလိုပဲ... အခုလိုမြင်ကွင်း မြင်ရတော့ မျိုးတုံးခဲ့ရတဲ့ အဖြစ်ကို ပြန်တွေးမိသွားလို့... အတိုးတက်ဆုံးအချိန်မှာ မျိုးသုဉ်းရမယ်လို့ ဘယ်သူက စဉ်းစားမိမလဲ”

ချင်မူလည်း အလေးအနက် တွေးမိသွားသည်။

နတ်ဘုရားများက ဤနေရာတွင် စောင့်ကြပ်ကာ ကင်းလှည့်နေကြသည်။ ချင်မူ ရွှင်ပျော်ပျော်ကျေးရွာသို့ ရောက်သည့် သတင်းကြား၍ သူ့ကို စောင့်နေကြသည့် နတ်ဘုရားငယ်များ ဖြစ်ကြလိမ့်မည်။

ချင်မူ၏အသိစိတ်အလျဉ်က လှုပ်ခတ်သွားပြီး အသိစိတ်အလျဉ် ပုံရိပ်ယောင်ကမ္ဘာအား ဖန်ဆင်းလိုက်၏။ သူတို့က မြို့ထဲတွင် ကင်းလှည့်နေသော နတ်ဘုရားများထံမှ အန္တရာယ်ကင်းကင်းနှင့် ဖြတ်လျှောက်သွားကြသည်။

နှစ်ယောက်သား နဂါးဗြဟ္မအပြောင်းအလဲကောင်းကင်ဘုံသို့ ရောက်သွားပြီး ထိုကောင်းကင်ဘုံမှာ ပို၍ပင် ခမ်းနားကြီးကျယ်နေ၏။ အောက်ကောင်းကင်ဘုံများမှာ ဖန်ဆင်းရှင်များ၏ ကျူး‌ကျော်တိုက်ခိုက်မှုကို ခုခံရန် လေ့ကျင့်ပေးခံထားရသော်လည်း ဤနေရာတွင်တော့ ထိုသို့အရာများ မရှိပေ။ အပျော်များ၊ စည်းစိမ်များသာ ရှိကြသည်။

ချင်မူနှင့်ရှုကျွင်းကမရပ်ဘဲ နောက်ကောင်းကင်ဘုံ၊ ငြိမ်းချမ်းရေးပညာကောင်းကင်ဘုံဆီသို့ သွားကြသည်။

“မူအာ” ချင်ဟန်ကျန်းနှင့် သူ့ဇနီးက ဝင်ပေါက်တွင် သူ့ကို စောင့်နေကြလေသည်။

ကြင်ယာတော်မင်းသမီးကျန်းက ပြုံးကာ ပြောသည်။ “သား တကယ် ဒီကိုရောက်လာတာပဲနော်.. သားအဖေက သားကို ကောင်းကောင်းသိတယ်... သူက ခိုင်ဧကရာဇ်ရဲ့ ကောင်းကင်ဓားသိုင်းတွေနဲ့ ပက်သက်ပြီး ရှာဖွေဖို့ သား ဒီနေရာကို လာလိမ့်မယ်တဲ့လေ”

ချင်မူက ၀တ်ရုံကို မြှောက်၍ သူတို့ကို ရှိခိုးကာ ပြောသည်။ “ကျွန်တော် အထွတ်အမြတ်ကလေးငယ် ဖြစ်လာတော့ အဖေတို့ အမေတို့ကို လျစ်လျူရှုခဲ့မိတယ်.... ဒီနေရာမှာ သားရဲ့အပြစ်တွေကို ခွင့်လွှတ်ပေးပါ”

ချင်ဟန်ကျန်းက သူ့ကို အလျင်အမြန် ဆွဲထူကာ ပြောသည်။ “သားကို အဖေတို့က မိဘဝတ္တရားနဲ့အညီ မကျွေးမွေး၊ ပညာလည်း မသင်၊ ဝိညာဉ်တောင် မပေးဘဲ နေခဲ့မှတော့ မိဘလို့ ခေါ်ထိုက်ပါတော့မလား”

ကြင်ယာတော်မင်းသမီးကျန်းက မျက်ရည်များသုတ်ကာ ပြောလေသည်။ “အမေ သားနှစ်ယောက် မွေးလိုက်ရင် ကောင်းသား”

ချင်ဟန်ကျန်းက ပြောသည်။ “မင်း ဒီကို လာခဲ့ရတာ အခက်အခဲတွေ အများကြီး ကြုံတွေ့ခဲ့ရမှာပဲ... ခိုင်ဧကရာဇ်ရဲ့ အစောင့်အရှောက်အိုကြီးတွေက သူ့အပေါ် သိပ်သစ္စာရှိကြတ....သူတို့က မင်းရဲ့ခရီးကို ခက်ခဲအောင် လုပ်ခဲ့တယ်မလား.... မင်းအတွက် ခက်ခဲခဲ့မှန်း ငါ သိပါတယ်”

ချင်မူမှာ မည်သို့ပြောရမည်လဲ မသိတော့ပေ။

ကြင်ယာတော်မင်းသမီးကျန်းက ပြောသည်။ “သားအဖေက ဘုရင်ကျန်းဆိုတော့ အဲဒီလူအိုကြီးတွေနဲ့ ဆင်းတွေ့တိုင်း အစေးမကပ်ဘူးလေ... သူတို့စိတ်က ထူးဆန်းသလို၊ စကားပြောပုံဆိုပုံကလည်း တစ်မျိုးကြီးတွေ... အမေက သားအဖေကို သားကိုရှာခိုင်းခဲ့ပေမယ့် အဲဒီလူအိုကြီးတွေအကြောင်း သူ သိတယ်တဲ့... သူတို့က သားကို တိုက်ခိုက်လောက်ပေမယ့် သေအောင်တော့ လုပ်မှာမဟုတ်ဘူးပြောတယ်... အနည်းဆုံး ဒဏ်ရာရရုံလောက်ပဲဆိုတော့ သွားစရာမလိုဘူးတဲ့... အဲဒါကြောင့် သား‌ ရောက်လာမှာကို စောင့်နေကြတာပါ”

ချင်မူမှာ ပို၍ပင် ဆွံ့အသွားသည်။

ရှကျွင်းက တဟားဟား ထရယ်သည်။ “ခိုင်ဧကရာဇ်ရဲ့ အဲဒီအစောင့်အိုကြီးတွေက သိပ်ကို သစ္စာရှိလွန်းလို့ ချင်မူဖြင့်‌ တော်တော့်ကို ခံစားခဲ့ရတာ”

ချင်ဟန်ကျန်းက သူတို့ကို ဘုရင်ကျန်း၏အိမ်တော်ဆီ ခေါ်သွားကာ ပြောသည်။ “မင်း ပြန်လာတာ ရှားတော့ ဘိုးဘေးကြီးတွေနဲ့ တွေ့စေချင်တယ်... ခိုင်ဧကရာဇ်နဲ့ ပြိုင်ပွဲကိုတော့ မမေးတော့ဘူး.. အရင်ဆုံး ဝင်ကြရအောင်... ဒီငြိမ်းချမ်းရေးပညာကောင်းကင်ဘုံ မြေတစ်ဝက်က ငါတို့အပိုင်ပဲ”

ချင်မူ ခေါင်းညိတ်လိုက်သည်။

ချင်ဟန်ကျန်းနှင့် ကြင်ယာတော်မင်းသမီးနောက်မှ လိုက်ဝင်လိုက်သည့်အခါ မျက်စိတစ်ဆုံး ပြည့်နေသော အုတ်ဂူများအား မြင်လိုက်ရသည်။

“ဒါတွေအားလုံးက ငါတို့ရဲ့ ဘိုးဘေးတွေပဲ”

ချင်ဟန်ကျန်းက ပြောသည်။ “အရင်ချင်မိသားစုက ခိုင်ဧကရာဇ် ရွှင်ပျော်ပျော်ကျေးရွာဆီ ပြောင်းဖို့ ဆုံးဖြတ်လိုက်တာက မသင့်တော်တဲ့ ဆုံးဖြတ်ချက်မှန်း သဘောပေါက်ခဲ့တယ်... ဒါကြောင့် စတုတ္ထမျိုးဆက်ကနေ စပြီး ဖန်ဆင်းရှင်တွေကို တိုက်ခိုက်ခဲ့ကြတယ်... မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်... ဒီမှာ အနားယူနေကြပေါ့လေ”

“ခိုင်ဧကရာဇ်မှာ ကလေး ၃၄ ယောက် ရှိတယ်... သူ ကောင်းကင်နတ်ဘုံကို တည်ဆောက်နေတဲ့ ခုလတ်မှာ ကလေး ၃၃ ယောက် သေဆုံးခဲ့ရတယ်... ကျန်ခဲ့တဲ့ ဘိုးဘေးကြီးက ရွှင်ပျော်ပျော်ကျေးရွာဆီ ငါတို့ပြောင်းလာတဲ့အချိန်မှာ တိုက်ပွဲကျခဲ့ကြတာပဲ... သူက သူ့သားခြောက်ယောက်ကို ဦး‌ဆောင်ပြီး ကောင်းကင်နတ်ဘုံကို တိုက်ခိုက်ပေးခဲ့တယ် ... သူ့အလောင်းကိုတောင် အခုထိ ရှာမတွေ့သေးဘူး... ဘယ်သူမှလည်း လိုက်မရှာကြပါဘူး"

ချင်ဟန်ကျန်းက ပြောသည်။ “ဒါကြောင့် သူ့အုတ်ဂူက ဘိုးဘေးသင်္ချိုင်းမှာ မရှိဘူးး.. .ခိုင်ဧကရာဇ်ရဲ့ မျိုးဆက်တွေထဲက တတိယမျိုးဆက်ကတော့ မဟာလေဟာနယ်ကို ဝင်ရောက်လာတဲ့အချိန် သေဆုံးခဲ့ကြရတယ်... သူတို့က လမ်းရှာဖို့ အရင်ထွက်သွားခဲ့ကြတာ... နောက်ဆုံးမှာတော့ တစ်ယောက်တည်းပဲ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့ပြီး ခိုင်ဧကရာဇ်အတွက် အန္တရာယ်ကင်းတဲ့ လမ်းကို ပြပေးနိုင်ခဲ့တယ်”

“ငါတို့မျိုးဆက် တစ်ရာ့ခြောက်မြောက် မျိုးဆက်နဲ့ မင်းရဲ့မျိုးဆက် တစ်ရာ့ခုနစ်မြောက် မျိုးဆက်မှာ အရင်ချင်မိသားစုရဲ့ လူနည်းစုပဲ ကျန်တော့တယ်... ငါတို့မျိုးဆက်တိုင်းဟာ ရွှင်ပျော်ပျော်ကျေးရွာကို ခုခံရမယ့် တာဝန်ကို ပခုံးပြောင်းယူခဲ့ကြရတယ်... ဖန်ဆင်းရှင်တွေ တိုက်ခိုက်တော့ ‌ရှေ့တန်းထွက်ရတာ ငါတို့ပဲ... မင်းအမေ မင်းကို ပြန်မလာစေချင်တဲ့ အကြောင်းရင်းက အဲဒါကြောင့်ပါ”

သူက အရှေ့ရှိ အုတ်ဂူတစ်လုံးဆီ လက်ညှိုးထိုးကာ ပြောသည်။ “အဲဒါ မင်းရဲ့ဦးလေး၊ ငါ့အစ်ကိုပေါ့... သူက ငါ့အပေါ် အရမ်းကောင်းတာ... ငါ ရွှင်ပျော်ပျော်ကျေးရွာက ထွက်သွားတုန်းက လိုက်ပို့ပေးခဲ့တာ သူပဲ... ငါ ပြန်ရောက်လာ‌တော့ သူ ဒီမှာ မြေမြှုပ်ခံထားနေရပြီ....”

“ငါတို့အတွက် ရွှင်ပျော်ပျော်ကျေးရွာဆိုတော့ ဘယ်တုန်းကမှ မတည်ရှိဘူး”

သူက အုတ်ဂူအရှေ့တွင် ရပ်ပြီး ခေါင်းငိုက်စိုက်ကျနေသည်။ “ဘာကြောင့်လဲ သိလား.. ချင်မျိုးရိုးနဲ့လူတွေအတွက် ဝန်ထုပ်ဝန်ပိုးတွေက သိပ်များလွန်းတယ်... သိပ်လေးလံလွန်းတယ်”

All Chapters