← Chapters

ရှက်နေသော ညီဆိုးလေး

Vol. 76 Ch. 995

ရှက်နေသော ညီဆိုးလေး

Vol. 76 Ch. 995

“နှစ်ဆယ်ချက်မြောက် ဓားကွက်က အမှန်တကယ် အစွမ်းထက်တယ်”

ရှုကျွင်းက ချင်မူ့ကို သူ့ကျောပေါ်မှ ချပေးလိုက်သည်။ ချင်မူသည် သူ့ကျောပေါ်မှ ဆင်းလျှင်ချင်း စောစောကကဲ့သို့ လူမမာရုပ်မဟုတ်တော့ဘဲ လန်းလန်းဆန်းဆန်း ဖြစ်နေရာ ရှုကျွင်းမှာ အံ့ဩမဆုံးတော့ပေ။

စောစောက ချင်မူ၏ ဒဏ်ရာများသည် ပြင်းထန်ခဲ့၏။ ခိုင်ဧကရာဇ်၏ နှစ်ဆယ်ချက်မြောက် ဓားကွက်က သူ့ကို ဒဏ်ရာအပြင်းအထန် ရစေခဲ့သဖြင့် ရှုကျွင်းမှာ ချင်မူ့ဝိညာဉ် ဘိုးဘေးဝိညာဉ်ကမ္ဘာသို့ပင် ရောက်သွားပြီဟု ထင်ခဲ့မိသည်။

ထိုအချိန်က ချင်မူမှာ အမှန်တကယ်လည်း ဓားဒဏ်ရာပြင်းထန်ခဲ့သည်။ အပြင်းထန်ဆုံး ဒဏ်ရာမှာ ရုပ်ခန္ဓာဒဏ်ရာမဟုတ်ဘဲ ခိုင်ဧကရာဇ်၏ နှစ်ချက်မြောက် ဓားကွက်မှ ဓားနယ်ပယ်ကြောင့် ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာနှင့် ကောင်းကင်နန်းဆောင်တွင် ရသွားသော ဒဏ်ရာဖြစ်သည်။

ထူးဆန်းစွာနှင့် ချင်မူမှာ ဒဏ်ရာအပြင်းအထန် ရခဲ့သော်လည်း လျင်မြန်စွာ ပြန်လည်သက်သာလာသည်။ ရှုကျွင်းမှာ သူ ဟန်ဆောင်နေသည်လား ဟုပင် သံသယဝင်မိသွား၏။

“ဓားလမ်းစဉ်မှာ နံပါတ်တစ် ဆိုတဲ့အတိုင်းပဲ... ဓားနဲ့ ပတ်သက်လာရင် သူ့ရဲ့ တွေးခေါ်နိုင်စွမ်းတွေက အလေးနက်ဆုံးပဲ.... နှစ်ဆယ်ချက်မြောက် ဓားကွက်က ဆယ့်ကိုးချက်မြောက် ဓားကွက်၊ ကပ်ဘေးပင့်မြှောက်ဓားထက်အောင် ပိုပြီး သန်မာအားကောင်းသေးတယ်”

ချင်မူက ဓားစက်လုံးကို ထုတ်၍ ဝှေ့ယမ်းကြည့်ရင်း နှစ်ဆယ်ချက်မြောက် ဓားကွက်ကို ပြန်လည်ကစားကြည့်နေသည်။

နှစ်ဆယ်ချက်မြောက် ဓားကွက်သည် အခြေခံဓားချက် ဆယ့်ကိုးချက်နှင့် မတူညီပေ။

ချင်မူ ဆယ့်ရှစ်ချက်မြောက် ဓားကွက်ကို တွေးခေါ်ခဲ့စဉ်တုန်းက တစ်စုံတစ်ခုအား သဘောပေါက်ခဲ့သည်။ အခြေခံဓားချက်များ ပိုမိုတိုးတက်လာလေလေ၊ လိုအပ်မည့် မှော်စွမ်းအင်ပမာဏလည်း များပြားလာမည်ဖြစ်၏။ ဓားကွက်တစ်ကွက်တည်းတွင် မှော်စွမ်းအင်အားလုံး သုံးစွဲရသည့်အခါ ထိုဓားကွက်မှာ အသုံးပြု၍မရ‌တော့ပေ။

ထိုကဲ့သို့ လက္ခဏာများ သူ၏ ဆယ့်ရှစ်ချက်မြောက် ဓားကွက်တွင် ပေါ်လာခဲ့သည်။

ချင်မူ၏ သိုင်းအခြေခံသည် အဆင့်တူများထက် ပိုမိုသိပ်သည်းပြီး ခိုင်မာ၏။ ခိုင်ဧကရာဇ်ပင်လျှင် အဆင့်တူတွင် သူ့အောက် နိမ့်ကျသည်။ ထို့ကြောင့် သူ့အတွက် ဆယ့်ရှစ်ချက်မြောက် ဓားကွက်အား အသုံးပြုရန် လွယ်ကူခဲ့သည်။

သို့သော် အခြားသူတစ်ယောက်သာဆိုလျှင် ဆယ့်ရှစ်ချက်မြောက် ဓားကွက်အတွက် သာမန်ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်၏ မှော်စွမ်းအင်ရေကန်ကြီးတစ်ကန်လုံး လိုအပ်လိမ့်မည်။

ဆယ့်ကိုးချက်မြောက် ဓားကွက်၊ ကပ်ဘေးပင့်မြှောက်ခြင်းဓားအတွက် မှော်စွမ်းအင် ပိုမိုလိုအပ်သည်သာမက သင်္ချာကျွမ်းကျင်ရန်လည်း လိုအပ်သလို၊ စိတ်အခြေအနေကလည်း အဆင့်မြင့်မားရသည်။

ဆယ့်ကိုးချက်မြောက် ဓားကွက်ကို တတ်မြောက်ရန် လေ့ကျင့်ရေးများ အပြင်းအထန် ဆင်းရန် လိုအပ်သည်။ ထိုအခါမှ သန်မာအားကောင်းလာကာ ဓားဖြင့် လမ်းစဉ်အဆင့်သို့ တိုက်ရိုက်ဝင်ရောက်နိုင်ပေမည်။

သို့သော် ဤဓားကွက်ကို နားလည်တတ်မြောက်ထားသူမှာ အလွန်နည်းပါး၏။

ဓားကွက်ကို တတ်မြောက်သွားလျှင်ပင် လိုအပ်သော မှော်စွမ်းအင်ပမာဏာအား ထောက်ပံ့ပေးနိုင်မည်မဟုတ်ပေ။

ခိုင်ဧကရာဇ်နှင့် တစ်ယောက်ကို တစ်ယောက် တိုက်ခိုက်ခဲ့တုန်းက ချင်မူသည် ခိုင်ဧကရာဇ်၏ နှစ်ဆယ်ချက်မြောက် ဓားကွက်အတွက် လိုအပ်ချက်များက ပိုမိုများပြားနေကြောင်း တွေ့ခဲ့ရသည်။

‘ဒီဓားကို သုံးဖို့ ဝိညာဉ်ကို ဓားထဲ ထည့်သွင်းပြီး အဆီအနှစ်နဲ့ သွေးတွေကို လောင်ကျွမ်းစေလိုက်ဖို့ လိုအပ်တယ်... ဓားနယ်ပယ်နဲ့လည်း အလိုက်သင့် လှုပ်ရှားနိုင်ရမယ်”

ချင်မူ မျက်မှောင်ကြုတ်သွား၏။ သူ့အနေဖြင့် ဓားနယ်ပယ်ကို သေသေချာချာ မဖွဲ့တည်နိုင်သေးရာ နှစ်ဆယ်ချက်မြောက် ဓားကွက်အား အချိန်တိုလေးအတွင်း အသုံးပြုနိုင်ဦးမည်မဟုတ်ပေ။

သူ၏ ကပ်ဘေးရင်ဆိုင်ဓားက အခြေခံဓားချက်မဟုတ်ပေ။ ကောင်းကင်ရတနာများနှင့် ကောင်းကင်နန်းဆောင်များကို ခိုင်ပိုင်းမည့် ဓားချက်ဖြစ်သည်။ စနစ်ဟောင်းကို ဖျက်စီးခြင်း၊ သိုင်းအခြေခံအဟောင်းကို ဖြိုခွင်းအတွက် ဖွင့်လှစ်ခံလိုက်ရသော ဓားလမ်းတစ်လမ်း ဖြစ်သည်။

ထိုအချိန်တုန်းက ချင်မူ့တွင် ဝိညာဉ်မရှိပေ။ အသိစိတ်အလျဉ်သာ ကျန်သည်။ သူက ကပ်ဘေးရင်ဆိုင်ဓားကို အသုံးပြု၍ သူ၏သိုင်းအခြေခံကိုသူ ဖျက်စီးခဲ့၏။ သူ၏ကိုယ်ပိုင်ကောင်းကင်နန်းဆောင်ကိုလည်း စတင်ဖျက်စီးခဲ့သည်။ ဓားရောင်သည် ရေလှိုင်းကြီးသဖွယ် ကောင်းကင်တံတားကို ဖြတ်တိုက်ရင်း ကောင်းကင်နန်းဆောင်အား ပြိုကျစေခဲ့၏။ ကောင်းကင်နတ်အသွင်၊ ဓာတ်ကြီးငါးပါး၊ အရပ်ခြောက်မျက်နှာနှင့် သေခြင်းရှင်ခြင်း ကောင်းကင်ရတနာများလည်း ဆက်တိုက်ပျက်စီးသွားခဲ့ကာ သူ့တွင် ဝိညာဉ်သန္ဓေသားသာ ကျန်ခဲ့လေသည်။

နောက်ပိုင်းတွင် သူက အခြားနတ်ဘုရားများ၊ မိစ္ဆာများ၏ ကောင်းကင်နန်းဆောင်တို့၊ ကောင်းကင်ရတနာတို့ကို ပိုင်းဖြတ်ရန် ဤဓားကွက်အား အသုံးပြုခဲ့သည်။

သို့သော် ဤဓားကွက်သည် အခြေခံဓားချက်မဟုတ်ပေ။

ခိုင်ဧကရာဇ်နှင့် သူ အဆင့်တူတွင် တိုက်ခိုက်ခဲ့တုန်းက နှစ်ယောက်လုံးသည် နတ်ဘုရားအဆင့်မှ မှော်စွမ်းအင်ကိုသာ အသုံးပြုခဲ့ကြ၏။ ချင်မူက ကောင်းကင်ရတနာအဆင့်၏ ပြင်းထန်အားကောင်းသော မှော်စွမ်းအင်ဖြင့် သူ့ကို ဖိနှိပ်ခဲ့သော်လည်း နှစ်ဆယ်ချက်မြောက် ဓားကွက်ကြောင့် ဒဏ်ရာရခဲ့သေးရာ ထိုဓားကွက် မည်မျှကြောက်စရာကောင်းကြောင်း ပေါ်လွင်ပေသည်။ ၎င်းကို အသုံးပြုလျှင် အားနည်းသူသည် အားကြီးသူတစ်ယောက်အား အနိုင်ယူလိမ့်မည်။

သို့သော် ချင်မူှာ ၎င်းကို မလေ့လာနိုင်သေးသည့်အတွက် စိတ်ပျက်နေမိသည်။

‘ငါက လောကသခင်ခန္ဓာပဲလေ.... ပိုပြီး ကြိုးစားအားထုတ်ဖို့ပဲ လိုတယ်’

သူက ရှုကျွင်းနှင့်အတူ ဖန်ဆင်းတို့၏မြေထဲသို့ လမ်းလျှောက်သွားရင်း စိတ်ဓာတ်ကို ပြန်ဆွဲတင်လိုက်သည်၊။

ဖန်ဆင်းရှင်များအကြားတွင် ရှို့ကျုံးနှင့် ခေါင်းဆောင်တို့က သန်မာဖျတ်လတ်သော ဖန်ဆင်းရှင်များကို ဦးဆောင်၍ ယိုတုသားတော်ချင်ဖုန်းကျင့်အား ကူညီကာ ပရမတ္တကမ္ဘာ၏ ယိုတုကို ဖွင့်လှစ်နေကြသည်။ ထို့ကြောင့် ကလေးငယ်များနှင့် သက်ကြီးရွယ်များသာ ကျန်ခဲ့လေသည်။

ပရမတ္တယိုတုသည် ဖန်ဆင်းရှင်များအတွက် အင်မတန် အရေးပါသောကြောင့် နတ်ဘုရင်လန်ဝူက မျိုးနွယ်စုတိုင်း ချင်ဖုန်းကျင့်အား ကူညီပေးရန် အမိန့်‌ပေးထားသည်။

ချင်မူ ကောင်းကင်အလိုတော်မုခ်ဝကို ဖွင့်ကြည့်လိုက်သည့်အခါ ပရမတ္တယိုတု ပွင့်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။

သူက အထဲသို့ ကြည့်လိုက်ပြီး မျက်ခုံးနှစ်ဖက်ကြားမှ အလင်းရောင်များ ဖြန့်ကျက်လျက် မိုးမိုးမတ်မတ် လျှောက်သွားနေကြသော ဖန်ဆင်းရှင်များအား မြင်လိုက်ရသည်။ သူတို့သည် မဟာကမ္ဘာဦးအစ နတ်ကျောက်တုံးများမှတစ်ဆင့် အသိစိတ်အလျဉ် အသုံးချကာ ဖန်ဆင်းနေကြခြင်းဖြစ်၏။

ချင်ဖုန်းကျင့်က ဖန်ဆင်းရှင်များနှင့် ယှဉ်လျှင် မသေးပေ။ ပို၍ပင် ကြီးသေးပြီး ယိုတု၏အလယ်တွင် ရှိနေသည်။

သူ့ကိုယ်အတွင်းရှိ မဟာယိုတုတာအိုများသည် ဖန်ဆင်းရှင်တို့၏ အသိစိတ်အလျဉ်နှင့် ပေါင်းစည်းရင်း ဟင်းလင်းပြင်ထဲ၌ မဟာတာအိုသင်္ကေတများ ခတ်နှိပ်နေကြသည်။

“တံခါး မဖွင့်လိုက်နဲ့ ... တံခါး မဖွင့်လိုက်နဲ့”

နတ်ဘုရင်လန်ဝူက ချင်မူ တံခါးဖွင့်နေသည်ကို မြင်လျှင် အသိစိတ်အလျဉ်ကို သုံး၍ သူမအသံအား ချင်မူ့ခေါင်းထဲသို့ ပို့လွှတ်လိုက်သည်။ “တံခါး ဖွင့်လို့ မရသေးဘူး .... ဖွင့်လိုက်ရင် ပရမတ္တယိုတုရဲ့ မဟာတာအိုနဲ့ အသိစိတ်အလျဉ်တွေ စိမ့်ထွက်သွားပြီး ပရမတ္တကမ္ဘာကို နှောင့်ယှက်မိလိမ့်မယ်”

ချင်မူက ပရမတ္တယိုတုထဲသို့ အလျင်အမြန် ဝင်၍ ကောင်းကင်အလိုတော်မုခ်ဝအား ပိတ်လိုက်သည်။

သူ အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ ပရမတ္တကမ္ဘာထဲတွင် မြေထုကြီးများ ရုပ်လုံးပေါ်လာနေသည်ကို မြင်လိုက်ရ၏။ ရွှင်ပျော်ပျော်ကျေးရွာ၏ ကြယ်တာရာများနှင့် ကောင်းကင်ဘုံ ၃၃ ဘုံကိုပင် ရှင်းလင်းပြတ်သားစွာ တွေ့နေရသည်။

ပရမတ္တယိုတုနှင့် ပရမတ္တကမ္ဘာက တစ်ခုအပေါ် တစ်ခု ထပ်နေသည်။ ဖန်ဆင်းရှင်များနှင့် ချင်ဖုန်းကျင့် အတူတူ တည်ဆောက်နေသော ပရမတ္တယိုတုသည် ပရမတ္တကမ္ဘာ၏ ထောင့်နေရာတိုင်းသို့ လွှမ်းခြုံရောက်ရှိနိုင်၏။ မဟာလေဟာနယ်အထိပင် ဆက်လက်နယ်ချဲ့၍ ရသည်။

ချင်ဖုန်းကျင့်မှာ သူ့အမေက စောင့်ရှောက်ထားနိုင်ရန် သူ့အပိုင်စားကမ္ဘာငယ်လေးဖြင့် မြေအောက်ဘုံအရှင်လေး ဖြစ်ချင်သည်မှာ ကြာပြီဖြစ်သည်။ ယခုတွင် ကမ္ဘာ‌ငယ်လေးသာ မဟုတ်တော့။ ကမ္ဘာကြီးတစ်ကမ္ဘာ သူ ရသွားချေပြီ။ သူ့အမေကိုသာမက ရွှင်ပျော်ပျော်ကျေးရွာရှိ လူတိုင်းအား ကာကွယ်နိုင်ပြီဖြစ်သည်။

မဟာလေဟာနယ်နှင့် ပရမတ္တကမ္ဘာထဲရှိ ဖန်ဆင်းရှင်များ သူတို့အား အန္တရာယ်မပြုနိုင်အောင်ပင် ထိန်းချုပ်ထားနိုင်သည်။

“ညီဆိုးလေး”

ချင်ဖုန်းကျင့်က ချင်မူ့ကို တွေ့သွားသည်နှင့် စိတ်လှုပ်တရှား လှမ်းပြောသည်။ “မင်း ဒီကို ရောက်လာပြီပေါ့... ဒီမှာ ‌ပျော်စရာမကောင်းဘူးကွာ... ဒီကောင်ကြီးတွေကို ကြည့်ရုံပဲ ကြည့်နေရပြီး စားလို့မရဘူး ဖြစ်နေတယ်”

သူ့အနားရှိ ဖန်ဆင်းရှင်များ သိသိသာသာ ဒေါသထွက်သွားသည်။ သူ့မျက်ခွက်ကို ပစ်ထိုးချင်သော်လည်း မထိုးနိုင်ကြပေ။

ချင်မူက သူ့ဆီ ပျံသန်းလာသော်လည်း နှေးနေသဖြင့် ချင်ဖုန်းကျင့်သည် လက်ဆန့်ထုတ်ကာ ချင်မူ့ကို ဆင်းသက်စေလိုက်၏။ ထို့နောက် ချင်ဖုန်းကျင့် လက်ပြန်ရုတ်လိုက်သည်နှင့် ချင်မူ သူတို့အရှေ့ ရောက်သွားသည်။ သူ့မှာ ဧရာမခန္ဓာကိုယ်ကြီးများအကြားတွင် လွင့်မျောနေသော ဖုန်မှုန်လေးသဖွယ် ဖြစ်နေတော့သည်။

“နောင်ကျရင် အစ်ကိုကြီးအတွက် စားစရာတွေ များလာတော့မှာပါ... ဒါပေမဲ့ ရွှင်ပျော်ပျော်ကျေးရွာသားတွေ၊ ဖန်ဆင်းရှင်တွေကို ကိုယ့်စိတ်ကြိုက် လိုက်စားနေလို့မရဘူးနော်”

ချင်မူ စိတ်ရှည်ရှည်ဖြင့် ပြောနေသည်။ “ကောင်းကင်နတ်ဘုံက ရွှင်ပျော်ပျော်ကျေးရွာကို ရှာဖို့ ဒီရောက်လာလိမ့်မယ်... အစ်ကိုကြီး စားလို့ မကုန်နိုင်လောက်အောင် မဟာလေဟာနယ်ရဲ့ အပြင်မှာ သေကြေပျက်စီးမှုတွေ ဖြစ်လိမ့်မယ် ... ပြောရရင်ဗျာ အစာတွေကို သိုရင် သိုလှောင်ထားလို့တောင် ရဦးမှာ”

ချင်ဖုန်းကျင့်မှာ အလွန်ပျော်ရွှင်သွားပြီး လက်ဝါးနှစ်ဖက်ကို ပွတ်နေသည်။ “သိုလှောင်ထားရင် သူတို့အပေါ် ရက်စက်ရာမကျဘူးလား... ငါပဲ ဒုက္ခခံပြီး စားပေးလိုက်ပါ့မယ်..... များများလေ့ကျင့်ပြီး များများစားတာပေါ့ကွာ”

ချင်မူက ခေါင်းယမ်းကာ ပြောလိုက်သည်။ “ကောင်းကင်နတ်ဘုံမှာ အဆင့်မြင့်သိုင်းပညာရှင်တွေအများကြီးပဲ အစ်ကိုကြီး ဘယ်လိုစားနိုင်မှာတုန်း... ဒါ့အပြင် စစ်ပွဲဖြစ်လာရင် သေတာတွေက ပိုလို့တောင် များဦးမှာ... ရွှင်ပျော်ပျော်ကျေးရွာသားတွေနဲ့ ဖန်ဆင်းရှင်တွေအတွက် အစ်ကိုကြီးအနေနဲ့ လူဆိုးတွေကို ဒဏ်ခတ်ပြီး လူကောင်းတွေကို ချီးမြှောက်တဲ့စနစ် ကျင့်သုံးသင့်တယ်... မကောင်းတဲ့လူတွေကို စား၊ ကောင်းတဲ့လူတွေကိုတော့ ‌ထားပေါ့”

“အေး မင်းအကြံမဆိုးဘူးကွ”

ချင်ဖုန်းကျင့်က ဖြောင့်မတ်တည်ကြည်စွာ ပြောသည်။ “ငါ အများကြီးစားရတော့မှာပေါ့”

‌ချင်မူက နဖူးမှ သွေးကြောများ ထောင်လာကာ ထပ်ပြော၏။ “လူဆိုးတွေကို ဒဏ်ခတ်၊ လူကောင်းတွေကို ချီးမြှောက်ရမှာလို့”

ချင်ဖုန်းကျင့်က မေးသည်။ “အဲ့ဒါ ဘာကို ပြောချင်တာတုန်း”

ချင်မူမှာ သူ့စိတ်ကို ငြိမ်အောင် ထိန်းကာ ရှင်းပြလိုက်၏။ “ကြာကြာစားနိုင်အောင်ပဲ သိမ်းထားတာမျိုးပဲ”

ရုတ်တရက် ချင်ဖုန်းကျင့်သည် သဘောပေါက်သွားပြီး တဟားဟားရယ်ကာ မေးလေသည်။ “‌ကောင်းတဲ့သူ‌တွေတောင် တစ်ခါတလေ မကောင်းမှုတွေ လုပ်တတ်တာပဲလေ.... ဟုတ်ပြီ ဟုတ်ပြီ.... လူကောင်းတွေ မကောင်းမှုလုပ်ရင် ငါ လျက်ရုံပဲ လျက်မယ်ယ်.... လူဆိုးတွေ မကောင်းမှုလုပ်ရင်တော့ စားပစ်လိုက်မယ်”

သူ့အနားရှိ ဖန်ဆင်းရှင်များမှာ သူ့စကားကြားလျှင် နဖူးမှ ချွေးများကျလာကြသည်။ ပင်ပန်းနေသည်လား၊ ကြောက်လန့်နေသည်လား မသဲကွဲပေ။

ချင်မူမှာ တိတ်တိတ်ကလေး သက်ပြင်းချကာ တွေးနေမိသည်။ ‘အစ်ကိုကြီးကတော့ စည်းမဲ့ကမ်းမဲ့နဲ့ ထင်ရာစိုင်းနေတော့တာပဲ.... ဒါပေမဲ့ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံထဲက နတ်ဘုရားတွေကတော့ အကျင့်သီလရှိကြတယ်... သူတို့က အစ်ကိုကြီး အရိုင်းဆန်မသွားကြအောင် သေချာပေါက် ထိန်းပေးကြမှာပါ’

နတ်ဘုရင်လန်ဝူပင်လျှင် စိုးရိမ်စိတ်ဝင်သွားပြီး ချင်ဖုန်းကျင့်အား အားကိုးမရဟု ခံစားလာရသည်။ ချင်မူက အားကိုးရသည်ဟု ခံစားမိခဲ့သော်လည်း သူနှင့် ချင်ဖုန်းကျင့်၏ စကားအသွားအလာကို ကြားသည့်အခါ သူလည်း အားကိုးမရကြောင်း သူမ ခံစားလာရသည်။

“မမကြီးနတ်ဘုရင်၊ ပရမတ္တယိုတုကို မဟာလေဟာနယ်အထိ လွှမ်းခြုံခိုင်းမှာလား” ချင်မူ မေးလိုက်သည်။

နတ်ဘုရင်လန်ဝူက ခေါင်းယမ်းကာ ဖြေသည်။ “အကုန်လုံး တစ်ခါတည်း အပြီးလုပ်ဖို့ ခက်တယ်... အချိန်လည်း ကြာမှာ... ဒါပေမဲ့ ကောင်းကင်နတ်ဘုံ ငါတို့ကို တိုက်ခိုက်လာခဲ့ရင် ပရမတ္တယိုတုထဲကို ၀င်လာနိုင်ဦးမှာဆိုတော့ အဲ့ဒါပြဿနာအကြီးကြီးပဲ... အဲ့ဒါကြောင့် ကောင်းကင်နတ်ဘုံကို ခုခံနိုင်မယ့် ခံတပ်ချထားဖို့ အိမ်သုံးအိမ်မှာ ယိုတု၀င်ပေါက် ဖွင့်ရမယ်ထင်တယ်”

ချင်မူ သူမကို ချီးကျူးလိုက်မိသည်။ “တော်တော်ကို စေ့စပ်တာပဲနော် မမကြီးက”

နတ်ဘုရင်လန်ဝူသည် ပြုံးကာ ပြန်ပြော၏။ “နင်နဲ့ ခိုင်ဧကရာဇ်ရော ဘယ်လိုလဲ”

“ကျွန်တော်တို့ တိုက်ခိုက်ပြီးသွားပြီ.... သူက ငါးမှတ်၊ ကျွန်တော်က ဆယ်မှတ်ရတယ်... ဒါပေမဲ့ ကျွန်တော် ဆယ်မှတ်ရတာကို သူက သဘောမတူဘူးလေ”

ချင်မူက တွေးပြီးနောက် ပြောသည်။ “ကျွန်တော်တို့သာ အဆင့်တူသာဆိုရင် ကျွန်တော်ရဲ့အနိုင်ရနိုင်ခြေက ၇၀ ရာခိုင်နှုန်း ရှိတယ်.... ဒါပေမဲ့ သူသာ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုကို လေ့လာလိုက်ရင် ကျွန်တော့်မှာ အနိုင်ရနိုင်ခြေ လေးဆယ်၊ ငါးဆယ်ရာခိုင်နှုန်းတော့ပဲ ရှိတော့မှာ... အနည်းဆုံးတော့ သူနဲ့ ကျွန်တော်က နည်းနည်းတော့ ကွာနေဦးမှာပဲ... သူ့မှာလည်း သူ့အယူအဆတွေနဲ့သူ ရှိတော့ သူ့ကို အနိုင်ယူဖို့က အတော်လေးခက်တယ်”

နတ်ဘုရင်လန်ဝူသည် သူ့ကို အကဲခတ်နေပြီးနောက် ပြုံးကာ ပြောသည်။ “နင် ဒါတွေပြောပြီးတော့ ဒီမှာ မနေချင်တာ တကယ် သေချာလား”

ချင်မူက ခေါင်းညိတ်ပြလိုက်သည်။ “ကျွန်တော် နဂါးဟန်ကောင်းကင်ဘုံဆီ ပြန်သွားရမယ်... အဲ့ဒီမှာ လုပ်စရာတွေ ကျန်သေးတယ်... ဖန်ဆင်းရှင်တွေနဲ့ ရွှင်ပျော်ပျော်ကျေးရွာက အခု ငြိမ်းချမ်းရေးရသွားပြီမဟုတ်လား... ခိုင်ဧကရာဇ်ကလည်း ရွှင်ပျော်ပျော်ကျေးရွာကို ထိန်းပေးပါ့လိမ့်မယ်... ပရမတ္တယိုတု ဆောက်ပြီးသွားရင် ဒီနေရာမှာ ပရမ်းပတာတွေလည်း မဖြစ်နိုင်တော့ဘူး.... ဒီတော့ ကျွန်တော့်ကို မလိုအပ်တော့ဘူးလေ....အပြင်ကမ္ဘာက အများကြီး ကျယ်ပြောပြီး ပိုစိတ်၀င်စားစရာကောင်းတယ်”

နတ်ဘုရင်လန်ဝူက မျက်တောင်ပုတ်ခတ်ကာ ပြောသည်။ “ငါလည်း အပြင်ထွက်ချင်တယ်.... ဘိုးဘေးနန်းတော်ဆီကိုပေါ့”

ချင်မူမှာ ကပျာကယာ ပြောလိုက်၏။ “မသွားနဲ့နော်.. အပြင်ထွက်တာနဲ့ မမကြီးဒုက္ခရောက်လိမ့်မယ်... ကောင်းကင်နတ်ဘုံမှာ ဘာမှကြည့်စရာမရှိဘူး... တကယ်ကိုမရှိတာ”

နတ်ဘုရင်လန်ဝူက သိချင်စိတ်ဖြင့် မေးလေသည်။ “ငါ ဒီမှာနေတာတောင် ဘာပြဿနာမှမဖြစ်ဘူးလေ... အပြင်ထွက်မှ ဘာလို့ပြဿနာဖြစ်မှာတုန်း”

ချင်မူမှာ အကျပ်ရိုက်သွားကာ မည်သို့ရှင်းပြရမလဲ မသိတော့ပေ။ ကောင်းကင်နတ်ဧကရီနှင့် အရှင်မယွမ်မု ကျွယ်ဝူချိန်နောက်တစ်ယောက်အား မြင်လိုက်ရလျှင် မည်မျှဗြောင်းဆန်သွားလိမ့်မည်နည်း။

နတ်ဘုရင်လန်ဝူ၏ အလှက တာအိုနှလုံးသားကို ပျက်စီးစေနိုင်သော လက်နက်နှင့်တူသည် မဟုတ်ပါလော။ သူမ၏အလှနှင့် တင့်တယ်ကြော့ရှင်းမှုက ယွင်ချွီးရှို့ထက်ပင် သာလွန်လေသည်။ သူတို့နှစ်ယောက်က ဆင်တော့ဆင်သော်လည်း ယွင်ချွီးရှို့က လူလုပ်ထားသော ခန္ဓာကိုယ်တစ်ခုသဖွယ် ခံစားရစေ၏။ နတ်ဘုရင်လန်ဝူကတော့ ပို၍သဘာ၀ဆန်ပြီး ဆွဲဆောင်မှုရှိနေသည်။

ထို့အပြင် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် အသက်ရှင်နေသေးသည်။

သူ နတ်ဘုရင်လန်ဝူကို မြင်လျှင် မည်သည်တို့ ဖြစ်လာလိမ့်မည်နည်း။

ချင်မူစိတ်မကူးရဲပေ။

နတ်ဘုရင်လန်ဝူက ခပ်ပြတ်ပြတ်ပြောသည်။ “ငါတို့ အပြင်ထွက်မယ်... ဒါက နင့်တာ၀န်လည်း ဟုတ်တယ်... အထွတ်အမြတ်ကလေးငယ်၊ အားလုံး ပရမတ္တကမ္ဘာကနေ ထွက်သွားတဲ့အချိန်မှာ ငါက ဒီနေရာမှာ ပိတ်မိနေရမှာလား”

ချင်မူမှာ ဆုံးဖြတ်ချက် မချနိုင်တော့ပေ။

ချင်ဖုန်းကျင့်က သူတို့နှစ်ယောက်ကို စပ်စုသလို ကြည့်နေသည်။ သူ၏မျက်နှာကြီးသည် သူတို့နှစ်ယောက်အား ကပ်နေပြီး မျက်လုံးကြီးနှစ်လုံးက ဟိုဖက်လှိမ့်လိုက်၊ သည်ဖက်လှိမ့်လိုက် ရွေ့နေသည်။ တစ်ချက်တစ်ချက် ချင်မူ့ကို ကြည့်ပြီး တစ်ချက်တစ်ချက် နတ်ဘုရင်လန်ဝူကို ကြည့်တတ်သည်။

သူက ချင်မူ၏‌တွ န့်ဆုတ်တွေဝေနေသော အမူအရာကို ကြည့်ကာ စိတ်၀င်စားနေ၏။ သူ၏ညီလေးသည် ပြတ်သားသော လူတစ်ယောက် ဖြစ်သည့်တိုင် ယခုတွင် အင်မတန်မှ သတိကြီးနေလေသည်။

“ညီဆိုးလေးကတော့ ရှက်နေတာပဲဟေ့” ချင်ဖုန်းကျင့်က တဟားဟား ထရယ်သည်။

ချင်မူမှာ ရှက်သွားပြီး သူ့ကို ပြန်အော်၏။ “မရှက်ပါဘူးဗျ... အစ်ကိုကြီး ပေါက်ကရတွေ မပြောစမ်းနဲ့”

နတ်ဘုရင်လန်ဝူမှာ သူတို့စကားကို နားမလည်သဖြင့် ချင်မူ့ကို စိုက်ကြည့်နေသည်။ ချင်မူမှာ အံတင်းတင်းကြိတ်ကာ ပြောလိုက်ရတော့သည်။ “မမကြီး ကျွန်တော့်နောက် လိုက်လာလို့ရပေမယ့် ကျွန်တော့်စကား နားထောင်ရမယ်... ဖန်ဆင်းရှင်ဆိုတာ လူသိလို့ မဖြစ်ဘူး... သာမန်လူတစ်ယောက်လိုပဲ ပြုမူရမယ်... မျက်ခုံးနှစ်ဖက်ကြားက တတိယမျက်လုံးကိုလည်း ဖုံးဖို့ လိုတယ်”

နတ်ဘုရင်လန်ဝူက ခေါင်းညိတ်၍ နူးညံ့ပျော့ပျောင်းသော အသံလေးဖြင့် ဖြေသည်။ “ဟုတ်ကဲ့ပါရှင်”

ချင်မူမှာ ရင်ဖိုသွားသော်လည်း ချင်ဖုန်းကျင့် ထပ်မလှောင်အောင် ရင်ခုန်သံများကို ကပျာကယာ ထိန်းကာ ပြောလိုက်သည်။ “ကျွန်တော့်မှာ နဖူးပေါ် ကပ်လို့ရတဲ့ မိုးမခသစ်ရွက် ရှိတယ်... အရင်တုန်းက အစ်ကိုကြီးကို ပိတ်လှောင်ဖို့ သုံးခဲ့တဲ့ တစ်ခုပေါ့”

သူက ရွှေရောင်မိုးမခသစ်ရွက်ကို ထုတ်လိုက်၍ နတ်ဘုရင်လန်ဝူသည် မျက်နှာလွှာချကာ သူမမျက်ခုံးနှစ်ဖက်ကြားတွင် သူ ကပ်ပေးမည်ကို စောင့်နေသည်။

ချင်မူမှာ ထိုမြင်ကွင်းကို မြင်လျှင် ရင်ခုန်လာပြန်သည်။

“ရှက်နေတယ်ဟေး” ချင်ဖုန်းကျင့်၏ ရယ်သံကြီး ထွက်လာ၏။

All Chapters