← Chapters

ရှေ့လမ်းကား သံမဏိလို ခိုင်မာသတဲ့

Vol. 76 Ch. 993

ရှေ့လမ်းကား သံမဏိလို ခိုင်မာသတဲ့

Vol. 76 Ch. 993

မဟာလင်းရောင်ဓားသည် အရှေ့ကောင်းကင်ဘုံ ၃၂ ဘုံနှင့် မတူညီသော ဓားအဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။

ဓားလမ်းစဉ်၏ အရှေ့ကောင်းကင်ဘုံ ၃၂ ဘုံတွင် အခြေခံအဆင့် ဓားကွက်များ ပါရှိနေသေးသော်လည်း မဟာလင်းရောင်ဓားက အသိစိတ်အလျဉ်နယ်ပယ်နှင့် ဆင်ဆူသော ဓားအဆင့်သို့ ဝင်ရောက်သွားသဖြင့် ဓားနယ်ပယ်ဟုလည်း ခေါ်၍ ရချေသည်။

သို့သော် ဓားနယ်ပယ်သည် အဆင့်မြင့်အသိစိတ်အလျဉ် နယ်ပယ်နှင့် ကွာခြားနေသေး၏။

အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ် အသိစိတ်အလျဉ်၏ ပြင်ပအပေါ်သို့ သက်ရောက်မှုများအား ပို၍ အာရုံစိုက်သည်။ ထိုနယ်ပယ်ထဲသို့ ဝင်လိုက်မိသည်နှင့် အရာအားလုံး ရပ်တန့်သွားရမည်။ ယင်းက မြင်ယောင်ဖန်ဆင်းခြင်းတွင် အမြင့်ဆုံးအဆင့်ပင်။

သို့ရာတွင် ခိုင်ဧကရာဇ်၏ ဓားက တိုက်ခိုက်ရာတွင် ပို၍အားထည့်ထား‌သောကြောင့် ပြိုင်ဘက်ကင်းသော ဓားဖြစ်လာ၏။

မဟာလင်းရောင်ဓားမှာ ချင်မူ့အတွက် နားလည်သဘောပေါက်ရန် ခက်ခဲနေပြီဖြစ်သည်။ သို့သော် ဤကောင်းကင်ဘုံ၏ အထက်တွင် နောက်တစ်ထပ် ရှိနေသေးရာ ချင်မူ ကြက်သီးတဖြန်းဖြန်း ထလာမိသည်။

နောက်ဆုံးတော့ ခိုင်ဧကရာဇ်ကား ၃၄ ဘုံမြောက် ကောင်းကင်ဘုံအား ထုတ်ဖော်ပြသနေချေပြီ။ ၎င်းကား မဟာရှင်းလင်းခြင်းဓားနယ်ပယ်ဟု ခေါ်သည်။ ထိုဓား ထွက်ပေါ်လာသည့်အခါ ခိုင်ဧကရာဇ် ကောင်းကင်ဘုံတစ်ဘုံလုံး သွေးတို့ တပွက်ပွက် ဆူလာသကဲ့သို့ ခံစားလာရတော့သည်။

ခိုင်ဧကရာဇ်၏ အစောင့်အရှောက်အိုကြီးများမှာ မျက်ရည်များ ဝဲနေကြပြီး ချင်ယဲ့ ဆိုသော နာမည်ကို ပြိုင်တူရေရွတ်နေကြလေသည်။ သူတို့၏ စိတ်ခွန်အားတို့က ရွှင်ပျော်ပျော်ကျေးရွာ၏ မျိုးဆက်သစ်များအား လွှမ်းခြုံစိုးမိုးသွားသော ရေလှိုင်းလုံးကြီးအလား ထင်ရ၏။

သူတို့၏ တိုင်တည်ကြွေးကြော်သံက အားကောင်းပြင်းထန်နေသည်။ ရူးသွပ်နေသည်။ ဖန်ဆင်းရှင်များ မဟာဧကရာဇ်အတွက် အားအင်ဖြည့်တင်းနေသကဲ့သို့ ခိုင်ဧကရာဇ်ကို အားပေးနေကြသည်။

ချင်ဟန်ကျန်းနှင့် သူ့ဇနီးမှာ တက်ကြွနေသော လူအုပ်ကြီးကို ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။ သူတို့ ဤမျှ စိတ်အားတက်ကြွနေသည်ကို တစ်ခါမှ မမြင်ခဲ့ဖူးသောကြောင့် ဇဝေဇဝါ ဖြစ်သွားကြ၏။

ယန်ယွင်ရှီလည်း မျက်မှောင်ကြုတ်ကာ အံ့အားသင့်နေသည်။

သူမသည် မဟာရှင်းလင်းခြင်းဓားနယ်ပယ်ကို ယခုမှ မြင်ဖူးခြင်း ဖြစ်၏။ ၎င်း ခိုင်ဧကရာဇ် ရွှင်ပျော်ပျော်ကျေးရွာကို ရောက်လာသည့်အချိန်မှ ဖန်တီးခဲ့သော ဓားကွက်တစ်ကွက် ဖြစ်တန်ရာသည်။ သို့သော် အဓိကအချက်က ဤအရာမဟုတ်ပေ။

အဓိကအချက်သည် အစောင့်အိုကြီးများနှင့် နတ်ဘုရားအသစ်များ၊ မိစ္ဆာအသစ်များက ခိုင်ဧကရာဇ်အား တန်ခိုးကြီးသော နတ်ဘုရားတစ်ပါးသဖွယ် မြင်နေကြခြင်း ဖြစ်၏။ ခိုင်ဧကရာဇ်နှင့် ချင်မူနှစ်ယောက်စလုံးက ဓားလမ်းစဉ်၏ ကောင်းကင်ဘုံ ၃၃ ဘုံအား အသုံးပြုသွားခဲ့သည်။ ထို့အတွက် အစောင့်အိုကြီးများ၏ စိတ်ဝိညာဉ်တို့ ပြန်လည်နိုးထလာကာ သရဖူဆောင်းခဲ့‌သော နေ့သစ်များသို့ ပြန်ရောက်သွားသလို ခံစားခဲ့ကြရလိမ့်မည်။

သို့သော် အခြေအနေသည် သူမ ထင်ထားသည်ထက် ပို၍ ရှုပ်ထွေးနေသည်။

ချင်ယဲ့က အစကတည်းက ခိုင်ဧကရာဇ် မဟုတ်ပေ။ ရန်သူများအား တိုက်ထုတ်ရင်း သေရေးရှင်ရေးစစ်ပွဲများစွာ ကျော်ဖြတ်ခဲ့ပြီးနောက်မှ ဖြည်းဖြည်းချင်း ခေါင်းဆောင် ဖြစ်လာခဲ့သူပင်။

သူနှင့် ပတ်သက်၍ ဒဏ္ဍာရီပုံပြင်များစွာ ရှိသည်။ သူသည် ခေတ်တစ်ခေတ်၏ ပြယုဂ်၊ ခေတ်တစ်ခေတ်၏ ကျောရိုး ဖြစ်ခဲ့၏။

ခိုင်ဧကရာဇ်ခေတ်၏ အဆုံးသတ်တွင် အစောင့်အိုကြီးများက ခိုင်ဧကရာဇ်ကို တန်ခိုးအာဏာကြီးမားသော အနန္တဘုရားရှင်သဖွယ်ပင် ထင်မှတ်ကာ သူ့ဆုံးဖြတ်ချက်မှန်သမျှ လိုက်နာခဲ့ကြသည်။

ထို့ကြောင့်ပင် ရွှင်ပျော်ပျော်ကျေးရွာသို့ ရောက်လာပြီးနောက် အစောင့်အိုကြီးများ လမ်းပျောက်သွားကြခြင်းနှင့် ခိုင်ဧကရာဇ်၏ ပြုပြင်ပြောင်းလဲမှု မအောင်မြင်ခြင်းလည်း ဖြစ်သည်။

သူတို့၏ တာအိုနှလုံးသားထဲတွင် နတ်ဘုရားတစ်ပါး ရှိနေသည်။ ထိုနတ်ဘုရားက ခိုင်ဧကရာဇ်ပင်။ ခိုင်ဧကရာဇ်က သူတို့၏ ယုံကြည်အားကိုးရာ ဖြစ်နေသည်။

သူတို့ သူ့အား မျှော်လင့်ထားသလို ဖြစ်မလာသည့်အခါ သူတို့၏ ယုံကြည်ချက်များ ကျဆင်းသွား၏။

ယခုတွင် ဓားလမ်းစဉ်၏ ကောင်းကင်ဘုံ ၃၃ ဘုံက သူတို့ကို ခိုင်ဧကရာဇ်အား မျက်စိမှိတ် ကိုးကွယ်ခဲ့သော ခေတ်သို့ ပြန်ရောက်သွားစေခဲ့ပုံရလေသည်။

ယန်ယွင်ရှီ နားမလည်နိုင်တော့ပေ။ ခိုင်ဧကရာဇ်ကို လူအားလုံး၏ နှလုံးသားထဲ၌ နတ်ဘုရားအဖြစ် ရှိနေစေခြင်းကား ကောင်းမွန်သောအကြံမဟုတ်။

ချင်မူ ခိုင်ဧကရာဇ်၏ ဓားလမ်းစဉ် ကောင်းကင်ဘုံ ၃၃ ဘုံကို အသုံးပြု၍ အစောင့်အိုကြီးများ၏ ပျက်စီးနေသော တာအိုနှလုံးသားများအား အသက်သွင်းပေးခဲ့သည်မှာ ကောင်းသည်။ ယန်ယွင်ရှီသည် ချင်မူ ခိုင်ဧကရာဇ်ကို ရိုက်နှက်ရန် အကြံကိုပင် ခေါင်းထဲမှ ထုတ်ထားခဲ့၏။

သို့သော် ခိုင်ဧကရာဇ်၏ ညှို့ဓာတ်က အားကောင်းလွန်းသည်။ ခေတ်တစ်ခေတ်၏ စိတ်ဝိညာဉ်က လူတစ်ယောက်တည်းအပေါ်ကိုသာ အားကိုးအားထား ပြုနေလျှင် တူညီသောအမှားကို ထပ်လုပ်မိလိမ့်မည်။

‘ခိုင်ဧကရာဇ် ရှုံးမှ ဖြစ်မယ်’

ယန်ယွင်ရှီမှာ အံတင်းတင်းကြိတ်လိုက်သဖြင့် နဖူး၌ သွေးကြောစိမ်းစိမ်းများ ထောင်လာသည်။ သစ်ခုတ်သမားဝမ်တျန်းကဲကိုပင် သူမ သတိရလာမိ၏။ ‘ဝမ်တျန်းကဲသာ ရှိရင် ဒါမျိုး ဖြစ်မလာအောင် တားဖို့ နည်းလမ်းတော့ ရှိမှာပဲ... ကံဆိုးစွာနဲ့ အဲဒီကောင်က ရွှင်ပျော်ပျော်ကျေးရွာဆီ ဘယ်တော့မှ ဝင်မလာဘူးလို့ ကျန်ထားတယ်...’

ခိုင်ဧကရာဇ်ခေတ်သည် လူတစ်ဦးတစ်ယောက်တည်း၏ ခေတ်မဟုတ်ပေ။ ခိုင်ဧကရာဇ် ပြုပြင်ပြောင်းလဲမှုက ခိုင်ဧကရာဇ်တစ်ယောက်တည်း၏ ပြုပြင်ပြောင်းလဲမှု မဟုတ်ပေ။

ယခုတွင် သမိုင်းတကြော့ ပြန်လာရာ သူမ မည်သို့လုပ်၍ မည်သို့ကိုင်ရမည်မှန်း မသိတော့ချေ။

မဟာရှင်းလင်းခြင်းဓားနယ်ပယ်သည် ကြောက်မက်ဖွယ်ရာစွမ်းအားကို ခင်းကျင်းပြသနေရာ မည်သည့်အရာမှ ၎င်းကို အနိုင်မယူနိုင်လောက်သည်အထိ ခံစားနေရစေ၏။ ချင်မူမှာ ပြင်းပြင်းထန်ထန် ပြန်တိုက်ခိုက်နေသော်လည်း ဓားချက်တစ်ချက်ပင် မခုခံနိုင်ဟန်တူသည်။

မျက်စိတစ်မှိတ်အတွင်း သူ့တစ်ကိုယ်လုံး ဒဏ်ရာများ ပြည့်နှက်သွားသည်။

ဤဓားနယ်ပယ်ကို သူ သိသည်။ မဟာလေဟာနယ်ထဲရှိ ဖန်ဆင်းရှင်တို့၏ မြို့တော်တွင် ကောင်းကင်နတ်အရှင်ဟွေ့သည် ခိုင်ဧကရာဇ်ကို ရင်ဆိုင်ခဲ့ရစဉ်က တာအိုအရာ ထင်ကျန်ခဲ့၏။

ခိုင်ဧကရာဇ်၏ ဓားနယ်ပယ်က ကောင်းကင်နတ်အရှင်ဟွေ့ကို ဖိအားပေးခဲ့သောကြောင့် ကောင်းကင်နတ်အရှင်ဟွေ့မှာ သိုင်းအဆင့်အား ထိပ်ဆုံးအထိ မြှင့်တင်ခဲ့ရသည်။ သို့သော် မဟာရှင်းလင်းခြင်းဓားနယ်ပယ်ကြောင့် ထိခိုက်ခဲ့ရဆဲပင်။

သူက ခိုင်ဧကရာဇ်၏ ဓားနယ်ပယ်ကို ခုခံရန် ကပ်ဘေးဓားအပါအဝင် ဓားကွက်မျိုးစုံ ထုတ်သုံးနေသည်။ သို့သော် သူ့မှာ ခိုင်ဧကရာဇ်၏ ပထမဓားချက်နှင့်တင် ထိုးစိုက်ခံလိုက်ရချေပြီ။

ထိုအခိုက်အတန့်တွင် ရွှင်ပျော်ပျော်ကျေးရွာသားတို့၏ ကြွေးကြော်အားပေးသံတို့ကလည်း အကျယ်လောင်ဆုံး ဖြစ်လာ၏။ အားတက်သရော ကြွေးကြော်နေသံက တိမ်တိုက်များအထက်သို့ ရိုက်ခတ်ရင်း ရွှင်ပျော်ပျော်ကျေးရွာတစ်ရွာလုံးကိုပင် တသိမ့်သိမ့် တုန်လာစေသည်။

ခိုင်ဧကရာဇ်သည် မည်သည့်အရာမှ သူ၏တာအိုနှလုံးသားကို မထိခတ်နိုင်သကဲ့သို့ တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့် ရွှင်ပျော်ပျော်ဓားအား ဆုပ်ကိုင်ထား၏။

သို့တိုင်အောင် သူ့မျက်ဝန်းများက ဝမ်းနည်းနေသည်။

ထိုအခိုက်အတန့်တွင် ရုတ်တရက် အဝါရောင်သဲမှုန်များ လွင့်မျောလာပြီး ကောင်းကင်တစ်ပြင်လုံး ပြည့်နှက်သွားသည်။ မမြင်ရသော ဘီလူးကြီးတစ်ကောင်က အဝါရောင်သဲမှုန်များကို ဖြန့်ကျက်လိုက်သကဲ့သို့ လေပြင်းများ တဟူးဟူး တိုက်ခတ်သွားကာ မိုင်တစ်ထောင်အရှည် သဲကန္တာရတစ်စင်း ကောင်းကင်ထက်၌ ထူးဆန်းစွာ ဖြစ်တည်လာ၏။

ခိုင်ဧကရာဇ်က သဲကန္တာရထဲတွင် ရပ်လျက် ဓားကို မြှောက်ကာ ရှေ့သို့ ကြည့်သည်။

တူ...

ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ၏ အထက်၌ စစ်ပွဲစတင်တော့မည့်အလား ကျယ်လောင်သော ခရာသံ ထွက်ပေါ်လာသည်။ ဘီလူးကြီးများသည် ချီစွမ်းအင်ကို အသုံးပြု၍ စစ်ခရာကို မှုတ်နေကြ၏။ ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေသော အသံက အသတ်အဖြတ်စိတ်ဆန္ဒလှိုင်းများအား သယ်‌ဆောင်လာသည်။

သူတို့၏အရှေ့တွင် လေပြင်းမုန်တိုင်းတို့က သဲမှုန်များကို ပင့်သယ်ရင်း သဲမုန်တိုင်းတစ်လုံး ဖန်တီးကာ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံအား လွှမ်းခြုံသွားသည်။

ချင်မူက သဲမုန်တိုင်းထဲမှ ထွက်လာသည်။ ကောင်းကင်ထက်၌ မရေမတွက်နိုင်သော ကြယ်တာရာများ လင်းလက်တောက်ပနေ၏။ သူ့အနောက်တွင် ကမ္ဘာဦးသစ်ပင်တစ်ပင်က ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် ကြီးထွားလာသည်။ ၎င်းသည် နေနှင့် လကို ထိသွားသည့်အပြင် အပြင်အာကာသသို့ ကျော်ထွက်သွားသော သစ်ပင်ကြီးတစ်ပင် ဖြစ်လာ၏။

ခိုင်ဧကရာဇ် မော့ကြည့်လိုက်သည့်အခါ ကောင်းကင်နယ်စားမင်းကို မြင်လိုက်ရပြီး သူ့အောက်၌ မြေအောက်ဘုံအရှင်သခင် ရှိနေသည်။

သူ၏ပတ်ပတ်လည်ရှိ သဲကန္တာရထဲတွင် ကောင်းကင်နန်းဆောင်များ ထွက်ပေါ်လာပြီး သဲလှိုင်းများ အလိပ်လိပ် ပျံ့နှံ့လာသည်။ မိစ္ဆာကောင်းကင်နန်းဆောင်တချို့က ကောင်းကင်ထဲတွင် ပျံဝဲနေကြကာ တချို့သည် မြေကြီးအောက်၌ နစ်မြုပ်နေကြ၏။

ရက်စက်ခက်ထန်သော အသွင်အပြင်၊ ကြီးမားလှသည့် ခန္ဓာကိုယ်ကြီးများဖြင့် ဤကမ္ဘာလောက၏ အရှေးကျဆုံး အုပ်စိုးသူအရှင်၊ ရှေးဟောင်းနတ်ဘုရားတို့သည် ကောင်းကင်နန်းဆောင်အတွင်း၌ စောင့်ကြပ်နေကြ၏။

ချင်မူ လမ်းလျှောက်လာသည့်အခါ တစ်ကမ္ဘာလုံးက သူနှင့်အတူ ရွေ့လျားလာရင်း ခိုင်ဧကရာဇ်အပေါ် ဖိနှိပ်နေသည်။

ကြယ်ရောင်များအောက်တွင် ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုသင်္ကေတများမှ ရောင်စုံအလင်းရောင်တို့က ချင်မူ့ခန္ဓာကိုယ်အပေါ် ဖြာကျလာသည်။ ကောင်းကင်နယ်စားမင်း၏ ရွှမ်တု၊ မြေအောက်ဘုံအရှင်သခင်၏ ယိုတု၊ ကောင်းကင်နတ်ဧကရီတို့ အမြွှာညီအစ်မ၏ အဆုံးသတ်မြို့ပျက်၊ ကောင်းကင်ယင်နတ်ဘုရားမ၏ ကောင်းကင်ယင်ကမ္ဘာ၊ နတ်မင်းလေးပါး၏ ကောင်းကင်လေးခု... အားလုံး၏ မဟာတာအိုတို့သည် ချင်မူ့အပေါ် ဖြာကျရင်း ‌ကောင်းချီးပေးနေ၏။

သူကား သက်ရှိသတ္တဝါတို့၏ သေခြင်းရှင်ခြင်းကို ဆုပ်ကိုင်ထားသော အနှိုင်းမဲ့တန်ခိုးအာဏာဖြင့် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်တစ်ပါး အလားပင်။

ထိုအချိန်တွင် ခိုင်ဧကရာဇ်၊ ခိုင်ဧကရာဇ်ခေတ်နှင့် ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ၏ ပြည်သူလူထုမှာ နင်းခြေခံရတော့မည့် ပုရွက်ဆိတ်များနှင့်သာ တူတော့သည်။

ချင်မူသည် ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး ဖြစ်လာ၏။

ခိုင်ဧကရာဇ်က ရွှင်ပျော်ပျော်ဓားကို ဆုပ်ကိုင်လျက် ပြေးတက်လာသည်။ သူက ကောင်းကင်နတ်ဘုံကို တိုက်ခိုက်နေသည့် ရဲရင့်သော သူရဲကောင်းတစ်ယောက်ပမာ ဓားကောင်းကင်ဘုံ ၃၃ ဘုံဖြင့် ရှေ့သို့ စိုက်ထည့်လိုက်သည်။

ဝုန်း ဝုန်း ဝုန်း

တောင်ကောင်းကင်မုခ်ဝတစ်ခုပြီးတစ်ခု သူ့အရှေ့၌ မြင့်တက်လာသည်။ သူက ဓားဖြင့် ၎င်းတို့ကို ဖြိုခွင်းလျက် ဖြတ်လျှောက်လာ၏။ သူ တောင်ကောင်းကင်မုခ်ဝတစ်ခု ဖြတ်ကျော်လိုက်တိုင်း ကောင်းကင်ဘုံ၏ ကောင်းကင်နန်းဆောင်တစ်ဆောင်ဖြင့် ဖိချခံလိုက်ရသလို ခံစားရသည်။ သူက တောင်ကောင်းကင်မုခ်ဝ ဆယ့်လေးခုကို တစ်ခါတည်း ဖြတ်ကျော်လာပြီး ခုန်တက်လိုက်ကာ ချင်မူ၏လက်သီးကို ရင်ဆိုင်သည်။

ဧရာမလက်သီးကြီးသည် မည်သူ့ကိုမဆို ကူကယ်ရာမဲ့သွားစေနိုင်သော ခွန်အားကြီးဖြင့် ဓားကောင်းကင်ဘုံ ၃၃ ဘုံကို ဖြိုချရင်း ခိုင်ဧကရာဇ်အား သဲမှုန်များထဲ ရိုက်ချလိုက်သည်။

ဤမြင်ကွင်းက ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံထဲရှိ ကြွေးကြော်အော်ဟစ်နေသံများကို တိတ်ဆိတ်သွားစေသည်။ အစောင့်အိုကြီးများဖြစ်‌စေ၊ နတ်ဘုရားအသစ်များဖြစ်‌စေ၊ မိစ္ဆာအသစ်များဖြစ်စေ အားလုံး မှင်သက်နေကြ၏။ လက်သီးတစ်ချက်ကြောင့် သူတို့၏ ပြိုင်ဘက်ကင်းသော ခေါင်းဆောင်ကြီး ရိုက်ထုတ်ခံလိုက်ရသည်ကို သူတို့အားလုံး မြင်တွေ့ရလေသည်။

ရုတ်တရက် ခိုင်ဧကရာဇ်က လေပေါ် ပျံတက်လာသည်။ ရွှင်ပျော်ပျော်ဓားသည် သင်္ကေတအမှတ်အသားများ ဖြန့်ကျက်လျက် သူ့ကို လှည့်ပတ်နေဆဲ ဖြစ်၏။ သူ၏ပုံရိပ်က နေရာရွှေ့ပြောင်းနေသော ဓားအလင်းရောင် ဖြစ်လာပြီး ချင်မူ၏ကောင်းကင်နတ်ဘုံကို လျင်မြန်စွာ လှည့်ပတ်ရင်း အားနည်းချက်များ၊ ဟာကွက်များ လိုက်ရှာနေသည်။

အားပေးကြွေးကြော်သံများ ပြန်လည်ထွက်ပေါ်လာပြီး အသံလှိုင်းတို့သည် ညီညီညာညာဖြင့် ပျံ့လွင့်လာကြ၏။ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံသားတို့က ခိုင်ဧကရာဇ်ကို အားပေးနေကြခြင်း ဖြစ်သည်။

ခိုက်ဧကရာဇ်ကို ဓားကို ထပ်သုံးလိုက်သဖြင့် မဟာရှင်းလင်းခြင်းဓားနယ်ပယ် ထွက်ပေါ်လာသည်။ သို့သော် လက်သီးကြီးက ၎င်းကို ယင်လေးတစ်ကောင်သဖွယ် ရိုက်ထုတ်လိုက်သည်။

အားပေးကြွေးကြော်သံများ တိတ်ဆိတ်သွားပြန်သည်။

ခိုင်ဧကရာဇ်က တုန်ရီစွာ ထရပ်သည်။ သူက နှုတ်ခမ်းမှ သွေးများကို သုတ်၍ အပေါ်စီးမှ အုပ်မိုးထားသော ခန္ဓာကိုယ်ကြီးဆီသို့ မော့ကြည့်သည်။

သူက ဟိန်းဟောက်မာန်သွင်းကာ ဓားဖြင့် ပျံတက်သွားသည်။

အုန်း

မြေပြင်ပေါ် ရိုက်ခံလိုက်ပြန်သည်။ ဤတစ်ခေါက်က ပိုမိုပြင်းထန်သဖြင့် သူ့ခြေလက်များ ဂျယ်လီလို ပျော့ခွေသွားသည်။ သူက ထရပ်ရန် ကြိုးစားသော်လည်း မရပ်နိုင်တော့ဘဲ မြေပြင်တွင် တွားသွားနေရသည်။

နောက်ဆုံးတော့ ခိုင်ဧကရာဇ် မတ်တပ်ပြန်ရပ်နိုင်သည့်အချိန်တွင် လာနေသော လက်သီးကြီးအား မြင်လိုက်ရသည်။ သူ့မှာ ရွှင်ပျော်ပျော်ဓားကို မြှောက်ပင် မမြှောက်နိုင်တော့ပေ။

အုန်း

သဲကန္တာရထဲ ပြန်ကျသွားသည်။ သူ့ခန္ဓာကိုယ်မှာ လေရှုံ့သွားသော အိတ်တစ်အိတ်လို လွင့်ထွက်သွား၏။ သဲလှိုင်းများပင် သူနှင့်အတူ လိုက်ပါလာသည်။

ချင်မူက ရိုက်ပြီးရင်း ရိုက်နေသည်။ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံသားတို့မှာ ထိုမြင်ကွင်းကို ကြည့်ရင်း ငေးကြောင်နေကြ၏။ ချင်မူ၏လက်သီးချက်များက ခိုင်ဧကရာဇ်ကို ရိုက်နှက်နေခြင်းမဟုတ်၊ သူတို့၏ယုံကြည်မှု၊ သူတို့၏မာနကိုလည်း ရိုက်နှက်နေသည်။

“ပြုပြင်ပြောင်းလဲချင်တယ်လား”

ချင်မူ့အသံသည် အထက်ကောင်းကင်ကိုးဆင့်မှ နတ်ဘုရားသံသဖွယ် ပျံ့လွင့်လာ၏။ အသံက တင်းမာခက်ထန်ပြီး အေးစက်နေသည်။ “ခင်ဗျားက ဒီကမ္ဘာကို ပြောင်းလဲချင်တယ်ပေါ့”

“ခင်ဗျားတစ်ယောက်တည်းနဲ့ပေါ့ ဟုတ်လား”

“ခင်ဗျားတစ်ယောက်တည်းနဲ့တဲ့”

“ဟာသပဲ”

ဘုန်း

သူက ခြေတစ်ဖက် မြှောက်၍ ခိုင်ဧကရာဇ်အပေါ် ရက်ရက်စက်စက် နင်းချလိုက်ရင်း ရယ်နေသည်။ “ခိုင်ဧကရာဇ်ခေတ်ဆိုတာ ဘယ်တုန်းကမှ မတည်ရှိခဲ့ဘူး....ခင်ဗျားတစ်ယောက်တည်းပဲ စွဲလမ်းနေတာ.. ခင်ဗျား ဘယ်သူ့ကို အားကိုးလဲ... ခင်ဗျားမှာ ဘယ်တာအိုမိတ်ဆွေတွေ ရှိလဲ... အားလုံးက ခင်ဗျားကို မှီခိုနေတဲ့ ကျွန်တွေချည်းပဲ... သူတို့က ခင်ဗျားရဲ့ တာအိုမိတ်ဆွေတွေ မဟုတ်ဘူး... ခင်ဗျားကို ကိုးကွယ်နေတဲ့ ကျွန်တစ်သိုက်ထက် မပိုဘူး”

“ခင်ဗျား သူတို့နဲ့အတူ ဘာလို့မပျက်စီးခဲ့လဲ....ဘာကြောင့် အားလုံးကို ပြုံးပြပြီး ကြင်နာတတ်တဲ့ ကောင်းကင်နတ်အရှင်ချင်တစ်ယောက် ဖြစ်မလာတာလဲ... ဘာလို့ ခေါင်းမော့နေသေးတာလဲ”

ချင်မူက သူ့ကို တက်နင်းရင်း အော်ငေါက်နေသည်။ “ပြန်ထချင်သေးတယ်ပေါ့”

ခိုင်ဧကရာဇ်မှာ မြေကြီးပေါ်တွင် ယိုင်ယိုင်နဲ့နဲ့ ဒူးထောက်ရင်း မတ်တပ်ထရန် ကြိုးစားနေသည်။

“ပြန်မထနဲ့တော့”

နတ်ဘုရားငယ်တစ်ယောက်က လှမ်းအော်သည်။ “ဧကရာဇ်၊ ပြန်မထပါနဲ့ ... အရှုံးပေးလိုက်တော့”

ချင်မူက ခြေထောက်ကို ထပ်မြှောက်ကာ ခိုင်ဧကရာဇ်အား ဖုန်ထဲ နစ်သွားသည်အထိ နင်းချသည်။ “ခင်ဗျားက ဘယ်သူ့အပေါ်မှ ကျေးဇူးမရှိဘူး.. ခင်ဗျားက ဘယ်သူ့ကို စိတ်မပျက်စေဘူး.. ခင်ဗျား ဆက်ဒူးထောက်နေရင် ကောင်းကင်နတ်အရှင် ဖြစ်နေဦးမှာပဲ... သစ္စာဖောက်သူခိုးချင်လည်း မဟုတ်သလို၊ ရွှင်ပျော်ပျော်ကျေးရွာသားတွေ ကိုးကွယ်နေတဲ့ ခိုင်ဧကရာဇ်လည်း မဟုတ်ဘူး... ဒူးထောက်ပြီး ကောင်းကင်နတ်အရှင်ချင်သာ ဆက်ဖြစ်လိုက်စမ်းပါ”

သူ ခြေထောက်ပြန်မြှောက်လိုက်သည့်အခါ ခိုင်ဧကရာဇ်သည် သူ့ခြေရာခွက်ထဲ၌ လဲနေ၏။

ချင်မူက လက်ချောင်းနှစ်ချောင်းဖြင့် သူ့ကို ပုရွက်ဆိတ်လေးသဖွယ် ညှပ်ယူလိုက်သည်။ ထို့နောက် အောက်သို့ ငုံ့ကြည့်ကာ ရွဲ့တဲ့တဲ့ ရယ်သည်။ “ဒါတွေက ခင်ဗျားရဲ့ တာအိုမိတ်ဆွေတွေလား... ဒီလူတွေက ခင်ဗျားရဲ့ ပြုပြင်ပြောင်းလဲမှုအတွက် အဓိကတွန်းအားဟုတ်လား.... ဒီမှာ ကျုပ်ပြောပြမယ်... သူတို့က သနားစရာကောင်းတဲ့ ပိုးဖလံတွေထက် မပိုဘူး”

“ချင်ယဲ့၊ အရှုံးပေးလိုက်တော့... ဒီလူတွေက ခင်ဗျားအသက်နဲ့ မတန်ဘူး.. ခင်ဗျားအဆောင်အယောင်တွေ စွန့်ပစ်ပြီး ကောင်းကင်နတ်ဘုံဆီ လာခဲ့... ဒူးထောက်ပြီး ကောင်းကင်နတ်အရှင်ဆယ်ယောက်ကို သစ္စာခံလိုက်... ဒါဆို ခင်ဗျား အားလုံးထက် သာလွန်တဲ့ ကောင်းကင်နတ်အရှင်ချင် ဖြစ်နေဦးမှာပဲ... ခင်ဗျားကို လေးစားကိုးကွယ်နေတဲ့သူတွေ မရေမတွက်နိုင်အောင် ရှိနေဦးမှာပဲ”

ဤအခိုက်အတန့်တွင် ချင်မူသည် ဒေါသမီးလျှံများအား ခံစားလိုက်ရ၏။

အောက်ရှိ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံတွင် အစောင့်အိုကြီးတစ်ယောက်သည် တူကြီးနှစ်လက်ကို မြှောက်၍ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ တောင်ကောင်းကင်မုခ်ဝ၏ စစ်ဗုံများအား ထုရိုက်လိုက်၏။ ‌ဗုံသံများက လေးနက်သော စစ်ချီသံ ဖြစ်ပေါ်လာသည်။ “ကြမ်းတမ်းလှတဲ့ အနောက်လေ”

ဖန်ရုံကျီက အင်္ကျီနှင့် ခမောက်ကို ချွတ်ကာ သူ၏အခေါင်းအား ထုတ်လိုက်သည်။ သူက အခေါင်းကို ထုရိုက်ရင်း လိုက်လံသဆီုသည်။ “ကြမ်းတမ်းလှတဲ့ အနောက်လေ... တောရိုင်းဘဲတစ်ကောင်ဟာ ကောင်းကင်ထက်က လခြမ်းပဲ့အတွက် မျက်ရည်ကျသတဲ့”

ယန်ယွင်ရှီကလည်း ဓားဆွဲထုတ်လိုက်ရာ ဓားသည် ဝှမ်ဝှမ်တုန်ခါသွား၏။ “‌ကောင်းကင်ထက်က လခြမ်းပဲ့၊ ခရာသံ ညံလို့ ခွာသံဟာ ပြိုကွဲ.... ရှေ့လမ်းကား သံမဏိပမာ ခိုင်ခံလှလေသတဲ့”

ခိုင်ဧကရာဇ်၏ အစောင့်အိုကြီးများဆီမှ ကပ်ဘေးကို ကြုံတွေ့ဖြတ်သန်းပြီးနောက် ပေါက်ဖွားလာသည့် အားအင်လှိုင်းတို့ ဖြာထွက်လာသည်။ အားလှိုင်းတို့သည် သက်တံ့တစ်စင်းပမာ ထင်ရ၏။ သူတို့၏အသံက ကိုးကွယ်ပူဇော်နေသံမဟုတ်၊ သူတို့၏တာအိုနှလုံးသားတွင် ခိုင်ဧကရာဇ်၏ မပြတ်သားသော တာအိုနှလုံးသားအပေါ် မျှော်လင့်ချက်များသာ ရှိမနေတော့ပေ။

သူတို့၏အသံများက မကျယ်လောင်သော်လည်း အားမာန်အပြည့်ဖြင့် ခေတ်တစ်ခေတ်၏ ဆင်းရဲဒုက္ခ၊ မျှော်လင့်ချက်များကို ပြသနေသောကြောင့် မျိုးဆက်သစ် ရွှင်ပျော်ပျော်ကျေးရွာသားတို့မှာ အံ့ဩတုန်လှုပ်နေကြတော့သည်။

“အရှေ့လမ်းကား သံမဏိလို ခိုင်မာသည်၊ ယနေ့ ငါတို့ ရှေ့ဆက်လျှောက်မည်”

“ယနေ့ ငါတို့ ရှေ့ဆက်လျှောက်မည်၊ ရှေ့ဆက်လျှောက်မည်”

All Chapters