← Chapters

ကောင်းကင်နတ်အရှင်တို့၏ အနီးကပ်တိုက်ပွဲ

Vol. 76 Ch. 994

ကောင်းကင်နတ်အရှင်တို့၏ အနီးကပ်တိုက်ပွဲ

Vol. 76 Ch. 994

တစ်လောကလုံးအား တုန်ခါနေစေသော ဗုံသံများသည် ရွှင်ပျော်ပျော်ကျေးရွာအား နှိုးရန်၊ မိမိကိုယ်ကို ကရုဏာသက်ပြီး အခြားသူများအပေါ် အပြစ်တင်နေသော အကြီးပိုင်းမျိုးဆက်ကို နှိုးရန်၊ မိမိကိုယ်ကို တိုးတက်အောင် မလုပ်ဘဲ စည်းစိမ်ချမ်းသာများတွင် နစ်‌မျောနေသော အငယ်မျိုးဆက်ကို နှိုးရန် ကြိုးစားနေရသည့်အလား ထင်ရ၏။

ချင်မူသည် ခိုင်ဧကရာဇ်တစ်ယောက်တည်းကိုသာ တိုက်ခိုက်နေခြင်းမဟုတ်၊ ခိုင်ဧကရာဇ်ခေတ်၏ ပျက်စီးဆွေးမြည့်နေသော စိတ်ဝိညာဉ်ကိုပါ တိုက်ခိုက်နေရခြင်း ဖြစ်၏။ ရွှင်ပျော်ပျော်ကျေးရွာသားတို့၏ မျက်လုံးထဲတွင် ချင်မူသည် ချင်မူမဟုတ်တော့... ကောင်းကင်နတ်ဘုံ၏ ကိုယ်စားပြု၊ သူတို့၏ ရန်သူ ဖြစ်နေချေပြီ။

ချင်မူ၏နယ်ပယ်ထဲတွင် ခိုင်ဧကရာဇ် ရိုက်နှက်ခံနေသည်ကို မြင်သည့်အခါ သူတို့၏ခေါင်းဆောင် ကောင်းကင်နတ်ဘုံမှ နတ်ဘုရားများ၏ သံမဏိလက်သီးများအောက်၊ သံမဏိခြေထောက်များအောက်၌ ပြိုလဲနေသကဲ့သို့ သူတို့ မြင်ကြရသည်။ ချင်မူ၏နယ်ပယ်ထဲတွင် နတ်ဘုရားများ၊ မိစ္ဆာများသည် လှောင်ပြုံးပြုံးရင်း ခိုင်ဧကရာဇ်ခေတ်၏ ပြည်သူပြည်သားတို့အား အထင်သေးလှောင်ပြောင်နေကြ၏။ ခိုင်ဧကရာဇ်၏ ပေးဆပ်ခဲ့မှုများက ထိုခေတ်၏ ပြည်သူပြည်သားတို့အား လှုံ့ဆော်နိုင်စွမ်းမရှိဟု လှောင်ရယ်နေကြသည်။

ချင်မူ ကိုယ်စားပြုသော ကောင်းကင်နတ်ဘုံက သူတို့ကို သရော်နေသည်။ ခိုင်ဧကရာဇ်၏ သွေးသောက်ရဲဘော်များနှင့် တာအိုမိတ်ဆွေများသည် သူ့ကို ကပ်တွယ်နေသော သနားစဖွယ် ပိုးကောင်များ၊ ကပ်ပါးများ ဖြစ်နေပြီဟု လှောင်ပြောင်နေကြ၏။

သူတို့က အလံများကိုသာ လွှင့်ထူရင်း ခိုင်ဧကရာဇ် စစ်ပွဲဝင်နေသည်ကို ဘေးမှရပ်ကာ အားပေးနေသူများ ဖြစ်နေကြသည်။ ခိုင်ဧကရာဇ် ရှုံးနိမ့်သွားသည့်အခါ မိဘပျောက်သွားသော ကလေးများသဖွယ် ကြောက်လန့်ပြီး စိုးရိမ်တတ်သော လူများ ဖြစ်လာခဲ့ကြသည်။

ချင်မူက ခေါင်းဆောင်နေရာတွင် ထိုင်ရင်း အေးစက်နေသော မျက်ဝန်းများဖြင့် သူတို့ကို လှောင်နေသည်။ သူတို့က ခိုင်ဧကရာဇ်၏ တာအိုမိတ်ဆွေများအဖြစ်နှင့် မတန်ဟု သရော်နေသည်။

သို့သော်...

ယင်းကား မမှန်ပေ။

အကြီးပိုင်းမျိုးဆက်တို့သည် ထိုခေတ်အခါတုန်းက သူရဲကောင်းစိတ်ဝိညာဉ်များဖြင့် ပြည်သူပြည်သားများအား ကာကွယ်စောင့်ရှောက်ရင်း အလေးထားခဲ့ကြ၏။ သူတို့သည် ကမ္ဘာကို ပြောင်းလဲချင်သော ရည်မှန်းချက်ဖြင့် လူများ ဖြစ်ကြပြီး ကောင်းကင်နတ်ဘုံနှင့် မတရားမှုအား ဆန့်ကျန်တွန်းလှန်ရဲကြ၏။

အစတကည်းက သူတို့ကား ခိုင်ဧကရာဇ်၏ ကျေးကျွန်များ မဟုတ်ခဲ့ကြပေ။ သူတို့နှင့် ခိုင်ဧကရာဇ်သည် တစ်လမ်းတည်းလျှောက်နေသော မိတ်ဆွေများပင်။ ခိုင်ဧကရာဇ်က ပိုသတ္တိကောင်း၍ ၊ ပိုဇွဲကောင်း၍၊ ပိုတော်၍သာ ... သူ့အား ခိုင်ဧကရာဇ်အဖြစ် တင်မြှောက်ခဲ့ကြခြင်း ဖြစ်ပေသည်။

သူ၏ ကာကွယ်စောင့်ရှောက်ပေးမှုကို လိုအပ်ခြင်းတော့ မဟုတ်ပေ။

ခိုင်ဧကရာဇ်ခေတ်သည် ခိုင်ဧကရာဇ်၏ ခေတ်သာမဟုတ်၊ သူတို့အားလုံး၏ ခေတ်ဖြစ်ချေသည်။

စစ်ဗုံသံများ တဒုန်းဒုန်း ဆူညံ၍ မိုးခြိမ်းသံတို့ ဂျိုးဂျိုးဂျိမ့်ဂျိမ့် မြည်ဟည်းနေစဉ် အတိတ်နှစ်နှစ်သောင်းတုန်းက ခေတ်မှ ဤသိုင်းသမားတို့၏ သွေးများ စတင်ဆူပွက်လာတော့သည်။

စစ်ဗုံသံများအကြား၌ ထိုခေတ်၏ စိတ်ဝိညာဉ်ကား ပြန်လည်မွေးဖွားလာသည့်အလား အားလုံး၏ ရင်ထဲတွင် အားကောင်းပြင်းထန်လာကြသည်။

ခိုင်ဧကရာဇ်၏ ပြုပြင်ပြောင်းလဲမှုသည် ထိုခေတ်တုန်းက လူသားအားလုံး၏ ပြုပြင်ပြောင်းလဲမှု ဖြစ်ခဲ့သင့်၏။ လူတစ်ယောက်တည်းကိုသာ အားကိုးအားထားပြုသည့်အခါ ပြုပြင်ပြောင်းလဲမှု၏ အခြေခံအုတ်မြစ် ပျောက်ဆုံးသွားသည်။

စိတ်အားထက်သန်မှု မရှိတော့သည့်အခါ ကောင်းကင်နှင့် မြေပြင်ကိုသာ ထိုင်အပြစ်တင်တတ်တော့သည်။

မျိုးဆက်သစ်များလည်း ထိုကဲ့သို့ပတ်ဝန်းကျင်မျိုးတွင် ကြီးပြင်းလာရသည့်အခါ သူတို့ဘိုးဘေးများဆီမှ တိုက်ရဲခိုက်ရဲသည့် စိတ်ဝိညာဉ်မျိုး အဘယ်သို့ ပိုင်ဆိုင်ထားနိုင်တော့မည်နည်း။ ခိုင်ဧကရာဇ်ခေတ်မှ ပြုပြင်ပြောင်းလဲမှုအမွေကို အဘယ်သို့ အမွေဆက်ခံနိုင်တော့မည်နည်း။

ရည်မှန်းချက်မရှိ၊ ယောင်တောင်တောင် ဖြစ်လာသည့်အခါ ဘဝက စိတ်ညစ်စရာကောင်းနေမည်မှာ မထူးဆန်းပေ။

ပုံမှန်အားဖြင့် လူတစ်ယောက်သည် စိတ်အားထက်သန်မှုကို တစ်နေရာတွင် ရှာမတွေ့လျှင် အခြားနေရာသို့ ထွက်သွားပြီး ရှာဖွေနိုင်မည်။ သို့သော် ဤနေရာမှာ ရွှင်ပျော်ပျော်‌ကျေးရွာ ဖြစ်သောကြောင့် ထွက်မသွားနိုင်ဘဲ စည်းစိမ်တွင်သာ ယစ်မူးနေထိုင်ရလေသည်။

ယခုတွင် လွန်ခဲ့သော နှစ်နှစ်သောင်းမှ စိတ်ဝိညာဉ်ကား အိပ်ပျော်နေရာမှ ပြန်လည်နိုးထလာချေပြီ။

တချို့က နိုးထလာခဲ့ပြီဖြစ်သည့်အတွက် သူတို့၏စိတ်ဝိညာဉ်အား ကောင်းကင်နှင့် မြေပြင်တစ်ခွင် ဖြန့်ကျက်ကာ လူပေါင်းများစွာကို ထပ်မံလှုံ့ဆော်ရင်း ခိုင်ဧကရာဇ်ခေတ်၏ ပြုပြင်ပြောင်းလဲမှုအား ပြန်လည်ဖန်တီးတည်ဆောက်ကြလိမ့်မည်။

နောက်မကျသေးပေ၊ ပြန်စတင်နိုင်သေးသည်။

ယနေ့တွင် သူတို့ကား စမှတ်မှ ပထမဆုံးခြေလှမ်း လှမ်းနေချေပြီ။

ဗုံသံများအကြား၌ လွန်ခဲ့သော နှစ်နှစ်သောင်းမှ တိုက်ခိုက်လိုစိတ်၊ ပြိုင်ဘက်ကင်းပြီး ခေါင်းမာသော စိတ်ဝိညာဉ်၊ သွေးချွေးတို့ ပေးဆပ်ဝံ့ရဲသော ထိုအရှိန်အဝါ၊ အချုပ်အနှောင်များ၊ မတရားမှုများကို ဖြိုခွင်းမည့် ရည်မှန်းချက်များကို ချင်မူ ခံစားရသည်။

ဤစိတ်ဝိညာဉ်သည် ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ရှိသည်နှင့် တူပါသော်လည်း အနည်းငယ် ကွဲသေးသည်။ သို့သော် ဤကွဲပြားမှုများအား ချင်မူ တခဏလေးနှင့် ရှာမတွေ့နိုင်ပေ။

သူ လက်ဖြေချလိုက်သည့်အခါ ခိုင်ဧကရာဇ်သည် သူ့လက်ချောင်းကြားမှ ပြုတ်ကျသွားပြီး အဝါရောင်သဲများအကြား လူးလွန့်သွား၏။

ချင်မူ၏ မျက်နှာကြီးက ပျက်စီးနေသော ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံအပေါ်တွင် ပေါ်လာပြီး သူ့အသံက အားလုံး၏ နားထဲတွင် ကျယ်လောင်စွာ ပဲ့တင်ထပ်လာသည်။ “မင်းတို့အားလုံး....”

“ပုန်ကန်ကြမှာလား”

သူ့အသံကြီးက ကောင်းကင်နှင့်မြေပြင်အား တသိမ့်သိမ့် တုန်သွားစေသည်။ အော်ဟစ်သံကြီးသည် လေပြင်းမုန်တိုင်းကြီးပမာ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံကို လွှမ်းခြုံတိုက်ခတ်သွား၏။

ဆံဖြူအဘိုးအိုတစ်ယောက်က တောင့်တင်းသန်မာသော ခန္ဓာကိုယ်အပေါ်ပိုင်းကို ပြသကာ သံမဏိဓားတစ်လက် ဆွဲကိုင်ထားသည်။ သူက ရင်ဘတ်ကို တဘုန်းဘုန်း ထုကာ လှမ်းအော်လေသည်။ “ပုန်ကန်မယ်ကွာ ဘာလုပ်ချင်လဲ”

အသံတစ်သံပြီးတစ်သံ ထွက်လာကာ ချင်မူ့အသံအား လွှမ်းမိုးသွား၏။ “ပုန်ကန်မယ်”

“ငါတို့ အင်အားတွေ စုစည်းပြီး ပြင်ပကောင်းကင်နတ်ဘုံကို တိုက်ခိုက်ကြစို့”

“ငါ ရွှင်ပျော်ပျော်ကျေးရွာမှာ ဆက်မနေနိုင်တော့ဘူး... ဒီလှောင်အိမ်ထဲကနေ ပြန်ထွက်ပြီး တိုက်ခိုက်ချင်နေပြီ”

....

ချင်မူ့မျက်နှာ မည်းမှောင်သွားသည်။ “မင်းတို့က‌‌များ ရာရာစစ”

သူ စကားပြောတော့မည့်အချိန် ကြင်ယာတော်မင်းသမီးကျန်းက သူ့ကို လှမ်းဆွဲကာ ခပ်တိုးတိုး ပြောသည်။ “မူအာ၊ တော်တော့ ထပ်မပြောနဲ့တော့”

ယန်ယွင်ရှီက ပျံသန်းလာပြီး လက်ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ထက်တွင် တိမ်တိုက်များ ပေါ်လာသည်။ တိမ်တိုက်များသည် သူတို့ခန္ဓာကိုယ်များအား ဖုံးလွှမ်းသွား၏။

တိမ်တိုက်များက တစ်ခုနှင့်တစ်ခု ထပ်ရင်း ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံကို တစတစ လွှမ်းခြုံသွားသည်။ တိမ်တိုက်များအတွင်း၌ ကြင်ယာတော်မင်းသမီးကျန်းက ချင်မူ့ကို လှမ်းဆွဲကာ အောက်ဆင်းလိုက်သည်။ ယန်ယွင်ရှီက သူမဘေးတွင် အကာအကွယ်အနေဖြင့် ရှိနေ၏။ သူမက ပတ်ဝန်းကျင်ကို စိုးရိမ်ထိတ်လန့်စွာ ကြည့်ရင်း အလျင်အမြန် ပြောသည်။ “မင်း လူတွေရဲ့ နှလုံးသားကို လှုံ့ဆော်ပေးလိုက်ပေမယ့် နည်းနည်းများသွားပြီး သူတို့စိတ်ခံစားချက်တွေ အင်မတန် ပြင်းထန်နေပြီ... မင်း ဆက်ပြောရင် အဲဒီအရူးတွေက မင်းကို ပြင်ပကောင်းကင်နတ်ဘုံက ကောင်းကင်နတ်အရှင်အဖြစ် မြင်ပြီး သေအောင် သတ်ကြလိမ့်မယ်”

ချင်မူ ကြောက်လန့်သွားသည်။ “အဲ့လောက်ထိ မဆိုးနိုင်ဘူးမဟုတ်လား”

ယန်ယွင်ရှီက အေးစက်စက် ရယ်လေသည်။ “မင်းက ခိုင်ဧကရာဇ်ကို ပယ်ပယ်နှယ်နှယ် ရိုက်နှက်ပြီး မင်းကိုယ်မင်း ကောင်းကင်ဘုံကြီးလို့ ထင်နေတာလေ... အခု မင်းက ပြင်ပကောင်းကင်နတ်ဘုံရဲ့ ကိုယ်စားပြုပဲ... ဒီအချိန်မှာ လူတချို့ပဲ မင်းနဲ့ ပြင်ပကောင်းကင်နတ်ဘုံကို ကောင်းကောင်းပိုင်းခြားနိုင်ပေမယ့် ကျန်တဲ့လူတွေကတော့ အဲဒီလိုမလုပ်နိုင်ကြဘူး... လူအုပ်ကြီးရဲ့ ဒေါသအောက်မှာ မင်း သေကို သေရလိမ့်မယ်... သူတို့က မင်းကို ရိုးတွင်းခြင်ဆီထဲထိ မုန်းနေပြီ”

ချင်မူ နှိမ့်နှိမ့်ချချ ပြောလိုက်မိသည်။ “ကျွန်တော်လည်း ခိုင်ဧကရာဇ် ရိုက်တာ ခံခဲ့ရတာပဲဟာ... သူ့ရဲ့ ၃၄ ဘုံမြောက် ကောင်းကင်ဘုံ ဓားကွက်က ကျွန်တော့်ကို ထိုးဖောက်ပစ်ခဲ့တယ်လေ”

ယန်ယွင်ချီက အေးစက်စက် ရယ်သည်။

ချင်မူက ကြင်ယာတော်မင်းသမီးကျန်းဆီသို့ ကြည့်လိုက်သည်။ “‌အမေ၊ အမေရော အဲ့လိုမထင်ဘူးလား”

ကြင်ယာတော်မင်းသမီးကျန်းမှာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းညိတ်ပြ၏။ “ကြည့်ရတာ ခိုင်ဧကရာဇ်က မညှာဘဲ မူအာ့ကို ဒဏ်ရာအပြင်းအထန်ရစေခဲ့တဲ့ပုံပဲ”

ဤအခိုက်အတန့်တွင် ချန်ဟန်ကျန်း၏ ခပ်တိုးတိုးအသံ ပျံ့လွင့်လာသည်။ “အတော်များများ စိတ်ဖောက်ပြီး ကောင်းကင်ဆီ ပျံတက်သွားကြပြီ.. သူတို့ခန္ဓာကိုယ်ထဲက အားအင်တွေကို ဖွင့်ထုတ်ဖို့ မင်းကို သတ်ချင်နေကြတဲ့ပုံပဲ.... ငါ ခိုင်ဧကရာဇ်ကို သွားရှာပြီး စိတ်ခံစားချက်တွေ ပြင်းထန်နေတဲ့ လူအုပ်ကြီးကို ထိန်းပေးဖို့ တောင်းဆိုလိုက်မယ်.. အခုအချိန်က သူ ဝင်ပါသင့်တဲ့အချိန်ပဲ”

ထို့နောက် သူ ကပျာကယာ ထွက်သွားသည်။

ကြင်ယာတော်မင်းသမီးကျန်းနှင့် ယန်ယွင်ရှီက ချင်မူ့ကို ဘယ်သူမှမတွေ့အောင် ‌တစ်နေရာမှတစ်နေရာသို့ လိုက်ဖွက်ပေးနေသည်။ ယခုတွင် ရွှင်ပျော်ပျော်ကျေးရွာသားတို့မှာ ခံစားချက်များ လှုံ့ဆော်ခံလိုက်ရပြီဖြစ်သည့်အတွက် ထိုခံစားချက်များအား ဖော်ထုတ်ဖောက်ခွဲရန် လိုအပ်ချေရာ ဆင်ခြင်နိုင်စွမ်း မရှိတော့ပေ။ ချင်မူက ကောင်းကင်နတ်ဘုံ၏ကိုယ်စားပြုဖြင့် ဆက်ဆံခံရသည်ဖြစ်ရာ သူ့ကို တွေ့သွားလျှင် သေကို သေရလိမ့်မည်။

“ငါတို့ကောင်းကင်ဘုံမှာ နေလို့မရတော့ဘူး..... ထွက်သွားကြစို့”

ကြင်ယာတော်မင်းသမီးကျန်းနှင့် ယန်ယွင်ရှီက သူ့ကို ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံအပြင် ခေါ်ထုတ်သွားသည်။

ထိုအချိန်တွင် ကောင်းကင်နတ်ဘုံဆီမှ လာနေသော ခိုင်ဧကရာဇ်၏ ခပ်လေးလေးအသံကို ကြားလိုက်ရ၏။ သူက ရွှင်ပျော်ပျော်ကျေးရွာသားတို့ကို ပြုပြင်ပြောင်းလဲမှုအတွက် ဆက်လက်တိုက်ခိုက်ပြီး ရှေ့ဆက်ရန် အားပေးတိုက်တွန်းနေပုံရသည်။

သို့သော် ကြင်ယာတော်မင်းသမီးကျန်းနှင့် ယန်ယွင်ချီက သူ့ကို ဝေးသထက် ဝေးဝေးသို့ ခေါ်သွားကြနေကြသည်။ ‌နောက်ဆုံးတော့ ခိုင်ဧကရာဇ်ပြောနေသော စကားကို သူသဲသဲကွဲကွဲ မကြားရတော့ပေ။

သူတို့ ငြိမ်းချမ်းရေးပညာကောင်းကင်ဘုံသို့ ရောက်သွားကြပြီး ကြင်ယာတော်မင်းသမီးက သူတို့ကို ဘုရင်ကျန်း၏ အိမ်တော်ဆီ ဦးဆောင်ခေါ်သွားသည်။ ချင်မူမှာ ဘုရင်ကျန်းအိမ်တော်အား အဝေးမှ လှမ်းမြင်လျှင် ခေါင်းယမ်းလိုက်သည်။ “ကျွန်တော် ခိုင်ဧကရာဇ်နဲ့ တိုက်ခိုက်ပြိးသွားပြီဆိုတော့ မဝင်တော့ဘူး... ဒီမှာ စောင့်နေတော့မယ်... ကောင်းကင်ဆရာသခင်ကျစ်ရှီ၊ နတ်ဘုရင်ရှုကျွင်းကို ခေါ်လာပေးလို့ရမလား”

ကြင်ယာတော်မင်းသမီးကျန်းမှာ မှင်သက်သွားသော်လည်း မည်သည်ကိုမှ ဝင်မပြောပေ။

ယန်ယွင်ရှီက ခပ်သွက်သွက် ထွက်သွားပြီး နတ်ဘုရင်ရှုကျွင်းကို သွားရှာရန် ခိုင်ဧကရာဇ်ကောင်ကင်နတ်ဘုံသို့ ပြန်သွားသည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံတွင် မည်သည့်အရာများ ဖြစ်ပျက်သွားမှန်း ချင်မူ မသိသလို၊ သိစရာလည်း မလိုပေ။ ရွှင်ပျော်ပျော် ပြန်လည်နိုးထလာသည်ကိုသာ သူ သိသည်။ ရွှင်ပျော်ပျော်ကျေးရွာသားတို့သည် အိပ်မက်ထဲတွင်သာ ဆက်လက်ယစ်မူးနေတော့မည်မဟုတ်ပေ။ အပြင်သို့ ထွက်လာကြလိမ့်မည်။

ထို့အပြင် ဖန်ဆင်းရှင်မျိုးနွယ်သည်လည်း အတိတ်တုန်းကလို သီးသန့်မနေထိုင်ဘဲ ထွက်လာကြလိမ့်မည်။

ချင်မူက ချင်မိသားစု၏ အုတ်ဂူများကို ကြည့်နေပြီး ရစ်သိုင်းနေသော မြူများအား ငေးနေသည်။ သူ့ရင်ထဲတွင် ငြိမ်းချမ်းနေ၏။

ဤဘိုးဘေးများကို သူ အသက်ပြန်သွင်းချင်သည်။ သို့သော် ဤနေရာက အပြင်လောကမဟုတ်သဖြင့် မြေအောက်ဘုံအရှင်သခင်နှင့် ကောင်းကင်နယ်စားမင်း၏ စွမ်းအားကို ငှားမရပေ။ ထို့အပြင် ရုပ်ခန္ဓာအလောင်း မရှိလျှင်လည်း အသက်ပြန်သွင်းပေး၍ မရပေ။

ချင်မူမှာ တိတ်ဆိတ်စွာ ထိုင်ရင်း သူတို့နှင့် ဆက်သွယ်ကြည့်နေသည်။ သို့သော် သူတို့၏အသိစိတ်အလျဉ်များမှာ လွင့်စင်ပြိုကွဲနေပြီဖြစ်သည်။ သူတို့က ဖန်ဆင်းရှင်အစစ်များ မဟုတ်သည် မဟုတ်ပါလော။

မည်သူက သေဆုံးသွားသည့်အချိန်တွင် စကားပြောနိုင်ပါဦးမည်နည်း။ သူတို့ကား မြေကြီးထဲ၌ မြှုပ်နှံ့ခံထားရသော အလောင်းများသာ မဟုတ်ပါလော။

သူတို့သည် သိက္ခာရှိရှိ သေဆုံးသွားကြသူများဖြစ်၏။ ထိုမျှနှင့်တင် လုံလောက်ချေပြီ။

အချိန်မည်မျှ ကြာမှန်းမသိ ကြာသွားပြီးနောက် ခိုင်ဧကရာဇ်က ချင်ဟန်ကျန်းနှင့်အတူ လျှောက်လာသည်။ ရှုကျွင်းနှင့် ယန်ယွင်ရှီလည်း သူတို့ဘေးတွင် ဖြစ်သည်။

ချင်မူက ထရပ်ပြီး တင်ပါးမှ ဖုန်များကို ခါသည်။ “ရွှင်ပျော်ပျော်ကျေးရွာမှာ ဆက်နေလို့မရတော့ဘူး ထင်တယ်... ဒီလူက လူတွေက ကျွန်တော့်ကို မကြိုဆို‌တော့ဘူးဆိုတော့ ထွက်သွားဖို့ အချိန်ကျပြီ... ကျွန်တော်က ရွှင်ပျော်ပျော်ကျေးရွာသား မဟုတ်ဘဲ ဖန်ဆင်းရှင်တွေရဲ့ အထွတ်အမြတ်ကလေးငယ် မဟုတ်လား”

ချင်ဟန်ကျန်းနှင့် မင်းသမီးကျန်း၏ မျက်နှာများတွင် ရှုပ်ထွေးနေသော ခံစားချက်များ ဖြတ်ပြေးသွားသည်။

ချင်မူသည် ရွှင်ပျော်ပျော်ကျေးရွာတစ်ရွာလုံးအား ရန်စခဲ့၏။ သူ့အနေဖြင့် ချင်မိသားစုအိမ်ထောင်စုစာရင်းဝင် မဟုတ်တော့သည်သာမက ရွှင်ပျော်ပျော်ကျေးရွာတွင် နေထိုင်ရန်လည်း မဖြစ်နိုင်တော့ပေ။

ခိုင်ဧကရာဇ်က ပြောသည်။ “ငါ မင်းကို လိုက်ပို့ပေးမယ်”

ချင်မူလည်း ခေါင်းညိတ်၍ သူနှင့်အတူ လမ်းလျှောက်ထွက်သွားသည်။

ခိုင်ဧကရာဇ်က သူနှင့် ပခုံးချင်း ယှဉ်ရပ်နေပြီး ရှုကျွင်းကတော့ ခပ်ခွာခွာမှ လိုက်လာသည်။ ရှုကျွင်းသည် သူတို့နှစ်ယောက်နှင့်ပတ်သက်၍ တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားရသဖြင့် အနားကပ်မလာချင်ပေ။

မိုးကုပ်စက်ဝန်း ရောက်လျှင် ချင်မူ နောက်ပြန်လှည့်ကြည့်မိသည်။ ချင်ဟန်ကျန်းနှင့် သူ့ဇနီးအား မမြင်ရတော့သလို၊ ဖန်ဆင်းရှင်များလည်း ပြန်သွားကြပြီဖြစ်၍ ရွှင်ပျော်ပျော်ကျေးရွာ၏ အပြင်မှာ ဗလာကျင်းနေသည်။

“ချင်ခိုင်၊ ကျွန်တော် ရိုက်တာ များသွားလား” ချင်မူ စိတ်ပူပူဖြင့် မေးမိသည်။

“ချင်ခိုင်” ဟု ကြားလျှင် ခိုင်ဧကရာဇ်၏ ဘယ်မျက်ခုံး ပင့်တက်သွားသည်။ သူက ပြန်ဖြေ၏။ “များပေမယ့် ငါ တောင့်ခံနိုင်ပါတယ်”

“ခင်ဗျားက မုဆိုးတစ်ပိုင်း‌၊ ယောက်ျားရိုင်းကြီးပဲဟာ တောင့်ခံနိုင်မှာပေါ့”

ချင်မူ ရယ်၍ ပြောလိုက်သည်။ “ကျွန်တော်တို့ နှစ်ယောက်ကြားမှာ ဘယ်သူက ပိုအစွမ်းထက်လဲ မသိချင်ဘူးလား”

ခိုင်ဧကရာဇ်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေ၏။ “လက်ရည်တူတူပဲ နေမှာပါ”

ချင်မူ ဟက်ခနဲ ရယ်ကာ ပြန်ဖြေလိုက်သည်။ “ကျွန်တော်လည်း အဲ့ဒီလိုထင်ပါတယ်... ဒီမှာပဲ လမ်းခွဲကြရအောင်... ရွှင်ပျော်ပျော်ကျေးရွာမှာ ခင်ဗျားလုပ်စရာ အများကြီး ရှိသေးတယ်မလား”

ခိုင်ဧကရာဇ်က ခေါင်းညိတ်ပြီး လမ်းလျှောက်နေသည်ကို ရပ်လိုက်သည်။

ချင်မူလည်း ဖန်ဆင်းရှင်တို့၏ပိုင်နက်ဆီ ဆက်လျှောက်သွားသည်။ ရှုကျွင်းမှာ လိုက်သွားရန် ပြင်သော်လည်း ရုတ်တရက် တုံ့ခနဲ ရပ်လိုက်သည်။

ခိုင်ဧကရာဇ်သည် ရွှင်ပျော်ပျော်ဓားကို ထုတ်ကာ နူးညံ့အေးဆေးစွာ ပြော၏။ “တာအိုမိတ်‌ဆွေမူချင်း၊ မင်းက နတ်ဘုရားအဆင့်မှာလား”

ချင်မူက လမ်းလျှောက်နေသည်ကို ရပ်၍ ခေါင်းလှည့်ကြည့်ကာ ရယ်လိုက်သည်။ “ဟုတ်ပါတယ်”

“ဒါဆို မင်းမှာ ငါ့ထက် ပိုသန်မာအားကောင်းတဲ့ ချီစွမ်းအင်တွေ ရှိမှာပဲ”

ခိုင်ဧကရာဇ်သည် ရွှင်ပျော်ပျော်ဓားကို ခပ်တင်းတင်း ဆုပ်ကိုင်ကာ အေးအေးလူလူ ပြော၏။ “ကောင်းကင်နတ်သိုင်းအရာမှာ ငါ့အနေနဲ့ မင်းကိုမယှဉ်နိုင်ဘူး.... မင်းကျွမ်းကျင်တဲ့ မဟာတာအိုသင်္ကေတအရေအတွက်က ငါ့ထက် ပိုများတယ်.... မင်းက နယ်ပယ်တစ်ခုကိုတောင် တည်ဆောက်နိုင်နေပြီ... မှော်စွမ်းအင်ချည်းနဲ့ပဲဆိုရင် မင်းက ငါ့ကိုချေမှုန်းနိုင်နေပြီ”

ချင်မူက လက်ထဲတွင် ဓားစက်လုံးဖြင့် သူ့ဘက် လှည့်လာသည်။ ဓားစက်လုံးသည် နတ်ဓားတစ်လက်အဖြစ်သို့ တစတစ အသွင်ပြောင်းလဲသွားပြီး ဓားရောင်က ဖြည်းညင်းစွာ လှည့်ပတ်လာ၏။ သူက ရယ်လိုက်သည်။ “ဟုတ်တာပေါ့ဗျာ”

ခိုင်ဧကရာဇ်က ပြောသည်။ “ဒါပေမဲ့ တကယ့်သိုင်းကွက်ဖလှယ်တယ်ဆိုတာ ကောင်းကင်နတ်သိုင်းတွေနဲ့ ဓားကွက်တွေတင် မဟုတ်ဘူး.... မင်းရဲ့ထာ၀ရငြိမ်းချမ်းရေးအင်ပါယာပြုပြင်ပြောင်းလဲမှုက ဒီအထိပဲလား”

ချင်မူ့မျက်နှာက အပြုံးပန်းများ ဝေဆာနေသည်။ “ခင်ဗျား စမ်းကြည့်ရင် သိမှာပေါ့လေ.. မဟုတ်လား.. မစမ်းကြည့်ရင် ကျုပ်ရဲ့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာပြုပြင်ပြောင်းလဲမှုက ခင်ဗျားရဲ့ ခိုင်ဧကရာဇ်ပြုပြင်ပြောင်းလဲမှုထက် အားကောင်းပြင်းထန်တယ်လို့ ဘယ်လိုသိနိုင်မလဲ”

ရှုကျွင်းမှာ နဖူးတွင် ချွေးများကျနေပြီး တိတ်ဆိတ်စွာ နောက်ဆုတ်သွားသည်။

ခိုင်ဧကရာဇ်က ပြုံးလိုက်ပြီး ခြေကို ဆောင့်နင်းလိုက်ရာ သူ၏ဓားနယ်ပယ် ကျယ်ပြန့်လာသည်။ သူ၏ဓားတာအိုလည်း အမြင့်ဆုံးသို့ ချက်ချင်း ရောက်ရှိသွား၏။ သူက ပြုံးလျက် ပြောလေသည်။ “မူချင်း၊ နှစ်ဆယ်ချက်မြောက် ဓားကွက်ကို မြင်ဖူးလား”

ဘုန်း

ချင်မူက ကောင်းကင်ရတနာနယ်ပယ်ကို ထုတ်လွှတ်လိုက်သဖြင့် တောက်ပလင်းထိန်နေသော အရောင်အဝါ ဖြာထွက်လာသည်။ သူ၏ထိုက်ကျိအင်းကွက်သည် လှည့်ပတ်နေပြီး ပြန့်ကားနေစဉ် သူ့ခန္ဓာကိုယ်မှ နေ၊ လနှင့် ကြယ်အစုအဝေးများ ထွက်ပေါ်လာ၏။ သူ့လက်ထဲရှိ နတ်ဓားက လျင်မြန်စွာ ကြီးမားလာသည်။

“ကျွန်တော်လည်း ဒါကို စောင့်နေတာပါ... ခင်ဗျားရဲ့ ဓားနယ်ပယ်နဲ့ နှစ်ဆယ်ချက်မြောက် ဓားကွက်ကို မြင်တွေ့ပါရစေ”

လူနှစ်ယောက်၏ လက်ထဲရှိ ဓားအလင်းတန်းများ ထိခတ်သွားသည်။ ထိုအခိုက်အတန့်၌ ရှုကျွင်းမှာ မျက်လုံးများ ကျိန်းစပ်သွားကာ မျက်ရည်ပူများ ကျလာသည်။ သူ့မျက်စိရှေ့ရှိ အရာအားလုံး မှုန်ဝါးသွား၏။ ဟင်းလင်းပြင်ကို ထိုးခွင်းလျက် ပျံ့နှံ့လာသော တုန်ခါမှုများကိုသာ ခံစားရလေသည်။

ဓားပေါင်းများစွာသည် သူ့ခန္ဓာ၊ သူ့ဝိညာဉ်နှင့် သူ့အသိစိတ်အလျဉ်ကို ထိုးဖောက်နေသကဲ့သို့ သူ ခံစားနေရသည်။

မကြာမီ ဓားတာအိုမှ အလင်းရောင်များ မှေးမှိန်ပျောက်ကွယ်သွားသည်။ ချင်မူက ရင်ဘတ်ကို ဖိလျက် လှည့်ထွက်လာသည်။

ခိုင်ဧကရာဇ်က ဓားပြန်ရုတ်လိုက်ပြီး ဓားဆီမှ သွေးများ စီးကျနေသည်။

“ရှုကျွင်း သွားစို့”

ချင်မူ၏အသံမှာ အနည်းငယ် အားနည်းနေသည်။ “ကျွန်‌တော် လမ်းမလျှောက်နိုင်တော့ဘူး သယ်ပေးပါဦး”

ရှုကျွင်းလည်း ခိုင်ဧကရာဇ်ကို တအံ့တဩ ကြည့်ရင်း ကပျာကယာ လျှောက်သွားလိုက်သည်။

ခိုင်ဧကရာဇ်သည် စိတ်ပျက်နေသော အမူအရာဖြင့် သူတို့ ထွက်သွားသည်ကို ကြည့်နေ၏။

သူ့ဓားနယ်ပယ်က ချင်မူ့ဓားနယ်ပယ်ထက် သာသည်။ နှစ်ဆယ်ချက်မြောက် ဓားကွက်သည်လည်း သူ မျှော်လင့်ထားသလို ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်ကို ထိုးဖောက်ကာ ချင်မူ၏ ဓားကွက်များအား ဖြိုခွင်းနိုင်ခဲ့သည်။

သို့သော် တောက်ခံ့ညားသော ဓားရောင်က နဂါးတစ်ကောင် ကူးခတ်သွားသကဲ့သို့ ညင်သာပျော့ပျောင်းစွာဖြင့် သူ၏ ကောင်းကင်တံတား ကောင်းကင်ရတနာဘေးမှ ဖြတ်သွားခဲ့သည်။

ချင်မူ၏ ကပ်ဘေးရင်ဆိုင်ခြင်းဓားက သူ၏ကောင်းကင်တံတားကို ပိုင်းဖြတ်မသွားဘဲ ပွတ်ဖြတ်သွားသော်လည်း ခိုင်ဧကရာဇ်အား ချွေးပြန်လာစေသည်။

ထိုပိုင်းချက်သာ သူ့ကောင်းကင်တံတားအပေါ် ကျရောက်လာခဲ့လျှင် သူ၏ကောင်းကင်နန်းဆောင်နှင့် ကောင်းကင်ရတနာခြောက်ခုလုံး ပြိုကွဲသွားပြီး သိုင်းအခြေခံ ပျက်စီးသွားလိမ့်မည်။

ချင်မူက ထိုဓားချက်ကို အတိအကျ ထုတ်လွှတ်နိုင်စွမ်း မရှိခြင်းလား... သို့မဟုတ် သူ့အား သက်ညှာပေးခဲ့သည်လားး သူ မသိပေ။

ထန်း

ခိုင်ဧကရာဇ်က ဓားကို ဓားအိမ်ထဲ ပြန်ထည့်၍ ရွှင်ပျော်ပျော်ကျေးရွာဆီ လှည့်ပြန်သည်။ ‘ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုကို သွားကြည့်ဖို့ လိုတယ်”

All Chapters