ရွှမ်းမင်ခရိုင်
Vol. 1 Ch. 26
အခန်း (၂၆) ရွှမ်းမင်ခရိုင်
“မင်းပြောတော့ တုန်းဖူ တည်းခိုရိပ်သာဆို။ နာမည်က လွဲနေသလိုပဲ”
တည်းခိုခန်း အပြင်ဘက်တွင် ရပ်နေရင်း လူနှစ်ယောက် ပြောနေကြသည်။
ထိုသူ နှစ်ယောက်အနက် တစ်ယောက်မှာ ပြည်နယ် အုပ်ချုပ်ရေးမှူးစောပင် ဖြစ်လေသည်။
သူက သာမန်အဝတ်အစားများကို ဝတ်ဆင်ထားပြီး စိတ်ရှုပ်နေပုံလည်း ရသည်။ သူ့ဘေးတွင် ရပ်နေသည့် လူကတော့ အနက်ရောင် ဝတ်ဆင်ထားပြီး ထိုသူ၏ မျက်လုံးများမှာ တောက်ပ နက်မှောင်နေကြသည်။ သူ၏ ဆံပင်ရှည်များမှာ မျက်နှာတစ်ဝက်ကို ဖုံးအုပ် ထားလေသည်။ သူ့ပုံစံမှာ အေးစက်စက်နှင့် ဘာကိုမှ ဂရုမစိုက်သည့်ပုံ ဖြစ်လေသည်။ အသက်ကတော့ သုံးဆယ်လောက် ရှိမည်ဟု ခန့်မှန်းရလေသည်။
“ဒီနေရာဆိုတာ သေချာပါတယ်။ နာမည်ပြောင်းလိုက်တာ ဖြစ်မယ်။ အထဲအရင် ဝင်ပြီးမှ ဆက် စုံစမ်း ကြည့်ကြတာပေါ့”
ပြည်နယ် အုပ်ချုပ်ရေးမှူးစောက ပြောလိုက်သည်။
“မင်းလူတွေက သောက်လုပ် မလုပ်ဘဲ ပိုက်ဆံယူ နေကြတာပဲ။ ဒီလိုကိစ္စ အသေးအဖွဲလေးတွေ ကိုတောင် မသိကြဘူးလား”
အနက်ရောင်ဝတ် လူက အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
ပြည်နယ် အုပ်ချုပ်ရေးမှူးစောက ရှက်ရှက်နှင့်ပင် ရယ်နေ လိုက်လေသည်။
“မင်းက ရွှမ်းမင်ခရိုင်က အရာရှိတစ်ယောက်ပဲ။ ဘုရင့်နောက်လိုက် ခွေးအဆင့်ပဲ ရှိတာ။ ဘာတွေများ မောက်မာ နေရတာလဲ”
ပြည်နယ် အုပ်ချုပ်ရေးမှူးစောက စိတ်ထဲမှ ပြောလိုက်သည်။
စိတ်ထဲတွင် ကျိန်ဆဲ နေသော်လည်းပဲ မျက်နှာပေါ်တွင်တော့ မကျေနပ်ချက်ကို မဖော်ပြရဲပေ။ ရာထူးအဆင့်အရ ပြောရလျှင် သူတို့နှစ်ယောက်မှာ ရာထူးအတူတူပင် ဖြစ်လေသည်။ သို့သော် ထိုသူကတော့ ဘုရင့် လက်အောက်တွင် အမှုထမ်းရသူ ဖြစ်လေသည်။ ပြည်နယ် အုပ်ချုပ်ရေးမှူးများကို ဘုရင့် နေပြည်တော်မှ စောင့်ကြည့်နေသည့် အစောင့် ခွေးလိုပင်။ ထိုကဲ့သို့သော လူမျိုးနှင့် ပြဿနာ မဖြစ်သည်မှာ အကောင်းဆုံးပင် ဖြစ်လေသည်။
သူ့ကို နောက်ပြောင်ပြီး ခေါ်ကြသလို ပြည်နယ် အုပ်ချုပ်ရေးမှူးစောမှာ “စောရှု” ဟူသည့် ခြုံတိုး ကြွက်စုတ်ပင် ဖြစ်ချင်စိတ် ပေါက်နေမိသည်။ သူက ရုံးလုပ်ငန်းများကိုသာ အေးအေးဆေးဆေး လုပ်ချင်သူဖြစ်သည်။ သူ၏ ရည်မှန်းချက်မှာ သူ့ဘဝတစ်ခုလုံး ကောင်းကောင်း ရပ်တည်နိုင်သည့် လစာ ကောင်းကောင်း ရရှိရန်ပင် ဖြစ်လေသည်။ နိုင်ငံရေး ကိစ္စများတွင် သူက အများကြီး တွေးတော စဉ်းစားချင်သူ မဟုတ်ပေ။
ရွှမ်းမင် ခရိုင်မှအရာရှိမှာ အစိမ်းရောင်ဝတ် လူကို ခေါ်ရန်အတွက် ဘုရင့် နေပြည်တော်မှ ရောက်လာခြင်း ဖြစ်လေသည်။ အကြောင်းကြောင်းကြောင့် အနည်းငယ် နောက်ကျ သွားရခြင်း ဖြစ်လေသည်။ ပြည်နယ် အစိုးရက အစိမ်းရောင်ဝတ်လူ အကြောင်း တိုင်ကြား အစီရင် ခံပြီးသည်နှင့် ထိုအရာရှိကို ချက်ချင်း စေလွှတ်ရန် ဖြစ်သော်လည်း ရွှမ်းမင်ခရိုင်မှ တာဝန် လွှဲပြောင်းမှု အဆင့်ဆင့်ကြောင့် ရက်အနည်းငယ် ကြန့်ကြာသွားရကာ ယခုမှ ရောက်ရှိ လာရခြင်းပင်။
ဆန်းလျန်မှာ အစိမ်းရောင်ဝတ် လူကို နောက်ဆုံး မြင်တွေ့ခဲ့သူဖြစ်ပြီး ဆန်းအိမ်တော်သို့ အန္တရာယ်ကင်းစွာ ပြန်ရောက်လာသည့်သူ ဖြစ်လေသည်။ ထို့ကြောင့် အစိမ်းရောင်ဝတ်လူ ပျောက်ဆုံးသွားသည့် ကိစ္စနှင့်ပတ်သက်ပြီး ရွှမ်းမင်မှ အရာရှိမှာ ဆန်းလျန်နှင့် စကားပြောလိုသည်မှာ သဘာဝကျလေသည်။
သို့သော် ဆန်းအိမ်တော်မှာ ချင်ပြည်နယ်တွင် အလွန်ပင် ဂုဏ်သတင်း ကျော်စောသောကြောင့် ဆန်းလျန်ကို မြို့တော်ခန်းမသို့ ဆင့်ခေါ်လျှင် ဆန်းအိမ်တော်အနေဖြင့် အထင် လွဲသွားနိုင်လေသည်။ ထိုကဲ့သို့သော ကိစ္စများတွင် အတွေ့အကြုံရှိသော ပြည်နယ် အုပ်ချုပ်ရေးမှူးစောက ပြဿနာတော့ အဖြစ်မခံလိုပေ။
ထို့ကြောင့် ရွှမ်းမင်မှ အရာရှိကိုပင် ဆန်းလျန်ရှိသည့် တည်းခို ရိပ်သာသို့ လှည့်ပတ် ခေါ်ဆောင်လာရခြင်း ဖြစ်လေသည်။
ထို့ပြင် ရွှမ်းမင်မှ အရာရှိမှာလည်း ထိုကိစ္စများကို လျှို့ဝှက်ပြီး လူသိ မခံချင်ပေ။ သူကိုယ်တိုင်မှာလည်း ရွှမ်းမင်ခရိုင်နှင့် တရားရေး ဝန်ကြီးရုံးမှ တောက်လျှောက် စုံစမ်းနေသည့် ရက်စက် ယုတ်မာလွန်းသည့် ရာဇဝတ်သားအတွက် အတော်ပင် စိတ်အနှောင့်အယှက် ဖြစ်နေရလေသည်။
ရွှမ်းမင် ခရိုင်မှ အရာရှိများမှာ ကျန်းဟူနှင့် အဆက်အသွယ် ရှိကြသည်က များလေသည်။ ယခု အရာရှိမှာလည်း ကျန်းဟူရှိ သိုင်းဂိုဏ်း တစ်ဂိုဏ်းမှ ဖြစ်လေသည်။ သူက အစိမ်းရောင်ဝတ် လူကို လာခေါ်သည်မှာ ရုံးအလုပ် ကိစ္စအပြင် သူ၏ ကိုယ်ရေးကိုယ်တာ ကိစ္စလည်း ရှိနေလေသည်။ သူက အစိမ်းရောင်ဝတ် လူ၏ ဇစ်မြစ်ကို အကုန်သိသောသူ ဖြစ်သောကြောင့် နတ်သက်ခြွေ ဓားသိုင်းနှင့် ဆန်းကျူ ကျင့်စဉ်ကျမ်းတို့ကို စိတ်မဝင်စားဘူးဟု ပြောလျှင် ပေါ်တင်ကြီး လိမ်လည်ရာ ရောက်ပေလိမ့်မည်။
***
စာရွက်စာတမ်းများအရ ဆန်းလျန်မှာ တည်းခိုရိပ်သာ၏ ပိုင်ရှင် ဖြစ်သော်လည်း တကယ်တမ်း အလုပ် လုပ်ရသည့် သူမှာ အိမ်တော်ထိန်း ဝူဖြစ်လေသည်။
နှစ်ပေါင်း ရာကျော်တိုင်အောင် မပြောင်းမလဲ ရှိခဲ့သည့် တည်းခိုရိပ်သာ၏ နာမည်ကို ဆန်းလျန်က ပြောင်းလိုက်သောကြောင့် အိမ်တော်ထိန်းဝူမှာ စိတ် စနိုးစနောင့် ဖြစ်နေရလေသည်။ ဆန်းအိမ်တော်မှာ အမြတ်များသည့် စီးပွားရေး လုပ်ငန်းများစွာကို ပိုင်ဆိုင်လေသည်။ တည်းခို ရိပ်သာမှာတော့ အမြတ်ရရှိရုံ သက်သက် လုပ်ဆောင်နေခြင်း မဟုတ်ပေ။ ဘိုးစဉ်ဘောင်ဆက် အမွေ ဆက်ခံခဲ့သည့် ချမ်းသာ ကြွယ်ဝမှု၏ သင်္ကေတအဖြစ် လုပ်ကိုင်နေခြင်း ဖြစ်လေသည်။
ဆန်းသခင်ကြီးက တည်းခိုရိပ်သာမှာ ဆန်းလျန်၏ လက်ထဲသို့ လုံးဝ ရောက်ရှိသွားပြီဟု အားလုံးကို ပြတ်ပြတ်သားသား ပြောကြား ပြီးသည့်နောက်ပိုင်း ဆန်းလျန်ဘာလုပ်လုပ် အပြစ် မဆိုသာတော့ပေ။
တည်းခိုရိပ်သာ၏ မြေယာ နာမည်ပင်လျှင် ဆန်းလျန်နာမည်နှင့် ဖြစ်နေပြီ ဖြစ်လေသည်။
တည်းခိုရိပ်သာမှာ ဆန်းလျန် ပိုင်ဆိုင်သည့် သီးသန့် ပိုင်ဆိုင်မှု ဖြစ်လေသည်။ အိမ်တော်ထိန်း ဝူက ဘာလုပ်သင့်သည်ဟု ဝင်ပြောမည် ဆိုလျှင်လည်း ဆန်းလျန်၏ အေးဆေး တည်ငြိမ်သော အပြုံးနှင့်သာ ရင်ဆိုင်ရမည် ဖြစ်လေသည်။
တည်းခိုရိပ်သာမှာ သုံးထပ် ဖြစ်လေသည်။ ဆန်းလျန်မှာ အပေါ်ဆုံးထပ်တွင် နေလေသည်။ ထိုနေရာက အပြင်လူ ဝင်ခွင့်မရှိပေ။
တည်းခိုရိပ်သာမှာ လမ်းမကို မျက်နှာမူထားပြီး မြို့၏ အစည်ကားဆုံး အပိုင်းတွင် တည်ရှိလေသည်။ တစ်ခေတ်မှာတစ်ခါ ကြုံရလောက်သည့် ဂန္ထဝင် အဆောက်အဦးကြီးဟု သတ်မှတ် နိုင်လေသည်။ အဆောက်အဦးနှင့် မျက်နှာချင်းဆိုင်မှ နေရောင်ခြည်သည် ပြတင်းပေါက်များမှတစ်ဆင့် ဆန်းလျန်ဆီသို့ ဝင်ရောက်လာပြီး ငြိမ်းချမ်း ငြိမ်သက်ဖွယ်ရာ ရှုခင်းကို မြင်ရလေသည်။
သူ အချိန်ခရီး သွားပြီးကတည်းက သူ့ဘဝတွင် ပထမဆုံးအကြိမ် ပျော်ရွှင်ခဲ့ရသည့် အချိန် ဖြစ်လေသည်။
သူလာခဲ့သည့် ရင်တထိတ်ထိတ်နှင့် နေရသည့် ခေတ်ပေါ် ကမ္ဘာနှင့်တော့ ကွာခြားလေသည်။ ဤနေရာတွင် ဆိုရှယ်မီဒီယာ များမှတစ်ဆင့် နည်းပညာများဖြင့် တုန့်ပြန်မှုမျိုးထက် မျက်နှာချင်းဆိုင် စကားပြောဆို ကြရသည်က များလေသည်။
အိမ်နီးနားချင်း များမှာလည်း ဆန်းလျန် ငွေဇွန်းကိုက် မွေးလာသည့်အတွက် အတင်းအဖျင်း ပြောဆိုခြင်းများ မရှိကြဘဲ သူမွေးဖွားခဲ့သည့် အခြေအနေကိုပင် သနား နေကြသေးသည်။
လွန်ခဲ့သည့် သုံးရက်ခန့်က “အန်း” တည်းခိုရိပ်သာ ဖွင့်ပွဲ ကျင်းပစဉ်အတွင်း အိမ်နီးချင်းများက များစွာ ကူညီကြလေသည်။
ဆန်းလျန်မှာ လက်မထပ်ရသေးခင် မွေးလာသည့် သားတစ်ယောက် ဖြစ်သောကြောင့် မိသားစုထဲမှ ပထုတ် ခံလိုက်ရခြင်း ဖြစ်ပြီး တည်းခိုရိပ်သာကို ဦးစီး ခိုင်းသည်မှာ ဟန်ပြသက်သက်သာ ဖြစ်သည်ဟု အကြောင်းမသိ သူများက တွေးထင် ကြလေသည်။
ဤသည်မှာ ရေသောက်သလိုမျိုးပင်ဖြစ်လေသည်။
ရေကိုသောက်သည့် သူသာလျှင် သူသောက်သည့်ရေမှာ ရေနွေးလား၊ ရေအေးလား ခွဲခြား သိနိုင်ပေလိမ့်မည်။
ခြေသံများကြောင့် ဆန်းလျန် အတွေးစများ ပြတ်တောက်သွားရသည်။ အိမ်တော်ထိန်း ဝူနှင့်အတူ ဧည့်သည်နှစ်ယောက် ပါလာဟန် ရှိလေသည်။
ဆန်းလျန်မှာ ချက်ချင်းပင်သူ၏ပင်ကိုယ်သိစိတ်နှင့်တုန့်ပြန်လိုက်ပြီး အံ့သြသွားရလေသည်။ လူနှစ်ယောက်အနက် တစ်ယောက်မှာ သိုင်းပညာ အဆင့်မြင့်သူ ဖြစ်လေသည်။
ထိုသူ၏ ခြေသံမှာ ညင်သာ လွန်းသောကြောင့် ဆန်းလျန်မှာသာ ထူးခြားသော အရည်အချင်းများ မရှိလျှင် ကြားရနိုင်ဖွယ် မရှိပေ။
တံခါးခေါက်သံ ကြားလိုက်ရသည်။
“ဝင်လာပါ”
ဆန်းလျန်မှာ ပြတင်းပေါက်ဘက်သို့ မျက်နှာမူနေဆဲ ဖြစ်ပြီး တံခါးမကြီးမှာ သူ၏ ကျောဘက်တွင် ရှိနေခြင်း ဖြစ်လေသည်။
“သခင်လေး၊ လူကြီးလူကောင်းတွေ ရောက်လာကြပါတယ်”
အိမ်တော်ထိန်းဝူမှာ ပြည်နယ် အုပ်ချုပ်ရေးမှူး စောကို တွေ့သည့်အခါ များစွာ အံ့သြ သွားခဲ့ရလေသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး စောလိုလူမျိုး လာရောက် လည်ပတ်လိမ့်မည်ဟု အိမ်တော်ထိန်း ဝူက မျှော်လင့် မထားမိပေ။ ဆန်းအိမ်တော်မှာ ပြည်နယ် အရာရှိများထက် ပိုပြီး သြဇာအရှိန်အဝါ ကြီးသည်မဟုတ်ပါလား။
သို့သော် အိမ်တော်ထိန်းဝူမှာ ချင်ပြည်နယ် မြို့တော်၏ အရှိန်အဝါ အကြီးဆုံး အရာရှိအရာခံ တစ်ဦးကို မော့၍ပင် မကြည့်ရဲပါ။ အိမ်တော်ထိန်း ဝူမှာ အစေခံ တစ်ယောက်မျှသာ ဖြစ်သောကြောင့် ပြည်နယ် အုပ်ချုပ်ရေးမှူး စောကို ကြောက်လန့်မိသည်မှာ သဘာဝ ကျလေသည်။
ပြည်နယ် အုပ်ချုပ်ရေးမှူးစောသာ လျှို့ဝှက်ပြီး ရောက်လာခြင်း မဟုတ်လျှင် ဆန်းလျန်မှာလည်း အောက်ထပ်ထိ ဆင်းပြီး ယဉ်ကျေးပျူငှာစွာ ကြိုဆိုမိမည် ဖြစ်လေသည်။
“သွားလို့ရပြီ”
ဆန်းလျန်က အိမ်တော်ထိန်း ဝူကို လက်ဝှေ့ယမ်းပြရင်း ပြောလိုက်သည်။
အိမ်တော်ထိန်း ဝူမှာ မနီးမဝေးတွင် ရပ်နေ သေးသောကြောင့် ဆန်းလျန်က အဝေးသို့ သွားရန် တစ်ချက်ကြည့်ပြီး သတိ ပေးလိုက်ရလေသည်။
ဆန်းလျန်မှာ ငယ်ရွယ်သော်လည်း မောက်မာခက်ထန်သူ မဟုတ်ပါ။ သူက ပုံမှန်ဆိုလျှင် အိမ်တော်ထိန်းဝူကို ဆူပူခြင်းလည်း မရှိပါ။ သို့သော် ဆန်းလျန်က အမိန့်ပေးလျှင်တော့ သူက လိုက်နာရမည်သာ ဖြစ်လေသည်။ သူ ဆန်းလျန်အနားသို့ သွားသည့် အချိန်တိုင်း ဆန်းလျန်မှာ ပုံမှန်အတိုင်း ခပ်တည်တည် ဖြစ်နေလျှင် သူ အထွန့် မတက်ရဲပေ။
ဆန်းလျန်က ပြည်နယ် အုပ်ချုပ်ရေးမှူး စောကို တစ်ချက် ကြည့်လိုက်ပြီး ရွှမ်းမ င်ခရိုင်မှ အရာရှိကို လှမ်းကြည့်လိုက် သည်။
ထိုသူမှာ အနက်ရောင် ဝတ်ဆင်ထားပြီး ဓားတစ်ချောင်း ကိုင်ဆောင် ထားလေသည်။ သူ၏ မျက်ဝန်းများမှာလည်း သွေးဆာနေသည့် အရိပ်အရောင်များနှင့် ပြည့်နှက် နေသဖြင့် ဆန်းလျန် စိတ်မသက်မသာ ဖြစ်သွားရသည်။
“မိတ်ဆွေလေး ဆန်းလျန် နေကောင်းပါရဲ့လား။ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ကျေးဇူး တင်စကားတောင် သေချာ မပြောလိုက်ရဘူး။ ဪ ဒါက ဘုရင့် နေပြည်တော် ရွှမ်းမင် ခရိုင်က ဆရာ မုန့်ဟန်ပါ။ သူက မိတ်ဆွေလေးကို မေးစရာ ရှိလို့တဲ့”
သူ့ စကားလုံးများက ပညာသား ပါလေသည်။ သူက ဆန်းလျန်နှင့် တွေ့ခဲ့ဖူးသည်ကို အမှတ်ရပြီး ပြဿနာ ရှာဖို့အတွက် လာခြင်းမဟုတ်ဘဲ စုံစမ်းစရာကိစ္စ ရှိ၍သာ လာခြင်း ဖြစ်ကြောင်း သွယ်ဝိုက် ပြောလိုက်ခြင်း ဖြစ်လေသည်။
စုံစမ်းစရာကိစ္စ ရှိသည်ဆိုလျှင် မည်သည့်ကိုပြောသည် ဆိုသည်ကို ဆန်းလျန် အတိအကျ ရိပ်မိလေသည်။
မုန့်ဟန်၏ ရာထူးကိုလည်း ပြောပြလိုက်သည့်အတွက် ဆန်းလျန်အနေဖြင့် မည်သို့ပြုမူ နေထိုင်ရမည်ကို သတိ ပြုလိုက်မိလေသည်။
ပြည်နယ် အုပ်ချုပ်ရေးမှူး စောမှာ ဆန်းလျန်နှင့် အပေးအယူ လုပ်ခဲ့ဖူးသည့်အတွက် ဆန်းလျန်မှာ အသက် ငယ်သော်လည်း ခပ်ပေါ့ပေါ့ လူငယ်တစ်ယောက် မဟုတ်ကြောင်း ကောင်းကောင်း သိလေသည်။
ဆန်းလျန်သာ သာမန် လူတစ်ယောက် ဆိုလျှင် ပြည်နယ် အုပ်ချုပ်ရေးမှူး စောမှာလည်း အရေးပေး ဆက်ဆံနေမည် မဟုတ်ပေ။
မုန့်ဟန်မှာလည်း ပထမဆုံးအကြိမ် ဆန်းလျန်ကို မြင်လိုက်သည်နှင့် စိတ်ထဲမှ ကြိတ်၍ ချီးကျူး လိုက်မိလေသည်။ ဆန်းလျန်ကဲ့သို့သော လူငယ်လေးမျိုးကို တောကျသည့် ချင်ပြည်နယ် မြို့တော်တွင် ရှိလိမ့်မည်ဟု သူမျှော်လင့်မထား မိသည်ကတော့ အမှန်ပင်။
သို့သော်လည်း …
“ကလေး … ယန်ရွှမ်နဲ့ ပတ်သက်တဲ့ အရာအားလုံး ကျုပ်ကို ပြောပြရင် ကောင်းလိမ့်မယ်”
ဟု အေးစက်စွာဖြင့် ပြောလိုက် လေတော့သည်။