← Chapters

များပြားလှသောနတ်ဆေးလုံးများ

Vol. 89 Ch. 1249

များပြားလှသောနတ်ဆေးလုံးများ

Vol. 89 Ch. 1249

အခန်း (၁၂၄၉) များပြားလှသောနတ်ဆေးလုံးများ

ယခု ရန်ကျောက်ကဲက အဂ္ဂိရတ်ခန်းမထဲသို့ ရောက်ရှိနေခြင်းကြောင့်လားမသိ။

ရေခဲပမာ အေးစိမ့်သည့်ရောင်ဝါကို ထပ်မံခံစားလိုက်ရသည့်အခါ ထိုအရာက ပိုမိုလက်တွေ့ကျပြီး ရှင်းလင်းလာသည်ဟု အာရုံခံမိသည်။

ရန်ကျောက်ကဲ၏စိတ်အာရုံထဲတွင် ကျောက်တုံးကြီးတစ်တုံး ရေကန်ထဲသို့ ပြုတ်ကျသွားသည့်ပမာ ရုတ်တရက် လှိုင်းလုံးကြီးများ ထွက်ပေါ်လာသည်။

ထို့နောက် ရေကန်မျက်နှာပြင်တွင် ယောင်ဝါးဝါး ပုံရိပ်တစ်ခု ထင်ဟပ်လာသည်။

ထိုပုံရိပ်က ရန်ကျောက်ကဲအား အေးစက်စွာ စူးစိုက်ကြည့်နေသည့် မျက်ဝန်းတစ်စုံနှင့် ဆင်တူသည်။

ယခင်ကလောက် ပြင်းထန်ရိုင်းစိုင်းခြင်းမရှိသည့်တိုင် နာကြည်းမှုနှင့်ဒေါသများက ပိုမိုအေးစက်သော အအေးဓာတ်တစ်ခုအဖြစ် ခိုင်ခံ့လာကာ စိတ်နှလုံးကို တုန်လှုပ်သွားစေနိုင်သည်။

ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်ပင် သူ့ကို စူးစူးဝါးဝါးစိုက်ကြည့်နေသော မျက်ဝန်းတစ်စုံကို ပြန်လည်စူးစိုက်ကြည့်လိုက်သည်။

ခဏအကြာမှာတော့ ထိုမျက်ဝန်းတစ်စုံပျောက်ကွယ်သွားပြီး ရေခဲပမာ အေးစက်သောရောက်ဝါသည်လည်း ပျောက်ကွယ်သွားသည်။

သို့‌သော် ရန်ကျောက်ကဲ စိတ်သက်သာရာ မရနိုင်ပေ။

“သူ အောင်မြင်တော့မယ်”

ရန်ကျောက်ကဲ ထိုသို့ပင် အာရုံခံမိသည်။

အတွေးနှင့်အတူ သူ၏မျက်နှာအမူအရာက အနည်းငယ်ထူးဆန်းသွားသည်။ ခဏနေမှ ခန္ဓာကိုယ်ကို မတ်မတ်ထားလိုက်ပြီး သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။

ထို့နောက် ရန်ကျောက်ကဲက ‘ကွမ်းချင်းဘိုးဘိုး’ ရန်ချီ၏ ရုပ်အလောင်းကို တိတ်ဆိတ်စွာဂါရဝပြုလိုက်ပြီး ရုပ်အလောင်းကိုယူဆောင်ကာ အခန်းထဲမှ ထွက်ခွာလာခဲ့သည်။

“ကျန်တဲ့ (၅)ယောက်လည်း သေပြီဖြစ်ရမယ်”

အတွေးနှင့်အတူ ရန်ကျောက်ကဲ သူ့အရှေ့မှ အမှောင်ရိပ်လွှမ်းနေသောနေရာကို လှမ်းကြည့်လိုက်သည်။

ရှေ့ဆက်လျှောက်လာရင်း အခြားသော ဆေးလုံးခန်းမများထဲတွင် ကျန်လူများ၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ရသည်။

“ထန်ရှန်းဖုန်း ၊ လုကျီးပေါ်...”

ရန်ကျောက်ကဲ စိတ်ထဲမှ တိတ်တဆိတ်ရေရွတ်လိုက်သည်။

ထန်ရှန်းဖုန်းက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ဝါရင့်အကြီးအကဲတစ်ယောက်ဖြစ်ပြီး ရွှမ်ဟွမ်ဧကရီ ‘ကောင်းချင်းရွှမ်’ ၏ တပည့်ဖြစ်ကာ ကောင်းရွှယ်ပေါ်၏ ဂိုဏ်းတူညီအစ်ကို ဖြစ်သည်။

လုကျီးပေါ်ကတော့ ကောင်းရွှယ်ပေါ်၏ တပည့်ရင်း ဖြစ်၏။

သူတို့နှစ်ယောက်က ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုရရှိရန်အတွက် ထိုက်ချင်အဆက်အနွယ်မှ ရန်ချီနှင့် အခြားကျင့်ကြံသူ (၂)ယောက်နှင့်အတူ တိုက်ခိုက်ရင်း ထောင်ချောက်အတွင်းကျရောက်ကာ ပျောက်ကွယ်သွားသူများ ဖြစ်ကြသည်။

ယခုတော့ သူတို့နှစ်ယောက်သည်လည်း အဂ္ဂိရတ်ခန်းမထဲတွင် အသက်သေဆုံးလျှက်ရှိသည်။

သူတို့ ရုပ်အလောင်းများသည်လည်း ရန်ချီကဲ့သို့ပင် မပုပ်မသိုးတည်ရှိနေသော်လည်း အတွင်းပိုင်းမှာတော့ သဲပန်းပုရုပ်ပမာ ပြိုကျပျက်ဆီးနေပေပြီ။

ရန်ကျောက်ကဲ၏စိတ်ကိုဖမ်းစားနိုင်သည့်အချက်မှာ မတူညီသည့်လူများတွင် မတူညီသော ကိုယ်တွင်းပျက်ဆီးမှုများ သိသာထင်ရှားစွာ ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်သည်။

အစောပိုင်းသေဆုံးသူ၏ရုပ်ခန္ဓာပျက်ဆီးမှုက အကြမ်းဖျင်းမျှသာဖြစ်သော်လည်း နောက်ပိုင်းသေဆုံးသူများ၏ ရုပ်ခန္ဓာပျက်ဆီးမှုက တဖြည်းဖြည်း ပိုမိုအသေးစိတ်ကျလာသည်။

ဥပမာဆိုရသော် သားသတ်သမားတစ်ယောက် စတင်သတ်ဖြတ်ချိန်တွင် အားစိုက်ရပြီး တဖြည်းဖြည်း သတ်ဖြတ်ရသည်နှင့်အသားကျလာကာ အေးအေးဆေးဆေး လုပ်ဆောင်နိုင်ခြင်းနှင့် ဆင်တူသည်။

“ငါထင်တာမမှားဘူးဆိုရင်တော့...”

ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။

ယခု သူရောက်ရှိနေသည့်နေရာက ဆေးသိုလှောင်ရုံနှင့် အလွန်နီးကပ်နေပြီ ဖြစ်သည်။ ပတ်ဝန်းကျင်ကို လေ့လာကြည့်ရင်း ရန်‌ကျောက်ကဲ ဆေးသိုလှောင်ရုံဆီသို့ လမ်းလျေှာက်သွားလိုက်သည်။

သူ အလွန်သတိထားနေပြီး စိတ်လည်းလှုပ်ရှားလျှက် ရှိသည်။

ဖမ်းဆီးခံရပြီး အသက်သေဆုံးနေသူများအားလုံးမှာ ဆေးလုံးသန့်စင်သော အခန်းများထဲတွင် ရှိနေကြသည်ဖြစ်ရာ ရန်သူသည်လည်း ဤအနီးပတ်ဝန်းကျင်မှာပင် ရှိနေနိုင်သည်။

ရန်သူက ဆေးသိုလှောင်ရုံထဲတွင် ရှိနေနိုင်ခြေမြင့်မားပြီး အန္တရယ်လည်း အလွန်များလှသည်။

သို့သော် ယခုအချိန်တွင် ရန်သူသည်လည်း သူ့အစီအစဉ်နှင့်အတူ အရေးကြီးသောအချိန်သို့ ရောက်ရှိနေဟန်ပင်။ ရန်ကျောက်ကဲက ခြေတစ်လှမ်းအသာဖြင့် ထိုရန်သူကို ရှာဖွေနိုင်ခဲ့လျှင် ထိုသူ၏အလုပ်များကိုလည်း တားဆီးနိုင်ပေလိမ့်မည်။

မဟုတ်ပါက ရန်သူဘက်မှ ပြင်ဆင်မှုအားလုံး ပြီးပြည့်စုံအောင်မြင်သွားမည်ဆိုလျှင် ကိုင်တွယ်ရန် အလွန်ခက်ခဲသွားပေမည်။

အမှောင်ကြယ်စင်ကောင်းကင်ထဲတွင် မည်သည့်အရာမှမရှိသည်ဖြစ်ရာ’အကွာအဝေး’ ဆိုသောအယူအဆသည်လည်း တည်ရှိခြင်း မရှိပေ။

ရန်ကျောက်ကဲ ခဏမျှ ရှေ့ဆက်လျှောက်ပြီးနောက် ခြေလှမ်းများရပ်တန့်လိုက်ပြီး လေထဲတွင် အင်းသင်္ကေတများ စတင်ရေးဆွဲလိုက်သည်။

လေထုထဲတွင် စည်းတံဆိပ်များဖြစ်ပေါ်လာပြီး အလင်းတန်းများက ဗလာနယ်ထဲတွင်တောက်ပနေကာ အဝေးဆီသို့ လွင့်ပျံသွားကြသည်။

ထို့နောက် အဝေးတစ်နေရာတွင် အလင်းတန်းများ မာကျောခိုင်ခန့်သွားပြီး ဗလာနယ်တစ်ခုလုံးအား တောက်ပသွားစေကာ ထိုနေရာတွင် ကြီးမားသော ‘ပုလဲလုံး’ ကြီးတစ်ခု ထွက်ပေါ်လာသည်။

ထိုပုလဲလုံးကြီးအား အင်းသင်္ကေတကြိုးတစ်ကြိုးက ဖဲကြိုးချည်နှောင်သည့်ပမာ ရစ်ပတ်ချည်နှောင်ထားသည်။

ကြည့်ရသည်မှာ ထိုပုလဲလုံးကြီးက နဂိုကပင် အမှောင်ထုဗာနယ်ထဲတွင် တိတ်ဆိတ်စွာ တည်ရှိနေပုံရပြီး အခြားသူများ တွေ့မြင်နိုင်ခြင်း မရှိခြင်းသာ ဖြစ်၏။

အထူးသိုင်းပညာတစ်ရပ် အသက်သွင်းကာ ရှာဖွေခြင်းမရှိပါက မည်မျှပင်ရှာဖွေပါစေ ထိုပုလဲလုံးကြီးအား တွေ့ရှိနိုင်မည် မဟုတ်ပေ။

ပုလဲလုံးက ကြည်လင်တောက်ပနေပြီး အတွင်းထဲတွင် ရွှေရောင်မြူမှုံများကိုတွေ့မြင်ရသော်လည်း တိကျသည့်ပုံရိပ်များကို ရှင်းလင်းစွာတွေ့မြင်ရခြင်း မရှိပေ။

ဤနေရာက အဂ္ဂိရတ်ခန်းမ၏ အရေးပါသောနေရာတစ်ခုဖြစ်သည့် ‘ဆေးသိုလှောင်ရုံ’ ဖြစ်ပြီး အပြီးသတ်ဖော်စပ်ပြီးသွားသော နတ်ဆေးလုံးများ သိမ်းဆည်းထားရာ နေရာဖြစ်သည်။

မဟာကပ်ဘေးကြီးမတိုင်ခင် ရှေးနှစ်ပေါင်းများစွာက နတ်ဘုရားများစွာ ၊ ကျင့်ကြံသူများစွာက ဆေးလုံးများ ဖော်စပ်သန့်စင်ရန် ကောင်းကင်ဘုံနန်းတော် ၊ အဂ္ဂိရတ်ခန်းမသို့ လာရောက်လေ့ ရှိကြသည်။

ဆေးများဖော်စပ်ပြီးသွားသည်နှင့် ဆေးလုံးအများစုကို ဖော်စပ်သူများက သူတို့နှင့်အတူ ပြန်လည်ယူဆောင်သွားကြသော်လည်း အချို့ဆေးလုံးများကိုတော့ အဂ္ဂိရတ်ခန်းမတွင် သိမ်းဆည်းရန်အတွက် ချန်ထားရစ်ခဲ့ကြသည်။

ထိုသို့သောဆေးလုံးများစွာကို ဆေးသိုလှောင်ရုံတွင် သိမ်းဆည်းထားလေ့ရှိသည်ပင်။

သို့ပေသိ ဆေးသိုလှောင်ရုံအတွင်းသို့ မည်သူမှ ဝင်ရောက်ခွင့် မရှိပေ။

ရန်ကျောက်ကဲ ပုလဲလုံးကြီးဖြင့် နီးကပ်လာသည်။

အဝေးမှကြည့်လျှင် ပုလဲလုံးကြီးတစ်လုံးနှင့်ဆင်တူသော်လည်း အနီးကပ်ကြည့်လျှင်တော့ ကြယ်တစ်စင်းပမာ အလွန်တောက်ပလျှက် ရှိ၏။

ရန်ကျောက်ကဲ၏ ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုက လေထဲတွင် မျောလွင့်ထွက်ပေါ်လာပြီး ရန်ကျောက်ကဲက မီးပြင်းဖိုထက်သို့ လက်တစ်ဖက်ဖိနှိပ်ရင်း ပုလဲလုံးပမာရှိသော ဆေးသိုလှောင်ရုံမျက်နှာပြင်နှင့်ထိတွေ့စေရန် ရှေ့သို့တွန်းထုတ်လိုက်သည်။

(၃)ပေခန့်မြင့်မားသော မီးပြင်းဖိုကြီးထိပ်မှ ဆေးရနံ့များထွက်ပေါ်လာပြီး သူ့အရှေ့မှ ပုလဲလုံးပမာရှိသော ကြယ်စင်ကြီးနှင့် ဖြည်းညင်းစွာ ပေါင်းစပ်သွားသည်။

ထို့နောက် လုံးဝန်းသောကြယ်စင်ကြီးက ရုတ်တရက်အသွင်ပြောင်းသွားပြီး ပြားချပ်သော စက်ဝိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထိုအရာက ပြားချပ်သည့် ရေကန်မျက်နှာပြင်ပမာ ပြောင်းလဲသွားပြီး ရွှမ်ကျောက်ကျိကျင်းမီးပြင်းဖိုက ရေကန်အလယ်တွင် ငြိမ်သက်စွာ တည်ရှိနေသည်။

ရန်ကျောက်ကဲက မီးပြင်းဖိုကို ထိကိုင်ခြင်းမရှိတော့ဘဲ သူ့အရှေ့မှ ရေကန်ပမာ စက်ဝိုင်းပြင်ဆီသို့ ဦးတည်ထွက်ခွာသွားသည်။

ယခုတစ်ကြိမ်မှာတော့ သူ၏ခန္ဓာကိုယ်က မည်သည့်ဖိအားမှ ခံစားရခြင်း မရှိပေ။ ရေမျက်နှာပြင်သဏ္ဌန်ရှိသော အလင်းတန်းများကို ဖြတ်ကျော်ပြီးနောက် ရန်ကျောက်ကဲ စက်ဝိုင်းခြမ်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

အထဲသို့ရောက်သည်နှင့် မွှေးပျံ့သည့်ဆေးရနံ့က သူ့နှာခေါင်းထဲ တိုးဝင်လာသည်။ ရနံ့က အလွန်းပြင်းထန်သဖြင့် အသက်ရှူကြပ်မတတ်ပင် ဖြစ်ရသည်။

ရန်ကျောက်ကဲမြင်ကွင်းထဲတွင် သူရပ်တည်နေသည့် ခြေထောက်အောက်ခြေ မြေပြင်မှလွဲပြီး အပေါ်ပိုင်းနှင့် ပတ်ဝန်းကျင်တစ်ခုလ့ဒး ခရမ်းရောင်အခိုးအငွေ့များ လွှမ်းခြုံနေကြောင်း တွေ့ရသည်။ ထိုအခိုးအငွေ့များထဲမှ ရွှေရောင်အလင်းတန်းလေးများ အပြင်သို့စိမ့်ထွက်နေသည်။

ရွှေရောင်အလင်းတန်းများကို စိုက်ကြည့်လိုက်တော့ များပြားလှစွာသော ရွှေရောင်စေတီများစွာကို တွေ့မြင်လိုက်ရသည်။

သာမန်အခြေအနေဆိုလျှင် နတ်ဆေးလုံးအမျိုးအစားမျာစွာနှင့် ဆေးဝါးများကို အမျိုးအစားခွဲခြားပြီး ထို ရွှေစေတီများထဲတွင် အသီးသီး ထည့်သွင်းသိမ်းဆည်းသိုလှောင်ထားကြခြင်း ဖြစ်သည်။

ရန်ကျောက်ကဲက ထို‌ ရွှေစေတီငယ်များကို အာရုံမစိုက်သေးဘဲ ဆေးသိုလှောင်ရုံတစ်ခုလုံးကို သေသေချာချာ စစ်ဆေးကြည့်လိုက်၏။

ဆေးသိုလှောင်ရုံကို အတွင်းအပြင် သေချာစွာစစ်ဆေးပြီးနောက် ရန်သူက ဤနေရာတွင်မရှိကြောင်း ရန်ကျောက်ကဲ အတည်ပြုနိုင်ခဲ့သည်။

ထိုအခါမှ သူက ရွှေရောင်စေတီးငယ်များကို စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။

စေတီငယ်များထဲတွင် အမျိုးအစားများစွာစုံလင်လှသော နတ်ဆေးလုံးများစွာ ရှိနေကြသည်။

ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို ရယူစဉ်က ဘုံခုနစ်ဆင့်ဆေးလုံးကမ္ဘာတွင် ပြန့်ကျဲနေသော နတ်ဆေးလုံးများမှာ ယခု သူ့အရှေ့မှ မြင်ကွင်းနှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်‌တော့ပေ။

အမျိုးအစားသာမက အရေအတွက်လည်း များပြားလွန်းလှသည်။

မီလောရွှေဆေး။

ထိုဆေးလုံးကို စားသုံးပါက အသက်ရှည်ပြီး ထာဝရနုပျိုမှုကို ရရှိစေမည် ဖြစ်၏။

ကောင်းကင်ဘုံ၏တည်ရှိမှုကို အာရုံခံနိုင်ပြီး မိုးကောင်းကင်ခုံရုံး၏ အမိန့်များကို ကြားနာနိုင်မည် ဖြစ်သည်။

သေလုမျောပါးဝေဒနာခံစားနေရသူစားသုံးပါက ချက်ချင်း အကောင်းပကတိအတိုင်း ရောဂါသက်သာသွားမည်ဖြစ်သလို သေလွန်သူများကို တိုက်ကြွေးပါက ချက်ချင်းအသက်ရှင်သန်လာကာ အရိုးများပေါ်တွင် အသွေးအသားများ ပြန်လည်ဖြစ်ပေါ်လာပေလိမ့်မည်။

သိုင်းကျင့်ကြံသူများစားသုံးမည်ဆိုလျှင်တော့ ကောင်းကင်ကိုးထပ်အထက်တွင် ကျော်လွန်တည်ရှိသည့် အသန့်စင်ဆုံးအ အမတချီစွမ်းအားနှင့် ချိတ်ဆက်နိုင်ကာ ထိုချီစွမ်းအားကို ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူကျ့င်ကြံနိုင်ပြီး အနှိုင်းမဲ့ အကျိုးကျေးဇူးများ ရရှိမည် ဖြစ်သည်။

ခရမ်းရောင်ချီရွှေဆေးလုံး။

ထိုဆေးလုံးကို စားသုံးမည်ဆိုလျှင်တော့ ခရမ်းရောင်ကြွက်သားများနှင့် ရွှေအရိုးများကို ရရှိမည်ဖြစ်ပြီး ဓားပြီး တုတ်ပြီး ကြံ့ခိုင်သော ခန္ဓာကိုယ်အား ရရှိမည် ဖြစ်၏။ ရုပ်ခန္ဓာကျင့်ကြံသည့် သိုင်းသမားများအတွက် အလွန်အကျိုးရှိပေမည်။

ကြာပန်းကိုးလွှာနတ်ဆေးလုံး။

ထိုဆေးကိုစားသုံးမည်ဆိုလျှင် လူတစ်ယောက်၏ခန္ဓာကိုယ်တွင် အပေါက် (၉)ပေါက်ပွင့်လာမည်ဖြစ်သည်။ ထိုအပေါက် (၉)ပေါက်မှ နတ်ဘုရားစွမ်းအား (၉)ခုပါဝင်သော ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာပြီး အလွန်တရာ ဉာဏ်ရည်ထက်မြက်လာစေမည် ဖြစ်သည်။ ကောင်းကင်ဘုံနှင့် ချိတ်ဆက်နိုင်သည့် အာရုံခံစားမှုကိုရရှိမည်ဖြစ်ပြီး ဝိညာည်စွမ်းအားများတိုးတက်လာပေမည်။

ရရှိလာသည့် အကျိုးသက်ရောက်မှုများက စားသုံးသူအပေါ်တွင် မူတည်သော်လည်း အလွန်ပင် နတ်ဘုရားဆန်လွန်းလှသည်။

ထိုဆေးလုံးများအပြင်...

ထိပ်တန်းကြယ်ပျံဆေးလုံး ၊ နတ်ကောင်းကင်ဆေးလုံး ၊ ချင်းဟွာအသက်ရှည်ဆေးလုံး ၊ ချန်ယွမ်ဆေးမဟာ ၊ လေမိုးကြိုးဆေးလုံး ၊ ကောင်းကင်ကိုးထပ်နတ်ဆေးရည် ၊ နတ်ဘုရားသံစဉ်ဆေးလုံး ၊ ယင်စွမ်းအားကိုးမျိုးဆေးလုံး စသော ဆေးလုံးများစွာလည်း ရှိနေသေးသည်။

သေမျိုးလူသားလောကတွင်ရော ကောင်းကင်ဘုံတွင်ပါ တွေ့ရခဲသော နတ်ဆေးလုံးများအားလုံး ဤနေရာတွင် အကုန်ရှိလေသည်။

ရန်ကျောက်ကဲကတော့ လက်ဗလာဖြင့် ပြန်သွားမည်မဟုတ်ဘဲ ယူနိုင်သမျှ ယူသွားမည်သာပင်။

“ဒါပေမဲ့ ဒါက ငါမျှော်လင့်ထားတာထက် တစ်ဝက်လောက်ပဲရှိသေးတယ်”

ရန်ကျောက်ကဲ မျက်လုံးတစ်ချက်စွေရင်း စဉ်းစားလိုက်သည်။

ပျောက်ဆုံးနေသော ဆေးလုံးများမှာ အချိန်ကာလကြာမြင့်သွားသဖြင့် ပျက်ဆီးသွားခြင်း မဖြစ်နိုင်ပေ။ ကြည့်ရသည်မှာ တစ်စုံတစ်ယောက်က သူ့ထက်ခြေတစ်လှမ်းစောပြီး ယူဆောင်သွားခြင်း ဖြစ်ပုံရသည်။

“ဒါဖြင့် ရန်သူက ဆေးသိုလှောင်ရုံထဲမှာ မရှိဘူးဆိုရင် ဆေးပစ္စည်းသိုလှောင်ရုံထဲရော်ကနေတယ်လို့ဆိုလိုတာလား”

ရန်ကျောက်ကဲ တွေးလိုက်သည်။

“ဒါမှမဟုတ် ဗဟိုဆေးလုံးခန်းမလား ၊ မဟုတ်ရင်လည်း ပင်မခန်းဆောင်ကို ပြန်ရောက်သွားတာလား”

တွေးနေရင်းဖြင့်ပင် ရန်ကျောက်ကဲက ဆေးလုံးများကို သိမ်းဆည်းလိုက်သည်။

သို့သော် သူ့မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

ထိန်းချုပ်ရေးဗဟိုတွင်ရှိနေသော သူ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှတစ်ဆင့် ဆေးသိုလှောင်ရုံသို့ တစ်စုံတစ်ယောက် ချဉ်းကပ်လာကြောင်း သိရှိလိုက်ရသည်မဟုတ်ပါလား။

All Chapters