လှည့်ကွက်အသီးသီးနှင့်
Vol. 96 Ch. 1333
အင်မော်တယ်ကမ္ဘာတွင် နတ်ဆိုးနဂါးလိုဏ်ဂူက ရတနာသိုက်တစ်ခုအဖြစ် ကျော်ကြားသည်။ ၎င်းက အန္တရာယ်မျိုးစုံပြည့်နှက်နေသောရတနာတစ်ခုအဖြစ်လည်း လူသိများသည်။ သို့သော် ထိုနေရာသို့ သွားကာ ကံစမ်းရန် ကြိုးစားခဲ့သော စွမ်းအားရှင်မရေမတွက်များစွာရှိ၏။ ကိန်းဂဏန်းအချက်အလက်များအရ အင်မော်တယ်ကမ္ဘာတစ်ခုလုံးတွင် နတ်ဆိုးနဂါးလိုဏ်ဂူခုနှစ်ဆယ့်နှစ်ခုရှိပြီး ကံကောင်းသူအချို့ဆိုလျှင် အဆင့်ကိုးအင်မော်တယ်အသုံးအဆောင်ပစ္စည်းထက် ပိုမြင့်သော ရှေးဉီးမူလဖရိုဖရဲရတနာများကိုပင် ရရှိခဲ့ကြ၏။
လျှပ်တစ်ပြက်အတွင်း ရွှေရနံ့မျှော်စင်တစ်ခုလုံးရှိ ဧည့်သည်အားလုံးက ပင်လယ်လမ်းဘုရင်ကို စိုက်ကြည့်လိုက်ကြတော့သည်။
တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်က ရင်ခွင်ထဲရှိ အလှလေးကို တွန်းထုတ်လိုက်သည်။ သူ့မျက်လုံးများက တောက်ပလျက် အတွေးမျိုးစုံက စိတ်ထဲ၌ လည်ပတ်လာသည်။ သူက ထွက်ခွာသွားသောပင်လယ်လမ်းဘုရင်နှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့၏နောက်ကျောကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် အင်မော်တယ်သလင်းကျောက်တစ်ရာကို ယူထုတ်ကာ ပတ်ဝန်းကျင်ကို ပစ်ပေးပြီးနောက် ပျံသန်းကာ ထွက်လာခဲ့၏။
ရွှေရနံ့မျှော်စင်မှ ထွက်လာသည်နှင့် သူက စာပို့တိုကင်ကို လျင်မြန်စွာ ထိလိုက်၏။
သို့သော် သူ့ထံမှ မီတာတစ်ထောင်အကွာတွင် အထွတ်အထိပ်အုပ်ချုပ်သူက ဆိုင်နံရံကို မှီလျက် ပင်လယ်လမ်းဘုရင်တို့ ထွက်ခွာသွားသည်ကို ကြည့်နေလေ၏။ သူတို့ကို ခြေရာခံလိုက်ရန်အတွက် တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်က အထဲမှ ထွက်လာပြီး စာပို့လိုက်သည်ကိုလည်း သူက မြင်၏။
နေဝင်မြို့၏အရှေ့ဘက်ဆင်ခြေဖုံး၊ လပြည့်ကြယ်မြစ်တွင်။
မြစ်ကမ်းပါးပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် ထန်ရှုက အထွတ်အထိပ်အုပ်ချုပ်သူထံမှ စာကို ရရှိလိုက်သည်။ ထို့နောက် သူက နှာခေါင်းရှုံ့လိုက်၏ “ဟမ့်၊ အစကတော့ ဒီတာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်ကို သတ်ဖို့ စီစဉ်ခဲ့တာ။ သူက အဖော်တွေကို ဆင့်ခေါ်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ သူက လူတွေထပ်ခေါ်ဖို့ မျှော်လင့်တယ်၊ ဒါမှ ငါ့တပည့်တွေကို ကယ်တဲ့အခါ ပိုလွယ်ကူမှာ”
“တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်က အရမ်းအားနည်းတယ်။ သူက ငါ့ထက် အများကြီးပိုအားနည်းတယ်”ကြယ်မျက်ရည်က ပြောလိုက်သည် “သူ့ကို ရိတ်သိမ်းရတာက အရမ်းလွယ်တယ်၊ ရန်သူတွေထပ်ပေါ်လာတာက အများကြီးပိုကောင်းတယ်”
အရှေ့ရှိ လပြည့်ကြယ်မြစ်ကို လက်ညှိုးထိုးရင်း ထန်ရှုက ပြုံးလိုက်၏ “ကောင်းပြီလေ၊ သူနဲ့အတူလာတဲ့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေရဲ့အရေအတွက်က သုံးယောက်ထက် ပိုမယ်ဆိုရင် ငါ့ရဲ့ချုပ်နှောင်မှုကိုးခုအစီအရင်က သူတို့ကို ပြဿနာအချို့ပဲ ဖြစ်စေနိုင်မှာ၊ သူတို့ကို အထဲမှာ ပိတ်မိစေနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့ရဲ့အရေအတွက်က သုံးယောက်လောက်ပဲဆိုရင်တော့ ဟဲဟဲဟဲ…”
အချိန်က တရွေ့ရွေ့ ကုန်ဆုံးလာပြီး ပင်လယ်လမ်းဘုရင်နှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့က မြင်ကွင်းထဲသို့ ထွက်ပေါ်လာသောအခါ ထန်ရှုနှင့်ကြယ်မျက်ရည်တို့က ကြိုတင်ခင်းကျင်းထားသည့် ဖုံးကွယ်အစီအရင်ထဲသို့ ပြေးဝင်းသွား၏။
“သူ့ကို လပြည့်ကြယ်မြစ်ထဲကို ခေါ်လာပါ”ထန်ရှုက ပင်လယ်လမ်းဘုရင်ထံ စာပို့လိုက်၏။
ပင်လယ်လမ်းဘုရင်က ပြန်မဖြေဘဲ စေဘယ်မိစ္ဆာကင်းမြီးကောက်နှင့်အတူ မီတာတစ်ရာကျယ်သောလပြည့်ကြယ်မြစ်၏မျက်နှာပြင်ပေါ်သို့ ပျံသန်းသွား၏။ သူတို့၏ခြေလှမ်းက မြစ်မျက်နှာပြင်၏လှိုင်းဂယက်များပေါ်သို့ ရောက်သောအခါမှသာ သူတို့က ရပ်တန့်လိုက်၏။
“ဓားပြအချို့က ချောင်းမြောင်းလိုက်လာနေတာလား၊ ဟမ့်” ပင်လယ်လမ်းဘုရင်က ဒေါသထွက်သလို လုပ်လျက် အော်ပြောလိုက်သည်။
ငါ့ကို ရှာတွေ့သွားပြီလား။
တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်က အံ့အားသင့်သွားသည်။ သို့သော် ခဏလောက် စဉ်းစားပြီးနောက် သူက စာထပ်ပို့ကာ မိနစ်အနည်းငယ်စောင့်၏။ ထို့နောက် သူ့ပုံရိပ်က ပင်လယ်လမ်းဘုရင်နှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့၏မြင်ကွင်းထဲသို့ ထွက်ပေါ်လာ၏။ ထို့နောက် တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်က သူတို့၏မျက်နှာပေါ်ရှိ သတိထားသောအကြည့်ကို မြင်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည် “ဟားဟားဟား၊ ငါက ဖြတ်သန်းသွားရုံပါပဲ၊ ဒါပေမယ့် ဒီနေရာမှာ အင်မော်တယ်မိတ်ဆွေနှစ်ယောက်နဲ့ တွေ့လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ မိတ်ဆွေတို့နဲ့ငါတို့ကို ဒီနေရာမှာ တွေ့ဆုံစေတာက ကံကြမ္မာပါပဲ”
ပင်လယ်လမ်းဘုရင်က မျက်မှောင်ကြုတ်လျက် စိတ်မဝင်စားစွာ ပြောလိုက်၏ “မင်းက နောက်ယောင်ခံလိုက်လာမှတော့ ငါတို့ရဲ့တွေ့ဆုံမှုက တိုင်ဆိုင်မှုရှိတယ်လို့ ငါတော့ မထင်ဘူး။ ငါတို့တွေ နေဝင်မြို့ကနေ ထွက်လာကတည်းက ငါတို့နောက်ကို တစ်ယောက်ယောက်က လိုက်လာတယ်လို့ ရေးတေးတေး အာရုံခံမိတယ်။ အဲတစ်ယောက်က မင်းပဲဖြစ်ရမယ်။ ဟုတ်လား”
တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်က အချိန်ဆွဲချင်သောကြောင့် ချက်ချင်း ပြုံးပြလျက် လက်ကို ဝှေ့ယမ်းလိုက်၏ “အာ၊ မင်းက နားလည်မှုလွဲနေတာပဲ၊ ရောင်းရင်းအင်မော်တယ်။ ငါက ဒီနေရာကို ဖြတ်သွားရုံပါပဲ။ ဒါပေမယ့် မင်းတို့က ရန်သူတစ်ယောက်ကို ရင်ဆိုင်နေရသလို ဒီလောက် သတိကြီးနေပုံထောက်ရင်။ မင်းတို့က တစ်ခုခုအမှားလုပ်ခဲ့ပြီး မင်းတို့ကို လူတွေအများကြီးက လိုက်ဖမ်းနေတာများလား”
“မင်းကိစ္စပဲ မင်းလုပ်၊ ငါတို့ဘာပဲလုပ်လုပ်၊ မင်းအပူမပါဘူး”ပင်လယ်လမ်းဘုရင်က စိတ်မဝင်စားစွာ ပြောလိုက်သည် “ဒါပေမယ့် မင်းက ဖြတ်သွားရုံပဲ ဆိုမှတော့ အမြန်ဆုံးလစ်လိုက်တော့။ မဟုတ်ရင် အခုပဲ မင်းကို ဒီနေရာမှာ သတ်လိုက်လို့ ငါ့ကို အပြစ်မတင်နဲ့”
တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်၏မျက်နှာပေါ်ရှိအပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သူက ပင်လယ်လမ်းဘုရင်ကို နက်ရှိုင်းစွာ တစ်ချက်ကြည့်ပြီးနောက် ခေါင်းခါယမ်းလိုက်၏ “ယဉ်ကျေးတယ်ဆိုတာ မင်းရဲ့အဘိဓာန်မှာ တစ်ခါမှ မရှိပုံပဲ။ ငါက မင်းကို အပြုံးနဲ့ နှုတ်ဆက်တယ်၊ ဒါပေမယ့် မင်းက တိုက်ရိုက်ခြိမ်းခြောက်တယ်။ ဒါက ငါ့ကို မပျော်မရွှင်ဖြစ်စေတယ်။ မင်းဆီက တောင်းပန်တာကို ငါ လိုချင်တယ်”
“ဟမ့်၊ ငါက ဘယ်သူ့ကိုမှ ဘယ်တော့မှ မတောင်းပန်ဘူး”ပင်လယ်လမ်းဘုရင်က နှာခေါင်းရှုံ့လိုက်သည် “မင်းက ဉာဏ်ရှိတယ်ဆိုရင် ထွက်သွားလိုက်တော့။ မဟုတ်ရင် ဒီနေ့က မင်းရဲ့သေနေ့ဖြစ်သွားလိမ့်မယ်…”
တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်က သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောလိုက်၏ “မင်းလို မောက်မာတဲ့လူတွေ အမြောက်အများ ငါ တွေ့ဖူးပါတယ်၊ ဒါပေမယ့် မင်းထက် ဘယ်သူမှ မမောက်မာကြဘူး။ မင်းက တောင်းပန်ဖို့ ငြင်းပယ်ခဲ့တယ်၊ ဒါကြောင့် ရက်စက်တဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့။ ဒါပေမယ့် မင်းက လူစိမ်းတစ်ယောက်ဆိုတော့ မင်းကိုယ်မင်း မိတ်ဆက်ဖို့ ငါ အခွင့်အရေးတစ်ခုပေးမယ်။ ငါ့ကို ပြောပါ၊ မင်းက ဘယ်နေရာက လာတာလဲ။ မင်းက တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်ရဲ့အရှေ့မှာတောင် မောက်မာရဲတာလား”
ထိုသို့ပြောပြီးနောက် သူက ခန္ဓာကိုယ်ထဲတွင် သိုလှောင်ထားသောအင်မော်တယ်ဓားတစ်လက်ကို ထုတ်ကာ အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။
ပင်လယ်လမ်းဘုရင်၏အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ထို့နောက် အချိန်ဆွဲရန် ထန်ရှုက ပေးပို့ခဲ့သောစာကို သတိရကာ သူက နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “အခြားသူတွေအကြောင်းကို မမေးခင် မင်းကိုယ်မင်း အရင်မမိတ်ဆက်သင့်ဘူးလား”
တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်က စိတ်အေးသွားသည်။ ပင်လယ်လမ်းဘုရင်က သူ့ကို တန်းတိုက်ခိုက်မည်ကို သူလည်း စိုးရိမ်သည်။ တကယ်တော့ ဤကောင်က သူ့ထက် အားမနည်းသည်ကို သူက အာရုံခံနိုင်သည်။ သူ့ထက် ပိုအားကောင်းရန်ပင် ဖြစ်နိုင်သည်။ ထို့ကြောင့် သူ့အဖော်ရောက်လာသည်အထိ စောင့်ရမည်။ ခဏစဉ်းစားပြီးနောက် သူက ပြောလိုက်၏ “ခဏက ငါ့နာမည်ကို မင်းကို ပြောခဲ့ပြီးပြီလေ၊ ဒါပေမယ့် မင်းရဲ့ကျဉ်းမြောင်းတဲ့ဗဟုသုတက မင်းကို မောက်မာစေခဲ့တာပဲ။ ဒါပေမယ့် မင်းကို ထပ်ပြောရလို့လဲ ပြဿနာမရှိပါဘူး။ ငါက တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်၊ ငါ့ဆရာက အသင်္ချေမိုးကြိုးအန္တိမအရှင်ပဲ။ ငါ့ဆရာရဲ့နာမည်ကို မကြားဖူးလို့တော့ ငါ့ကို မပြောနဲ့နော်”
ပင်လယ်လမ်းဘုရင်က ရည်ရွယ်ချက်ရှိရှိ ထိတ်လန့်သွားပုံလုပ်လျက် လက်သီးကို လျင်မြန်စွာ ဆုပ်လိုက်သည် “ကောင်းပါပြီ၊ ကောင်းပါြပီ၊ မင်းက အသင်္ချေမိုးကြိုးအန္တိမအရှင်ရဲ့တပည့်တစ်ယောက်ဖြစ်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ကောင်းကင်ဘုံတောင်အင်မော်တယ်ပိုင်နက်မှာ ဘယ်သူက အသင်္ချေမိုးကြိုးအန္တိမအရှင်ကို မသိလို့လဲ။ ငါက အနည်းငယ်ရန်လိုသွားတယ်ဆိုတာ ဝန်ခံပါတယ်၊ မင်းက ငါ့ကို ခွင့်လွှတ်ဖို့ ငါ မျှော်လင့်တယ်။ ငါက ကောင်းကင်အပေါက်အင်မော်တယ်ဘုရင်ပါ။ နတ်ဆိုးနဂါးလိုဏ်ဂူကို စွန့်စားခရီးထွက်ပြီးနောက် မကြာသေးခင်ကမှ ကောင်းကင်ဘုံတောင်အင်မော်တယ်ပိုင်နက်ကို ရောက်လာတာပါ”
တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်က စိတ်လျှော့လိုက်လျက် အပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် လိမ့်တက်လာသည် “မင်းက ငါ့ကို မသိမှတော့ မင်းကို အပြစ်မတင်ပါဘူး။ ဒါပေမယ့် နတ်ဆိုးနဂါးလိုဏ်ဂူထဲကို စွန့်စားသွားရဲတယ်ဆိုတာကတော့ မင်းက အရမ်းစွမ်းဆောင်နိုင်တယ်ဆိုတာကို ပြတာပဲ၊ ကောင်းကင်အပေါက်အင်မော်တယ်ဘုရင်။ မင်းက အများကြီးရခဲ့မယ်လို့ ငါ ယူဆတယ်၊ ဟုတ်လား”
“ဒီလိုပါပဲ၊ ဖော်ပြဖို့ မထိုက်တန်လှပါဘူး”ပင်လယ်လမ်းဘုရင်က ပြုံးလျက် ပြန်ဖြေ၏။
ရုတ်တရက် တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်က ပင်လယ်လမ်းဘုရင်နှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့ဆီ ပျံသန်းသွား၏။ သူတို့ထံမှ ဆယ်မီတာအကွာသို့ ဆင်းသက်ပြီးနောက် သူက ပြုံးကာ ပြောလိုက်သည် “ကောင်းပြီလေ၊ ကောင်းကင်အပေါက်အင်မော်တယ်ဘုရင်က ဒီနေရာရဲ့ထုံးစံကို မသိဘူးဆိုတာ သေချာတယ်။ ဒီနေရာမှာ အကျိုးအမြတ်တွေကို ရရှိခဲ့တဲ့သူတွေက အဲဒါကို သိတဲ့လူတွေကို မျှဝေရတယ်”
“မင်းက…”ပင်လယ်လမ်းဘုရင်၏အမူအရာက ပြောင်းလဲသွားကာ ချက်ချင်းသတိထားလိုက်သည်။
ဝှစ်…
ပုံရိပ်တစ်ခုက အဝေးမှ ပြေးလာပြီး အသက်ရှုချိန်အနည်းငယ်အတွင်း တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်၏ဘေးနားတွင် ထွက်ပေါ်လာ၏။ လက်ထဲတွင် လှံရှည်၊ ခြေသလုံးတွင် သံချပ်ကာနှင့် ကြက်သွေးရောင်ဝတ်ရုံကို ဝတ်ဆင်ထားလျက် ဆန်းကျယ်သောအရှိန်အဝါကို ထိုလူထံမှ ထုတ်လွှတ်နေလေ၏။
“ငရဲမြစ်အုပ်ချုပ်သူလား”ပင်လယ်လမ်းဘုရင်၏အမူအရာက ပြောင်းလဲသွားလျက် ရေရွတ်လိုက်သည်။
ငရဲမြစ်အုပ်ချုပ်သူက မျက်ခုံးပင့်လျက် အနည်းငယ်အံ့အားသင့်စွာဖြင့် ပြောလိုက်၏ “မင်းနဲ့ ဒီနေရာမှာ လာဆုံတွေ့လိမ့်မယ်လို့ ငါ ဘယ်တော့မှ မထင်ထားခဲ့ဘူး၊ ပင်လယ်လမ်းဘုရင်။ နှစ်ထောင်ချီရှိပြီ။ ကောင်းကင်ဘုံတောင်အင်မော်တယ်ပိုင်နက်မှာ ဒီနေရာမှာ မင်းနဲ့ တွေ့ရလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ဒါက ကံကြမ္မာရဲ့အလုပ်ဆိုတာ တကယ်ကိုပဲ…”
တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်က ခဏမှင်တက်သွားလျက် ခေါင်းရှုပ်သွားသည်။ “စီနီယာအကိုငရဲမြစ်၊ စောစောက သူ့ကို ဘယ်လိုခေါ်လိုက်လဲ။ ပင်လယ်လမ်းဘုရင်လား။ သူက ကောင်းကင်အပေါက်အင်မော်တယ်ဘုရင်လို့ ပြောခဲ့တယ်ရော်…”
“ကောင်းကင်အပေါက်အင်မော်တယ်ဘုရင်လား၊ ဟမ်”ငရဲမြစ်အုပ်ချုပ်သူက ထူးဆန်းသောအမူအရာဖြင့် ချက်ချင်းရယ်မောလိုက်သည် “ဂျူနီယာညီလေးအစိမ်းရောင်မိုးကောင်းကင်၊ သူက မင်းကို ကစားခဲ့တာပဲ။ ဂုဏ်သိက္ခာရှိတဲ့ပင်လယ်လမ်းဘုရင်က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ပဲ၊ သူက အဲဒီကောင်းကင်အပေါက်အင်မော်တယ်ဘုရင်ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ပင်လယ်လမ်းဘုရင်က တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်နှင့်ငရဲမြစ်အုပ်ချုပ်သူတို့ကို တစ်ချက်စောင်းငဲ့ကြည့်ပြီးနောက် ပြောလိုက်၏ “ဟုတ်ပြီ၊ ဟုတ်ပြီ၊ ငါတို့က ရွှေရနံ့မျှော်စင်က ထွက်လာပြီးနောက် မင်းက အနောက်ကနေ လိုက်လာခဲ့တာပဲ။ ငရဲမြစ်အုပ်ချုပ်သူရောက်လာမှာကို စောင့်နေတဲ့အတွက် မင်းက ငါနဲ့ ရည်ရွယ်ချက်ရှိရှိ စကားစမြည်ပြောခဲ့တာပဲ၊ မင်းတို့နှစ်ယောက်က ပူးပေါင်းပြီး ငါ့ရဲ့ရတနာတွေကို လုယက်ဖို့ မဟုတ်လား”
တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်က ပြုံးဖြဲဖြဲလုပ်လျက် ပြောလိုက်၏ “အခုမှ သိတာက နောက်ကျလွန်းသွားပြီ။ စီနီယာအကိုငရဲမြစ်၊ ဒီကောင့်မှာ နတ်ဆိုးနဂါးလိုဏ်ဂူကနေ ရလာတဲ့ရတနာတွေရှိတယ်။ ငါတို့ညီအကိုတွေက သူနဲ့ လာတွေ့မှတော့ ဒီဘုရားပေးအခွင့်အလမ်းကို လွဲချော်သွားလို့မရဘူး…”
“ဒါက တကယ်ကို တစ်သက်မှတစ်ခါပဲရမယ့်အခွင့်အလမ်းတစ်ခုပဲ”ငရဲမြစ်အုပ်ချုပ်သူက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်က ပြုံးလိုက်၏ “ဒါဆို သူ့ကို သတ်ပြီး လုလိုက်ကြတာပေါ့”
“ဟားဟားဟား…”ပင်လယ်လမ်းဘုရင်က အားပါးတရရယ်လိုက်၏ “တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်၊ ငါ ပြောခဲ့တဲ့နာမည်ကို မင်း မေ့သွားပြီလား၊ ငါက ကောင်းကင်အပေါက်အင်မော်တယ်ဘုရင်၊ ကောင်းကင်ထဲကအပေါက်က မင်းတို့လိုအရူးတွေအတွက် သင်္ချိုင်းတစ်ခုဖြစ်လာလိမ့်မယ်”
ဝှစ်…
အမှောင်ထဲတွင် မမြင်နိုင်သောစွမ်းအင်က လိမ့်တက်လာသည်။
နောက်အခိုက်တန့်တွင် ထန်ရှုနှင့်ကြယ်မျက်ရည်တို့က ထွက်ပေါ်လာသည်။ ပင်လယ်လမ်းဘုရင်နှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့၏ဘေးသို့ လာပြီးနောက် ထန်ရှုက ပြုံးဖြဲကာ ပြောလိုက်၏ “ငါက အတော်လေးစိတ်ပျက်တယ်။ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အနည်းငယ်ကို မျှားခေါ်နိုင်မယ်လို့ ထင်ခဲ့တာ၊ ငရဲမြစ်တစ်ယောက်ပဲ ဒီနေရာကို လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး”
တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်၏အမူအရာက ပြောင်းလဲသွားသည်။ တစ်စုံတစ်ယောက်က ဖုံးကွယ်အစီအရင်ထဲတွင် ပုန်းနေလိမ့်မည်ဟု သူက မမျှော်လင့်ထားပေ။ ထိုလူငယ်က ကျင့်ကြံခြင်းအဆင့်နိမ့်ပုံပေါ်သော်လည်း သူ့ဘေးနားရှိအမျိုးသမီးက ပြောင်မြောက်သောအရှိန်အဝါတစ်ခုကို ထုတ်လွှတ်ထားပြီး အနည်းဆုံးပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ရှိရမည်။
ဒါက…တကယ်ပဲ ထောင်ချောက်တစ်ခုလား။
တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်နှင့်ငရဲမြစ်အုပ်ချုပ်သူတို့က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ရှေ့လူက နက်ရှိုင်းသောအသံနှင့် ချက်ချင်း ပြောလိုက်၏ “ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်နှစ်ယောက်လောက်နဲ့။ မင်းတို့က ငါတို့ကို ထောင်ဖမ်းနိုင်မယ်လို့ ထင်တာလား”