← Chapters

ပုံမှန်ဆိုရင်

Vol. 1 Ch. 10

ပုံမှန်ဆိုရင်

Vol. 1 Ch. 10

“ဒေါက်... ဒေါက်...”

ကလိုင်းဟာ တံခါးခေါက်သံကို ကြားလိုက်ရချိန်မှာ သူ့ခန္ဓာကိုယ် ပိုင်ရှင်ဟောင်းရဲ့ လျှို့ဝှက်ဆန်းကြယ် သတ်သေမှုနဲ့ သူကြုံတွေ့ရနိုင်တဲ့ အမျိုးအမည်မသိ အန္တရာယ်အကြောင်းကို တွေးနေတာပါ။

အဲဒါကြောင့် ကလိုင်းဟာ တံခါးခေါက်သံကို ကြားလိုက်ရချိန်မှာ အံဆွဲကို ဆွဲဖွင့်မိသွားပြီး ခြောက်လုံးပြူးကို ထုတ်ယူကာ သတိကြီးကြီးနဲ့ လှမ်းမေးလိုက်ပါတယ်။

“ဘယ်သူလဲ”

တစ်ဖက်လူက နှစ်စက္ကန့်လောက် တိတ်ဆိတ်သွားပြီး အနည်းငယ် စူးရှတဲ့အသံ အာဝါလေယူလေသိမ်းနဲ့ ပြန်ဖြေပါတယ် “ငါပါ... မောင့်ဘက်တန်... ဘစ်မောင့်ဘက်တန်”

အသံဟာ တဒင်္ဂရပ်သွားပြီးမှ ဆက်ပြောပါတယ် “ရဲ...”

‘ဘစ်မောင့်ဘက်တန်...’ ကလိုင်း ဒီနာမည်ကို ကြားလိုက်ရတယ် ဆိုရင်ပဲ နာမည်ပိုင်ရှင်ကို ချက်ချင်း တွေးမိလိုက်ပါတယ်။

ဘစ်မောင့်ဘက်တန်ဟာ ဒီတိုက်ခန်းတည်ရှိရာ လမ်းကို တာဝန်ယူရတဲ့ရဲပါ။ သူက ရိုင်းစိုင်း ကြမ်းတမ်းပြီး လက်ပါတတ်ပါတယ်။ ဒါပေမဲ့ ဒီလိုလူကပဲ အရက်သမားတွေ သူခိုးတွေ အလစ်သမားတွေ လူဆိုးတွေနဲ့ တေလေဂျပိုးတွေကို ခြိမ်းခြောက်နိုင်လောက်ပါတယ်။

ဒီစူးရှတဲ့ အသံကလည်း သူမှန်း တန်းသိစေတဲ့ အမှတ်အသားတစ်ခုပါ။

“အင်း... ကျွန်တော် လာပြီ” ကလိုင်းဟာ ကျယ်လောင်စွာ ပြန်ဖြေလိုက်ပါတယ်။

ကလိုင်းဟာ ခြောက်လုံးပြူးကို အံဆွဲထဲ ပြန်ထည့်ဖို့ ပြင်လိုက်ပေမဲ့ အပြင်ဘက်မှာရှိတဲ့ ရဲတွေက အခန်းထဲ လိုက်ရှာမလား တခြားဘာလုပ်မလဲ မသိနိုင်တဲ့အတွက် မီးငြိမ်းနေတဲ့ မီးဖိုဆီသွားပြီး ခြောက်လုံးပြူးကို ထည့်လိုက်ပါတယ်။

ပြီးတဲ့အခါမှာတော့ မီးသွေးခြင်းကို ကောက်ယူပြီး မီးသွေးတစ်ခဲနှစ်ခဲ မီးဖိုထဲ ထည့်ကာ ခြောက်လုံးပြူးကို ဖုံးလိုက်ပါတယ်။ နောက်ဆုံးမှာတော့ ရေနွေးအိုးကို မီးဖိုပေါ်တင်ပြီး အကုန်လုံးကို ဖုံးကွယ်လိုက်ပါတယ်။

ဒါတွေ အကုန်လုံး လုပ်ပြီးတဲ့အခါ ကလိုင်းဟာ အဝတ်အစားကို သပ်ရပ်အောင် ပြုပြင်ပြီး တံခါးဆီ ခပ်သုတ်သုတ် လျှောက်သွားကာ တံခါးပွင့်ပေးလိုက်ပါတယ်။

“တောင်းပန်ပါတယ်... ကျွန်တော် တစ်ရေးအိပ်နေလို့”

တံခါးအပြင်ဘက်မှာ အဖြူအနက် လေးထောင့်ကွက်ကျားပါတဲ့ ယူနီဖောင်းနဲ့ ရဲဦးထုပ် ဆောင်းထားတဲ့ ရဲလေးယောက် ရှိနေပါတယ်။ အညိုရောင် မုတ်ဆိတ်မွေးနဲ့ ဘစ်မောင့်ဘက်တန်က ချောင်းတစ်ချက်ဟန့်ပြီး ကလိုင်းကို ပြောလိုက်ပါတယ် “ဒီစစ်ဆေးရေးမှူး သုံးယောက်က မင်းကို မေးစရာရှိလို့တဲ့”

‘စမ်ဆေးရေးမှူး...’ ကလိုင်းဟာ ရဲသုံးယောက်ရဲ့ လက်မောင်းကို ကြည့်လိုက်တဲ့အခါ နှစ်ယောက်က ခြောက်ထောင့်ကြယ် သုံးပွင့်ရှိပြီး တစ်ယောက်က နှစ်ပွင့်ရှိတာကို တွေ့လိုက်ရပါတယ်။ သုံးယောက်စလုံးက သုံးရစ်ပဲရှိတဲ့ ဘစ်မောင့်ဘက်တန်ထက် ရာထူးပိုကြီးပုံပါပဲ။

သမိုင်းကျောင်းသား ဖြစ်တဲ့အတွက် ကလိုင်းဟာ ရဲယူနီဖောင်းနဲ့ ပတ်သတ်ပြီး သုတေသန မလုပ်ထားပါဘူး။ ဘစ်မောင့်ဘက်တန်ကတော့ သူက တပ်ကြပ်ကြီးလို့ မကြာမကြာ ကြွားလုံးထုတ်လေ့ ရှိပါတယ်။

‘ဒီသုံးယောက်က စစ်ဆေးရေးမှူးတွေလား...’ ဘန်ဆင် ဝဲလန် အတန်းဖော်တွေနဲ့ စကားပြောခဲ့ဖူးတဲ့ လွှမ်းမိုးမှုကြောင့် ကလိုင်းဟာ လမ်း‌ဖယ်ပေးပြီး အခန်းထဲ ဖိတ်ခေါ်ရမယ်ဆိုတာ သိပါတယ်။

“အထဲဝင်ပါ... ကျွန်တော် ဘာများ ကူညီပေးရမလဲ”

စစ်ဆေးရေးမှူး သုံးယောက်ရဲ့ ခေါင်းဆောင်က စူးရှတဲ့မျက်လုံးရှိပြီး လူတွေရဲ့ စိတ်ကို ဖတ်နိုင်ပုံပေါ်တဲ့အတွက် လူတွေကို ကြောက်အောင် လုပ်နိုင်ပါတယ်။ သူ့မျက်လုံးနားက အရေပြားဟာ နည်းနည်း ရှုံ့တွနေပြီး ဦးထုပ်စွန်းကနေ အညိုရောင်ဖျော့ဖျော့ ဆံပင်တွေကို မြင်နိုင်ပါတယ်။

သူဟာ အခန်းပတ်လည်ကို ကြည့်ပြီး အသံနက်နဲ့ မေးလိုက်ပါတယ် “မင်း ဝဲလ်မက်ဂါဗန်ကို သိလား”

“သူ ဘာဖြစ်လို့လဲ” ကလိုင်းဟာ လန့်ပြီး လွှတ်ခနဲ ပြန်မေးမိလိုက်ပါတယ်။

“ငါ မင်းကို မေးနေတာ” မျက်နှာထားတည်တည်နဲ့ သက်လတ်ပိုင်း ရဲအရာရှိရဲ့ မျက်လုံးတွေဟာ တင်းမာခက်ထန်နေပါတယ်။

သူ့ဘေးနားက သုံးပွင့်ရှိတဲ့ ရဲအရာရှိဟာ ကလိုင်းကို ကြည့်ပြီး ညင်သာစွာ ပြုံးပြပါတယ်။

“မကြောက်ပါနဲ့... ဒါက ဒီအတိုင်း မေးနေကျ မေးခွန်းတွေပါ”

ဒီရဲအရာရှိက အသက်ဆုံးဆယ်လောက်ရှိပြီး နှာတံဖြောင့်ဖြောင့်နဲ့ မီးခိုးရောင် မျက်လုံးတွေ ရှိပါတယ်။ သူဟာ ရှေးဟောင်း တောအုပ်တစ်အုပ်ထဲက ဘယ်သူမှ မရောက်ဖူးတဲ့ ရေအိုင်တစ်အိုင်လို စကားလုံးနဲ့ ဖော်ပြလို့မရတဲ့ နက်နဲတဲ့ ခံစားချက်ကို ပေးနေပါတယ်။

ကလိုင်းဟာ အသက်တစ်ချက် ရှူလိုက်ပြီး စကားလုံးတွေကို စီစဉ်လိုက်ပါတယ်။

“ရဲအရာရှိပြောတဲ့ ဝဲလ်မက်ဂါဗန်က ခွိုင်းတက္ကသိုလ်ဘွဲ့ရ ကွန်စတန့်မြို့သားဆိုရင် ကျွန်တော် သိတယ်... ကျွန်တော်တို့နှစ်ယောက်က အကြီးတန်းတွဲဖက်ပါမောက္ခ ကွမ်တင်ကိုဟင် အတန်းက အတန်းဖော်တွေပဲ”

လိုအပ်နိုင်ငံမှာ ပါမောက္ခက ကျွမ်းကျင်မှုကို ဖော်ပြရုံတင် မဟုတ်ပါဘူး။ ရာထူးတစ်ခု ဆိုရင်လည်း မမှားပါဘူး။ ကမ္ဘာမြေက ပါမောက္ခနဲ့ ဌာနမှူးကို ပေါင်းထားသလိုမျိုးပေါ့။ ဆိုလိုချင်တာက တက္ကသိုလ်တစ်ခုရဲ့ ဌာနတစ်ခုမှာ ပါမောက္ခ တစ်ယောက်ပဲ ရှိနိုင်ပါတယ်။ တွဲဖက်ပါမောက္ခက ပါမောက္ခ ဖြစ်ချင်တယ်ဆိုရင် သူတို့ရဲ့လူကြီး ပင်စင်ယူတာကို စောင့်ရင်စောင့် မဟုတ်ရင် သူတို့ရဲ့ အစွမ်းအစနဲ့ သူတို့ရဲ့လူကြီးကို မောင်းထုတ်ရပါလိမ့်မယ်။

အရည်အချင်းရှိတဲ့လူတွေကို ထိန်းသိမ်းထားချင်တဲ့အတွက် လိုအင်နိုင်ငံရဲ့ အဆင့်မြင့်ပညာ‌ရေး ကော်မရှင်က နှစ်ပေါင်းများစွာ လေ့လာအကဲခတ် သုံးသပ်ပြီးတဲ့အခါ အကြီးတန်း တွဲဖက်ပါမောက္ခကို ကထိက၊ တွဲဖက်ပါမောက္ခနဲ့ ပါမောက္ခ သုံးဆင့်စနစ်မှာ ထည့်သွင်းခဲ့ပါတယ်။

ဒီနာမည်က ပညာရေးနယ်ပယ်မှာ အောင်မြင်မှု ရတဲ့လူတွေနဲ့ ဝါရင့်ပေမဲ့ ပါမောက္ခ ရာထူးကို မရတဲ့လူတိုင်းကို ပေးတာပါ။

ဒီအရောက်မှာ ကလိုင်းဟာ သက်လတ်ပိုင်း ရဲအရာရှိရဲ့ မျက်လုံးကို ကြည့်ပြီး တစ်စက္ကန့်လောက် တွေးလိုက်ပါတယ်။

“အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက တော်တော် ကောင်းတယ်... ဒီအတောအတွင်း ကျွန်တော်ရယ် သူရယ် နာယာရယ် မကြာခဏ တွေ့ဆုံပြီး သူရှာတွေ့ထားတဲ့ စတုတ္ထယုဂ်က မှတ်စုစာအုပ်တစ်အုပ်ကို ဘာသာပြန်နေကြတာ... စစ်ဆေးရေးမှူး... သူ တစ်ခုခု ဖြစ်လို့လား...”

သက်လတ်ပိုင်းအမျိုးသားဟာ ကလိုင်းရဲ့ မေးခွန်းကို ပြန်မဖြေဘဲ ဘေးနားက မီးခိုးရောင်မျက်လုံးနဲ့ အဖော်ကို ကြည့်လိုက်ပါတယ်။

သာမန်ရုပ်ရည်ပဲရှိတဲ့ အဲဒီစစ်ဆေးရေးမှူးက တိုးညင်းညင်သာတဲ့အသံနဲ့ ပြန်ဖြေပါတယ် “ဝမ်းနည်းပါတယ်... မစ္စတာဝဲလ် ဆုံးပါးသွားပြီ”

“ဘာ...”

ကလိုင်းဟာ ဝဲလ်တစ်ခုခု ဖြစ်လိမ့်မယ်လို့ ခန့်မှန်ထားခဲ့ပေမဲ့ တကယ်တမ်း ကြားလိုက်ရတဲ့အခါ အလန့်တကြား ထအော်မိလိုက်ပါတယ်။

‘ဝဲလ်က ဒီခန္ဓာကိုယ် ပိုင်ရှင်ဟောင်းလိုပဲ သေသွားတာလား...’

‘ဒါက နည်းနည်းတော့ ကြောက်ဖို့ကောင်းလာပြီ’

“နာယာကရော...” ကလိုင်းဟာ အလျင်စလို မေးလိုက်ပါတယ်။

“မစ္စနာယာလည်း ဆုံးသွားပြီ” မီးခိုးရောင်မျက်လုံးနဲ့ ရဲအရာရှိက တည်တည်ငြိမ်ငြိမ် ပြောပါတယ် “သူတို့နှစ်ယောက်စလုံး မစ္စတာဝဲလ်ရဲ့အိမ်မှာ သေသွားတာ”

“အသတ်ခံရတာလား” ကလိုင်းဟာ စိတ်ထဲမှာတော့ ခန့်မှန်းချက်တစ်ခု ထုတ်လိုက်ပါတယ် ‘သတ်သေတာများလား...’

မီးခိုးရောင်မျက်လုံးနဲ့ ရဲအရာရှိဟာ ခေါင်းခါလိုက်ပါတယ်။

“မဟုတ်ဘူး... အခင်းဖြစ်တဲ့နေရာကို ကြည့်ရတာတော့ သူတို့တွေ သတ်သေသွားကြတာ... မစ္စတာဝဲလ်က နံရံကို ခေါင်းနဲ့ အကြိမ်အများကြီး ဆောင့်ထားလို့ နံရံမှာ သွေးတွေချည်းပဲ... မစ္စနာယာကတော့ ရေဇလုံထဲမှာ သူ့ကိုယ်သူ နှစ်ထားတယ်... ဟုတ်တယ်... မျက်နှာသစ်ဖို့သုံးတဲ့ ရေဇလုံထဲမှာ...”

“မဖြစ်နိုင်ဘူး...”

ကလိုင်းဟာ မျက်စိထဲ မြင်ယောင်ကြည့်ပြီး တစ်ကိုယ်လုံးမှာရှိတဲ့ အမွေးအမျှင်တွေ ထောင်တက်သွားပါတယ်။

မိန်းကလေးတစ်ယောက် ကုလားထိုင်ရှေ့မှာ ဒူးထောက်ပြီး ရေတွေပြည့်နေတဲ့ ဇလုံထဲ မျက်နှာ နှစ်ထားတယ်။ သူမရဲ့ အညိုရောင်ဖျော့ဖျော့ ဆံနွယ်တွေက လေထဲမှာ ယိမ်းထိုးနေပေမဲ့ သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကတော့ လှုပ်ရှားမှု လုံးဝ မရှိဘူး။

ဝဲလ်က ကြမ်းပြင်ပေါ် လဲကျပြီး မျက်နှာကြက်ကို စူးစူးစိုက်စိုက် ကြည့်နေတယ်။ သူ့နဖူးက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သွေးတွေထွက်နေပါတယ်။ နံရံမှာလည်း သက်သေအနေနဲ့ ဝင်ဆောင့်ခံရတဲ့ လက္ခဏာတွေနဲ့ သွေးတွေ တစ်စက်စက်ကျနေပါတယ်။

မီးခိုးရောင်မျက်လုံးနဲ့ စစ်ဆေးရေးမှူးက ဆက်ပြောပါတယ် “ငါတို့လည်း အဲဒီလိုပဲ ယုံကြည်တယ်... ဒါပေမဲ့ အလောင်းကို ခွဲစိတ်စစ်ဆေးကြည့်တဲ့ ရလဒ်နဲ့ အခင်းဖြစ်တဲ့နေရာကို စစ်ဆေးကြည့်တဲ့ ရလဒ်အရ မှုးယစ်ဆေးဝါးနဲ့ ပြင်ပတွန်းအားကို ဖယ်ထားလို့ရတယ်... သူတို့နှစ်ယောက်... မစ္စတာဝဲလ်နဲ့ မစ္စနာယာက... ရုန်းကန်တဲ့ လက္ခဏာ လုံးဝ မရှိဘူး”

ကလိုင်း ဘာမှ မပြောနိုင်ခင်မှာပဲ မီးခိုးရောင်မျက်လုံးနဲ့ စစ်ဆေးရေးမှူးက အခန်းထဲ လျှောက်ကြည့်ပြီး သာမန်ကာလျှံက လေသံနဲ့ မေးလိုက်ပါတယ် “မစ္စတာဝဲလ်နဲ့ မစ္စနာယာကို မင်း ဘယ်တုန်းက နောက်ဆုံးတွေ့ခဲ့တာလဲ”

ပြောပြောဆိုဆို မီးခိုးရောင်မျက်လုံးနဲ့ စစ်ဆေးရေးမှူးဟာ ကြယ်နှစ်ပွင့်ရှိတဲ့ အဖော်ကို မျက်လုံးနဲ့ အချက်ပြလိုက်ပါတယ်။

ဒီကြယ်နှစ်ပွင့်ရှိတဲ့ ရဲအရာရှိက ငယ်ရွယ်ပြီး ကလိုင်းနဲ့ သက်တူရွယ်တူလောက်ပဲ ရှိပါတယ်။ နားကို ဆံပင်တွေဖုံးနေပြီး အစိမ်းရောင် မျက်ဆံနဲ့ ဒီရဲအရာရှိဟာ ကဗျာဆရာတစ်ယောက်ရဲ့ ရိုမန်တစ်ဆန်တဲ့ စိတ်နေသဘောထားမျိုး ရှိပါတယ်။

ကလိုင်းဟာ မီးခိုးရောင်မျက်လုံးနဲ့ ရဲအရာရှိရဲ့ မေးခွန်းကို ကြားလိုက်ရတဲ့အခါ သေချာ စဉ်းစားပြီး ဖြေလိုက်ပါတယ် “ဇွန်လ ၂၆ ရက် ဖြစ်မယ်... ကျွန်တော်တို့တွေ မှတ်စုစာအုပ်ရဲ့ အခန်းအသစ်ကို ဖတ်နေကြတာ... အဲဒီနောက်ပိုင်း ကျွန်တော် အိမ်ပြန်ပြီး ဇွန် ၃၀ ရက်နေ့ အင်တာဗျူးအတွက် ပြင်ဆင်တာပဲ... အင်း... အင်တာဗျူးက ထင်းဂန်တက္ကသိုလ် သမိုင်းဌာနအတွက်”

ထင်းဂန်မြို့က တက္ကသိုလ်မြို့လို့လည်း လူသိများပါတယ်။ ထင်းဂန်မြို့မှာ တက္ကသိုလ်နှစ်ခု ရှိပါတယ်။ ထင်းဂန်တက္ကသိုလ်နဲ့ ခွိုင်းတက္ကသိုလ်အပြင် နည်းပညာကျောင်းတွေ ဥပဒေကောလိပ်နဲ့ စီးပွားရေးကောလိပ်တွေလည်း ရှိတာကြောင့် မြို့တော်ဖြစ်တဲ့ ဘက်ကလင်ပြီးရင် နံပါတ်တစ်ပါပဲ။

ကလိုင်းရဲ့ စကားအဆုံးမှာပဲ ငယ်ရွယ်တဲ့ ရဲအရာရှိဟာ သူ့စားပွဲဆီ လျှောက်သွားပြီး ဒိုင်ယာရီလို့ ပြောလို့ရတဲ့ မှတ်စုစာအုပ်ကို ကောက်ယူလိုက်ပါတယ်။

‘သေစမ်း... ငါ အဲဒါကို ဖွက်ဖို့ မေ့သွားတယ်’

“ဟေး...”

ကလိုင်းက လှမ်းအော်တာကြောင့် ငယ်ရွယ်တဲ့ ရဲအရာရှိဟာ ကလိုင်းကို ပြုံးပြပါတယ်။ ဒါပေမဲ့ မှတ်စုစာအုပ်ကို လှန်နေတဲ့ လက်တွေကိုတော့ မရပ်ပါဘူး။

မီးခိုးရောင်မျက်လုံးနဲ့ စစ်ဆေးရေးမှူးက ရှင်းပြပါတယ် “ဒါက လုပ်ထုံးလုပ်နည်းအရ စစ်ဆေးတာပါ”

ဒီအချိန်မှာ ဘစ်မောင့်ဘက်တန်နဲ့ မျက်နှာထားတည်တည် သက်လတ်ပိုင်း ရဲအရာရှိဟာ ဘာမှဝင်မပြောဘဲ ရပ်ကြည့်နေကြပါတယ်။ သူတို့လည်း အလိုတူ အလိုပါပါပဲ။

‘မင်းတို့ရဲ့ ရှာဖွေဝရမ်းက ဘယ်မှာလဲ’

ကလိုင်းဟာ သူတို့ကို မေးခွန်းထုတ်ဖို့ စဉ်းစားလိုက်ပေမဲ့ လိုအင်နိုင်ငံရဲ့ တရားရေးစနစ်က ရှာဖွေဝရမ်းလိုမျိုး မရှိတာကို တွေးမိလိုက်ပါတယ်။ အနည်းဆုံးရှိခဲ့ရင်တောင် ကလိုင်းမသိပါဘူး။ နောက်ပြီး ရဲဌာနက တည်ထောင်ထားတာ ၁၅ နှစ် ၁၆ နှစ်ပဲ ရှိပါသေးတယ်။

ဒီခန္ဓာကိုယ် ပိုင်ရှင်ဟောင်း ကလေးဘဝတုန်းက သူတို့ကို လူထုလုံခြုံရေး အရာရှိတွေလို့ ခေါ်‌ပါသေးတယ်။

ကလိုင်းဟာ ငယ်ရွယ်တဲ့ ရဲအရာရှိကို မတားနိုင်ပါဘူး။ အဲဒါကြောင့် သူ့မှတ်စုစာအုပ်ကို လှန်လှောရှာဖွေတာကို ရပ်ကြည့်နေရပါတယ်။ ဒါပေမဲ့ မီးခိုးရောင်မျက်လုံးနဲ့ စစ်ဆေးရေးမှူးက ကလိုင်းကို ထပ်ပြီး မေးခွန်းတွေ မမေးတော့ပါဘူး။

“ဒါက ဘာတွေလဲ” ငယ်ရွယ်တဲ့ ရဲအရာရှိဟာ မှတ်စုတွေရဲ့ နောက်ဆုံးကို ရောက်တဲ့အခါ ရုတ်တရက် ကောက်ကာငင်ကာ မေးလိုက်ပါတယ် “ဒါကရော ဘာကိုဆိုလိုတာလဲ... ‘လူတိုင်းသေလိမ့်မယ်၊ ငါလည်း သေလိမ့်မယ်’...”

‘နတ်ဘုရားတွေကလွဲရင် လူတိုင်းသေမှာ ပုံမှန်ပဲ မဟုတ်ဘူးလား...’ ကလိုင်းဟာ ကတ်သီးကတ်သက်ပြောဖို့ ပြင်လိုက်ပေမဲ့ အန္တရာယ်ကြုံလာရင် ဘေးကင်းလုံခြုံအောင် ရဲတွေနဲ့ အဆက်အသွယ် တည်ဆောက်ဖို့ စီစဉ်ထားတာကို တွေးမိလိုက်ပါတယ်။ ဒါပေမဲ့ သူ့မှာ ရဲတွေနဲ့ အဆက်အသွယ်လုပ်စရာ ဘာအကြောင်းရင်းမှ ရှိမနေပါဘူး။

ကလိုင်းဟာ တစ်စက္ကန့်မပြည့်ခင်မှာပဲ ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ကလိုင်းဟာ နဖူးပေါ် လက်တင်ပြီး စိတ်ရှုပ်တဲ့လေသံနဲ့ ပြန်ဖြေပါတယ် “ကျွန်တော်လည်း မသိဘူး... ကျွန်တော် တကယ်ကို မသိတာ... ကျွန်တော် ဒီမနက်နိုးလာတော့ ကျွန်တော်ကိုယ် ကျွန်တော် တစ်ခုခု မှားနေတယ်လို့ ခံစားရတယ်... တစ်ခုခုကို မေ့သွားသလိုပဲ... မကြာသေးခင်က ဖြစ်ပျက်ခဲ့တာတွေကို မေ့သွားတာ... ကျွန်တော် အဲဒီလိုမျိုး စာကြောင်းကို ဘာဖြစ်လို့ ရေးခဲ့လဲဆိုတာ မသိတော့ဘူး”

တစ်ခါတစ်လေမှာ ပွင့်လင်းတာက ပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းပါ။ စကေးတော့ လိုတာပေါ့။ ပြောသင့်တာနဲ့ မပြောသင့်တာ ရှိသလို ဘယ်ဟာကို အရင်ဆုံး ပြောပြီး ဘယ်ဟာကို နောက်မှ ပြောရမလဲဆိုတာလည်း အရေးကြီးပါတယ်။

ကီးဘုတ် စစ်သည်တော်အနေနဲ့ ကလိုင်းဟာ နှစ်ပေါက်တစ်ပေါက် ရိုက်တဲ့နေရာမှာ ကျွမ်းပါတယ်။

“သောက်ပိုတွေ လာမပြောနဲ့... မင်းက ငါတို့ကို အရူးလို့ ထင်နေတာလား..” ဘစ်မောင့်ဘက်တန်ဟာ မနေနိုင်ဘဲ ဒေါသတကြီး ဝင်ပြောပါတယ်။

‘ငါနဲ့ ငါ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ အသိဉာဏ်က ဒီလောက်ဆိုးရွားတဲ့ အလိမ်အညာ စကားနဲ့ စော်ကားရလား... သတိမေ့ချင်ယောင် ဆောင်တာထက် စိတ်မနှံ့ဟန်ဆောင်တာက မင်းအတွက် ပိုပြီးတော့ မကောင်းဘူးလား...’

“ကျွန်တော် အမှန်အတိုင်း ပြောနေတာ” ကလိုင်းဟာ ရိုးရိုးသားသား ပြန်ဖြေပြီး မောင့်ဘက်တန်နဲ့ သက်လတ်ပိုင်း ရဲအရာရှိရဲ့ မျက်လုံးကို တည့်တည့်ကြည့်လိုက်ပါတယ်။

သူ့စကားက ဒီထက်မှန်နိုင်စရာ အကြောင်း မရှိတော့ပါဘူး။

“ဖြစ်နိုင်ပါတယ်...” မီးခိုးရောင်မျက်လုံးနဲ့ ရဲအရာရှိက အေးဆေး ပြောလိုက်ပါတယ်။

‘ဘာလဲဟ... သူက ငါ့စကားကို တကယ်ကြီး ယုံတာလား...’ ကလိုင်းဟာ သူ့ကိုယ်သူတောင် အံ့အားသင့်သွားပါတယ်။

မီးခိုးရောင်မျက်လုံးနဲ့ ရဲအရာရှိဟာ ကလိုင်းကိုကြည့်ပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “နောက်နှစ်ရက်နေ့ရင် ပညာရှင်တစ်ယောက် ရောက်လာလိမ့်မယ်... သူက မင်း ဆုံးရှုံးသွားတဲ့ မှတ်ဉာဏ်တွေ ပြန်ရအောင် ကူညီပေးနိုင်လောက်ပါတယ်”

‘ပညာရှင်... ငါ့မှတ်ဉာဏ်တွေ ပြန်ရအောင် ကူညီပေးမယ်... စိတ်ပညာနယ်ပယ်လား...’ ကလိုင်းဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ငါ့ရဲ့ ကမ္ဘာမြေက မှတ်ဉာဏ်တွေ ပေါ်သွားရင် ဘယ်လိုလုပ်မလဲ’ ကလိုင်းဟာ သူ့မျက်နှာ သူပြန်ရိုက်မိတယ်လို့ ခံစားလိုက်ရပါတယ်။

ငယ်ရွယ်တဲ့ ရဲအရာရှိဟာ မှတ်စုစာအုပ်ကို အောက်ချပြီး စားပွဲနဲ့ အခန်းကို ရှာဖွေပါတယ်။ ကံကောင်းချင်တော့ သူက စာအုပ်‌တွေကိုပဲ အာရုံစိုက်ပြီး ရေနွေးအိုးကို မ,မကြည့်ပါဘူး။

“အင်း... မစ္စတာကလိုင်း... ပူးပေါင်းပါဝင်မှုအတွက် ကျေးဇူးတင်ပါတယ်... ဒီရက်တွေမှာ ထင်းဂန်မြို့ကနေ ထွက်မသွားတာ ကောင်းလိမ့်မယ်... တကယ်လို့ မဖြစ်မနေ သွားရမယ်ဆိုရင်လည်း အရာရှိ မောင့်ဘက်တန်ကို အကြောင်းကြားပေးပါ... မဟုတ်ရင် ငါတို့တွေ မင်းကို ဝရမ်းထုတ်ရလိမ့်မယ်” မီးခိုးရောင်မျက်လုံးနဲ့ ရဲအရာရှိက ကလိုင်းကို သတိပေးလိုက်ပါတယ်။

‘ဒါပဲလား... ဒီနေ့အတွက် ဒါပဲလား... တခြားမေးခွန်းတော့ မမေးတော့ဘူးလား... ငါ့ကို ရဲစခန်းခေါ်ပြီး သတင်းအချက်အလက်ရဖို့ နှိပ်စက် မမေးဘူးလား’ ကလိုင်းဟာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်သွားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကလိုင်းဟာ ဝဲလ်သယ်ဆောင်လာတဲ့ ပြဿနာတွေကို ဖြေရှင်းချင်တာကြောင့် ခေါင်းညိတ်လိုက်ပါတယ်။

“ရပါတယ်... ကိစ္စမရှိပါဘူး”

ရဲအရာရှိတွေဟာ အခန်းထဲကနေ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြပါတယ်။ နောက်ဆုံးက ငယ်ရွယ်တဲ့ ရဲအရာရှိဟာ ကလိုင်းရဲ့ ပုခုံးကို ရုတ်တရက် ပုတ်လိုက်ပါတယ်။

“မင်း ကံတော်တော် ကောင်းတယ်”

“ဘာဖြစ်လို့လဲ” ကလိုင်းဟာ ပဟေဠိ ဖြစ်သွားပါတယ်။

မျက်လုံးစိမ်းနဲ့ ကဗျာဆရာ စိတ်နေသဘာထားရှိတဲ့ ရဲအရာရှိဟာ ပြုံးလိုက်ပါတယ် “ပုံမှန်အတိုင်းဆိုရင် ဒီလိုကိစ္စမျိုးမှာ ပါဝင်ပတ်သက်တဲ့လူတိုင်း သေကြတာချည်းပဲ... မင်း အသက်ရှင်နေသေးတာ မြင်ရတော့ ငါတို့တွေ တော်တော် ဝမ်းသာမိတယ်... ကံကောင်းတယ်လို့လည်း ခံစားရတယ်”

စကားဆုံးတာနဲ့ ငယ်ရွယ်တဲ့ ရဲအရာရှိဟာ အခန်းထဲကထွက်ပြီး တံခါးကို ယဉ်ယဉ်ကျေးကျေး ပိတ်လိုက်ပါတယ်။

‘ပုံမှန်အတိုင်းဆိုရင် အကုန်လုံးသေတယ်... ငါ အသက်ရှင်နေသေးလို့ ဝမ်းသာတယ်... ကံကောင်းတယ်တဲ့လား...’

ဇွန်လ နေ့ခင်းဘက်ကြီးဆိုပေမဲ့ ကလိုင်းဟာ တစ်ကိုယ်လုံး အေးစက်သွားတယ်လို့ ခံစားလိုက်ရပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters