အခန်း (၁၁၀၁)
Vol. 79 Ch. 1101
“ဟန်မူယဲ့၊ မင်းက ငါတို့ကို ချောက်ချနေတာပဲ။ လုထန်ကျားသစ်နက်ကလန်က ဘယ်လိုလုပ်ပြီး ....”
လုချန်လင်းက အော်ဟစ်လိုက်သည်။ သို့သော် သူ့စကားမဆုံးခင် ဟန်မူယဲ့က လက်မြှောက်ပြသည်။ ရွှေအလင်းတစ်ခု ပေါ်ထွက်လာသည်။
ကြာပွတ်တစ်ချောင်း ဖြစ်သည်။
“ငါက ကျားခုန်တောင်တန်းရဲ့ တာအိုတန်ခိုးရှင်ချန်ယောင်ကို သတ်ခဲ့တယ်”
တာအိုတန်ခိုးရှင်ချန်ယောင် ....
တင်းဖေစားသောက်ဆိုင်၏ တာအိုတန်ခိုးရှင် ချန်ယောင် ....
ဟန်မူယဲ့က တာအိုတန်ခိုးရှင်ချန်ယောင်၏ နာမည်ကို ထုတ်ပြောလိုက်သောအခါတွင် အခြေအနေက မျှော်လင့်ချက်ကင်းမဲ့နေပြီဖြစ်ကြောင်း လုချန်လင်းက သိလိုက်သည်။
“သတ်”
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ဟန်မူယဲ့ဆီသို့ ခုန်ဝင်သွားသည်။
အပြာရောင်သန်းနေသော ကျားသစ်နက်တစ်ကောင်၏ပုံရိပ် ပေါ်ထွက်လာသည်။
ကျားသစ်နက်၏ ဟိန်းဟောက်သံက ကောင်းကင်ကို တုန်ခါသွားစေသည်။ ကျားသစ်နက်ကလန်၏ ပုန်းအောင်းနေသော ကျွမ်းကျင်သူများက ဟန်မူယဲ့ဆီသို့ ပြေးဝင်လာကြသည်။
ကျားသစ်နက်ကလန်က ကြိုတင်ကြံစည်ထားခဲ့သည်။
ဧည့်သည်တော်များအားလုံးက နားလည်သွားသည်။
လုချန်လင်းက ဟန်တောင်တန်းကို ဝိုင်းရံသတ်ဖြတ်ရန်အတွက် ကြိုးစားနေသည်။ လုထန်ကျားသစ်နက်ကလန်၏ ကျွမ်းကျင်သူအများစုက ဟန်တောင်တန်းသို့ ရောက်လာကြသည်။
သူတို့က လုချန်လင်း၏ပုံစံကြောင့် လှည့်စားခံလိုက်ရသည်။
“ဟမ့်”
ဖုန်းကျန်းက နှာမှုတ်လိုက်ပြီး ပျံသန်းလာသည်။
တစ်ဖက်တွင် ချီယွင်လျန်နှင့် ဝံပုလွေနက်ကလန်၏ ကျွမ်းကျင်သူများကလည်း လှုပ်ရှားလိုက်ကြသည်။
ဟန်မူယဲ့က တိုက်ခိုက်ရန် မလိုခဲ့ပေ။
လုထန်ကျားသစ်နက်ကလန်က သေလမ်းရှာနေခြင်းဖြစ်သည်။
လုချန်လင်းဖိတ်ခေါ်ထားသော လူအိုကြီး၏မျက်နှာက မည်းမှောင်နေသည်။ သူက ဖြည်းဖြည်းချင်း နောက်ဆုတ်သွားသည်။
သူက လုချန်လင်း၊ လုထန်ကျားသစ်နက်ကလန်နှင့်အတူ မသေချင်ပေ။
လုထန်ကျားသစ်နက်ကလန်က နောက်ကွယ်တွင် အများအပြား ကြံစည်ထားလိမ့်မည်ဟု သူက မထင်ခဲ့ပေ။
“ဝီ”
လေထုထဲတွင် ဝံပုလွေနက်ကလန်၏ ကျောက်ချူနှင့် တိုက်ခိုက်နေသော လုချန်လင်းက ရပ်တန့်လိုက်ပြီး ရုတ်တရက် လှည့်ပြေးသွားသည်။
သူက ကျားသစ်နက်ကလန်မှ လူအိုကြီး၏ရှေ့သို့ ဖျတ်ခနဲ ရောက်လာသည်။
“အကြီးအကဲကျူးကျဲ၊ လုထန်ကျားသစ်နက်ကလန်က ဝါးနေမင်းမြို့နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိပါတယ်”
“ကျေးဇူးပြုပြီး ကျွန်တော့်ကို ခေါ်သွားပေးပါ”
ဖြစ်နိုင်လျှင် ကျူးကျဲဟုခေါ်သော လူအိုကြီးက လုချန်လင်းကို တစ်ချက်တည်း ရိုက်သတ်ချင်မိသည်။
သို့သော် နောက်ကျသွားသည်။
သူက လုချန်လင်းနှင့်အတူ လိုက်လာသည်။ ထို့အပြင် နှစ်ယောက်လုံးက ကျားသစ်နက်ကလန်မှ ဖြစ်ကြသည်။ ယခုအချိန်တွင် သူတို့နှင့် ပတ်သတ်မှုမရှိကြောင်းပြောရန် မဖြစ်နိုင်တော့ပေ။
“သွားကြစို့”
သူက ခပ်အုပ်အုပ် အော်ဟစ်လိုက်ပြီး အပြာရောင် အဆီအနှစ်ဝိညာဉ်ကို ဖော်ထုတ်သည်။
ကောင်းကင်နှင့်မြေကြီး၏စွမ်းအားက ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်တွင်ရှိသော ဧည့်သည်တော်များကို လွင့်ထွက်သွားစေသည်။ ထို့နောက် တောင်အောက်သို့ တစ်ဟုန်ထိုး ပြေးဆင်းသွားသည်။
လုချန်လင်းက နောက်မှ နီးကပ်စွာ လိုက်လာသည်။ သူက ကလန်၏ ကျွမ်းကျင်သူများကိုပင် ချန်ထားခဲ့သည်။
သို့သော် သူတို့နှစ်ယောက်က ရွေးချယ်စရာမရှိတော့ပဲ မိုင်ဝက်အကွာတွင် ရပ်တန့်လိုက်ရသည်။
အပြာရောင် အဆီအနှစ်ဝိညာဉ်တစ်ခုသည် လမ်းပိတ်ထားသည်။
ပေနှစ်ဆယ်ကြီးမားသော ရွှေကျီးကန်း၏မျက်လုံးများက တောက်ပနေပြီး ရွှေအလင်းကို ထုတ်လွှတ်သည်။
“အခုမှထွက်သွားချင်ရင် နောက်ကျနေပြီလေ”
မူကျီက ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်။ သူ၏ ခြေလှမ်းနှင့်အတူ ပတ်ဝန်းကျင်တွင်ရှိသော အပူချိန်က မြင့်တက်လာသည်။
မူယန်တောင်တန်း၏ ရွှေကျီးကန်းကလန်မှ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။
ကျူးကျဲက အော်ဟစ်လိုက်ပြီး လက်ထဲတွင်ရှိသော ဓားမော့နှင့် ခုတ်ချသည်။
ယခုအချိန်တွင် စကားပြောနေလျှင်လည်း အသုံးမဝင်ပေ။
သူက အစွမ်းကုန်ထုတ်သုံး၍ တိုက်ခိုက်ပြီး ဝါးနေမင်းမြို့သို့ ပြန်သွားရမည်။
“ဟမ့်”
မူကျီ၏လက်ထဲတွင်ရှိသော ရွှေရောင်လှံက ဓားမော့နှင့် ထိတွေ့သွားသည်။
ရွှေအလင်းသည် ပေါက်ကွဲထွက်လာသည်။
ပြင်းထန်သော နေမင်းစွမ်းအားသည် ဓားမော့နှင့် ကျူးကျဲကို လွှမ်းခြုံသွားသည်။
“ဘုန်း”
ကျူးကျဲက ပေတစ်ထောင်အကွာအထိ လွင့်ထွက်သွားသည်။
သူတို့က ကျင့်ကြံဆင့်တူညီသော်လည်း ရွှေကျီးကန်းသွေးမျိုးဆက်နှင့် မူကျီက ကျူးကျဲကို တစ်ချက်တည်း အနိုင်ရသွားသည်။
စောင့်ကြည့်နေသော ဧည့်သည်တော်များက ကြောက်ရွံ့သွားသည်။
ထိုအရာသည် အဆင့်မြင့်သွေးမျိုးဆက်၏ ခွန်အား ဖြစ်သည်။
ဟန်တောင်တန်းရွှေကျီးကလန်ကို အထင်သေးနေသော မျိုးနွယ်များက အခြေအနေကို ရှင်းလင်းစွာ မြင်လိုက်ရသည်။
ရွှေကျီးကလန်သည် မဟာတောရိုင်းကမ္ဘာ၏ ထိပ်တန်းအဆင့်မျိုးနွယ်စု ဖြစ်သည်။
“အား ....”
ကျူးကျဲက ပြန်ထလာပြီး ထွက်ပြေးရန် ကြိုးစားသည်။
လုချန်လင်းက မူကျီနှင့် မတိုက်ခိုက်နိုင်ပေ။
သူကလည်း ထွက်ပြေးလိုက်သည်။
တောင်တန်းပေါ်တွင်ရှိနေသော ဟန်မူယဲ့က ထိုဖြစ်ရပ်များအားလုံးကို မြင်ခဲ့သည်။
သူက နေရာတိုင်းတွင် တိုက်ခိုက်နေသော ကျားသစ်နက်ကလန်၏ ကျွမ်းကျင်သူများကို ကြည့်လိုက်သည်။ ထို့နောက် လုချန်လင်းကို ကြည့်လိုက်ပြီး လက်မြှောက်သည်။
သူ့လက်ထဲတွင် ရွှေအလင်းပေါ်လာသည်။
မဟာနေမင်းရွှေကျီးကန်း၏ နတ်ဘုရားမီးတောက် ဖြစ်သည်။
“ဘုန်း”
မီးတောက်က ကောင်းကင်ထက်တွင်ရှိနေသော ပေတစ်ထောင်ကြီးမားသည့် ရွှေကျီးကန်းပုံရိပ်နှင့် ပေါင်းစပ်သွားသည်။ ထို့နောက် ဟန်တောင်တန်းတစ်ခုလုံးကို လွှမ်းခြုံထားသော အနီရောင်တိမ်တိုက်အဖြစ် အသွင်ပြောင်းသွားသည်။
အနီရောင်တိမ်တိုက်၏အောက်တွင် လူတိုင်းက ချုပ်နှောင်ခံလိုက်ရသည်။
ယခုအချိန်တွင် တခြားစွမ်းအားများကို ထုတ်မသုံးနိုင်တော့ပေ။
ရွှေကျီးကန်းမီးတောက်၏ သက်ရောက်မှုအောက်တွင် ရွှေကျီးကန်း၏ စွမ်းအားကိုသာ အသုံးပြုနိုင်သည်။
လေထုထဲတွင် တိုက်ခိုက်နေသော ကျားသစ်နက်ကလန်၏ ကျွမ်းကျင်သူများက အောက်သို့ ပြုတ်ကျလာပြီး နာကျင်စွာ အော်ဟစ်လိုက်ကြသည်။
ပေရာချီအကွာတွင်ရှိနေသော လုချန်လင်းက ခေါင်းစိုက်ပြီး ပြုတ်ကျလာသောကြောင့် ဦးခေါင်းတစ်ခုလုံး ဖူးရောင်နေသည်။
ကျားသစ်နက်များအားလုံးက အခြေအနေဆိုးနေသည်။
တစ်ဖက်တွင် ရွှေကျီးကလန်သားများက ချပ်ဝတ်တစ်ခုကို ရလာပုံပေါ်သည်။ ရွှေအလင်းသည် သူတို့၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားပြီး စွမ်းအားတိုးလာသည်။ သူတို့၏ လက်သီးချက်နှင့် ခြေကန်ချက်များက အားကောင်းလှသည်။
ဧည့်သည်တော်များက လှုပ်ရှားရန် မလိုခဲ့ပေ။
ဟန်မူယဲ့က သူတို့၏အကူအညီကို ရယူရန် စိတ်မဝင်စားပေ။
အကြီးအကဲမူကျီ၊ ဖုန်းကျန်းနှင့် တခြားလူများက ရပ်တန့်လိုက်ပြီး ကျားသစ်နက်ကလန်သားများအား ဖမ်းဆီးလိုက်သော ဟန်တောင်တန်းရွှေကျီးကလန်ကို ကြည့်နေခဲ့သည်။
....
ဟန်တောင်တန်းရွှေကျီးကလန်၏ ခေါင်းဆောင်ရာထူးဆက်ခံပွဲသည် ပတ်ဝန်းကျင်ကို ဆူပွက်သွားစေခဲ့သည်။
သူတို့၏ခေါင်းဆောင် ဟန်မူယဲ့က အဆီအနှစ်ဝိညာဉ် အဌမအဆင့်သို့ ရောက်နေပြီး ရွှေကျီးကန်းသွေးမျိုးဆက်ကိုလည်း နိုးထခဲ့သည်။
ဟန်တောင်တန်းကလန်နှင့် ရန်သူဖြစ်သော လုထန်ကျားသစ်နက်ကလန်က ရွှေကျီးကန်းကလန်သားများကို ဝိုင်းရံသတ်ဖြတ်ရန် ကြံစည်ခဲ့သည်။ သို့သော် သူတို့အားလုံးက အဖမ်းခံလိုက်ရသည်။
အနာဂတ်တွင် လုထန်ကျားသစ်နက်ကလန်က တည်ရှိတော့မည်မဟုတ်ပေ။
ဧည့်ခံပွဲမှ ပြန်ရောက်လာသော ဧည့်သည်တော်များက လုထန်ကျားသစ်နက်ကလန်သို့ အလည်သွားရန် ပြင်ဆင်လိုက်ကြသည်။
ကလန်အသီးသီးက ရှုပ်ထွေးနေသော်လည်း ဟန်တောင်တန်းရွှေကျီးကလန်က ငြိမ်သက်သွားသည်။
“အကြီးအကဲမူကျီ၊ ကျေးဇူးပြုပြီး ထိုင်ပါ”
ခန်းဆောင်ထဲတွင် ဟန်မူယဲ့က လက်မြှောက်ပြီး အချက်ပြလိုက်သည်။
အစိမ်းရောင်ဝတ်စုံနှင့် မူကျီက ခေါင်းညိတ်ပြီး ထိုင်လိုက်သည်။
မဟာတောရိုင်းကမ္ဘာတွင် ခွန်အားကို လေးစားသည်။ လက်ရှိအချိန်တွင် ဟန်တောင်တန်းရွှေကျီးကလန်က လူဦးရေလေးရာကျော်သာ ရှိသော်လည်း ဟန်မူယဲ့ရှိနေသောကြောင့် အနာဂတ်တွင် တိုးတက်လာလိမ့်မည်။
“အကြီးအကဲမူကျီ၊ ခေါင်းဆောင်မူချန်ခုံးကို ကျေးဇူးတင်ကြောင်း ပြောပေးပါ”
“ခေါင်းဆောင်မူချန်ခုံးအတွက် လက်ဆောင်တစ်ခု ယူသွားလိုက်ပါ”
ဟန်မူယဲ့က လက်မြှောက်ပြီး မီးတောက်တစ်ခုကို ဖော်ထုတ်သည်။
ရွှေကျီးကန်းနတ်ဘုရားမီးတောက် ဖြစ်သည်။
အစပိုင်းတွင် ငြင်းဆန်ချင်သော မူကျီက တစ်ကိုယ်လုံး တုန်ခါသွားပြီး စကားမပြောနိုင်တော့ပေ။
ဟန်တောင်တန်းရွှေကျီးကလန်သည် သေးငယ်သောကြောင့် ခေါင်းဆောင်မူချန်ခုံး စိတ်ဝင်စားမည့် ရတနာကို ထုတ်မပေးနိုင်လောက်ပေ။
သို့သော် ဟန်မူယဲ့က ရွှေကျီးကန်းမီးတောက်ကို ထုတ်ပေးခဲ့သည်။
ထိုနတ်ဘုရားမီးတောက်ကို အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများကပင် လိုချင်ကြသည်။
အကယ်၍ ရွှေကျီးကန်းနတ်ဘုရားမီးတောက်နှင့် ရွှေကျီးကန်းသွေးမျိုးဆက်ကို ပေါင်းစပ်နိုင်လျှင် ကျင့်ကြံခြင်းအတွက် အလွန်အကျိုးရှိသည်။
“ခေါင်းဆောင်ငယ်ရဲ့ လက်ဆောင်ကို သေချာပေါက် ပို့ပေးလိုက်ပါမယ်”
မူကျီက လေးစားမှုတချို့နှင့်အတူ လေးနက်စွာပြောသည်။
သူက ဟန်တောင်တန်းကလန်တွင် ကြာမြင့်စွာ မနေခဲ့ပေ။ အခမ်းအနားပွဲအပြီး နောက်တစ်နေ့တွင် ထွက်သွားခဲ့သည်။
ဟန်မူယဲ့က မူကျီကို လိုက်ပို့ပြီး ဝက်ဝံနက်ကလန်၏ စီယွမ်ကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် ကလန်သားများကို မန်ဖျယ်ဝါးတောင်တန်းသို့ ပြောင်းရွှေ့ရန် ပြောသည်။
ထိုနေရာတွင် မိုင်းတွင်းရှိသည်။ မိုင်းတွင်းနှင့် မြေအောက်မီးတောက်ကို ပေါင်းစပ်လိုက်လျှင် ချပ်ဝတ်များကို ဖန်တီးနိုင်မည်။
လုထန်ကျားသစ်နက်ကလန်ကို ခွဲယူနေသော ကိစ္စနှင့်ပတ်သတ်၍ ဟန်မူယဲ့က ဝင်မပါခဲ့ပေ။
ယခုအချိန်တွင် ဟန်တောင်တန်းက အနားယူပြီး ခွန်အားဖြည့်ရန်သာ လိုအပ်သည်။
အချိန်လိုအပ်သည်။
ဟန်မူယဲ့က နှစ်ဝက်ကြာသည်အထိ မလှုပ်ရှားခဲ့ပေ။
လူသားမုဆိုးများက ဟန်တောင်တန်းသို့ လာနေသည်ဟု မူယန်တောင်တန်းက သတင်းပေးခဲ့သည်။ သို့သော် အဆုံးတွင် လူသားမုဆိုးများက ပြန်လှည့်သွားခဲ့သည်။
ထိုဖြစ်ရပ်က ပြီးဆုံးသွားသည်။
မူချန်ခုံးက ဟန်မူယဲ့နှင့် ဆုံတွေ့ရန်အတွက် ဟန်တောင်တန်းသို့ လူကိုယ်တိုင်ရောက်လာသည်။ သူတို့နှစ်ယောက်က အချိန်အတော်ကြာအောင် စကားပြောခဲ့ကြသည်။
နောက်ထပ် နှစ်ပေါင်းငါးဆယ်ကြာသည်အထိ ဟန်မူယဲ့က ဟန်တောင်တန်းမှ ထွက်မသွားခဲ့ပေ။
ကျင့်ကြံသူများအတွက် နှစ်ပေါင်းငါးဆယ်သည် မျက်တောင်တစ်ခတ်စာအချိန်သာ ဖြစ်သည်။
မဟာတောရိုင်းကမ္ဘာ၏ သက်ရှိများအတွက် နှစ်ပေါင်းငါးဆယ်သည် ဖျတ်ခနဲ ကုန်ဆုံးသွားသည်။
သို့သော် ဟန်တောင်တန်းအတွက် ထိုနှစ်ပေါင်းငါးဆယ်သည် အိပ်မက်တစ်ခုနှင့် ဆင်တူသည်။
ဟန်တောင်တန်းက ဆက်တိုက် ကျယ်ပြန့်လာပြီး လူလေးရာကျော်ရှိသော ကလန်လေးတစ်ခုမှ မိုင်ရာချီလွှမ်းမိုးထားသော ကလန်ကြီးတစ်ခု ဖြစ်လာသည်။
ယခင်က လူလေးရာကျော်သာ ရှိသော်လည်း ယခုအချိန်တွင် လူတစ်သိန်းခန့် ရှိနေသည်။
သို့သော် ထိုတစ်သိန်းလုံးက ရွှေကျီးကန်းများ မဟုတ်ကြပေ။
အတူတူနေထိုင်သော တခြားကလန်များလည်း ရှိကြသည်။
ဥပမာအနေဖြင့် စန္ဒကူးဝက်ဝံနက်ကလန် ဖြစ်သည်။ ကလန်သခင်လေး စီယွမ်က ဟန်တောင်တန်းတွင် လက်နက်သန့်စင်ရန် တာဝန်ယူထားပြီး ကလန်ခေါင်းဆောင် ဟန်မူယဲ့ထံတွင် ပန်းပဲပညာရပ်ကို သင်ကြားနေသည်။
ယခုအချိန်တွင် သူက အင်းကွက်နှစ်ခုနှင့် လက်နက်များကို သန့်စင်နိုင်ခဲ့သည်။
ဟန်တောင်တန်း၏ လက်နက်သန့်စင်ခြင်းကို စီယွမ်တစ်ယောက်တည်းကသာ ပြုလုပ်ခြင်းမဟုတ်ပေ။ ရာချီနေသော ပန်းပဲပညာရှင်များက အမျိုးမျိုးသော သတ္တုများကို နေ့စဉ်အရည်ကျိုပြီး ချပ်ဝတ်များကို ဖန်တီးကြသည်။
ဟန်တောင်တန်း၏ လက်နက်များကို မိုင်တစ်သန်းပတ်ဝန်းကျင်တွင် တင်ပို့ရောင်းချသည်။ သူတို့၏ လက်နက်များက လူသားမျိုးနွယ်နှင့် ယှဉ်နိုင်သည်။