အခန်း (၁၁၀၅)
Vol. 79 Ch. 1105
တိမ်တိုက်ကောင်းကင်သိမ်းငှက် ထွက်ပြေးသွားသောအခါ လူတိုင်းက ကောင်းကင်ထက်တွင်ရှိသော အလင်းလှံကို ကြည့်လိုက်ကြသည်။
“သွားကြစို့”
ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းပြီး လှံရှည်ကို ပယ်ဖျက်လိုက်သည်။ သူ့နောက်တွင်ရှိသော ရွှေကျီးကန်းပုံရိပ်က တောင်ပံဖြန့်ပြီး ဆက်လက်ပျံသန်းသွားသည်။
သူတို့က မိုင်သောင်းချီအကွာသို့ ရောက်လာသောအခါတွင် မူချန်ခုံးက ပြောသည်။
“မူယဲ့၊ မင်းက ရွှေကျီးကန်းသွေးမျိုးဆက်ကို ဘာဖြစ်လို့ ထုတ်ပြလိုက်တာလဲ”
သူက နားမလည်နိုင်ဖြစ်နေသည်။ ဟန်မူယဲ့၏ ရွှေကျီးကန်းသွေးမျိုးဆက်သည် အမဲလိုက်ပွဲ၏ ဝှက်ဖဲတစ်ခု ဖြစ်သင့်သည်။
သူက အဘယ်ကြောင့် ထုတ်ပြခဲ့သနည်း။
“အစ်ကိုကြီးချန်ခုံး၊ ဒါက အမဲလိုက်ပွဲဆိုတော့ ဘယ်သူက သားကောင်ဖြစ်လာမလဲ မသိနိုင်သေးဘူး။ ကျွန်တော်တို့ရဲ့ခွန်အားကို ဖုံးကွယ်နေစရာမလိုပါဘူး”
ဟန်မူယဲ့၏အသံက ဝင့်ကြွားနေသည်။
“မစိုးရိမ်ပါနဲ့။ ဒါက သွေးမျိုးဆက်စွမ်းအားပါပဲ”
ရွှေကျီးကန်း၏ သွေးမျိုးဆက်က သန်မာသော်လည်း ဟန်မူယဲ့၏ အသန်မာဆုံးနည်းလမ်း မဟုတ်ပေ။
ယခုအချိန်တွင် သူက အဆီအနှစ်ဝိညာဉ် နဝမအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ ထို့အပြင် အဆုံးမဲ့ညီညွတ်ခြင်းဓားအိမ်ကိုလည်း ထုတ်ယူထားသည်။
သူက ဓားပညာရပ်တွင် အသန်မာဆုံးဖြစ်သည်။
ရွှေကျီးကန်းနှစ်ကောင်က လျင်မြန်စွာ ပျံသန်းနေသည်။ သုံးရက်အကြာတွင် သူတို့က အဆုံးမရှိသော တောရိုင်းမြေတွင် ရပ်တန့်လိုက်ကြသည်။
ဤနေရာတွင် သွေးနှင့်ချီက ကောင်းကင်အထိ မြင့်တက်နေသည်။ အဆုံးမရှိသော သဘာဝစွမ်းအားသည် ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်။
ငှက်များသည် ကောင်းကင်ထက်တွင် ပျံသန်းနေကြသည်။ မြေပြင်တွင် လျှောက်သွားနေသော သားရဲများ ရှိကြသည်။
အမျိုးမျိုးသော အဆီအနှစ်ဝိညာဉ်ပုံရိပ်များက ကောင်းကင်အထိ မြင့်တက်လာပြီး တစ်ခုနှင့်တစ်ခု ယှဉ်ပြိုင်နေကြသည်။ သူတို့က ကိုယ်ပိုင်နယ်မြေကို တည်ထောင်ချင်ပုံပေါ်သည်။
“ဘုန်း”
ရွှေကျီးကန်းပုံရိပ်နှစ်ခုက ကောင်းကင်နှင့်မြေကြီးကို ထိုးခွဲပြီး ဆင်းသက်လာသည်။
ပတ်ဝန်းကျင်တွင်ရှိသော သားရဲများ၏ အဆီအနှစ်ဝိညာဉ်က မယှဉ်နိုင်သောကြောင့် နောက်ဆုတ်ပေးလိုက်ရသည်။
ရွှေကျီးကန်းက လောကကို တုန်ခါသွားအောင် အော်ဟစ်လိုက်သည်။
“ဟမ့်၊ ရွှေကျီးကလန်က ဘာကောင်းလို့လဲ”
လူတစ်ယောက်က ရေရွတ်လိုက်ပြီး နှာမှုတ်သည်။ သို့သော် မျက်လုံးထဲတွင် ကြောက်ရွံ့စိတ်များ ရှိနေသည်။
“မဟာနေမင်းရွှေကျီးကန်းက တကယ်ကို လွှမ်းမိုးနိုင်တာပဲ။ မဟာတောရိုင်းကမ္ဘာရဲ့ ထိပ်တန်းမျိုးနွယ်တစ်ခု ဖြစ်သင့်ပါတယ်”
လူတစ်ယောက်က လေးစားနေသောမျက်နှာထားဖြင့် ရွှေကျီးကန်းပုံရိပ်များကို ကြည့်လိုက်သည်။
လောကတွင် လူများ၏ နှလုံးသားနှင့် အတွေးက မတူညီကြပေ။
လူတိုင်း၏ထောက်ခံမှုကို ရရှိရန် မဖြစ်နိုင်ပေ။ ကိုယ်ပိုင်ခွန်အားကို အသန်မာဆုံးနောက်ခံဖြစ်လာအောင် ကြိုးစားရမည်။
“ဝှစ်”
ရွှေအလင်းတစ်ခုသည် ဟန်မူယဲ့နှင့် တခြားလူများ၏ရှေ့သို့ ရောက်လာသည်။
ဟန်မူယဲ့က လက်မြှောက်ပြီး ဖမ်းလိုက်သည်။
“ကျိုးယွမ်ရွှေကျီးကလန်ရဲ့ ဖိတ်ခေါ်စာပဲ”
မိုင်တစ်သန်းပတ်ဝန်းကျင်တွင် နံပတ်တစ်ရွှေကျီးကလန်ဖြစ်သော ကျိုးယွမ် ....
ထိုကလန်သည် လူဦးရေးတစ်သန်းကျော်ရှိပြီး အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူသုံးယောက်ကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် အဆီအနှစ်ဝိညာဉ် နဝမအဆင့် ကျွမ်းကျင်သူများလည်း ရှိနေကြသည်။ သူတို့ကလန်တွင် ရွှေကျီးကန်းသွေးမျိုးဆက် နိုးထခဲ့သောလူများ ပိုရှိသည်။
ယခုအချိန်တွင် မူချန်ခုံးကလည်း ရွှေအလင်းကို ဖမ်းဆုပ်ထားခဲ့သည်။
“ကျွန်တော်တို့ သွားမှာလား”
ဟန်မူယဲ့က မူချန်ခုံးကို ကြည့်သည်။
“သွားမှာပေါ့”
မူချန်ခုံးက ပြုံးလိုက်ပြီး ပြောသည်။
“ကလန်ကြီးတစ်ခုရဲ့ ဖိတ်ခေါ်စာက အမြဲတမ်း အကျိုးအမြတ်နဲ့ ယှဉ်တွဲနေတယ်”
အင်အားစုများကို စုစည်းချင်လျှင် လုံလောက်သော အကျိုးအမြတ်ကို ပေးရမည်။
ထိုသို့မဟုတ်လျှင် မည်သူက ခစားရန် ဆန္ဒရှိမည်နည်း။
သူ့စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ရွှေအလင်းကို ဆုပ်ကိုင်ပြီး အင်းကွက်အဖြစ် ပြောင်းလိုက်သည်။
ထို့နောက် သူက နောက်တွင်ရှိသော ကလန်သားသုံးထောင်ကို ဦးဆောင်ပြီး လျင်မြန်စွာ ရွေ့လျားသွားသည်။
မူချန်ခုံးကလည်း နီးကပ်စွာ လိုက်လာသည်။ မူယန်ကလန်၏ ကလန်သားနှစ်သောင်းက ညီညာစွာ လှုပ်ရှားနေကြသည်။
သူတို့က မိုင်တစ်ထောင်အကွာတွင် စခန်းကြီးတစ်ခုကို မြင်လိုက်ရသည်။
စခန်းက မိုင်တစ်ရာကျယ်ဝန်းပြီး မှိန်ဖျော့သော ရွှေကျီးကန်းပုံရိပ်သည် ကောင်းကင်ထက်တွင် ရှိနေသည်။
စခန်း၏အလယ်တွင် ပေသုံးသောင်းကြီးမားသော ရွှေကျီးကန်းက လွင့်မျောနေပြီး ထိုကျီးကန်း၏ မျက်လုံးတစ်စုံသည် နေမင်းများဟု ထင်ရသည်။
“ဒါက ကျိုးယွမ်မျိုးနွယ်ပဲ”
“ရွှေကျီးကလန် ၁၈၀ကျော်က ဒီနေရာမှာ စုစည်းနေကြတယ်”
မူချန်ခုံး၏မျက်နှာထားက အနည်းငယ် လေးနက်နေပြီး ပြောလိုက်သည်။
“ဒီအမဲလိုက်ပွဲက မရိုးရှင်းလောက်ဘူး”
လမ်းတစ်လျှောက်တွင် တခြားမျိုးနွယ်များ၏ စခန်းများကိုလည်း မြင်ခဲ့ရသည်။
ယခင်အမဲလိုက်ပွဲများတွင် ထိုသို့ မစုစည်းခဲ့ပေ။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ရွှေကျီးကန်းပုံရိပ်များကို ကြည့်သည်။
အလယ်တွင်ရှိနေသော ရွှေကျီးကန်းပုံရိပ်က တစ်ခုခုကို သတိထားမိပုံပေါ်ပြီး ခေါင်းလှည့်ကြည့်သည်။
“ဟန်တောင်တန်းကလန်နဲ့ မူယန်တောင်တန်းကလန် ရောက်လာပြီ”
သူတို့က စခန်းထဲသို့ ဝင်လာသောအခါတွင် လူတစ်ယောက်က အော်ဟစ်လိုက်သည်။
ရွှေရောင်ချပ်ဝတ်နှင့် စစ်သည်များက ဟန်မူယဲ့တို့ကို တားဆီးလိုက်သည်။
ချပ်ဝတ်စစ်တပ်သည် မဟာတောရိုင်းကမ္ဘာတွင် ရှားပါးသည်။
ဟန်တောင်တန်းကလန်ဖြစ်စေ မူယန်တောင်တန်းကလန်ဖြစ်စေ လူတိုင်းက ချပ်ဝတ်များကို ဝတ်မထားကြပေ။
ဟန်တောင်တန်း၏ ကြွယ်ဝမှုနှင့် ဟန်မူယဲ့၏ နည်းလမ်းများအရ ကလန်တစ်ခုလုံးကို ချပ်ဝတ်တပ်ဆင်ပေးရန် မခက်ခဲပေ။
အလွန်ရိုးရှင်းသည်ဟုပင် ပြောနိုင်သည်။
သို့သော် ဟန်မူယဲ့က မလုပ်ခဲ့ပေ။
သူက ယခုအချိန်တွင် ဟန်တောင်တန်းကို ထိန်းချုပ်ထားသော်လည်း အဆုံးတွင် ထွက်သွားရမည်ဖြစ်သည်။
ထို့အပြင် ရွှေကျီးကန်းများအတွက် အကောင်းဆုံးချပ်ဝတ်သည် သွေးမျိုးဆက်နိုးထခြင်း ဖြစ်သည်။
တစ်ခါတလေတွင် ချပ်ဝတ်က ဝန်ထုပ်ဝန်ပိုး ဖြစ်တတ်သည်။
ဟန်မူယဲ့၏နောက်တွင်ရှိသော ကလန်သားများကိုကြည့်လိုက်ပြီး ရွှေရောင်ချပ်ဝတ်နှင့် ခေါင်းဆောင်က နှာမှုတ်လိုက်သည်။
ဟန်တောင်တန်းကလန်သားများ၏ ချပ်ဝတ်က မပြည့်စုံပေ။ လက်နက်များကလည်း ရှုပ်ထွေးနေသည်။
ထိုကလန်၏ခွန်အားကို လွယ်ကူစွာ တွေးကြည့်နိုင်သည်။
“ဟန်တောင်တန်းကလန်၊ မူယန်တောင်တန်းကလန်”
ထိုလူက အပြာရောင် အဆီအနှစ်ဝိညာဉ်စွမ်းအားကို ဖော်ထုတ်သည်။
သတ္တမအဆင့် ဖြစ်သည်။
“မင်းတို့ကလန်ရဲ့ ချပ်ဝတ်နဲ့လက်နက်တွေကို အရင်ဆုံး ပြုပြင်လိုက်ပါအုံး”
သူက လက်မြှောက်ပြီး လှည့်ထွက်သွားသည်။
‘ချပ်ဝတ်နဲ့လက်နက်ကို ပြုပြင်ရမှာလား’
‘ဘာပြောချင်တာလဲ’
မူချန်ခုံးက ခပ်အုပ်အုပ်ပြောသည်။
“ချပ်ဝတ်နဲ့လက်နက်ကို ဘယ်သွားပြီး ပြုပြင်ရမှာလဲ”
ထိုစကားကို ကြားလိုက်ရသောအခါတွင် ခေါင်းဆောင်က နောက်လှည့်လာပြီး ပြုံးသည်။ သူက စခန်း၏အပြင်ဘက်ကို ညွှန်ပြသည်။
“လုယူလိုက်လေ”
သူက လှောင်ပြောင်လိုက်ပြီး ဟန်မူယဲ့နှင့် မူချန်ခုံးကို ကြည့်သည်။
“မင်းတို့က စခန်းထဲကိုဝင်လာပြီး ကျိုးယွမ်ကလန်ရဲ့ ချပ်ဝတ်နဲ့လက်နက်တွေကို လိုချင်နေတာလား”
“မင်းတို့က လက်နက်မပြည့်စုံတာတောင် အမဲလိုက်ပွဲကို လာရဲတယ်နော်”
ထိုသို့ဖြင့် သူက ထွက်သွားခဲ့သည်။
မူချန်ခုံး၏မျက်နှာက တင်းမာနေပြီး အဆီအနှစ်ဝိညာဉ်ကို ဖြည်းဖြည်းချင်း ထုတ်ဖော်သည်။
“ထားလိုက်ပါ။ ဒီစခန်းရဲ့ခွန်အားက လုံလောက်နေပြီထင်တယ်”
ဟန်မူယဲ့က မူချန်ခုံး၏ပခုံးကို ပုတ်ပေးလိုက်ပြီး တည်ငြိမ်စွာပြောသည်။
ရောက်လာသောကလန်များကို ကြိုဆိုရမည့်လူက ပါးနပ်မှုရှိသည်။
ကျိုးယွမ်ကလန်မှ အဆင့်မြင့်လူတစ်ယောက်၏ အမိန့်ကြောင့်သာမဟုတ်လျှင် ဟန်တောင်တန်းကလန်နှင့် မူယန်တောင်တန်းကလန်ကို တားဆီးရဲမည်မဟုတ်ပေ။
ဤစခန်းက ခွန်အားလုံးလောက်နေပုံရသည်။
မူချန်ခုံးက လက်သီးဆုပ်ထားပြီး ခြေလှမ်းကျဲကြီးများနှင့်အတူ လှည့်ထွက်သွားသည်။
ဟန်မူယဲ့ကလည်း အချိန်ဆွဲမနေပဲ နောက်မှ လိုက်လာသည်။
စခန်း၏အလယ်တွင် အဝါရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး မတ်တပ်ရပ်နေသည်။
“အဲဒါက နှစ်တစ်သောင်းအတွင်းမှာ ရွှေကျီးကန်းသွေးမျိုးဆက် နိုးထခဲ့တဲ့ ပထမဆုံးမျိုးဆက်သစ်လား”
လူငယ်က လှောင်ပြောင်လိုက်သည်။ ရွှေအလင်းတချို့သည် သူ့မျက်လုံးထဲတွင် ရှိနေသည်။
သူကလည်း ရွှေကျီးကန်းသွေးမျိုးဆက်ကို နိုးထခဲ့သည်။ သို့သော် လုံလောက်သောစွမ်းအား မရှိပေ။
“အမွေခံပြောတာ မှန်ပါတယ်။ သူက ဟန်တောင်တန်းကလန်ရဲ့ ခေါင်းဆောင်ဖြစ်ပြီး ရွှေကျီးကန်းသွေးမျိုးဆက်ကို နိုးထခဲ့ပါတယ်။ သတင်းတွေအရတော့ သူက အနည်းဆုံး လောင်ကျွမ်းနေမင်းအဆင့်မှာ ရှိနေပါလိမ့်မယ်”
လူငယ်၏နောက်တွင် အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးက တီးတိုးပြောလိုက်သည်။
ရွှေကျီးကန်းသွေးမျိုးဆက်သည် သိပ်သည်းမှုအရ အဆင့်ကွာသွားသည်။
အရုဏ်နေမင်း၊ လောင်ကျွမ်းနေမင်း၊ မီးနေမင်း၊ ထာဝရတောက်ပခြင်း၊ မဟာနေမင်း၊ မဟာကောင်းကင်ရွှေကျီးကန်း ဖြစ်သည်။
အနည်းဆုံး လောင်ကျွမ်းနေမင်းသွေးမျိုးဆက်ကို နိုးထခဲ့သောကြောင့် အလွန်ကောင်းမွန်သည်ဟု ပြောနိုင်သည်။
လူအိုကြီး၏စကားကို ကြားလိုက်ရသောအခါတွင် လူငယ်၏မျက်နှာထားက မည်းမှောင်သွားသည်။
ဟန်မူယဲ့၏ သွေးမျိုးဆက်က သူ့ထက် အဆင့်မြင့်နေသည်။ လူအနည်းငယ်ကသာ လောင်ကျွမ်းနေမင်းသွေးမျိုးဆက်ကို နိုးထနိုင်ကြသည်။
လူအနည်းငယ်သာရှိသော ချောင်ကျသည့် ဟန်တောင်တန်းရွှေကျီးကလန်တွင် လောင်ကျွမ်းနေမင်းသွေးမျိုးဆက်ကို နိုးထခဲ့သည်။
“ဟမ့်၊ ဒီအမဲလိုက်ပွဲပြီးရင် ငါက ဟန်တောင်တန်းရွှေကျီးကလန်ကို မမြင်ချင်ဘူး”
လူငယ်က နှာမှုတ်လိုက်ပြီး တဲအိမ်ထဲသို့ ဝင်သွားသည်။
အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးက ခေါင်းညိတ်လိုက်ပြီး စခန်းမှထွက်သွားသော ဟန်မူယဲ့နှင့် တခြားလူများကို ကြည့်သည်။
“အားလုံးပဲ ဒီတစ်ကြိမ်မှာ ကောင်းကင်တစ်သောင်းတိုင်းပြည်ရဲ့ စစ်တပ်က လှုပ်ရှားလာတယ်။ ငါတို့က သူတို့ကို အထင်သေးလို့ မဖြစ်ဘူး။ ပြန့်ကျဲနေတဲ့ ရွှေကျီးကလန်တွေအားလုံးကို စုစည်းထားရမယ်။ ဝိုင်းရံသတ်ဖြတ်ခံရတာမျိုး မဖြစ်စေနဲ့”
တဲအိမ်ထဲမှ ခံ့ညားသောအသံ ပေါ်ထွက်လာသည်။
....
ဆယ်ရက်အကြာတွင် ကျယ်လောင်သော တုန်ခါသံနှင့်အတူ အမျိုးမျိုးသော မျိုးနွယ်စုများက တောအုပ်ထဲသို့ ပြေးဝင်သွားကြသည်။
ကြည်လင်ကောင်းကင်တောရိုင်းမြေက အလွန်ကျယ်ပြန့်သောကြောင့် မျိုးနွယ်စုများက အစက်အပြောက်များနှင့် တူနေသည်။
သန်းချီသောစစ်တပ်နှင့် ကလန်ကြီးများကသာ ဖြည်းဖြည်းချင်း ရွေ့လျားလာကြသည်။
ကောင်းကင်တစ်သောင်းတိုင်းပြည်၏ မှူးမတ်လေ့၊ ဝူကျွမ်းသည် စစ်သည်နှစ်သန်းကို ဦးဆောင်လာခဲ့သည်။
မှူးမတ်လေ့က အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး တစ်ချိန်က စစ်တပ်ကိုဦးဆောင်၍ မဟာတောရိုင်းကမ္ဘာ၏ အတွင်းပိုင်းတွင် သားရဲများကို သတ်ဖြတ်ခဲ့ဖူးသည်။
သူ့လက်သည် မဟာတောရိုင်းကမ္ဘာမှ မျိုးနွယ်စုများ၏သွေးနှင့် စွန်းပေနေသည်။
သို့သော် မဟာတောရိုင်းကမ္ဘာ၏ မျိုးနွယ်စုများက စစ်သည်နှစ်သန်းကို ပူးပေါင်းတိုက်ခိုက်ရန် ခက်ခဲသည်။
စစ်သည်နှစ်သန်းက အစီအစဉ်တကျ ရှိနေပြီး လှံရှည်၊ ချပ်ဝတ်၊ လေးနှင့် စစ်ရထားများကို သယ်ဆောင်ထားသည်။
သူတို့က ညီညာစွာ ချီတက်လာသည်။
ထိုစစ်တပ်မျိုးကို ဖျက်ဆီးရန်အတွက် ခွန်အား သုံးဆ၊ ငါးဆခန့် လိုအပ်သည်။
မဟာတောရိုင်းကမ္ဘာ၏ မျိုးနွယ်များက သူတို့ကို မည်သို့ ရင်ဆိုင်နိုင်မည်နည်း။
အကယ်၍ မျိုးနွယ်စုများက ပူးပေါင်းခဲ့လျှင် လူသားမျိုးနွယ်က တိုးတက်လာမည်မဟုတ်ပေ။
သူတို့က ကောင်းကင်တစ်သောင်းတိုင်းပြည်၏ စစ်တပ်ဖြစ်သည်။