အခန်း (၁၁၀၆)
Vol. 79 Ch. 1106
တစ်ဖက်တွင် ရထားလုံးများဖြင့် ဖွဲ့စည်းထားသော စစ်သည်တစ်သန်းနှင့် လူသားစစ်တပ်တစ်ခု ရှိနေသည်။
သူတို့၏ လက်နက်အပြည့်အစုံနှင့် ရထားလုံးများကို သားရဲများက ဆွဲနေကြသည်။ ထိုသားရဲများက အားကောင်းပြီး ကြမ်းတမ်းပုံပေါ်သည်။
သူတို့က စစ်သည်တစ်သန်းသာရှိသော်လည်း ကောင်းကင်တစ်သောင်းတိုင်းပြည်၏ စစ်သည်နှစ်သန်းထက် ပိုမိုပြင်းထန်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
အံ့ဖွယ်ဝိညာဉ်တိုင်းပြည်၏ စစ်တပ် ဖြစ်သည်။
ထိုစစ်တပ်နှစ်ခုက အမျိုးမျိုးသော ကလန်များကို ဖိအားပေးနိုင်သည်။ ထို့ကြောင့် ကလန်များက တိတ်ဆိတ်စွာ ထွက်သွားကြသည်။
ကလန်ကြီးများကပင် လူသားစစ်တပ်နှစ်ခုကို သတိထားနေကြသည်။
“ကျွန်တော် စုံစမ်းပြီးသွားပြီ”
တောင်ကုန်းတစ်ခုပေါ်တွင် လေးတစ်လက်နှင့် ဟန်တင်းရီက ဟန်မူယဲ့ဆီသို့ လျှောက်လာပြီး ပြောလိုက်သည်။
“သူတို့က မင်္ဂလာသားရဲကို လာရှာကြတာပဲ”
“အံ့ဖွယ်ဝိညာဉ်ကမ္ဘာရဲ့ မင်းသမီးလေးက မွေးနေ့ပွဲကျင်းပတော့မယ်။ အဲဒါကြောင့် မင်္ဂလာသားရဲအမျိုးမျိုးကို ရှာဖွေဖို့ အမိန့်ထုတ်ထားတယ်”
ဟန်တင်းရီက အဝေးတစ်နေရာကို ညွှန်ပြလိုက်ပြီး တီးတိုးပြောသည်။
“အံ့ဖွယ်ဝိညာဉ်တိုင်းပြည်ရဲ့ မင်းသမီးလေးက ကောင်းချီးနိမိတ်တွေနဲ့ မွေးဖွားလာတာလို့ ပြောကြတယ်။ သားရဲတွေက သူမနဲ့ ရင်းနှီးကြတယ်တဲ့”
“အဲဒီမင်းသမီးလေးက သားရဲတွေကိုထိန်းချုပ်နိုင်တဲ့ နတ်ဘုရားအင်းကွက်ကို ရေးဆွဲခဲ့တဲ့အတွက် အံ့ဖွယ်ဝိညာဉ်တိုင်းပြည်က သားရဲတွေကို စုစည်းထားတယ်”
‘ကောင်းချီးနိမိတ်’
ဟန်မူယဲ့က နှလုံးခုန်မှားသွားသည်။
သူကလည်း သားရဲများကို အညံ့ခံလာအောင် လုပ်နိုင်သည်။
သို့သော် နတ်ဘုရားသားရဲဆိုလျှင် အနည်းငယ် ခက်လိမ့်မည်။
သွေးမျိုးဆက်အမွေအနှစ်တချို့နှင့်ဆိုလျှင် အောင်မြင်နိုင်သည်။
‘မင်းသမီးလေးက ငါနဲ့အတူ မဟာတောရိုင်းကမ္ဘာကို ရောက်လာတဲ့လူလား’
‘အခွင့်အရေးရလာရင် သွားကြည့်ရမယ်’
“ကောင်းကင်တစ်သောင်းတိုင်းပြည်က ဉာဏ်အလင်းသားရဲတွေအတွက် ရောက်လာတာလို့ ပြောကြတယ်။ တကယ်လို့ ဉာဏ်အလင်းသားရဲကို သတ်လိုက်ရင် အဲဒီသားရဲရဲ့ အစစ်အမှန်ဝိညာဉ်စွမ်းအားနဲ့ အနည်းဆုံး အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူသုံးယောက်ကို မွေးထုတ်ပေးနိုင်တယ်”
“တခြားကလန်တွေကတော့ များသောအားဖြင့် နတ်ဘုရားသားရဲတွေကြောင့် ရောက်လာကြတာပဲ”
နားလည်ရန် လွယ်ကူသည်။
ပိုမိုအားကောင်းသော သွေးမျိုးဆက်စွမ်းအားကို ရရှိရန်အတွက် ဖြစ်သည်။
ထိုသို့မဟုတ်လျှင် မည်သူမှ လာကြမည်မဟုတ်ပေ။
ဤအမဲလိုက်ပွဲမျိုးသည် အမှန်တကယ်ပင် အန္တရာယ်များသည်။
တစ်ခုခုမှားသွားလျှင် ကလန်တစ်ခုလုံး ပျက်စီးနိုင်သည်။
“မင်းက အလုပ်ကြိုးစားခဲ့တာပဲ”
ဟန်မူယဲ့က ဟန်တင်းရီ၏ပခုံးကို ပုတ်ပေးလိုက်ပြီး ဘေးတွင်ရှိသော မူချန်ခုံးကို ကြည့်သည်။
သူတို့၏ တောင်ကုန်းပေါ်တွင် ကျိုးယွမ်ကလန်သို့ ဝင်ရောက်ခွင့်မရသော တခြားရွှေကျီးကလန်နှစ်ခုလည်း ရှိနေသည်။
ထိုရွှေကျီးကလန်နှစ်ခုက လူဦးရေနည်းပါးပြီး စုစုပေါင်း တစ်ထောင်ခန့်သာ ရှိသည်။
သူတို့ထဲတွင် အသန်မာဆုံးလူက အဆီအနှစ်ဝိညာဉ် အဌမအဆင့်တွင်ရှိသော ခေါင်းဆောင်နှစ်ယောက် ဖြစ်သည်။
သူတို့အပြင် တခြားကလန်ငယ်များလည်း ရှိနေသည်။
အစိမ်းရောင်ဝံပုလွေ သုံးရာကျော်၊ တိမ်တိုက်ကျားသစ် တစ်ထောင်ကျော်နှင့် ကောင်းကင်တိမ်တိုက်ကြိုးကြာ နှစ်ထောင်ခန့် ဖြစ်ကြသည်။
သူတို့က အားကောင်းသောကလန်များ မဟုတ်ကြပေ။
ဖိတ်ခေါ်မခံရသော ကလန်ငယ်များက အတူတူစုပေါင်းလိုက်ပြီး အမဲလိုက်ပွဲမှ အကျိုးအမြတ်တချို့ရရန် မျှော်လင့်နေကြသည်။
သူတို့က ကလန်ကြီးများနှင့် မပတ်သတ်ကြပေ။ အကယ်၍ ပတ်သတ်ခဲ့လျှင်လည်း တန်ဖိုးထားခံရမည်မဟုတ်ပဲ ဆုံးရှုံးမှုကို ခံစားရလိမ့်မည်။
ထို့ကြောင့် အတူတူပူးပေါင်းလိုက်လျှင် ပိုကောင်းသည်။
“အားလုံးပဲ အမဲလိုက်ပွဲစနေပြီ။ လှုပ်ရှားကြရအောင်”
ဟန်မူယဲ့က မူချန်ခုံးကို ခေါင်းညိတ်ပြလိုက်ပြီး လက်မြှောက်သည်။
ရွှေကျီးကလန်သားများက ပျံသန်းထွက်လာကြသည်။
တခြားမျိုးနွယ်များကလည်း ပြေးထွက်သွားကြသည်။
တောရိုင်းမြေတွင် မရေမတွက်နိုင်သော သားရဲနှင့် အားကောင်းသော သန္ဓေပြောင်းသားရဲများက အမဲလိုက်အဖွဲ့နှင့် တိုက်ခိုက်နေကြသည်။
အမျိုးမျိုးသော အဆီအနှစ်ဝိညာဉ်များ ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီး၏စွမ်းအားက ဖရိုဖရဲဖြစ်နေသည်။
ဟန်မူယဲ့၏နောက်တွင် ဟန်တောင်တန်းရွှေကျီးကလန်သားများက ညီညာစွာ လိုက်လာကြသည်။
“ဂါး ....”
ဟိန်းဟောက်သံနှင့်အတူ ပေသုံးဆယ်မြင့်မားသော သွေးရောင်ဝက်ဝံနှစ်ကောင်က ဟန်မူယဲ့နှင့် တခြားလူများဆီသို့ ပြေးဝင်လာကြသည်။
“ကမ္ဘာဦးခေတ် သွေးမျိုးဆက်နဲ့ ငွေစင်းသွေးကြေးခွံဝက်ဝံ၊ ခွန်အားနဲ့ ခုခံနိုင်စွမ်း သန်မာတယ်”
မူချန်ခုံးက အသက်ရှူသွင်းလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။ သူက ဓားမော့ကို ကိုင်ထားပြီး ပြောလိုက်သည်။
“ဘယ်သူကပိုမြန်လဲ ကြည့်ကြမလား”
“သတ်”
ဟန်မူယဲ့က လှံကိုင်ထားပြီး ပြောလိုက်သည်။
သူက ပျံထွက်သွားသည်။ သူ့လက်ထဲတွင်ရှိသော လှံရှည်က ရွှေကျီးကန်းကိုးကောင်အဖြစ် ပြောင်းလဲသွားပြီး ဝက်ဝံကို ရိုက်နှက်သည်။
“ဘုံကိုးပါးလှံနည်းစနစ်က တကယ်အားကောင်းတာပဲ”
မူချန်ခုံး၏ မျက်လုံးများက တောက်ပသွားပြီး ဟန်မူယဲ့၏ လှံအလင်းကို ကြည့်သည်။
သူကလည်း ရပ်တန့်မနေပဲ ပျံထွက်သွားပြီး ဓားမော့ဖြင့် ခုတ်ချသည်။
ဓားမော့အလင်းက ကောင်းကင်နှင့်မြေကြီးကို ခုတ်ပိုင်းနိုင်ပုံပေါ်သည်။
“ဘုန်း”
ရွှေကျီးကန်းကိုးကောင်က ငွေစင်းသွေးကြေးခွံဝက်ဝံကို လွှမ်းခြုံလိုက်သည်။ မရေမတွက်နိုင်သော ရွှေအလင်းများက လှည့်ပတ်နေပြီး ပေါက်ကွဲသွားသည်။ ထိုအလင်းများက ဝက်ဝံ၏ ပျော့ကွက်များကို ထိုးဖောက်လိုက်သည်။
ဝက်ဝံက ဟိန်းဟောက်လိုက်သည်။ နေရာအနှံ့တွင် သွေးများပန်းထွက်နေသည်။
တစ်ဖက်တွင် ငွေစင်းသွေးကြေးခွံဝက်ဝံက လက်သီးဖြင့် ထိုးချလိုက်သည်။ ဝက်ဝံ၏ လက်သီးတွင် ငွေအလင်းကွင်းများ ရှိနေသည်။
“ဘန်း”
ဓားမော့က လက်သီးချက်နှင့် ထိတွေ့သွားသည်။ ဓားသွားက အနည်းငယ် ရပ်တန့်သွားပြီး ငွေအလင်းကိုထိုးခွဲ၍ ဝက်ဝံ၏နဖူးကို ခုတ်ချသည်။
ဝက်ဝံ၏ခန္ဓာကိုယ်က နှစ်ခြမ်းကွဲသွားသည်။ ပြန့်ကျဲနေသော သွေးနှင့်ချီသည် ပတ်ဝန်းကျင်တွင် သွေးမြူခိုးများကို ဖြစ်လာစေသည်။
မူချန်ခုံးက ပတ်ဝန်းကျင်တွင်ရှိသော သွေးမြူခိုးများမှ ငွေအလင်းတစ်ခုကို ထုတ်ယူလိုက်သည်။
သားရဲများကို အမဲလိုက်ခြင်းသည် သူတို့၏ သွေးမျိုးဆက်စွမ်းအားကို လှုပ်ရှားလာစေသည်။
ထိုနည်းလမ်းကြောင့် အတားအဆီးနှင့် ကြုံတွေ့နေသော ကျွမ်းကျင်သူများက အဆင့်တက်ရန် အခွင့်အရေးရလိမ့်မည်။
သွေးမြူခိုးများသည် တောရိုင်းမြေ၏ နေရာအနှံ့တွင် ရှိနေသည်။
တိုက်ရိုက်သတ်ဖြတ်ခြင်း ဖြစ်သည်။
“ဘန်း”
ဟန်မူယဲ့၏ လှံချက်ကြောင့် တခြားဝက်ဝံကလည်း ပေါက်ကွဲသွားပြီး သွေးနှင့်ချီကို ထုတ်လွှတ်လိုက်သည်။
သို့သော် ဝက်ဝံ၏ သွေးကြေးခွံချပ်ဝတ်က အကောင်းအတိုင်း ရှိနေသေးပြီး အနီရောင်အလင်းကို ထုတ်လွှတ်လျက် ဖြည်းဖြည်းချင်း အောက်ကျလာသည်။
မူချန်ခုံးက ဓားမော့ကို ဝှေ့ယမ်းပြီး ရယ်လိုက်သည်။
သူ၏ ဓားချက်ကြောင့် ပတ်ဝန်းကျင်တွင် ပြန့်ကျဲနေသော မျိုးနွယ်စုများက အာရုံစိုက်လိုက်ကြသည်။ ထိုဓားချက်က လွှမ်းမိုးနိုင်စွမ်းရှိပြီး မြင်ရသူတိုင်းကို ကြောက်ရွံ့သွားစေသည်။
နှိုင်းယှဉ်ကြည့်လိုက်လျှင် ဟန်မူယဲ့၏ လှံချက်က အားနည်းနေသည်။
သို့သော် ဟန်မူယဲ့က ဝက်ဝံ၏ သွေးကြေးခွံချပ်ဝတ်ကို ရခဲ့သည်။ သူတို့နှစ်ယောက်လုံးက တန်းတူပင် ဖြစ်သည်။
“ဆက်သွားမယ်”
မူချန်ခုံးက အဝေးတစ်နေရာသို့ ကြည့်လိုက်သည်။
ထိုနေရာတွင် ထောင်ချီနေသော လူများက သားရဲများကို ဝိုင်းရံထားပြီး ဖြည်းဖြည်းချင်း သတ်ဖြတ်ရန် ကြံစည်နေသည်။
သို့သော် ထိုသားရဲများက သန်မာသောကြောင့် ဝိုင်းရံထားသော လူများက အခက်တွေ့နေကြသည်။
“ကြေးခွံချပ်ဝတ်ကို စုဆောင်းလိုက်ပါ။ ပြီးရင် ရှေ့ဆက်သွားမယ်”
ဟန်မူယဲ့က ပြောလိုက်သည်။ သူက လှံကိုင်ထားပြီး မူချန်ခုံးနှင့်အတူ ထွက်သွားခဲ့သည်။
သူတို့နှစ်ယောက်က သားရဲများဆီသို့ ရောက်သွားသည်။ ဓားမော့နှင့် လှံက တောက်ပနေပြီး မူချန်ခုံးက ငွေအလင်းကို ထုတ်လွှတ်နေသည်။ ရွှေကျီးကန်းက ဟန်မူယဲ့ကို လွှမ်းခြုံထားသည်။
သူတို့က အကွက်အနည်းငယ်ဖြင့် သားရဲများကို ဖြေရှင်းလိုက်ပြီး အချိန်ဆွဲမနေဘဲ တခြားနေရာသို့ ထွက်သွားကြသည်။
“ရွှေကျီးကလန်ရဲ့ ကျွမ်းကျင်သူတွေလား”
လူအုပ်စုကိုခေါင်းဆောင်၍ ထွက်သွားသောလူနှစ်ယောက်ကို မြင်လိုက်ရသောအခါတွင် ဘာမှမရနိုင်တော့ဟု ထင်ထားသော လူများက နားမလည်နိုင်စွာ ရေရွတ်လိုက်ကြသည်။
သတ်ဖြတ်ခံထားရသော သားရဲများက နေရာတွင် ရှိနေသည်။ ဟန်မူယဲ့နှင့် မူချန်ခုံးက သားရဲများကို ယူမသွားခဲ့ပေ။
သူတို့အတွက် လက်ဆောင်ဖြစ်သည်။
“သွားမယ်။ သူတို့နောက်ကို လိုက်ကြမယ်”
လူတစ်ယောက်က တီးတိုးပြောလိုက်ပြီး ကလန်သားများကို ဦးဆောင်၍ ဟန်မူယဲ့တို့နောက်သို့ လိုက်သွားသည်။
တောရိုင်းမြေ၏ အမဲလိုက်ပွဲက ဆက်လက်ဖြစ်ပေါ်နေသည်။ ပိုမိုအားကောင်းသော သားရဲများနှင့် ရင်ဆိုင်လာရသည်။
ပေထောင်ချီပတ်ဝန်းကျင်ကို လောင်ကျွမ်းပစ်နိုင်သော မီးတောက်ကျား၊ သီးသန့်ဖြစ်နေသော မျိုးနွယ်စုများအား ဝိုင်းရံသတ်ဖြတ်နိုင်သည့် သွေးလဝံပုလွေအုပ် စသည်ဖြင့် ဖြစ်သည်။
သို့သော် အကျိုးအမြတ်လည်း များပြားသည်။
တစ်လအတွင်း ဟန်တောင်တန်းရွှေကျီးကလန်၏ ကျွမ်းကျင်သူသုံးရာကျော်က အဆီအနှစ်ဝိညာဉ် ပဥ္စမအဆင့်သို့ ရောက်သွားကြသည်။
အဆီအနှစ်ဝိညာဉ် ဆဌမအဆင့်သို့ ရောက်လာသော ကလန်သားလေးဆယ်လည်း ရှိနေသည်။
ဟန်ကျင်း၊ ဟန်တင်းရီနှင့် တခြားလူများကလည်း အဆင့်တက်လာကြသည်။
ထို့အပြင် သတ်ဖြတ်မှုများကြောင့် သူတို့၏ တိုက်ခိုက်နိုင်စွမ်းက ပိုမိုသန့်စင်လာသည်။
“ဘုန်း”
ရှေ့တွင် ကျွမ်းကျင်သူများ၏ တိုက်ပွဲသံကို ကြားရသည်။
တောရိုင်းမြေတွင် တစ်လကြာအောင် ရှိနေပြီး မျိုးနွယ်စုအများအပြားက တောင့်ခံရန် ခက်ခဲလာခဲ့သည်။
သားရဲများက အလွန်အားကောင်းပြီး လူထောင်ချီကို တစ်ခါတည်း ရှင်းပစ်နိုင်သည်။
သူတို့က လူသားမျိုးနွယ်ကဲ့သို့ ဝင်္ကပါကို အသုံးမပြုနိုင်ပေ။
ထို့ကြောင့် ကလန်ငယ်များက နောက်မဆုတ်လျှင် ကလန်ကြီးများ၏နောက်မှ လိုက်လာပြီး အကြွင်းအကျန်ကို ကောက်ယူကြသည်။
တချို့က တခြားမျိုးနွယ်များနှင့် ပူးပေါင်းလိုက်ကြသည်။
ဟန်မူယဲ့တို့အုပ်စုက ဖြည်းဖြည်းချင်း ကြီးမားလာပြီး လူတစ်သိန်းကျော်ရှိနေသည်။
ဟန်မူယဲ့နှင့် မူချန်ခုံးက ထိုမျိုးနွယ်စုများကို စီစဉ်ပေးရန် ဂရုမစိုက်ပေ။
သူတို့က သာမန်တိုက်ပွဲများတွင် အသုံးဝင်နိုင်သော်လည်း အစစ်အမှန်တိုက်ပွဲများတွင် ထွက်ပြေးသွားကြလိမ့်မည်။
ထို့အပြင် ရင်းနှီးသောမျိုးနွယ်စုများ မဟုတ်သောကြောင့် ပူးပေါင်းရန် ခက်ခဲသည်။
ထိုလူများကို ဂရုစိုက်ပြီး အချိန်ဖြုန်းနေရန် မလိုအပ်ပေ။
သို့သော် လူအများအပြားရှိနေသည့်အတွက် တခြားကလန်များနှင့် ရင်ဆိုင်ရလျှင် အရှိန်အဟုန် လျော့နည်းသွားမည်မဟုတ်ပေ။
သူတို့က တောင်တန်းတစ်ခုကို ဖြတ်ကျော်လိုက်ပြီး တိုက်ပွဲကို မြင်ရသည်။
“လူသားတွေ”
လူတစ်ယောက်က ထိတ်လန့်စွာပြောသည်။
ရှေ့တွင် လူသားစစ်တပ်ကို မြင်နေရသည်။
ကြက်သွေးရောင်ချပ်ဝတ်နှင့် လူသားစစ်တပ်က သပ်ရပ်သော စစ်ပွဲဝင်္ကပါကို အသက်သွင်းထားသည်။
ပတ်ဝန်းကျင်တွင်ရှိသော သားရဲများက ခွန်အားကောင်းပြီး အရွယ်အစားကြီးမားသော်လည်း ဝင်္ကပါကို မချိုးဖောက်နိုင်ကြပေ။
“ပစ်”
အမိန့်သံ ပေါ်ထွက်လာသည်။
“ဘန်း”
မြားမိုးရွာကျလာပြီး သားရဲများ လဲကျသွားသည်။ စစ်တပ်က အရာအားလုံးကို ရှင်းလင်းသွားသည်။
တောင်ကုန်းပေါ်တွင်ရှိသော မျိုးနွယ်စုများက ဆွံ့အနေကြသည်။