အပိုင်း(၁၁၃)-ရွံ့စရာကောင်းအောင်လုပ်တာထက် လုပ်စရာဘာမှမရှိခဲ့ဘူး
Vol. 002 Ch. 113
ဘေးပတ်ဝန်းကျင်မှ တီးတိုးသံများထွက်လာသဖြင့် ဝူလင်းနှင့် တခြားသူများသည် အနည်းငယ်ရှက်လာသည်။
အရိုးသားဆုံးပြောရလျှင် ထိုအမိန့်သည် မင်းသား၁၏ အမိန့်သာဖြစ်သည်။ အဂ္ဂိရတ်ပညာရှင်များအသင်းသည် ထိုအမိန့်အားလုံးဝဂရုမစိုက်ခဲ့ပေ။ သို့သော် ထိုစောင့်ကြည့်နေသောမျက်လုံးများအောက်တွင် ထိုကဲ့သို့ပြုလုပ်ခဲ့မိခြင်းကြောင့် အဂ္ဂိရတ်ပညာရှင်အသင်းသည် အတင့်ရဲစွာ အထက်စီးမဆန်ရဲတော့ပေ။
“ငါတို့လမ်းလျှောက်ပဲသွားပါတော့မယ်” ဝူလင်းသည် အင်္ကျိလက်အား ခါထုတ်ကာ အားလုံးအား လျစ်လျူရှုပြီး နန်းတော်အဝင်ပေါက်သို့ လျှောက်သွားလေသည်။ မျက်စိထောင့်တွင် ရှီမာယူယူအားကြည့်ကာ သူမအား ဖြတ်ကျော်ခဲ့လေသည်။
သူသည် ဦးနှောက်မရှိသော အရူးဟုကျော်ကြားသော အမှိုက်၏ အသုံးချမှုကိုခံလိုက်ရသည်။ အခုသူပြောလိုက်သော စကားများသည် ရည်ရွယ်ချက်ဖြင့် လုပ်တာဟုတ်လား၊ မဟုတ်ဘူးလား။
ရှီမာယူယူသည် ဘာကိစ္စမှမဖြစ်ခဲ့သကဲ့သို့ ထိုသူအားပြုံးပြလိုက်သည်။
“အမ်… အမှိုက်က လူအများရှေ့ကိုထွက်လာရဲတယ်” ထိုအဖြူရောင်ဝတ်အမျိုးသမီးသည် ရှီမာယူယူအား မှတ်ချက်ပေးပြီး မုန်းတီးစွာကြည့်ကာ သူမအားဖြတ်လျှောက်သွားလေသည်။
မူရုန်အန်းသည် ထိုအဖြူရောင်ဝတ်အမျိုးသမီးနှင့်အတူလျှောက်လာကာ သူမမကျေမချမ်းနိုင်ဖြစ်နေသည်ကို တွေ့သည်နှင့် နှစ်သိမ့်လိုက်သည်၊ “ဒီလောက်လေးနဲ့သူနဲ့ ငြင်းခုန်မနေပါနဲ့”
ထိုစကားအားသူမကြားသောအခါ ဝိညာဉ်အသွင်ပြောင်းသွားသော မူလခန္ဓာကိုယ်ပိုင်ရှင်မှ သူမအားပြောခဲ့သည်များကို အမှတ်ရသွားလေသည်။ သူမ သူ့အားမမြင်ရသည်မှာ အချိန်ကြာပြီဖြစ်သည့်အတွက် သူ့အားမေ့လုနီးပါးတောင်ဖြစ်နေလေပြီ။
သူမ မှတ်မိချိန်တွင် စိတ်ထဲမှ အေးစက်စွာပြုံးကာအော်လိုက်လေသည် “သခင်လေးမူရုန် ဒီနေ့မင်းကို ဘာလို့နာလန်မိန်းကလေးနဲ့အတူမတွေ့ရတာလဲ၊ အရင်တစ်ခေါက်တုန်းက မင်းတို့လက်ထပ်မယ့်အကြောင်းကိုတောင် ပြောနေကြတာမလား၊ မင်းတို့မင်္ဂလာဆောင်ကို ငါတို့ကိုဘယ်တော့ဖိတ်မှာလဲ”
မူရုန်အန်းသည် ချက်ကောင်းထိသွားကာ သူ့အဘေးမှအမျိုးသမီးသည် ဒေါသထွက်သွားသည်ကို ချက်ချင်းပင်မြင်လိုက်ရသည်။ ထိုအချိန်တွင် ကျောက်တုံးရိုက်ခံသံများပေါ်လာပြီး လူများသည် ကိုယ့်လမ်းကိုယ်ဆက်သွားကြလေသည်။
အဂ္ဂိရတ်ပညာရှင်အသင်းမှ လူများနန်းတော်ထဲဝင်သည့်အချိန်အားစောင့်ပြီးမှ ရှီမာယူယူသည် ရယ်မောကာ နောက်မှလိုက်ဝင်လေသည်။
“ညီလေး ၅ခုဏက မင်းအရမ်းမိုက်တာပဲ၊ မင်းအဂ္ဂိရတ်ပညာရှင်အသင်းကို စကားလုံးနည်းနည်းနဲ့ နိုင်လိုက်တာပဲ၊ ဝူလင်းနဲ့ ရှီလေကိုတွေ့လိုက်လား.. သူတို့ရဲ့မျက်နှာကမြေကြီးထဲက တွေ့ကရာကောက်လိုက်တဲ့ကျောက်တုံးလိုပဲ ရုပ်ဆိုးလိုက်တာ”
သူမ၏ တခြားအစ်ကိုသုံးယောက်သည် ရယ်မောကြသည် သို့သော် သူတို့၏ တုန့်ပြန်မှုသည် ရှီမာယူလီလောက်တော့ ဟန်လုပ်ခြင်းမရှိပေ။
ရှီမာလိုင်ကြောင့်ပင် ရှီမာမျိုးနွယ်နှင့် အဂ္ဂိရတ်ပညာရှင်များအသင်း၏ ဆက်ဆံရေးသည် ကောင်းမွန်ခြင်းမရှိခဲ့ပေ။ သူတို့အချင်းချင်းတွေ့သည့်အခါတိုင်းပင် ထေ့ငေါ့ပြောကြသည်သာ။ ဒီနေ့ ရှီမာယူယူလုပ်ခဲ့သမျှသည် အားရစရာချည်းသာ။
“ဟူး… မင်းကတကယ်အနောက်သန်တာပဲ” ရှီမာယူယူ၏ ပခုံးအား ရှီမာယူရန်ပုတ်ကာ ပြောလိုက်သည် “ဝင်ရအောင်”
“ဟီးဟီး ဒါဆိုလည်းသွားကြတာပေါ့” ရှီမာယူယူပြုံးလိုက်သည်။
“ကောင်းမွန်သောခရီးဖြစ်ပါစေ ငါးယောက်မြောက်သခင်လေး” ထိုအဖွဲ့ခေါင်းဆောင်သည် ရှေ့ထွက်လာပြီး ရှီမာယူယူအားလက်အုပ်ချီကာပြောလိုက်သည် “ခုဏကကူညီတဲ့အတွက်ကျေးဇူးပါ ငါးယောက်မြောက်သခင်လေး”
ရှီမာယူယူ သူမလက်အားဝှေ့ရမ်းလိုက်ကာပြောလိုက်သည် “မင်းတို့အတွက်ငါဝင်ပါတာမဟုတ်ပါဘူး၊ အဲလူတွေက မျက်စိဆံပင်မွေးစူးလာလို့၊ ဟိုမှာရထားလုံးလာနေပြီ မင်းတို့အလုပ်ဆက်လုပ်ကြပါ”
ထိုအဖွဲ့ခေါင်းဆောင်သည် လှည့်ထွက်လိုက်သောအခါ သားရဲရထားလုံးတစ်စီးဝင်လာသည်ကို တွေ့လိုက်ရသည်။ သူ ရှီမာယူယူအားခေါင်းညိတ်ပြကာ ကျန်သောသူများလည်း ကိုယ်ပိုင်တာဝန်များဆက်လက်လုပ်ဆောင်နေကြလေသည်။
“မြန်မြန်သွားရအောင်၊ ဒီအချိန်လောက်ဆို အဘိုးအထဲမှာစောင့်နေလောက်ပြီ” ရှီမာယူမင်ပြောလိုက်သည်။
ရှီမာယူယူသည် သူတို့နှင့်အတူအထဲသို့လမ်းလျှောက်ဝင်သွားသည်။ မူရုန်အန်းနှင့်အတူရှိသော အမျိုးသမီးအကြောင်းကို စဉ်းစားရင်းနှင့် သူမမေးလိုက်သည် “အစ်ကိုတို့ ရှီလေနဲ့အတူရှိတဲ့ မိန်းကလေးရော တခြားသူတွေရောက ဘယ်သူတွေလဲဆိုတာ သိကြလား”
“အဲဒါ ရှီ်လေရဲ့သမီးပဲ သူမနာမည်က မိုလီတဲ့၊ သူမက အသက်နှစ်ဆယ်မရောက်ခင်မှာပဲ ပထမအဆင့်အဂ္ဂိရတ်ပညာရှင်ဖြစ်တယ်လို့ ငါကြားတာပဲ၊ သူမက အဆင့်နှစ်အဂ္ဂိရတ်ပညာရှင်အဆင့်ကို ဝင်နေပြီး ဆေးဖော်တဲ့နေရာမှာလည်း အရည်အချင်းရှိတယ်လို့ပြောကြတယ်၊ သူမက အဂ္ဂိရတ်ပညာရှင်အသင်းက မြေတောင်မြှောက်ထားတဲ့ တန်းဖိုးအရှိဆုံးသူပဲ” ရှီမာယူရန်ပြန်ဖြေသည်။
“ကျွတ်… သူမကြည့်ရတာ သေချာပေါက်သူ့အဖေစရိုက်နဲ့ တူတာပဲ” ရှီမာယူလီ တံတွေးထွေးလိုက်သည် “ပြီးတော့ သူမဘယ်လောက်ပဲအရည်အချင်းရှိရှိ ညီလေး၅နဲ့ယှဉ်ရင် ဘာမှမဟုတ်ဘူး”
“ညီလေး၄ ထပ်မပြောနဲ့တော့” လျှို့ဝှက်ချက်များကို တခြားသူများသိသွားမည်စိုးသဖြင့် ရှီမာယူလီအား ရှီမာယူမင်တားလိုက်သည်။
ရှီမာယူလီ ပါးစပ်ပိတ်လိုက်ချိန်တွင် အားလုံးသည် နန်းတော်အဝင်ပေါက်သို့ ဝင်သွားကြပြီးဖြစ်သည်။
ထိုနန်းတော်သည် ရှေးဟောင်းနန်းတော်များနှင့် အလွန်ဆင်တူသည်။ သို့သော် အပြင်အဆင်များမှာ ပို၍ဂုဏ်သရေရှိလှပြီး ခမ်းနားလှသည်။ ထိုအရားကြည့်ပြီးနောက်တွင် ဒီနေရာမှအရာများသည် အလွန်ထူးဆန်းသည်သာမက အပြင်အဆင်များသည်လည်း ထူးဆန်းသည်ကို ရှီမာယူယူခံစားလိုက်ရသည်။
နန်းတော်သို့ဝင်သည်နှင့် နန်းတွင်းသူသည်လာရောက် လမ်းပြပေးလေသည်။ ရှီမာယူယူလှည့်ပတ်ကြည့်နေသည်ကို မြင်သည်နှင့် သူမမေးလိုက်သည် “အခုအားလုံးက စားပွဲအတွက်နန်းတော်ကိုရောက်နှင့်နေကြပြီ၊ စားပွဲပြီးတော့လည်း ပွဲအကြီးကြီးရှိသေးတယ်၊ သခင်ကြီးတို့လည်း အဲအချိန်ကျရင် နန်းတော်ထဲသွားပြီး ကြည့်လို့ရတယ်၊ ကျွန်မတို့အခုစားပွဲခန်းမကို သွားကြမယ်”
ရှီမာယူယူ၏ ပခုံးအား ရှီမာယူလီပုတ်လိုက်ပြီးပြောလေသည် “ညီလေး၅ ဒါနန်းတော်ကိုလာတာပထမဆုံးအကြိမ်မဟုတ်လား၊ မင်းပထမဆုံးအကြိမ်ရောက်တာဆိုတော့ သိချင်တာမထူးဆန်းပါဘူး၊ ငါပထမဆုံးအကြိမ်ရောက်ဖူးတုန်းက အရမ်းစိတ်လှုပ်ရှားခဲ့တာ”
“သိပါတယ် အစ်ကိုပြန်လာတုန်းက ကျွန်တော့်ကိုဆွဲထားပြီး အဲအကြောင်းကိုနေ့တစ်ဝက်လောက်ပြောပြခဲ့တာလေ” ရှီမာယူယူ မျက်လုံးလှည့်လိုက်သည်။
“အဟွတ်အဟွတ် ဒါပေမယ့် ညီလေး၅ မင်းက ငါပထမဆုံးရောက်ဖူးတဲ့အခေါက်ကထက် တည်ငြိမ်နေတယ်” ရှီမာယူလီ နှစ်ကြိမ်ရယ်ကာ ပြောလိုက်သည်။
နန်းတွင်းသူသည် သူတို့အား ပင်မဆောင်အားခေါ်သွားကာ အထဲတွင် လူအများရောက်နှင့်နေပြီးဖြစ်သည်။
စားပွဲခုံအနိမ့်များသည် ခန်းမ၏ တစ်ဖက်တစ်ချက်တွင် ချထားကာ စားပွဲပေါ်တွင် သားရေစာမုန့်များနှင့် သစ်သီးအမျိုးအစားစုံလင်စွာ တင်ထားလေသည်။
အရင်ရောက်နှင့်နေသောလူများသည် ကိုယ့်နေရာတွင်ကိုယ် ထိုင်နေကြကာ ထိုသစ်သီးများစားရင်း ဘေးပတ်ပတ်လည်မှ လူများနှင့် မိတ်ဖွဲ့ကာစကားများပြောနေကြသည်။ ရယ်သံများသည် ပင်မဆောင်တစ်ခုလုံးကို ပဲ့တင်သံထွက်နေသည်။
နန်းတွင်းသူသည် စစ်သူကြီးအိမ်တော်အတွက် ပေးထားသောနေရာသို့ သူတို့အားခေါ်ဆောင်ကာ ပြောလေသည် “သခင်လေးတို့ ဒီနေရာက စစ်သူကြီးအိမ်တော်အတွက်နေရာတွေပါ၊ ဒီအစေခံလေးကို သွားခွင့်ပြုပါဦး”
ရှီမာယူယူကြည့်လိုက်သည်။ သူတို့နေရာသည် အရှေ့ပိုင်းနှင့်အတော်နီးသည် နေရာများသည် ဂုဏ်အလိုက်ခွဲဝေထားသည်နှင့်တူသည်။
တိုက်ဆိုင်မှုလား တမင်လားတော့မသိပါ၊ နာလန်မျိုးနွယ်၏နေရာသည် ရှီမာမျိုးနွယ်နေရာနှင့် မျက်နှာချင်းဆိုင်ဖြစ်သည်။ အခုချိန်သည် စောနေသေး၍ နာလန်မျိုးနွယ်မရောက်သေးသော်လည်း စားပွဲပေါ်တွင် နာလန်မျိုးနွယ်ဟု အမည်တပ်ထားလေသည်။
အဂ္ဂိရတ်ပညာရှင်များအသင်းနေရာသည် နာလန်မျိုးနွယ်၏ အထက်တွင်ဖြစ်သည်။ မိုလီနှင့် မူရုန်အန်းတို့ သူတို့နေရာများတွင်ထိုင်နေကြသည်ကို တွေ့ရပြီး ဝူလင်းနှင့် ရှီလေတို့သည်တစ်နေရာသို့ သွားနေခဲ့ကြသည်။
သို့သော် တစ်ချက်ကြည့်ရုံနှင့်ပင် သူတို့သည် အဆင့်အတန်းမြင့်သည်ကို တွေးလို့ပင်ရသည်။ သူတို့ကို ဘယ်လိုလုပ် သာမာန်လူအများနှင့် အတူစောင့်ခိုင်း၍ရပါမလဲ။
ရှီမာယူယူနှင့် တခြားသူများ သူတို့နေရာတွင် အသီးသီးထိုင်နေကြသည်ကို ကြည့်ကာ ရှီမိုလီသည် သူမအား မုန်းတီးစွာကြည့်လိုက်သည်။ နန်းတော်အဝင်ဝတွင်ဖြစ်ခဲ့သော ကိစ္စများကြောင့် သူမ မကျေနပ်သေးတာဖြစ်နိုင်သည်။
ရှီမာယူယူ သူတို့အားကြည့်လိုက်သော်လည်း ထိုမုန်းတီးသောအကြည့်အား ဂရုမစိုက်သလိုနေလိုက်သည်။ သူမ လက်သန်းအားထောင်လိုက်ကာ နှာခေါင်းကိုနှိုက်ပြီး နှာချေးဖတ်အား အရှေ့သို့ပစ်လိုက်သည်။
“ညစ်ပတ်လိုက်တာ” ရှီမာယူယူထိုကဲ့သို့ပြုလုပ်သည်ကို ရှီမိုလီအလွန်အမင်းရွံ့ရှာသွားပြီး ချက်ချင်း အကြည့်လွှဲလိုက်သည်။
“ဖတ်” ရှီမာယူယူ သူမဘယ်လက်နှာခေါင်းအားနှိုက်ပြီးနောက် ညာဘက်တစ်ဖက်ကိုနှိုက်ပြန်သည်၊ သို့သေည် ရှီမိုလီ သူမအားမကြည့်တော့သည်ကို တွေ့လိုက်သောအခါ အသာပဲနေလိုက်သည်။
“မူရုန်အန်းက ဘယ်လိုလုပ်အဂ္ဂိရတ်ပညာရှင်အသင်းနဲ့ အတူထိုင်ရတာလဲ”
ဘေးမှလူများသည် ထိုအကြောင်းအား တီးတိုးပြောနေကြပြီး ထိုအကြောင်းအရာအား သူမချက်ချင်းပင် အာရုံစိုက်မိသွားသည်။
သူမလည်းသိချင်သည် မူရုန်အန်းက ဘယ်လိုလုပ် အဂ္ဂိရတ်ပညာရှင်အသင်းနှင့်အတူ ထိုင်ရတာလဲ။
“အိုး.. မင်းမသိဘူးလား၊ သခင်ကြီးရှီက သူ့ကို သခင်အဖြစ်သတ်မှတ်ပြီး အဂ္ဂိရတ်ပညာကို စပြီးသင်နေတယ်လို့ မူရုန်အန်းပြောတာပဲ” နောက်တစ်ယောက်မှ ပြန်ဖြေသည်။
“တကယ်လား၊ အရင်က သူအဂ္ဂိရတ်ပညာသင်ချင်တယ်လို့ မူရုန်အန်းပြောတာမကြားဖူးပါဘူး၊ သခင်ကြီးရှီက အမြင်ရှိတယ်၊ သူ့ကိုဘယ်လိုလုပ်လက်ခံလိုက်တာပါလိမ့်”
“ဟီးဟီး မင်းတို့အားလုံးဒီအကြောင်းကို မသိသေးဘူးမလား” တခြားတစ်ယောက်မှ စကားဖြတ်ပြောလိုက်သည် “ဒီမူရုန်အန်းက မကြာခင်လက်ထပ်တော့မယ့် သူ့သမက်လောင်းလေ၊ သူတို့နှစ်ယောက် တပူးတူးတတွဲတွဲဖြစ်နေတာကြည့်ပါလား၊ သူုတို့နှစ်ယောက်လက်ထပ်သွားမှာပဲကြောက်တာ”
“သူနဲ့ နာလန်မျိုးနွယ်က နာလန်လန်နဲ့က အတွဲမဟုတ်ဘူးလား”
“မင်းသတင်းက ဒိတ်အောက်နေပြီ၊ မူရုန်အန်းနဲ့ နာလန်လန်နဲ့က အရင်က၊ ဒီနေ့ည နေရာတွေကိုဘယ်သူစီစဉ်တာလဲတော့ ငါမသိဘူး၊ ဒါပေမယ့် အဂ္ဂိရတ်ပညာရှင်အသင်းရဲ့နေရာကတော့ နာလန်မျိုးနွယ်နဲ့အရမ်းနီးနေတာပဲ ဟီးဟီ”
ရှီမာယူယူ သူမနှင့် မျက်နှာချင်းဆိုင်နေရာအားလှည့်ကြည့်လိုက်သည်။ မူရုန်အန်းအားမြင်သည်နှင့် နာလန်မျိုးနွယ်ကလူတွေရဲ့ မျက်နှာကဘယ်လိုဖြစ်သွားမှာပါလိမ့်၊ တွေးကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားတယ်။