နောက်ခရီးလမ်း
Vol. 85 Ch. 1179
“ခေါင်းဆောင်ကြီး”
“ပြန်လာတာ ကြိုဆိုပါတယ် ခေါင်းဆောင်ကြီး”
“တွေ့ရတာ ဝမ်းသာပါတယ် ခေါင်းဆောင်ကြီး”
အောင်းရှန်က ဝါစဉ်သဘောတရားကို ဂရုမစိုက်ဘဲ သူ့ကို နှုတ်ဆက်သူအားလုံးကို ပြန်လည်ခေါင်းညိတ်ပြခဲ့သည်။ သိပ်မကြာခင် သူက ကျင့်ကြံရေးဂူအတွင်း ရောက်ရှိလာကာ အားလုံးကို ပြန်လွှတ်လိုက်၏။ ထို့နောက် သူက ထိပ်တန်းအဆင့် အဖန်ရည်ကို ကျိုချက်ရင်း အပန်းဖြေလိုက်သည်။ သူက အဖန်ရည်ကို သောက်သုံးရင်း သူ့ခန္ဓာကိုယ်အတွင်း ညင်သာသည့် စွမ်းအားတစ်ခု ဝင်ရောက်လာကာ သူ့အာရုံကြောနှင့် စိတ်ပူပင်မှုများကို ပြေလျော့သွားစေသည်။
ချဲ့ထွင်မှုကတော့ အခြေခံ ပြီးသွားပြီ။ ငါ နတ်ဆိုးမျိုးနွယ်အတွက် အရေးပေါ်အခြေအနေ ဖြစ်လာခဲ့ရင် အားကောင်းတဲ့ မဟာမိတ်တွေအတွက်ကိုလည်း ဖွဲ့စည်းပြီးသွားပြီဆိုတော့ အကျိုးအမြတ်တွေ အားလုံးရသွားပြီ။ အဲဒါဆိုတော့ ဘာဆက်လုပ်ရမလဲ…
အောင်းရှန်က တွေးလိုက်သည်။
သူက နတ်ဆိုးမျိုးနွယ်အတွက် ရွှေရောင်ခေတ်ကာလကို ဖန်တီးခဲ့၏။ လူများစွာက သူ့မြင့်တက်လာမှုအတွက် ထူးကဲပြောင်မြောက်သည့်အချိန်ကို အခွင့်ကောင်းယူသည်ဟု ပြောကြသော်လည်း သူ့အောင်မြင်မှုများကို မှေးမှိန်သွားစေခြင်းမရှိပေ။ အကယ်၍ ဂရုမစိုက်ပါက သူ့နေရာတွင် တခြားလူဆိုပါက သူ့လောက် အောင်မြင်မည်မဟုတ်ဘဲ နတ်ဆိုးမျိုးနွယ်ကိုပင် ဖျက်ဆီးပစ်မိလောက်သည်။
နတ်ဆိုးမျိုးနွယ်က တိုးတက်လာပြီဖြစ်သည့်အတွက် အောင်းရှန်အနေဖြင့် သူတို့၏ မျိုးတုန်းပျက်သုဉ်းသွားမှုအကြောင်း စိုးရိမ်စရာ မလိုတော့ပေ။ သူက အဆိုးဆုံးအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားမှုများစွာ ပြင်ဆင်ထားခဲ့၏။ ယခု သူ့အနေဖြင့် အနာဂတ်အကြောင်း စဉ်းစားရတော့မည်။
အခြေခံအုတ်မြစ် ကန့်သတ်ချက်က တဖြည်းဖြည်းနဲ့ ချဉ်းကပ်လာပြီ။ အဲဒါဆိုတော့ နောက်အဆင့်က ငါ့ရဲ့ အခြေခံအုတ်မြစ်ကို ပြန်လည်တည်ဆောက်ဖို့ပဲ။ ဒါပေမဲ့ ငါ ဒီနေရာမှာ လုပ်ရမလား။ ဒါမှမဟုတ် တက်လှမ်းပြီးမှ လုပ်ရမလားဆိုတာပဲ…
ထိုဖြစ်စဉ်အတွက် အကောင်းဆုံးရွေးချယ်မှုက ဒိုင်မေးရှင်းအမြင့် ဖြစ်၏။ အကြောင်းအရင်းကမူ အရင်းအမြစ် အလုံအလောက်ရှိ၍ ဖြစ်သည်။
ဒါပေမဲ့ နောက်ခံရှိတဲ့သူအတွက်ပဲ အဆင်ပြေမှာ။ ငါ့အတွက်ကရော…
ဝမ်ဝေ့မှာ တာအိုအခွင့်အလမ်းဂိုဏ်း ရှိတယ်။ ဖုန်းဟွမ်မှာ ဗုဒ္ဓဘာသာ ရှိတယ်။ ဟို့ဖုန်းဟွမ်က ရှေးဟောင်းမျိုးနွယ်ရှိပြီးတော့ ရှုရှစ်ကတော့ ဧကရာဇ်ခုံအပေါ်မှာ မှီခိုလို့ရတယ်…
နတ်ဆိုးမျိုးနွယ်ရဲ့ အသက်ရှင်တဲ့ ပါရမီရှင်တွေက တက်လှမ်းသွားပေမဲ့ သူတို့တွေအနေနဲ့ ထိပ်တန်းမျိုးနွယ်ကို တည်ထောင်နိုင်မဲ့ အခွင့်အရေးက သိပ်မများဘူး။ ငါ့အနေနဲ့ အကောင်းဆုံးရွေးချယ်မှုက ပင်ကိုနတ်ဆိုးနတ်ဘုရားတွေပဲ။ ဒါပေမဲ့ နက်ရှိုင်းတဲ့ဆက်သွယ်မှုမရှိဘဲနဲ့ သူတို့က ငါ့ကို ထောက်ပံ့ပေးမှာလား။ ပြီးတော့ ငါက သူတို့ကို ယုံလို့ရမှာလား…
အောင်းရှန်က ဒိုင်မေးရှင်းအမြင့်၏ လက်ရှိဖရိုဖရဲအခြေအနေအကြောင်း သတင်းအချက်အလက်များကို ပြန်လည်တွေးတောလိုက်သည်။
တကယ်လို့ ပင်ကိုနတ်ဆိုးနတ်ဘုရားတွေက အဲဒီခုနစ်ယောက်ကို ထောက်ပံ့ပေးဖို့ ရွေးချယ်ထားတယ်ဆိုရင် ငါက သူတို့နဲ့ ပူးပေါင်းပေးရမှာလား။
ဝမ်ဝေ့က ဒီလူတွေကို သူ့ရန်သူအဖြစ် သတ်မှတ်ပြီးသွားပြီ…
အောင်းရှန်က ထိုမကောင်းဆိုးဝါးနှင့် ဆန့်ကျင်ဘက်တွင် ရပ်တည်မည့်အတွေးကို တွေးရင်းဖြင့်ပင် ခန္ဓာကိုယ်က တုန်တုန်ယင်ယင်ဖြစ်လာမိသည်။
သူက သူ့မာနနှင့် ဂုဏ်သိက္ခာရှိသည့်အတွက် အာဏာ သို့မဟုတ် လုပ်ပိုင်ခွင့် မရှိသည့်သူများထံ ဦးညွှတ်မည် မဟုတ်ပေ။ အထူးသဖြင့် သူတို့က သူ့ထက်အားကောင်းကြသည်မှာ သူ့ထက် အသက်ကြီး၍သာ ဖြစ်၏။
တကယ်တော့ အကောင်းဆုံးရွေးချယ်မှုက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာဆီ ပုံအပ်ထားလိုက်ဖို့ပဲ…
အောင်းရှန်က တွေးလိုက်သည်။
ဝမ်ဝေ့က ဒိုင်မေးရှင်းအမြင့်မှာလည်း အုပ်စိုးပြီး သူ့ကိုယ်ပိုင်ခေတ်ကာလကို ဖန်တီးမယ်ဆိုတာကို ခန့်မှန်းပြီးသားပဲ။ ငါက သူ့ဖိအားကို ငါ ကြီးထွားဖို့ အခွင့်အရေးအနေနဲ့ သုံးရင်သုံး ဒါမှမဟုတ်ဘူးဆိုရင် တခြားကမ္ဘာကိုသွားပြီးတော့ သူနဲ့ ယှဉ်နိုင်မဲ့အပြောင်းအလဲတချို့ကို ရှာဖွေဖို့ပဲ…
အောင်းရှန်က သက်ပြင်းချလိုက်သည်။
ထွက်သွားတာကို ထားလိုက်ပါဦး။ လက်ရှိအခြေအနေကိုပဲ အာရုံစိုက်ထားရအောင်။ ဒိုင်မေးရှင်းအမြင့်ရဲ့ အခြေအနေတွေအတွက် သတင်းအချက်အလက်တွေ လိုအပ်တယ်…
ဝမ်ဝေ့က အခြေခံကျသည့် သတင်းအချက်အလက်ကို ဖုံးကွယ်ထားခြင်း မရှိသော်လည်း အသေးစိတ်အချက်အလက်ကို ပြောပြမထားပေ။ အောင်းရှန်က သူ့ကို တန်ကြေးတစ်ခုပေး၍ မေးမြန်းဖို့ရာ ဆုံးဖြတ်ထား၏။
ဟမ် ကမ္ဘာတစ်ဝှမ်း ကြေညာချက်လား…
အိပ်မက်လောကကို စစ်ဆေးကြည့်စဉ် အိပ်မက်လောက ကောင်းကင်ယံအထက် ဝမ်ဝေ့ ရေးသားထားသည့် စကားလုံးများကို မြင်တွေ့လိုက်ရသည်။
သူက နောက်ထပ်တာအိုဆွေးနွေးမှုအတွက် မခေါ်တာ မဆန်းတော့ဘူး။ သူက ဒါကို စီစဉ်နေခဲ့တာပဲ…
အောင်းရှန်က ယခင်က ဆွေးနွေးပွဲအတွင်း အနည်းငယ် မျက်နှာပျက်စရာကောင်းခဲ့သည့်အတွက် ယခုအခါ စိတ်လှုပ်ရှားမိသည်။ ဤတစ်ကြိမ်က သူ့ကိုယ်သူ ပြန်လည်ပြင်ဆင်နိုင်ဖို့ အခွင့်အရေး ဖြစ်လာနိုင်သည်။ သူ့အနာဂတ်ကျင့်ကြံရေးအတွက် အကျိုးအမြတ်များကို အများကြီး ထည့်မပြောရသေးပေ။
ငါ့ဆီမှာ ကုသိုလ်၊ ကံကောင်းမှုနဲ့ ကမ္ဘာ့အရင်းအမြစ်တွေ လုံလုံလောက်လောက် ရှိတယ်။ ကျင့်ကြံဆင့်က ၄၅ရာခိုင်နှုန်းကို အလျင်အမြန် ရောက်ရှိသွားနိုင်တယ်။ ဒါပေမဲ့ ဒီပွဲက အားဖြည့်မှုနဲ့ဆိုရင် ၅၀ ရာခိုင်နှုန်းအထိ ရရှိသွားနိုင်တယ်…
သူက အိပ်မက်လောကမှ ထွက်ကာ ဟောပြောပို့ချချက်အတွက် ပြင်ဆင်လိုက်သည်။ သူက ဤဖြစ်ရပ်အတွင်း တာအိုစည်းချက်များ ထွက်ပေါ်လာမည်မှန်း မှန်းဆထား၏။ ထိုအရာက သူတို့၏ ဟောပြောပို့ချချက်အပေါ် မူတည်၍ မည်မျှအကျိုးကျေးဇူးရှိကြောင်း မြင်တွေ့နိုင်သည်။ အထွတ်အထိပ်ဧကရာဇ်၏ သတိပေးချက်ဖြင့် လူများစွာက သူတို့၏ အကျိုးအမြတ်အတွက်သာမက ဂုဏ်သိက္ခာအတွက်ပါ အကောင်းဆုံး ပြင်ဆင်ဖို့ ကြိုးစားကြလိမ့်မည်။
အောင်းရှန်က အဖန်ရည်ကို သောက်သုံးပြီး ပြင်ဆင်မှုစတော့မည့်ဆဲဆဲတွင် တစ်စုံတစ်ခုကို ခံစားမိ၍ မျက်မှောင်ကြုတ်လိုက်သည်။
“မင်းက ဘာလို့ ဒီရောက်လာတာလဲ”
ဟို့ဖုန်းဟွမ်၏ ပုံရိပ်ယောင်က သူ့ကျင့်ကြံရေးဂူအတွင်း ပေါ်ထွက်လာ၏။
“ရှင်နဲ့ လာပြီး ဆွေးနွေးတာ”
“အိုး ငါ နားထောင်နေတယ်။ ဒါပေမဲ့ ငါ စိတ်မပါလို့ မင်းကို အဖန်ရည်တော့ ဧည့်မခံတော့ဘူး” အောင်းရှန်က အဖန်ရည်တစ်ငုံ သောက်ကာ ပြောလိုက်သည်။
ဟို့ဖုန်းဟွမ်က ထိုစကားကို လျစ်လျူရှုထားလိုက်ပြီး ပြောလိုက်သည်။
“ကျွန်မတို့ထက်အရင် သူ့ကို တက်လှမ်းအောင် ဖျောင်းဖျဖို့ဆိုတာ ဖြစ်နိုင်မလား”
“ငါတို့ထက်အရင် တက်လှမ်းဖို့လား” အောင်းရှန်က တစ်စုံတစ်ခု သဘောပေါက်သွားဟန်ဖြင့် ရေရွတ်လိုက်သည်။
“မင်းရဲ့ လျှို့ဝှက်လုံခြုံရေးသေတ္တာကို စိုးရိမ်နေတာလား”
“ကျွန်မ ဘယ်နေရာမှာ သိမ်းတယ်ဆိုတာကို သူက လွယ်လွယ်နဲ့ သိမယ်ဆိုတာ သိသာတယ်”
“မင်း ဘယ်လိုခံစားရတယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ အသုံးမဝင်ဘူး။ ဒီအချက်ကို လက်ခံပြီးတော့ လုပ်စရာသာ ဆက်လုပ်တော့” အောင်းရှန်က ပြောလိုက်သည်။
“ရှင်က ကျွန်မအစီအစဉ်ကို နည်းနည်းလေးမှတောင် မတွေးတော့ဘူးလား”
“ဒီပြဿနာရဲ့ အကြောင်းအရင်းက ငါတို့တွေက နောက်ကောက်ကျ ကျန်နေခဲ့လို့ပဲ” အောင်းရှန်က ပြန်ဖြေလိုက်သည်။
“ဒိုင်မေးရှင်းအနိမ့်က ဖရိုဖရဲဖြစ်နေတာ။ ငါတို့အတွက် အကောင်းဆုံးလှုပ်ရှားမှုက တတ်နိုင်သမျှ ငါတို့ရဲ့ စွမ်းအားကို မြန်မြန် တိုးမြှင့်အောင်လုပ်ဖို့ပဲ။ ဒါပေမဲ့ ငါတို့ရဲ့ ကျင့်ကြံဆင့်က မြင့်မားလေလေ အခြေခံအုတ်မြစ်ကို ပြန်လည်ဖွဲ့စည်းဖို့ ခက်ခဲလေလေပဲ။ ဒါပေမဲ့ သူ့ဆီမှာ အဲဒီပြဿနာ မရှိဘူး။ သူက နောက်အဆင့်အထိ အခက်အခဲမရှိ ကျင့်ကြံနိုင်လိမ့်မယ်” အောင်းရှန်က ရုတ်ချည်းရပ်တန့်ကာ အမှန်တရားကို သဘောပေါက်သွားလေသည်။ သူက ဟို့ဖုန်းဟွမ်ကို ကြည့်လိုက်စဉ် သူမကလည်း တူညီစွာ သဘောပေါက်သွားခဲ့၏။
“အဲဒါဆိုတော့ ဒါက သူ့အစီအစဉ်ပေါ့” ဟို့ဖုန်းဟွမ်က ရေရွတ်လိုက်သည်။
“သူ့ချဲ့ထွင်မှုနဲ့ အာဏာအတွက် လိုအပ်နေတာက အရင်းအမြစ်ကို စုဆောင်းတာမျိုး သူ့ဒဏ္ဍာရီနဲ့ သမိုင်းကြောင်းကို ဖြန့်ပြီး သူ့ကို သတ်ဖို့ ခက်ခဲရအောင် လုပ်တာမျိုးတင် မကဘဲနဲ့ အထက်ပိုင်းက စစ်ပွဲအတွက်ကိုပါ ကြိုတင်ပြင်ဆင်နေခဲ့တာပဲ”
သူမ၏ မူလအစီအစဉ်က အစစ်အမှန် ထာဝရဧကရာဇ်အားလုံးကို စုစည်းပြီး သူတို့၏ ကုသိုလ်အားလုံးကို အသုံးပြုကာ ဝမ်ဝေ့အား သူတို့ထက်အရင် တက်လှမ်းသွားစေဖို့ ဖြစ်၏။ ယခု သူမက သူ မတက်လှမ်းခင် စောင့်ဆိုင်းဖို့ရာ ရွေးချယ်စရာအနည်းငယ်မျှသာ ကျန်ရှိတော့သည်။
ပထမဦးစွာ သူမအနေဖြင့် စောင့်ဆိုင်းပြီး အချိန်ဖြုန်းတီးရမည် ဖြစ်၏။ ဒုတိယအနေဖြင့် သူမက သူ ထွက်သွားသည်ကို စောင့်နေရင်း ကျင့်ကြံရမည်။ ထိုအရာက သူမ၏ တာအိုအုတ်မြစ် ပြန်လည်ဖွဲ့စည်းမှုအတွက် အန္တရာယ် ဖြစ်လာနိုင်၏။ နောက်ဆုံးတွင် သူမက ပြန်လည်ဖွဲ့စည်းမှုကို ရယူရင်း ဒိုင်မေးရှင်းအနိမ့်တွင် အခက်အခဲအားလုံးကို ခံယူဖို့ ဖြစ်သည်။
အောင်းရှန်က သက်ပြင်းချပြီးသည့်နောက်တွင် အဖန်ရည်ခွက်ကို သိမ်းဆည်းကာ သေရည်အိုးကို ထုတ်လိုက်သည်။ သူက အဖုံးကို ဖွင့်လိုက်သည့်အခါ သွေးနံ့တစ်ခု ထွက်ပေါ်လာ၏။ သွေးဖြင့် ကျိုချက်ထားသည့် သေရည်က သူ့သွေးနှင့် သွေးကြောများအတွင်း စီးဆင်းသွားကာ အသက်ဓာတ်ပြည့်ဝလာသလို ခံစားလိုက်ရသည်။
“ငါတို့တွေ ဘယ်လိုပဲတွေးတွေး သူက ပိုပြီး ရှုပ်ထွေးတယ်။ အဆုံးသတ်မရှိတဲ့ ချောက်နက်ကြီးလိုပဲ။ ငါတို့တွေက ခြေလှမ်းငါးလှမ်းလောက် စဉ်းစားနိုင်တယ်ဆိုရင် သူက ဒါဇင်ချီ ကြိုစဉ်းစားနိုင်လိမ့်မယ်။ ဒီလိုလူမျိုးနဲ့ တစ်ခေတ်ထဲမှာ မွေးဖွားလာရတာက တကယ်ကို ဆိုးရွားတာပဲ”
“ရှင်က လက်လျှော့တော့မှာလား”
“ဘယ်ဟုတ်မလဲ” အောင်းရှန်က ငြင်းဆန်လိုက်သည်။
“ပညာရှိတွေက မကျော်လွှားနိုင်တဲ့ တောင်ကို လက်မလျှော့သရွေ့ ကြိုးစားကြည့်ဖို့ ထိုက်တန်တယ်ဆိုတာကို မပြောခဲ့ဘူးလား။ ပြီးတော့ ငါက သူ့ကို မကျော်လွှားနိုင်တဲ့ အတားအဆီးအဖြစ် အပြည့်အဝ လက်မခံရသေးဘူး”
“ရှင့်ဆီမှာ ဒီလိုစိတ်ဓာတ်ရှိတာ ကောင်းတာပေါ့” သူမက ထိုစကားကို သဘောတူလေသည်။
“တက်လှမ်းပြီးတဲ့နောက်မှာ ရှင် ဘာလုပ်မှာလဲ”
“မင်းက ဘာလို့ မေးတာလဲ” သူက သတိထားကာ မေးလိုက်သည်။
“ရှင့်မှာ သွားစရာမရှိရင် ကျွန်မတို့ ရှေးဟောင်းမျိုးနွယ်ကို လာလို့ရတယ်”
“မင်းက ငါ့သွေးမျိုးဆက်ကို လိုချင်နေတာပဲ”
“ဒါပေါ့” ဟို့ဖုန်းဟွမ်က ခေါင်းညိတ်လိုက်သည်။
“ရှင်သာ လူသားတစ်ယောက်နဲ့ မိသားစု စဖို့ သဘောတူသရွေ့ ရှင့်ရဲ့ နာမည်ကို ထိန်းသိမ်းပြီးတော့ မြင့်မားတဲ့ အဆင့်အတန်းကို ရယူနိုင်တယ်”
“မဖြစ်နိုင်တာ”
“ဘာလို့ တွေးမကြည့်တာလဲ”
“ဒီလိုကတိစကားခံဖို့ မင်းဆီမှာ အဆင့်အတန်းရောရှိလို့လား”
“ကျွန်မရဲ့ ထာဝရဧကရာဇ်တစ်ယောက်က ဒီလိုမြင့်မားတဲ့ အဆင့်အတန်းမရှိဘဲ နေမလား”
အောင်းရှန်က ဆွံ့အသွားလေသည်။
“ဘာပဲဖြစ်ဖြစ် သွားတော့”
သူက စိတ်ပျက်လက်ပျက်ဖြင့် ပြောကာ ဆက်လက်သောက်သုံးလိုက်သည်။ သူက လူသားများဖြင့် လက်ထပ်မည် မဟုတ်ကြောင်း သိလေသည်။ သူက သူတို့ကို မမုန်းတော့သော်လည်း သူတို့ကို သဘောကျခြင်း မရှိပေ။ ထို့ကြောင့် သူ့အနေဖြင့် လက်တွဲဖော်ကို ရွေးချယ်ပါက လူသားတစ်ယောက်ဖြစ်မည် မဟုတ်ပေ။
“ရှင် သေချာစဉ်းစားကြည့်သင့်တယ်” ဖုန်းဟွမ်က ပျောက်ကွယ်မသွားခင် ပြောခဲ့သည်။ ယခု သူမက အရန်အစီအစဉ်ဖြစ်သည့် သူမ၏ လျှို့ဝှက်လုံခြုံရေးသေတ္တာကို အထွတ်အထိပ်(၁)ဆီ ချန်ထားပြီး ဝမ်ဝေ့ ထွက်သွားပြီးသည့်နောက်မှ ဝှက်ခိုင်းရမလားဟု စဉ်းစားနေမိသည်။ ထို့နောက် သူမ ချန်ထားခဲ့သည့် စွမ်းအားက ထိုသတင်းအချက်အလက်ပါဝင်နေသည့် အထွတ်အထိပ်သားရဲ(၁)၏ မှတ်ဉာဏ်ကို ရှင်းထုတ်ပစ်နိုင်မည်။
ထိုကိစ္စရပ်၏ ပြဿနာအကြောင်းအရင်းကမူ များစွာရှိ၏။ နမူနာအနေနှင့် အထွတ်အထိပ်သားရဲ(၁)တွင် တစ်စုံတစ်ခုမှားယွင်းသွားပြီး အစကတည်းက သူမ၏ လျှို့ဝှက်လုံခြုံရေးသေတ္တာရှိမည့် အခွင့်အရေးကို ဖျက်ဆီးပစ်နိုင်ချေရှိသလို …. ဆုံးရှုံးထားသော မှတ်ဉာဏ်များကို ပြန်လည်ယူဆောင်နိုင်မည့် နည်းလမ်းများ၊ ရှေးဟောင်းမျိုးနွယ်၏ အတွင်းရေးပဋိပက္ခတို့ဖြင့် ပေါက်ကြားသွားနိုင်ခြင်း သို့မဟုတ် အထွတ်အထိပ်သားရဲ(၁)က သူမ၏ လုံခြုံရေးသေတ္တာကို မသိမ်းဆည်းနိုင်ခင် ရုတ်တရက် သေဆုံးသွားခြင်းတို့လည်း ဖြစ်နိုင်ချေရှိသည်။ ဟို့ဖုန်းဟွမ်က ဘာလုပ်ရမှန်း မသိတော့ဘဲ ထိုအကြောင်းအရာက သူမအား ညတိုင်းစဉ်းစားမိစေပြီး ဝိရောဓိ ဖြစ်လာစေသည်။