← Chapters

လမ်းစဉ်သုံးသွယ် ကိုယ်သုံးခုပညာရပ်

Vol. 85 Ch. 1180

လမ်းစဉ်သုံးသွယ် ကိုယ်သုံးခုပညာရပ်

Vol. 85 Ch. 1180

ဝမ်ဝေ့က သူ့ကိုယ်သူ ကုသဖို့ ကျင့်ကြံရေး ပြန်လည်ဝင်ရောက်ခဲ့ပြီး နည်းစနစ်အသစ်တစ်ခုကို ဖန်တီးခဲ့သည်။ အောင်းရှန်နှင့် ဟို့ဖုန်းဟွမ်တို့၏ စကားဝိုင်းအတွက်မူ သူက မသိသလို ဂရုလည်းမစိုက်ပေ။ သို့သော်လည်း သူ သိလျှင်ပင် သူက ထိုသူများ၏ လျှို့ဝှက်လုံခြုံရေးသေတ္တာများ၏ တည်နေရာများကို သိအောင်လုပ်ဖို့ စီစဉ်ထားသည့်အတွက် သဘောတူမည် မဟုတ်ပေ။ ယခု သူနှင့် ထိုသူများ၏ ဆက်ဆံရေးက အကောင်းဖက်တွင် ရှိနေသော်လည်း နောင်အနာဂတ်တွင် အတူတူဖြစ်နေပါ့မလား မသေချာပေ။

သူတို့၏ လျှို့ဝှက်လုံခြုံရေးသေတ္တာကို သိထားပြီး လိုအပ်လာသည့်အခါ သတ်ဖြတ်သည့် ပိုမိုလွယ်ကူဖို့ နည်းလမ်းတစ်ခုရှိထားခြင်းက ထူးချွန်ပြောင်မြောက်သည့် လှုပ်ရှားမှုတစ်ခု ဖြစ်၏။ ထိုသတင်းအချက်အလက်တစ်ခုတည်းကပင် ထိုသူများအား ရန်သူဖြစ်လာဖို့ တားဆီးနိုင်သည်။ သူ့သီးသန့်ကျင့်ကြံရေးအတွင်း နှစ်သန်းနှစ်ရာ ကုန်ဆုံးသွားခဲ့သော်လည်း အပြင်ဘက်တွင် နှစ်တစ်သောင်းမျှသာ ရှိသေး၏။ နောက်ဆုံးတွင် ဝမ်ဝေ့က မျက်လုံးဖွင့်လာကာ အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့ခန့်ညားသည့်မျက်နှာနှင့် တောက်ပသည့် ဆံပင်တို့က ပုံမှန်ပြန်ဖြစ်သွားပြီး သူ့အရှိန်အဝါကလည်း အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိလာသည်။

“ကျန်းမာတာ ကောင်းသားပဲ” ဝမ်ဝေ့က လက်သီးဆုပ်ကာ သူ့စွမ်းအားနှင့် သက်ဝင်လှုပ်ရှားမှုတို့ကို ခံစားရင်း ရေရွတ်လိုက်သည်။

“ပြီးတော့ ဒီလိုမျိုး ခပ်ချောချောမျက်နှာက ပျက်စီးသွားရင် နှမြောစရာပဲ။ အဲဒါကြောင့် မိုးမြေတောင် ငိုကြွေးကြလိမ့်မယ်”

ဝမ်ဝေ့က သူ့ကိုယ်သူ ပြုံးလိုက်ရင်း သူ့ကြွားလုံးစကားကို နားထောင်မည့် တခြားသူမရှိသည်မှာ နှမြောဖို့ကောင်းကြောင်း တွေးလိုက်မိသည်။ သူက ခေါင်းအသာယမ်းပြီး အရေးကြီးသည့်ကိစ္စကို အာရုံစိုက်ထားလိုက်သည်။

“အခု စမ်းကြည့်ရအောင်” သူက ရေရွတ်လိုက်သည်။

“ပထမဆုံးက ဗုဒ္ဓဘာသာ”

ဗုဒ္ဓကိုယ် ၁၀၈ခုက သူ့ရှေ့တွင် ပေါ်ထွက်လာပြီး ဗုဒ္ဓသင်္ကန်းကို ဝတ်ဆင်ထားပြီး သူတို့ လက်ဝါးများက လက်အုပ်ချီထားကာ ခန္ဓာကိုယ်ရွှေရောင် အလင်းတန်း ထုတ်လွှတ်နေသည်။ သူတို့ဦးခေါင်းကို ကတုံး တုံးထားသော်လည်း အင်မတန် ခန့်ညားနေဆဲ ဖြစ်၏။

“နောက်တစ်ခုက တာအိုဘာသာ” ယင်ယန်နှင့် ထိုက်ချီသင်္ကေတပါဝင်သည့် အဖြူအနက်တာအိုဝတ်စုံကို ဝတ်ဆင်ထားသည့် ဝမ်ဝေ့၏ ပုံရိပ်က ဒါဇင်ချီ ပေါ်ထွက်လာခဲ့သည်။ စုစုပေါင်း တာအိုကိုယ် ၇၂ ခုရှိ၏။

“နောက်ဆုံးအနေနဲ့ မိစ္ဆာ” နောက်ဆုံးသော ဆင့်ခေါ်မှုက မိစ္ဆာကိုယ် ၃၆ခု ဖြစ်၏။

သူတို့က ထူးထူးဆန်းဆန်း အသွင်ရှိကြပြီး တချို့က မျက်လုံးနီနှင့် ဆံပင်နီရှိကာ တချို့က ခရမ်းရောင်ဆံပင်ရှိထားပြီး တချို့ကမူ လက်သည်းနှင့် ဦးချိုများပါရှိသည်။ တချို့ကမူ တိရစ္ဆာန်အစိတ်အပိုင်းများ ပါရှိနေလေ၏။

“အခု ပြီးမြောက်သွားပြီဆိုတော့ စွမ်းအားအပြည့် စမ်းသပ်ကြည့်ရအောင်” ဝမ်ဝေ့က ရေရွတ်ရင်း မျက်လုံးကို မှိတ်ကာ သူ့ကံကြမ္မာ မဟာတာအိုအရင်းအမြစ်ကို နားလည်အောင် လုပ်လိုက်သည်။

အမည်မသိ အချိန်တစ်ခု ကြာမြင့်ပြီးသည့်နောက်တွင် သူက သက်ပြင်းချလိုက်၏။

“ကျင့်ကြံနှုန်းက အနာဂတ်ဗုဒ္ဓကိုယ် ၂၅၀ လောက်ပဲ။ ၁၀၈ ခု ထက်စာရင်တော့ ကောင်းပါတယ်လေ”

သူက လမ်းစဉ်သုံးသွယ် ကိုယ်သုံးခုပညာရပ်ဟု ခေါ်ဆိုသည့် နည်းစနစ်အသစ်ကို ကြည့်ရင်း ကျေနပ်နေမိသည်။ ထိုအတွေးအခေါ်က ပြောင်မြောက်ပြီး ပိုမိုအားကောင်းလာသင့်သည်ဟု ခံစားမိနေသည်။

ဗုဒ္ဓကိုယ်က များများစားစား ပြောင်းလဲသွားခြင်းမရှိဘဲ ကျင့်ကြံရေးအပေါ် နားလည်နိုင်စွမ်းနှင့် သူ့စွမ်းအားအသစ်တို့ကြောင့် အနည်းငယ်မျှ ဆင့်ကဲပြောင်းလဲသွားခြင်းဖြစ်သည်။ တာအိုကိုယ်ကမူ ကွမ်တန်ကွန်ပြူတာများမှ လှုံ့ဆော်မှု ရယူထား၏။ သာမန်ကွန်ပြူတာများက Bits ဟုခေါ်ဆိုသည့် ၀ နှင့် ၁ စနစ်ပေါ်တွင် အလုပ်လုပ်လေ့ရှိပြီး ကွမ်တန်ကွန်ပြူတာများကမူ ၀၊ ၁ သို့မဟုတ် နှစ်ခုလုံးကို ကိုယ်စားပြုနိုင်သည့်  (Qubits) စနစ်ကို အသုံးပြုထားသည်။

ဝမ်ဝေ့က Qubits စနစ်ကို အစားထိုးနိုင်သည့် သူ့ယင်ယန်တာအိုကို အသုံးပြုခဲ့ပြီး ကွမ်တန် ကွန်ပြူတာအပေါ် နားလည်နိုင်စွမ်းကို တာအိုကို ဖွဲ့စည်းဖို့အတွက် အသုံးပြုခဲ့သည်။ ထိုအရာက မဟာတာအိုအရင်းအမြစ်ကို နားလည်ဖို့အတွက် မယုံနိုင်လောက်ဖွယ် ကောက်ချက်ချနိုင်စွမ်း သို့မဟုတ် တွက်ချက်နိုင်စွမ်းတို့ကို ပိုင်ဆိုင်ထား၏။

နောက်ဆုံးအနေဖြင့် မိစ္ဆာကိုယ်ကမူ အတွေးနှင့် အစီအစဉ်များစွာ ရောနှောပေါင်းစည်းထား၏။ သူက နည်းပညာ၏ ဘိုင်နရီ စနစ်ကို အသုံးပြုကာ စူပါကွန်ပြူတာကို ကိုယ်စားပြုနိုင်သည့် မိစ္ဆာကိုယ်များကို ဖန်တီးခဲ့သည်။ ထိုမိစ္ဆာက ယုံကြည်မှုစွမ်းအားအပေါ် နားလည်နိုင်စွမ်းမှ ဖွဲ့စည်းထားခြင်းဖြစ်ပြီး ထိုမိစ္ဆာ၏ စွမ်းရည်က ကျင့်ကြံရေးနားလည်မှုကို အားဖြည့်ဖို့ရာ ယုံကြည်မှုစွမ်းအားကို အသုံးပြုနိုင်သည်။

သို့သော် မိစ္ဆာများကမူ ကံကောင်းမှု၊ လောကအရင်းအမြစ်၊ ကုသိုလ်၊ ဝိညာဉ်စွမ်းအားနှင့် တခြားသော စိတ်ခံစားချက်များအတွက် အလုပ်ဖြစ်၏။ ဝမ်ဝေ့က ယင်စန္ဒာနန်းဆောင်မှ ခိုးယူထားသည့် ဗဟုသုတများကို အသုံးပြုကာ ချီယွီလျှို့ချင် မိစ္ဆာများကိုပင် ဖန်တီးခဲ့သည်။ မိစ္ဆာတစ်ယောက် ကျန်းပိယု၏ သန့်စင်သော စိတ်အနေအထားကိုပင် ပုံတူပွားနိုင်၏။

ဆိုးတာက ဒီနည်းစနစ်က အနာဂတ်မူလဗုဒ္ဓကိုယ်ကိုတော့ အစားမထိုးနိုင်ဘူး။ ဒါပေမဲ့ လုံလောက်နေပါပြီလေ…

ဝမ်ဝေ့က တွေးလိုက်သည်။

ပိုပြီးအရေးကြီးတာက ငါ့ဆီမှာ ပိုကောင်းတဲ့အရာတစ်ခု ရှိနေသေးတယ်…

သူက လမ်းစဉ်သုံးသွယ် ကိုယ်သုံးခုပညာရပ်နှင့် တခြားနည်းစနစ်တစ်ခုကြောင့် ထူးကဲသည့် ချီတချို့ကို စုပ်ယူထားခဲ့သော်လည်း ကုသဖို့ရာ နှစ်သန်းနှစ်ရာ အချိန်ယူခဲ့ရသည်။ သို့သော်လည်း ထိုအရာက ရှေ့ပြေးပုံစံအဖြစ်သာ မှတ်ယူ၍ရသေး၏။ သို့သော် သူက ထိုနည်းစနစ်ကို ပြီးမြောက်အောင် လုပ်ဆောင်ပြီးသည့်အခါတွင်ပင် မဟာတာအိုဘက်မှ ကန့်သတ်လာမည်ကို တားဆီးဖို့ရာအတွက် သူက ရှေးဦးစံပြအဆင့် မရောက်သရွေ့ ထုတ်ဖော်မည် မဟုတ်ပေ။ ထို့အပြင် သူက ဤအရာသည် သူ့အနာဂတ် အရေးပေါ်ဝှက်ဖဲများထဲမှ တစ်ခုအဖြစ် မှတ်ယူထား၏။

နောက်ဆုံးတွင် ဝမ်ဝေ့က သီးသန့်ကျင့်ကြံရေးမှထွက်လာပြီး သူ့အမေနှင့် အဖေတို့ကို သွားရောက်တွေ့ဆုံခဲ့သည်။ မိသားစုက ရက်အနည်းငယ်ကြာ အချိန်ဖြုန်းခဲ့ပြီးသည့်နောက်တွင် လုပ်ငန်းဆောင်တာများကို ဆက်လက် လုပ်ကိုင်လိုက်ရ၏။ ပထမဦးဆုံးကိစ္စက ဒိုင်မေးရှင်းအနိမ့်၏ အခြေအနေများကို စစ်ဆေးကြည့်ဖို့ ဖြစ်သည်။

အခြေအနေက တည်ငြိမ်နေပြီး ကမ္ဘာအသိုက်အဝန်း ၃၈၀၀ လုံးက သူ့အုပ်ချုပ်မှုအောက် ရောက်ရှိနေသည်။ သူတို့အားလုံးတွင် အိပ်မက်လောက၊ ဉာဏ်အလင်းပွင့်ဗိမာန်၊ သေမျိုးလူမှုအဖွဲ့အစည်း၊ နတ်ဆိုးကျောင်းတော် (ကမ္ဘာများအပေါ် မူတည်၍)နှင့် ခုံရုံးတို့ ရှိကြသည်။ ထိုအရာကို ခုခံတားဆီးသည့် ပြဿနာရှာသူတချို့ရှိခဲ့သော်လည်း အဆုံးမဲ့လေဟာနယ်တစ်လျှောက် ဝမ်ဝေ့၏ ဂုဏ်သတင်းက ထိုသူများ၏ အရေအတွက်အား နည်းပါးသွားစေသည်။

ဝမ်ဝေ့က အသက်ပြင်းပြင်းရှူကာ

“ဒီလောက်တောင် ယုံကြည်မှုစွမ်းအားတွေ အများကြီးပဲ”

သေမျိုးနှင့် ကျင့်ကြံသူများက သူ့ကို နတ်ဘုရား၊ ကယ်တင်သူ၊ သူရဲကောင်းသဖွယ် ကိုးကွယ်ကြလေသည်။ ထို့အပြင် ထိုသို့သော ကိုးကွယ်မှုမျိုးက မျိုးနွယ်နှင့် ကမ္ဘာများကိုပင် သာလွန်နေသည့်အတွက် အဖက်ဖက်မှ ရောက်ရှိလာ၏။ ထို့အပြင် တချို့သော သေမျိုးများက သူ့အား မျိုးဆက်အလိုက် ကိုးကွယ်ကြသည်။ သေမျိုးများက ယခုအခါ ယခင်ထက် ပိုမိုရှည်လျားသည့် သက်တမ်းရှိနေသော်လည်း တချို့သော ကမ္ဘာများ၌ပင် နှစ်တစ်သောင်းက သူတို့အတွက် အင်မတန်ရှည်လျားသည့် အချိန်ကာလဖြစ်နေဆဲ ဖြစ်၏။

“တကယ်ကို ထူးချွန်ပြောင်မြောက်တဲ့ ခေတ်ကာလပဲ” ဝမ်ဝေ့က ရေရွတ်ပြီး မျက်လုံးအသာမှိတ်လိုက်ကာ သူ့တည်ရှိမှုကို ခံစားလိုက်သည်။ သူက သူ့တည်ရှိမှုကို ဖျောက်ဖျက်ဖို့ ကြိုးစားသည့်သူများ၏ မျက်နှာ ဘယ်လိုဖြစ်သွားမလဲ မြင်မိသည်။ သူ့နောက်ထပ်ဦးတည်ချက်က သူ မရှိစဉ်အချိန်အတွင်း အပြောင်းအလဲများကို အသေးစိတ်နားလည်ဖို့အတွက် ပြည်တွင်းရေးရာ နှင့် ပြည်ပရေးရာ စီမံခန့်ခွဲသူများဖြင့် တွေ့ဆုံကာ အစည်းအဝေးကျင်းပဖို့ ဖြစ်၏။ ထိုပျင်းစရာကောင်းသည့် စာရွက်စာတမ်းကိစ္စများကို ဖြေရှင်းပြီးသည့်နောက်တွင် သူက ရှုရှစ်ဆီ သွားရောက်လည်ပတ်ခဲ့ပြီးနောက် သုံ့လီဖန်းဆီ ဦးတည်လိုက်သည်။

“ဘယ်လိုလဲ။ စကားကောင်းကောင်း မပြောရတာတောင် ကြာပြီ” ဝမ်ဝေ့က သူမကို အဖန်ရည်သောက်သုံးဖို့ ခုံရုံး၏ ဥယျာဉ်အတွင်း ဖိတ်ကြားခဲ့သည်။

“ရှင်က အလုပ်ရှုပ်နေတာဆိုတော့ နားလည်ပါတယ်” သုံ့လီဖန်းက ပြန်ပြောလိုက်၏။

“အခု မင်း အခြေကျသွားပြီမလား”

“ဟုတ်တယ်” သုံ့လီဖန်းက ပြန်ဖြေလိုက်သည်။

“အစတုန်းက ဒီလူတွေက ကြင်နာပြီးတော့ ရက်ရောတယ်ဆိုပေမဲ့ နည်းနည်းတော့ စိတ်မတင်မကျဖြစ်နေတာ။ ဒါပေမဲ့ ဂိုဏ်းရဲ့ စနစ်နဲ့ အခုတော့ အပြည့်အဝ နေသားကျသွားပြီထင်တယ်” သုံ့လီဖန်း၏ ဝန်လေးမှုက ပျောက်ဆုံးသွားပြီဖြစ်ကာ ဤသို့အားကောင်းသည့်ဂိုဏ်းက သူမကို ကာကွယ်ပေးနေသည့်အချက်ကို သဘောကျလာမိသည်။

“မင်းရဲ့ ခင်ပွန်းရော … သူ့ရဲ့ လူဝင်စားကို ပြန်တွေ့ပြီလား”

“မတွေ့သေးဘူး။ ရှင် ကျွန်မအတွက် စစ်ဆေးပေးလို့ရမလား” သုံ့လီဖန်းက တစ်စုံတစ်ခုကို အမှတ်ရသွားကာ မေးလိုက်သည်။

“ကိစ္စမရှိဘူး”

ဝမ်ဝေ့က လောကဧကရာဇ်သုံးပါးဂုဏ်ပုဒ်ကို အသုံးပြုကာ စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် မျက်မှောင်ကြုတ်လိုက်သည်။

“တစ်ခုခု မှားနေလို့လား” သူမက အလျင်အမြန်မေးလိုက်သည်။

“မဟုတ်ဘူး။ သူက အခုထိ ပြန်လည်မဝင်စားရသေးဘူး။ သူက ဒိုင်မေးရှင်းအမြင့်ရဲ့ မဟာဧကရာဇ်သုံးပါးရှိတဲ့ ပညာရှင်ဧကရာဇ်မျိုးနွယ်မှာ ပြန်လည်မွေးဖွားဖို့အတွက် ကံကြမ္မာဖန်လာတာ။ အဲဒါကို ပြောင်းလဲပေးစေချင်လား။ ငါ့ဆီမှာ ဒီလုပ်ပိုင်ခွင့်တော့ ရှိတယ်”

“ဒိုင်မေးရှင်းအမြင့်က မလုံခြုံဘူး။ အဲဒီမိသားစုကတော့ သူ့အတွက် ပြီးပြည့်စုံပါတယ်။ ဒါပေမဲ့ တခြားအရှုပ်အထွေးရှိလာမှာ စိုးတယ်”

“သူ့ကို ဝမ်မျိုးနွယ်ထဲ ထည့်လိုက်ပြီး ပြန်လည်ဝင်စားခိုင်းရင် ဘယ်လိုလဲ” ဝမ်ဝေ့က အကြံပြုလိုက်သည်။

“ကျွန်မကို ပိုပြီး ချည်နှောင်ထားချင်တာလား” သူမက ကြည့်ရင်း မေးလိုက်သည်။

“ငါ ဖုံးကွယ်မနေတော့ပါဘူး” ဝမ်ဝေ့က ဝန်ခံလိုက်သည်။

“အဲဒါကလည်း မဆိုးပါဘူး။ ရှင် ထွက်သွားပြီးတဲ့နောက်မှာ တခြားသူတွေက သစ္စာရှိမှုနဲ့ ပတ်သက်ပြီးတော့ ကျွန်မကို ပြဿနာရှာလာနိုင်တယ်။ သူတို့မျိုးနွယ်က ခင်ပွန်းတစ်ယောက်က ဒီအရာတွေကို ကြိုတင်ပြီးတော့ တားဆီးနိုင်လိမ့်မယ်။ ပြီးတော့ ကျွန်မ အဆင့်အတန်းကိုလည်း အာမခံလိမ့်မယ်။ ပြီးတော့ သူသာ ဝမ်မျိုးနွယ်မှာ မွေးဖွားလာတယ်ဆိုရင် ပါရမီထူးကဲမှာဆိုတော့ သူ့ကျင့်ကြံရေးနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်စရာ မလိုတော့ဘူး”

ဝမ်ဝေ့က ပြုံးပြီးသည့်နောက်တွင် သူ့လက်ထဲ အနီရောင်စာလိပ်တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် အမိန့်စာတမ်းကို ရေးသားပြီး နောက်ဘဝဆီ ပို့ဆောင်လိုက်၏။

“ဒဿမသာလွန်အုတ်မြစ်အတွက် ပြင်ဆင်နေတာရော ဘယ်လိုလဲ”

“ပြီးပြည့်စုံတဲ့ ကမ္ဘာတစ်ခုကိုရော တွေ့ထားတယ်” သုံ့လီဖန်းက အိပ်မက်များဖြင့် ပြုလုပ်ထားသည့် ပုံရိပ်ယောင်တစ်ခုကို ထုတ်ပြကာ ပြောလိုက်သည်။

“အဲဒီကမ္ဘာက ကောင်းကင်ကျဆင်းကမ္ဘာကို အစားထိုးသွားတဲ့ ကမ္ဘာလား” ဝမ်ဝေ့က မေးလိုက်သည်။

“ဟုတ်တယ်။ သူတို့က အသစ်ကိုမှ အားနည်းသေးတယ်ဆိုတော့ ပြီးပြည့်စုံတဲ့ ပစ်မှတ်ပဲ” သူမက ရှင်းပြလိုက်သည်။

“ကျွန်မ အများကြီး လှုံ့ဆော်သရုပ်ဖော်မှုတွေ လုပ်ကြည့်ဖူးတယ်။ သူတို့က အကောင်းဆုံးရွေးချယ်မှုပဲ”

“အစစ်အမှန်ကောင်းကင်တာအိုရဲ့ ဝင်ရောက်စွက်ဖက်မှုကိုရော စဉ်းစားပြီးသွားပြီလား”

“စဉ်းစားပြီးသွားပြီ။ အခြေအနေတွေအပေါ် မူတည်ပြီးတော့ ဖွံ့ဖြိုးမှုအစောပိုင်းခေတ်ကာလမှာ တိုက်ခိုက်မယ်ဆိုရင် ပါရမီထူးကဲတဲ့ ကံကြမ္မာကလေးငယ် အသစ် ပေါ်ထွက်လာပြီး ကျွန်မကို တားဆီးဖို့ ၉၉ ရာခိုင်နှုန်းလောက် ရှိတယ်”

ဝမ်ဝေ့က ထိုအရာသည် အဓိပ္ပာယ်ရှိသည့်အတွက် ခေါင်းညိတ်လိုက်သည်။ တခြားသော လမ်းစဉ်များကို ခွင့်ပြုထားသော်လည်း သူတို့က သိပ်မလွယ်လှပေ။ ထို့ကြောင့် ကောင်းကင်တာအို မဟုတ်သေးဘူး … မဟာတာအိုက ဟွင်သွမ်းစကြဝဠာတစ်ခုလုံးကို ပဲ့ကိုင်ထားခြင်း ဖြစ်၏။

“မင်းက ပြင်ဆင်ပြီးသွားပြီဆိုတာ သေချာတယ်။ ဒါပေမဲ့ မင်းရဲ့ စွမ်းအားကြောင့် ကိစ္စတွေကို ပေါ့ပေါ့လေးတော့ မမှတ်နဲ့”

“မမှတ်ပါဘူး”

ဝမ်ဝေ့က စကားစမြည်ပြောရင်း ခေါင်းညိတ်လိုက်သည်။ သူက ထွက်သွားဖို့ ပြင်လိုက်ရင်း လက်ကိုဝှေ့ယမ်းကာ တောက်ပသည့် ကျောက်တစ်ခုကို ဖန်တီးလိုက်သည်။

“ဒါက မင်းကို ကတိပေးထားတဲ့ဟာ။ ဒီအဆောင်က တာအိုအခွင့်အလမ်းဂိုဏ်းဘက်က မင်းကို သစ္စာဖောက်မယ်ဆိုရင် အိပ်မက်လောကအားလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ခွင့်ပြုလိမ့်မယ်”

“ရှင် ကတိတည်လို့ ကျွန်မ ကျေနပ်ပါတယ် … ” သုံ့လီဖန်းက ပြုံးကာ ပြောလိုက်သည်။

All Chapters