အခန်း (၁၈၆)
Vol. 13 Ch. 186
“ဟားဟား အချိန်ကိုင်ပဲဟေ့ အခုချိန်မှာ ချမ်းဘော့ဒ်အတွက် အလိုအပ်ဆုံးက အခုလို အတွင်းအားကျင့်စဥ်နဲ့မှော်ကျင့်စဥ်စာလိပ်တွေပဲ...” ဖှေး လက်စွပ်ကို ထိကိုင်ကာ အံ့သြစွာဖြင့် တွေးလိုက်မိသည်။ “ဒီလက်စွပ်ရဲ့ ပစ္စည်းသိမ်းဆည်းနိုင်မှုက ဇာတ်ကောင်ရဲ့ ထားသို့ရာအကန့်ထက်အဆတစ်ရောလောက်ပိုများပါလား...ဒါနဲ့ဆိုရင် ငါဒိုင်ယာဘလိုကမ္ဘာနဲ့ အပြင်ကမ္ဘာကြားကို ပစ္စည်းများများ သယ်ယူကူးပြောင်းနိုင်နေပြီ...”
ဤအချိန်တွင် သူပုန်စခန်းတွင် လူများများစားစားမရှိသေးပေ။ ဖှေး၏ နတ်ဘုရားပေးသောအစွမ်းသုံးခုမှာလည်း လယ်ဗယ်မြင့်တင်ပြီးဖြစ်သဖြင့် သူသည်ယခုအချိန်တွင် နေရာအတိကျ တယ်လီပေါ့သွားလာခြင်းကို ပြုလုပ်နိုင်ပြီဖြစ်၏။ သူသည် ဒိုင်ယာဘလိုကမ္ဘာမှလူများကို သူမပါရှိပဲ ချမ်းဘော့ဒ်ရှိ သူရဲကောင်းမြို့တော်သို့ ဆင့်ခေါ်လိုပါက ထိုနေရာတွင် မြို့ပြန်စာလိပ်တစ်ခုအားအသုံးပြု၍ မှော်သင်္ကေတတစ်ခု ချခဲ့ရန်တာလိုအပ်တော့သည်။ လက်ရှိအခိုက်တန့်တွင် သူပုန်စခန်း စစ်ဘက်ဆိုင်ရာခေါင်းဆောင် ခတ်ရှာနှင့် အမျိုးသမီးပန်းပဲဆရာမ ချယ်စီတို့ကို သူရဲကောင်းမြို့တော် တည်ဆောက်ရေးတွင်ပါဝင်ရန်အတွက် ပို့ထားပြီးဖြစ်သည်။
နတ်ဘုရားနှင့် နတ်ဆိုးတို့၏ ဒဏ္ဍာရီလာရှေးဟောင်းစစ်မြေပြင်တွင်ရှိသော အရိုးတောင်ကြီး၏ တန်ဖိုးမှာ ဖှေးထင်ထားသည်ထက်ပင် ကြီးမားနေကြောင်းကိုလည်း သိရသည်။ တစ်စုံတစ်ခုအား တွေးလိုက်မိပြီး ဒိုင်ယာဘလို ကမ္ဘာမှထွက်ခွာလိုက်ကာ သူတော်စဥ်အာကာရာနီင့် အဖိုးကြီးကိန်းတို့နှစ်ယောက်အား အရိုးတောင်ကြီးရှိရာနေရာသို့ တိုက်ရိုက်ဆင့်ခေါ်လိုက်၏။
“ဒါက....” အာကာရာသည် သူမ၏အရှေ့တွင်ရှိသော တောင်ကြီးကို မြင်လိုက်ရပြီး ထိတ်လန့်အံ့သြမှုကြောင့် စကားပင်မပြောနိုင်ဖြစ်သွား၏။
“ဟားဟားဟား...ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဟားဟားဟား...” အဖိုးကြီးကိန်းမှာလည်း အံဩလွန်းလှသဖြင့် ရူးသွပ်စွာစတင်၍ ရယ်မောတော့သည်။
သူတို့နှစ်ယောက်လုံး ပြိုင်တူအော်လိုက်မိကြပြီး တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်မိကြသည်။ နှစ်ယောက်လုံးမှာ အသိဉာဏ်ဗဟုသုတ ကြွယ်ဝသူများဖြစ်သဖြင့် ဤတောင်ကြီး၏ အဓိပ္ပါယ်ကို ကောင်းမွန်စွာနားလည်၏။ အာကာရာ၏ လက်များသည် တုန်ခါလျှက် အရိုးများကို လောဘကြီးစွားဖြင့် ပွတ်သပ်ခံစားကြည့်နေသည်။ အဖိုးကြီးကိန်းမှာ ပါးစပ်ကိုပင်ဖွင့်ပြီး အရိုးများကို သွားဖြင့်ကိုက်ကြည့်နေ၏။ သက်ကြီးပိုင်းနှစ်ယောက်မှာ လုံးဝပင်ရူးသွပ်ကုန်ကြပြီဖြစ်သည်။
“အဟမ်း အဟမ်း အဟမ်း ခနနေကြပါဦး ကျွန်တော်ပြောစရာတစ်ခုရှိသေးတယ်...ကျွန်တော်သိသလောက်ဆိုရင် ဒီအရိုးတွေက အတော်မာကြောတယ်...” ဖှေး ပြောနေရင်းဖြင့် လူရိုင်းဇာတ်ကောင်အဖြစ်ပြောင်းရာ ခရမ်းရောင်နှင့် အစိမ်းရောင်ဓားနှစ်လက်ကို ဆင့်ခေါ်၍ သူပြောသည့်အရာအား သက်သေပြရန်အတွက် အရိုးတစ်ချောင်းကို ခုတ်ပိုင်းပြလိုက်သည်။ ဤခုတ်ပိုင်းချက်သည် ကြယ်သုံးလုံးအဆင့်စစ်သည်တစ်ယောက်ကို လွယ်ကူစွာပင်သတ်ဖြတ်ပစ်နိုင်သော်လည်း အရိုးပေါ်တွင်မူ အစင်းရာတစ်ခုပင် မထင်ခဲ့ချေ။ “တွေ့လား ကျွန်တော်တို့တွေ လိုတဲ့ပစ္စည်းတွေရအောင် ဘး်လိုထုလုပ်ကြမလဲ...ဘယ်လိုအမှုန့်ကြိတ်ကြမလဲ...”
“မင်းပိန်းလှချည်လား”ဟူသည့် အမူအယာသည် အာကာရာ၏ မျက်နှာပေါ်တွင်ပေါ်လာသည်။ သူမ ခေါင်းပင်မလှည့်ပဲ ဖှေးအားပြန်ဖြေလိုက်သည်။ “ဒီနတ်ဆိုးအကြွင်းကျန်တွေကို သာမန်ပစ္စည်းတွေ နည်းလမ်းတွေကိုပဲ အသုံးပြုမယ်ဆိုရင်တော့ ထုလုပ်နိုင်မှာမဟုတ်ဘူး..ဒါပေမယ့် မစ်စတာဖှေး မင်းမေ့သွားပြီလား။ မင်းက ဂရစ်ဝေါလတ်ကို အနိုင်တိုက်ပြီး ချယ်စီရဲ့ မှော်တူကို ပြန်ပြီး ယူပေးခဲ့ဖူးတယ်လေ..အဲ့တူမှာက မြင့်မြတ်တဲ့စွမ်းအားတစ်ခုရှိပြီးတော့ ဒီအရိုးတွေကို ထုလုပ်ဖို့အတွက် အသုံးပြုနိုင်တယ်...”
ချယ်စီရဲ့တူလား....
ဖှေး ပျော်ရွှင်သွားသည်။ ဤကဲ့သို့ဆိုပါက သူသည် ဤအရိုးများအားလုံးကိုပင် လိုသလိုထုလုပ်ကာ အသုံးပြုနိုင်တော့မည်ဖြစ်သည်။
သူထိုကဲ့သို့ တွေးပြီးသည့်အချိန်တွင် လုံးဝမစောင့်နိုင်တော့ချေ။ နတ်ဘုရားပေးသည့်အစွမ်းဆင့်ခေါ်ခြင်းကိုအသုံးပြုပြီး ချမ်းဘော့ဒ်အနောက်ဘက်တောင်ထဲတွင် ပန်းပဲဆရာများနှင့်အတူတကွ အလုပ်လုပ်လျှက်ရှိနေသည့် ချယ်စီကို ချက်ချင်းပင် ဤလျို့ဝှက်ထူးဆန်းသည့်နေရာသို့ ဆင့်ခေါ်လိုက်တော့သည်။
“ဝိုး ဒါကဘယ်နေရာလဲ...” ချယ်စီ၏ အနီရောင်ဆံပင်များကို မြင်းမြှီးတစ်ခုအသွင်စည်းထားသည်။ သူမ လျှင်မြန်စွာပင် လှည့်ပတ်ကြည့်ရှုလိုက်ပြီး သူမ၏ မျက်လုံးများသည် အရိုးတောင်ကြီးပေါ်သို့ ကျရောက်သွား၏။ အံဩထိတ်လန့်မှုနှင့် ရင်းနှီးကျွမ်းဝင်မှုတို့မှာ သူမ၏ စိတ်အားထက်သန်သော မျက်လုံးများထဲတွင်ပေါ်လွင်လာပြီး ပြောလိုက်သည်။ “ဒါကတော်တော် ထူးဆန်းတာပဲ..ငါဘာလို့ ဒီဟာတွေနဲ့ရင်းနီးနေသလိုခံစားနေရလဲမသိဘူး..ဒါတွေကဘာတွေလဲ အရိုးတွေလား...”
ဖှေး ရယ်မောကာ အမည်မသိ သတ္တဝါတစ်ကောင်၏ အရိုးတစ်ချောင်းကိုထုတ်ယူလိုက်သည်။ အရိုးမှာ တစ်မီတာခန့်ရှည်လျားပြီး ၂၀စင်တီမီတာခန့် ကျယ်ပြန့်သည်။ သူထိုအရာကအား ညီညာသည့် ကျောက်သားတစ်ခုပေါ်တွင် တင်လိုက်ပြီး ချယ်စီအား လက်ယက်ခေါ်လိုက်သည်။ “လာ လာ လာ နင့်တူနဲ့စမ်းကြည့် ဒီအရိုးကို ခွဲနိုင်လားကြည့်ရအောင်...”
ဖျောင်း
တစ်ချက်ရိုက်ရုံမျှဖြင့်ပင် အရ်ိုးစများသည် ကြေမွကာနေရာအနှံ့သို့ လွင့်စင်သွား၏။ ဖှေး၏ မျက်လုံးများ ကျွတ်ထွက်တော့မတက်ပင်။
ဤသည်မှာ မယုံနိုင်စဖွယ်ကောင်းလှသည်။ ဖှေး၏ စွမ်းအားကုန်ဖြင့် အစင်းရာပင်ထင်အောင်မလုပ်နိုင်သော အရိုးမှာ ချယ်စီ၏မှော်တူဖြင့် အသာယာထုရိုက်ရုံဖြင့်ပင် တစ်စစီကြေမွသွားသည်။ ဤသည်မှာ အလွန်မှော်ဆန်လှသည်။ ချယ်စီ၏မှော်တူသည် ဤအရိုးများအားနိုင်နင်းသော ပစ္စည်းတစ်ခုကဲ့သို့ပင်။
ဤမှော်တူ၏ အစွမ်းကို သက်သေပြပြီးနောက်တွင် ကျန်အရာများမှာ လွယ်ကူသွား၏။
ဖှေး ဒဏ္ဍာရီလာရှေးဟောင်းမြေများနှင့် ပတ်သက်၍ သူသိသလောက်တို့အား အဖိုးကြီးကိန်းနှင့် သူတော်စဥ်အာကာရာတို့ကို အသေချာရှင်းပြသည်။ သို့သော် သူတို့နှစ်ယောက်မှာ ဖှေးရှင်းပြသည်များကို စိတ်ဝင်စားရန်မရှိပဲ ချယ်စီကိုသာ ဤအရိုးများမည်မျှအဖိုးတန်သည်က်ို နှစ်ယောက်သား ဝိုင်းဝန်းကာ ပြောပြနေကြ၏။ သူတို့နှစ်ယောက်လုံးသည် ချယ်စီအားချက်ချင်းပင် ဤတောင်ကြီးတစ်ခုလုံးအား စွမ်းအားမြင့်မှော်လက်နက်များအဖြစ်သို့ ပြောင်းလဲစေလိုသည့်ဟန်ပင်။ ထိုမတိုင်မှီ သုတေသနစမ်းသပ်မှုများပြုလုပ်ရန်အတွက် ချယ်စီအား သူမ၏ မှော်တူကိုအသုံးပြု၍ ဤရိုးတစ်ချို့ကို အမှုန့်ကြိတ်ခိုင်းနေကြသည်။
ဤလုပ်ငန်းစဥ်တစ်ခုလုံးတွင် ချယ်စီသည်လည်း တဖြည်းဖြည်းဖြင့် အရိုးများကို ထုလုပ်ရသည်အား အသားကျကျွမ်းကျင်လာပြီဖြစ်သည်။ အရိုးများကို ထုလုပ်ပုံသွင်းရခြင်းမှာ သံများ၊ သံမဏ်ိများကို ထုလုပ်ရခြင်းနှင့်မတူပဲ အတော်ကွာခြားသည်။ လက်ဆပြင်းလွန်းသွားပါက အရိုးသည် လိုချင်သည့်ပုံမရပဲ ကွဲအက်သွားမည်ဖြစ်သည်။ ချယ်စီအရိုးရာပေါင်းများစွာကို စမ်းသပ်ထုရိုက်ရင်း ကွဲကြေကုန်သည်နှင့်အတူ သူတော်စဥ်အာကာရာနှင့် အဖိုးကြီးကိန်းတို့၏ နှလုံးသားများသည်လည်း ကွဲကြေသွားသကဲ့သို့ ခံစားနေရသည်။ အရိုးများတောင်ကြီးတစ်ခုလုံး ကျန်ရှိနေသည်မှာ ကံကောင်းလှသည်။ သို့မဟုတ်ပါက သူတို့နှစ်ယောက်သာ ချယ်စီအား ဆုံးမမိကြတော့မည်ဖြစ်၏။
နာရီဝက်ခန့်အကြာတွင် လှပသည့် အရိုးဓားတစ်လက်ကို ထုလုပ်ပြီးစီးသွား၏။
ဖှေး သူ၏လက်ထဲတွင် ကိုင်တွယ်ကြည့်လိုက်သည်။ ကိုင်တွယ်ရသည်မှာ ပေါ့ပေါ့ပါးပါးရှိလှသည်။ ဓားမှာ တစ်မီတာခန့်ရှည်လျားပြီး လက်ငါးချောင်းခန့် အကျယ်ရှိသည်။ အရာဝတ္တုများ ပိုင်းဖျတ်ရန်အတွက် အဆင်ပြေလောက်သည်။ ဖှေး သိပ်ပြီးထိရောက်မှုရှိလိမ့်မည်မဟုတ်ဟု ခံစားမိသည်။ သို့သော်ဖှေး ကျောက်သားပြင်တစ်ခုအား ဓားဖြင့် အသာယာထိုးစိုက်ကြည့်လိုက်သည့် အချိန်တွင်မူ အလွန်နက်ရှိုင်းသည့် ဓားရာကြီးတစ်ခုမှာ မာကြောခိုင်မာသည့် ကျောက်သားပြင်ပေါ်တွင် ကျန်ရှိနေခဲ့၏။ ဖှေးသည် အလွန်အံ့သြလွန်းလှသဖြင့် ပါးစပ်အဟောင်းသားပင်ဖြစ်သွားသည်။ သူ၏ အတွေ့အကြုံအရ ကြယ်၇လုံးနှင့် ၈လုံးအဆင့် စစ်သည်များသာလျှင် ဤကျောက်တုံးပေါ်တွင် အမှတ်သားတစ်ခုချန်ထားနိုင်ကြောင်း သိခဲ့ရ၏။ ဤဓား၏ ချွန်ထက်မှုမှာ ဖှေးထင်ထားသည်ထက်ပင် ကျော်လွန်နေ၏။
“ဟားဟား ငါဒီဓားကို သိမ်းထားလိုက်တော့မယ်...” ဖှေးသည် ရုပ်တည်ဖြင့်ပြောကာ ဓားအား သူ၏ခါးဘေးတွင်ချိတ်လိုက်၏။ လူသုံးယောက်လုံး မည်သူမျှမငြင်းဆန်ကြချေ။ ဖှေးသည် သူပုန်စခန်း၏ မဟာခေါင်းဆောင်ဖြစ်သောကြောင့် အကောင်းဆုံးပစ္စည်းများကို အသုံးပြုခွင့်ရှိသောကြောင့်ပင်။
ထို့နောက်တွင် ချယ်စီသည် အရိုးများကို အသုံးပြုကာ တစ်ခြားလက်နက်ပစ္စည်းများကို ထက်မံထုလုပ်တော့သည်။ သူတော်စဥ်အာကာရာနှင့် အဖိုးကြီးကိန်းတို့သည်လည်း အရိုးတောင်တစ်ဝိုက်တွင် ပတ်လျှောက်ကာ ပိုမို၍ အသေးစိတ်လေ့လာကြည့်ရှူနေကြသည်။ သူတို့အားလုံး ဤအရာနှင့် ပတ်သက်သည်များကို ထက်မံ၍ သိရှိလိုနေကြသည်။ မည်ကဲ့သို့ဖြစ်ပေါ်လာခဲ့သည်ကို သိပါက ပိုကောင်း၏။
ဒိုင်ယာဘလို ကမ္ဘာမှသုံးယောက်သည် အလုပ်များစတင်တော့သည်။ ဤနေရာအား ရှာတွေ့ခဲ့သူဖှေးမှာ လုပ်စရာမရှိချေ။
သို့သော် ဤလျို့ဝှက်ဆန်းကျယ်သည့်နေရာတွင်ရှိသည့်ပစ္စည်းများမှာ စိတ်ဝင်စားစရာမကောင်းတော့သဖြင့် သူဤနေရာအား စောင့်ရှောက်ရန်အတွက် သန်မာသည့် အမျိုးသမီးသူပုန်တစ်ချို့ကို ဆင့်ခေါ်လိုက်သည်။ ထို့နောက်တွင် သူတော်စဥ်အာကာရာအား အကျိုးကြောင်းပြောပြကာ ဒိုင်ယာဘလို ကမ္ဘာမှလူများအချိန်မရွေးပြန်နိုင်ရန်အတွက် မြို့ပြန်စာလိပ်တစ်ခု အသုံးပြု၍ မှော်သင်္ကေတတစ်ခုကို ချမှတ်လိုက်သည်။ ထို့နောက်တွင် ရှေ့သို့ခရီးဆက်ကာ စူးစမ်းရှာဖွေခြင်းကို ပြန်လည်စတင်တော့၏။