အခန်း (၁၉၆)
Vol. 14 Ch. 196
ခေါင်းလောင်းသံကို ကြားလိုက်ရသည့်အချိန်မှချမ်းဘော့ဒ်တိုင်းပြည်မှလူများအားလုံး စိတ်အေးကာ သက်ပြင်းချလိုက်မိကြ၏။
ဤအကြိမ်တွင် ခေါင်းလောင်းမြည်သံမှာ ရန်သူများလာရောက်တိုက်ခိုက်သည့်အတွက်ကြောင့်မဟုတ်ပေ။ သူတို့၏ ဘုရင်ပြန်လည်ရောက်ရှိလာသည့်အတွက် တီးခေါက်ခြင်းဖြစ်၏။
ဘုရင်၏ ရွှေလူယုံနှစ်ယောက်နှင့် အုပ်ချုပ်ရေးဆိုင်ရာနှင့် စစ်ဘက်ဆိုင်ရာအရာရှိများအားလုံး နန်းတော်ထံသို့ အမြန်သွားနေကြသည်ကို လူတ်ိုင်းမြင်လိုက်ကြသည်။ တိုင်းပြည်တွင်းလမ်းများမှာ တိတ်ဆိတ်သွား၏။ လူတိုင်းသူတို့၏အိမ်ထဲမှ ထွက်လာကာ အနည်းငယ်မြင့်မားသော ကုန်းပေါ်တွင်ရှိသည့် ဘုရင့်နန်းတော်ထံသို့ ငေးကြည့်နေကြသည်။ ယခုအခါတွင် လူတိုင်းသူတို့၏ ငယ်ရွယ်သော ဘုရင်အား လေးစားအားကျနေကြပြီဖြစ်၏။ အမဲရောင်ချပ်ဝတ်ရန်သူများနှင့် တိုင်းပြည်ကိုးခုပူးပေါင်းတပ်ဖွဲ့ကို အနိုင်ယူလိုက်ခြင်းသာ မကပေ။ ဘုရင်ထွက်ခွာသွားသည့် တစ်လကြာကာလအတွင်း ဘုရင်အလတ်ဇန္ဒားချန်ထားခဲ့သည့် လွှမ်းမိုးမှုများကို သူတို့အားလုံးကြုံတွေ့ပြီးဖြစ်၏။
ဤအချိန်ကာလအတွင်းတွင်ချမ်းဘော့ဒ်တွင် အရာများစွာဖြစ်ပျက်ခဲ့သည်။
ပထမဆုံးမှာ ဘုရင်အလတ်ဇန္ဒား မထွက်ခွာမှီတွင် ချန်ထားခဲ့သည့် အမိန့်တစ်ခုပင်။ တိုင်းပြည်၏ အမှိုက်ပစ်သည့်နေရာတွင်ရှိနေသော အမှိုက်ပုံကြီးကို ထောင်မှူးအိုလတ်ဂ်နှင့် သူ၏ အပေါင်းပါများ ရှင်းလင်းလိုက်ကြသည်။ ထိုအရာသည် လူများနားမလည်သည့် လုပ်ငန်းစဥ်တစ်ခုပင်။ အမိှုက်များကို ပျော့ဖက်လာသည်အထိကန်တစ်ခုအတွင်းတွင် စိမ်ထားကာ စက္ကူထုတ်လုပ်လိုက်သည့်အချိန်တွင်မူ တိုင်းပြည်ခုလုံး အံဩသွားရ၏။
ဤအမှိုက်ပုံကြီးသည် ချမ်းဘော့ဒ်တိုင်းပြည်၏ ကင်ဆာအကြိတ်ကဲ့သို့ဖြစ်ပြီး နွေရာသီတွင် ယင်တလောင်းလောင်းဖြင့် ဆိုးဝါးသည့်အနံ့သက်များကို ထုတ်လွှတ်လေ့ရှိသည်။ ဤသည်မှာ ရောဂါများဖြစ်ပွားလာရခြင်း၏ မူလရင်းမြစ်ပင်။ တိုင်းပြည်ပြန်လည်ပြုပြင်ရန်အတွက် အစီစဥ်များချမှတ်စဥ်က တစ်စုံတစ်ယောက်သည် အမှိုက်များကို ဇူလီမြစ်အတွင်းသို့ စုပုံရန်အတွွ အကြံပြုခဲ့ဖူးသည်။ သို့သော် ထိုအကြံအား ဘုရင်မှ ချက်ချင်းပင် ငြင်းပယ်ခဲ့၏။ ခွေးများပင် အနားမကပ်ချင်သည့် ဤအမှိုက်များသည် တစ်ချိန်တွင် စက္ကူအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားကြချေ။
အေဇာရုတိုက်တွင် စက္ကူများမရှိသည်မဟုတ်ပေ။ သို့သော် ချမ်းဘော့ဒ် ကဲ့သို့ ဝေးလံခေါင်ဖျားသောနေရာတွင် စက္ကူသည် အလွန်ရှားပါးသည့် ပစ္စည်းတစ်ခုဖြစ်သည်။ နန်းတော်အတွင်းတွင်အမိန့်များမှတ်တမ်းတင်သည့် အချိန်၌ပင် အဝတ်စများသို့မဟုတ် သေချာပြုလုပ်ထားသည့် တိရိစ္ဆာန်အရေပြားများပေါ်တွင် ရေးသားမှတ်တမ်းတင်မည်ဖြစ်သည်။ စက္ကူအား အဆင့်မြင့်လူ့အသုံးဆောင်ပစ္စည်းတစ်ခုကဲ့သ်ို့ သတ်မှတ်ထားကြ၏။ သို့သော် ယခုအခါတွင်မူ အမှိုက်များစွာကို စက္ကူအဖြစ်ပြောင်းလဲထုတ်လုပ်နေပြီဖြစ်သည့်အတွက် လူဆင်းရဲများပင် စက္ကူအားအသုံးပြုနိုင်နေပြီဖြစ်သည်။
အမှိုက်များအား စက္ကူအဖြစ်သို့ ပြောင်းလဲနိုင်ခြင်းမှာ ချမ်းဘော့ဒ်တိုင်းပြည်ရှိ အခြေခံလူတန်းစားများအတွက် အကျိုးကျေးဇူးများစွာရရှိ၏။ သူတို့သည် ချမ်းဘော့ဒ်စက္ကူစက်ရုံတွင် တစ်နေ့တာသွားရောက်အလုပ်လုပ်ပါက ငွေဒင်္ဂါးနှစ်ပြားခန့် ရရှိနိုင်သောကြောင့်ပင်။ လူအများစုအတွက် ဤသည်မှာ အလွန်ရှားပါးသော ငွေရှာနိုင်သည့် အခွင့်ရေးပင်။ ဆောင်းဦးနှောင်းပိုင်းသို့ပင် ရောက်ရှိနေရာ ကောက်ရိတ်ရာသီမှာလည်း ကျော်လွန်သွားပြီဖြစ်သောကြောင့် လူများဆောင်းရာသီအား လုံခြုံစွာဖြတ်ကျော်နိုင်ရန်အတွက် ပိုက်ဆံရှာလိုနေကြသည်။
ဒုတိယတစ်ခုမှာ ယခင်က လွဲမှားစွာအသုံးပြုခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှု အားနည်းခြင်းတို့ကြောင့် ပိတ်ဆို့နေခဲ့သော မိလ္လာပိုက်လိုင်းများကိုလည်း ယခုအချိန်တွင် ပြန်လည်ကာ အသုံးပြုနိုင်နေပြီဖြစ်သည်။ ဤမိလ္လာပိုက်လိုင်းများကို အသုံးပြု၍အရခဲ့သည်မှာ အချိန်ကြာမြင့်ပြီဖြစ်သည်။ သို့သော်လည်း ယခင်ဘုရင်များသည် ပြန်လည်ပြုပြင်ရန်အတွက်သိပ်ပြီး အာရုံမစိုက်ခဲ့ကြချေ။ ထို့ကြောင့် ထိုမိလ္လာပိုက်လိုင်းများ ပိတ်ဆို့ခဲ့ခြင်းဖြစ်၏။ ဘုရင်အလတ်ဇန္ဒား ထက်မံမှာကြားခဲ့သည့် အမိန့်တစ်ခုအရ ထောင်မှူးအိုလတ်ဂ်သည် လူတစ်စုအားဦးဆောင်၍ နှစ်ပေါင်းများစွာ ပိတ်ဆို့နေခဲ့သည့် မိလ္လာပိုက်လိုင်းများကို ပြန်လည်တူးဆွခဲ့ကြသည်။ ပထမက လူအများသည် မည်သည့်အတွက်ကြောင့် ဤကဲ့သို့ ပြုလုပ်နေခြင်းကို နားမလည်ကြချေ။ သို့ရာတွင် လာရောက်လုပ်အားပေးကာ ကူညီသည့်လူတိုင်းကို ငွေဒင်္ဂါးများ ပေးနေသည့်အတွက် ပျော်ပျော်ရွှင်ရွှင်ပင် ဝင်ရောက်လုပ်အားပေးကြ၏။ပိတ်ဆို့နေသည့် မိလ္လာစနစ်များကို ပြန်လည်ကာရှင်းလင်း သန့်စဥ်ပြီးချိန်တွင် မြို့သူမြို့သားများ၏ နေ့စဥ်ဘဝများ ပိုမို၍ လွယ်ကူလာသည်ကို ခံစားကြရ၏။ ထို့နောက်တွင် ထောင်မှူးအိုလတ်ဂ်အပေါ်လူအများ၏ အမြင်သည်လည်း နွေးထွေးစပြုလာခဲ့ကြသည်။ ယခင်က မှောင်မှိုက်ခြင်းနှင့် ရက်စက်သည့် နှိပ်စက်ညင်းပဲခြင်း၏ သရုပ်ဖြစ်သော အိုလတ်ဂ်သည် ယခုအခါတွင် ပြောင်းလဲစပြုလာသည်က်ို လူအများသတိထားမိကြ၏။
တတိယအချက်မှာ မြို့မှလူအများသည် ကြေးရုပ်၁၂ရုပ်ပေါ်မှ ဥပဒေများနှင့် တစ်လကြာကာလအပြီးတွင် အသားတကျဖြစ်လာကြပြီဖြစ်သည်။ သူတို့သည်သာ အသားတကျဖြစ်လာကြသည်မဟုတ်ပေ။ တစ်ခြားတိုင်းပြည်မှ လာရောက်ကြသည့် လူများပင် အသားတကျထဖြစ်လာကြပြီဖြစ်၏။ မဖြစ်လို့လဲမရချေ။ ယခင်က ဥပဒေစည်းမျဥ်းများကို အလေးနက်ထားခြင်းမရှိပဲ သေချာချိုးဖောက်ကြသည့် ပုဂ္ဂိုလ်တစ်ချို့ရှိသည်။ သို့သော် သူတော်စဥ်တပ်ဖွဲ့နှင့် မြို့တွင်းကြီးကြပ်ရေးအဖွဲ့သားများမှ ဝိုင်းဝန်းကာ ရိုက်နှက်ပေးခဲ့ကြသည်။ ထို့နောက်တွင် အမဲရောင်အိမ်ငယ်လေးအတွင်းသို့ ရက်အနည်းငယ်ကြာခေါ်ဆောင်သွားခဲ့၏။ ရက်အနည်းငယ်ကြာခန့်တွင် ထိုတစ်ခြားတိုင်းပြည်မှ လာရောက်သည့်လူများလည်း စည်းကမ်းလိုက်တာတတ်သွားပြီဖြစ်၏။ သူတို့အားလုံး ချမ်းဘော့ဒ်တိုင်းပြည်သို့ လာရောက်မည်ဆိုပါက ပထမဆုံးပြုလုပ်ရမည့်အရာမှာ ကြေးရုပ်၁၂ရုပ်ပေါ်တွင်ရှိသော ဥပဒေစည်းမျဥ်းများကို အသေချာပင် ကျက်မှတ်ရမည်ဖြစ်သည်။ သို့မဟုတ်ပဲ စည်းမျဥ်းများကို မသိပဲ ချိုးဖောက်မိပါက ချမ်းဘော့ဒ်ဥပဒေပြုအရာရှိများ၏ ရိုက်နက်ဆုံးမမှုကိုကား တားဆီး၍ ရနိုင်မည်မဟုတ်ပေ။
ဤဖြစ်စဥ်တစ်လျှောက်တွက် ချမ်းဘော့ဒ်တ်ုင်းပြည်၏ တည်ငြိမ်အေးချမ်းမှုမှာလည်း မြင့်မားလာခဲ့၏။
ယခင်က ဆောင်းဦးရာသီသို့ ရောက်သည့်အချိန်တိုင်းတွင် ချမ်းဘော့ဒ်တိုင်းပြည်သို့ ခရီးသည်များ၊ ကြေးစားစစ်သည်များ၊ ဆာမူရိုင်းများ၊ ကုန်သည်အသေးစားများနှင့် သူခိုးသူဝှက်များ လာရောက်လေ့ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ဆောင်းဦးရာသီမှာ ကောင်းမွန်သည့်အမဲလိုက်ရာသီဖြစ်သောကြောင့် နွေဦးနှင့် ဆောင်းဦးကဲ့သို့သော ကာလများတွင် မှော်သားရဲများရရှိရန်မှာ အလွန်လွယ်ကူ၏။ စွန့်စားသူများအတွက် ပိုက်ဆံရှာဖွေနိုင်သည့် အကောင်းဆုံးအချိန်ခါပင်။ ထိုတစ်ခြားတိုင်းပြည်မှ လာရောက်သည့်လူများသည် ချမ်းဘော့ဒ်မှ မြို့ခံများနှင့် ပြသနာများ မကြာခနဖြစ်ပွားလေ့ရှိကြသည်။ ယခင်ချမ်းဘော့ဒ်တိုင်းပြည်၏ အင်အားအရ မြို့သူမြို့သားများကိုပင် ကာကွယ်နိုင်ခြင်းမရှိပေ။ ချမ်းဘော့ဒ်နိုင်ငံမှ မြို့ခံများအတွက် ဤတိုင်းတစ်ပါးမှ လာရောက်သည့်လူများသည် အိမ်မက်ဆိုးများကဲ့သို့ပင်။ သို့သော် ယခုအခါတွင် မတူညီတော့ချေ။ ချမ်းဘော့ဒ်ဘုရင် အလတ်ဇန္ဒား၏ ဂုဏ်သတင်းမှာ ပို၍ကျော်ကြားသည်ထက် ကျော်ကြားလာပြီး သူ၏လက်အောက်တွင်ရှိသော ရွေရောက်လူယုံနှစ်ယောက်၊ သူတော်စဥ်တပ်ဖွဲ့နှင့် ဥပဒေပြုအရာရှိ အယောက်၂၀၀တို့မှာ မြေခွေးများ၊ ကျားသစ်များကဲ့သို့ပင်။ အချိုးမပြေသည့် တိုင်းတစ်ပါးမှ လာရောက်သူများကို သူတို့၏ လက်သီးများဖြင့် အနိုင်ယူထားပြီးဖြစ်၏။ ထို့ကြောင့် ပထမရက်အနည်းငယ်ခန့်မှလွဲ၍ ကျန်နေ့များတွင် မည်သူမှ မြို့ထဲတွင် ရုန်းရင်းဆန်ခက်မပြုမူရဲကြတော့ပေ။ ထို့ကြောင့်ပင် ယခုအခါတွင် မြို့ခံများသည် တစ်ခြားပြင်ပမှလာရောက်ကြသည့်လူများ၏ အထင်ကြီးလေးစားသည့် အကြည့်များကို ခံစားရင်း ချမ်းဘော့ဒ်လမ်းများပေါ်တွင် ဂုဏ်ယူဝင့်ကြွားစွာလျှောက်နိုင်နေပြီဖြစ်၏။ ချမ်းဘော့ဒ် မှ လေလွင့်ခွေးတစ်ကောင်ကိုပင် ပြည်ပမှလာရောက်သည့်လူများ တလေးတစားဖြင့် ဆက်ဆံရုံမှတပါး မတက်နိုင်ချေ။
ဤကဲ့သို့သော စွမ်းအားကြီးကာ ကာကွယ်ခြင်းခံထားရသည့် ခံစားမှုမျိုးသည် နွေးထွေးသည့်အရာပင်။ ချမ်းဘော့ဒ်တိုင်းပြည်တွင် လူလာဖြစ်ရသည်မှာ အလွန်ကံကောင်းသည်ဟု ခံစားနေကြရ၏။
ချမ်းဘော့ဒ်တိုင်းပြည်အား မည်သူက ဤကဲ့သို့ပြောင်းလဲစေခဲ့သည်ကို လူတိုင်းသိကြသည်။
ယခုအခါတွင် ထိုလူမှာ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။
လာမည့် လဝက်ခန့်တွင် ဇီးနစ်အင်ပါယာ၏ စစ်ဘက်ဆိုင်ကာ လေ့ကျင့်ရေးပြိုင်ပွဲကြီးမှာလည်း စတင်တော့မည်ဖြစ်သည်။ ချမ်းဘော့ဒ်တိုင်းပြည်မှ ကလေးသူငယ်များနှင့် လူကြီးများအပါအဝင် လူတိုင်းနီးနီးပင် ယခင် ချမ်းဘော့ဒ်တိုင်းပြည်အတွက် အိမ်မက်ဆိုးဖြစ်ကဲ့သည့် စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေးပြိုင်ပွဲကြီးသည် ယခုအခါတွက် တခြားတိုင်းပြည်များအလည်တွက် ချမ်းဘော့ဒ်တိုင်းပြည်၏ အစွမ်းကိုပြသနိုင်မည့်အခွင့်ရေးဟု ယုံကြည်နေကြ၏။
လူတိုင်း၏ မျက်လုံးများသည် ဘုရင့်နန်းတော်အား လှမ်းကြည့်နေကြ၏။
ထိုနန်းတော်ထဲတွက် သူတို့ယုံကြည်ချက်များ၏ ရင်းမြစ်ဖြစ်သောသူ ရှိနေသောကြောင့်ပင်။