အခန်း (၂၀၁)
Vol. 14 Ch. 201
ကျယ်လောင်သောအော်ဟစ်သံများနှင့် သတ္တုခြင်းရိုက်ခတ်သံများကြောင့် ကောင်မလေးများအိမ်မက်မှ လန့်နိုးလာကြ၏။ အန်ဂျယ်လာချက်ချင်းပင်ထလိုက်ပြီး ဓားတစ်လက်ကိုကိုင်ဆောင်ထားသည့် နိုးနှင့်နေပြီးဖြစ်သောဖှေးအားတွေ့လိုက်ရ၏။
သူမ ဖှေးကိုမြင်လိုက်ရသည့်အတွက် စိတ်အေးသွားပြီးမေးလိုက်သည်။ “ဘာတွေဖြစ်နေတာလဲ အလတ်ဇန္ဒား...” သူမဖှေးအနားတွင်ရှိနေပါက အမြဲလုံခြုံသလိုခံစားရ၏။
“ငါတို့မြင်ရမှာပါ...” ဖှေးသူ၏အနီရောင်၀တ်ရုံကိုယူကာ အန်ဂျယ်လာကိုခြုံပေးလိုက်၏။ “ငါနဲ့အတူသွားပြီးစစ်သည်တွေကို သူတို့ရဲ့ဘုရင်နဲ့ဘုရင်မက အနောက်မှာရှိနေကြာင်းပြရအောင်...” ဤအချိန်တွင်ဆံပင်ရွှေရောင်နှင့် အန်မာတစ်ယောက်လည်းနိုးနေပြီဖြစ်သည်။ သူမအလွန်အိပ်ချင်နေသေး၏။
သူတို့သုံးယောက်တဲအတွင်းမှ အတူထွက်ခွာလာခဲ့ကြသည်။
ချမ်းဘော့ဒ်ဥပဒေပြုအရာရှိများမှာ လျှင်မြန်စွာတုန့်ပြန်ကြသည်။ ယခုအချိန်တွင် သူတို့အားလုံးသည်ခံစစ်ဖွဲ့စည်းပုံတစ်ခုကို တည်ဆောက်ထားပြီးဖြစ်၏၊ ကြီးမားသည့်အမဲရောင်သံမဏိဒိုင်းကာကြီးများကို တစ်ခုနှင့်တစ်ခုချိတ်ဆက်ကာ ခံတပ်နံရံငယ်တစ်ခုကို ဖန်တီးလိုက်ကြသည်။ ထိုနံရံမှာ ဘုရင်၏တဲကိုပတ်လည်၀ိုင်းလိုက်ပြီး ဘုရင်အားပစ်လွှတ်လိုက်နိုင်သည့် လက်နက်များရံမှ ကာကွယ်ပေးလိုက်ကြသည်။ တချို့စစ်သည်များမှာ ဘောင်းဘီတစ်ထည်ကိုသာ ၀တ်ဆင်ချိန်ရလိုက်သော်လည်း အေးစက်သောလေထုအောက်တွင် ထင်ဟပ်နေသည့် ကြီးမားသည့်ကြွက်သားကြီးများကြောင့် ပို၍ပင်ကြံ့ခိုင်သည့်ပုံပေါက်နေ၏။
ဥပဒေပြုအရာရှိများနှင့် နှိုင်းယှဥ်ပါက သူတော်စဥ်တပ်ဖွဲ့တုန့်ပြန်သည်မှာ ပို၍ပင်မြန်ဆန်နေ၏။ ထိုစစ်သည်၅၀မှာ ချပ်၀တ်များကို ၀တ်ဆင်လျှက်ပင်အိပ်စက်သည့်ပုံရသည်။ ဒရော့ဂ်ဘာ၊ ပီးရာစ့်နှင့် အိုလတ်ဂ်တို့၏ ဦးဆောင်မှုအောက်တွင် မီးမှုတ်သားရဲများပေါ်သို့ ခုန်တက်လိုက်ကြသည်။ လက်ထဲတွင် ကြီးမားသည့်ပုဆိန်ကြီးများကို ကိုင်ဆောင်လျှက် သူတို့၏ခန္ဂာကိုယ်အားရှေ့သို့ယိမ်းယိုင်လိုက်သည်။ သူတို့စီးနှင်းထားသည့် မီးမှုတ်သားရဲများမှာလည်း ကျွဲရိုင်းများကဲ့သို့ပင် မြေပြင်အားခြေထောက်ဖြင့် အဆက်မပြတ်ကဆုန်ပေါက်လျှက်ရှိသည်။ ဖှေးအမိန့်ရသည်နှင့် တပြိုင်နက်ရှေ့သို့တဟုန်ထိုးချီတပ်ကာ လမ်းတွင်ရှိနေသမျှရန်သူအား အမှုန့်ချေပစ်မည်ဖြစ်သည်။
သူတော်စဥ်တပ်ဖွဲ့၏ စွမ်းအားအကြီးမားဆုံးစစ်သည်နှစ်ယောက်ဖြစ်ကြသည့် လမ်းပါ့ဒ်နှင့် ပီတာတို့မှာ စခန်းနီးတွင်ရှိသောသစ်ပင်မြင့်နှစ်ခုပေါ်သို့ ချက်ချင်းပင်ခုန်တက်သွားကြ၏။ သူတို့၏ဆံပင်များသည် လေထဲတွင်လွှင့်ပျံနေပြီး ကြံ့ခိုင်မာကြောသည့် ပုံရိပ်မှာ လူတိုင်းအားလံခြုံစေသည့် ခံစားချက်ကို ပေးလျှက်ရှိသည်။ ကျားနှစ်ကောင်ကဲ့သို့ပင် အမှောင်ထဲတွင် ပတ်၀န်းကျင်တွင် ဖြစ်ပျက်နေသည့်အရာများကို အကဲခတ်နေကြသည်။
အမဲရောင်ခွေးကြီးမှာ ကြမ်းတမ်းသည့်ဟိန်းဟောက်သံတစ်ခုကို ပြုလုပ်လိုက်ပြီး သူ၏မျက်လုံးများထဲတွင် ကြောက်မက်ဖွယ်အလင်းတစ်ခု လက်သွား၏။
ဘုရင့်တဲနှင့် သိပ်ပြီးမ၀ေးလှသောနေရာတွင် မင်းသမီးတာနာရှာ၏တဲကိုလည်း သူမ၏ဇီးနစ်ကျွမ်းကျင်စစ်သည်များမှကာကွယ်ကာ စောင့်ရှောက်ပေးထားသည်။ သူရဲကောင်းကပ်ပတိန်ရိုမန်၊ အမျိုးသမီးစစ်သည်ဆူဇန်တို့မှာလည်း တဲအရှေ့တွင်ရပ်ကာ အခြေနေကိုစောင့်ကြည့်နေကြသည်။
ဤအချိန်တွင် အော်ဟစ်သံများနှင့် သတ္တုခြင်းရိုက်ခတ်သံများမှာ တစ်စထက်တစ်စပို၍ကျယ်လောင်ပြီးနီးကပ်လာပြီဖြစ်သည်။
မီးတုတ်ပေါင်းများစွာမှာ အမှောင်ထဲတွင် တောက်ပနေကြသည့်ကြယ်များကဲ့သို့ပင်။ လူပေါင်းများစွာမှာ စခန်းထံသို့ချည်းကပ်လာနေသည်မှာ ထင်ရှား၏။
သို့သော်အံ့ဩစရာကောင်းသည်မှာ ဤတပ်ဖွဲ့သည် ချမ်းဘော့ဒ်တပ်ဖွဲ့စခန်းချထားသည့်နေရာနှင့်မီတာ၇၀၀ခန့် နီးကပ်လာသည့်အချိန်တွင် ရုတ်တရက်ရပ်တံ့သွားကြသည်။ မှုန်၀ါး၀ါးမီးရောင်များ၏အကူညီဖြင့် ထိုသူများမှာ မဟူရာတိုင်းပြည်မှစစ်သည်များဖြစ်ကြောင်းကို ဖှေးတပ်အပ်ပြောနိုင်၏။ စစ်သည်အင်အား၄၀၀ခန့်ပါရှိပြီး သူတို့၏လက်နက်များ ချပ်၀တ်များသည် သစ်တောတစ်ခုကဲ့သို့ပင်အပေါ်သို့ ထောင်လျက်ရှိကြသည်။ စစ်မြင်းများမှာ အသက်ပြင်းထန်စွာရှူလျှက်ရှိပြီး မြင်းများပေါ်မှစစ်သည်များမှာ ချပ်၀တ်များကို သူတို့၏လက်နက်များဖြင့်ထုရိုက်ကာ ညာသံပေးလျှက်ရှိကြသည်။ အော်ဟစ်ကာ ဟန်ရေးပြနေကြသော်လည်းချမ်းဘော့ဒ် တပ်ဖွဲ့အနားသို့ကပ်လာခြင်းမရှိပေ။
“အသင့်ပြင်ထားကြ...”
ခေါင်းဆောင်ပီတာ၏ အမိန့်ပေးသံနှင့်အတူ သတ္တုခြင်းထုရိုက်သည့်အသံများမှာလည်း ချမ်းဘော့ဒ်ဘက်ခြမ်းမှ ထွက်ပေါ်လာတော့သည်။ ဓားရှည်များကို ဓားအိမ်များအတွင်းမှ ဆွဲထုတ်ထားကြသည်၊ ပုဆိန်များကို လေထဲတွင်ကိုင်မြှောက်ထားကြပြီး လှံရှည်များကိုလည်းရှေ့သို့ချိန်ရွယ်ထားကြ၏။ ဥပဒေပြုုတပ်ဖွဲ့မှစစ်သည်ဖြစ်စေ၊ သူတော်စဥ်တပ်ဖွဲ့မှ စစ်သည်ဖြစ်စေကာမူ သူတို့၏ခန္ဓာကိုယ်များနှင့် ရဲစွမ်းသတ္တိများသည် အမြင့်ဆုံးဆွဲတင်ထားသည့် လေးကြိုးများကဲ့သို့ပင်။ အမိန့်ရသည်နှင့် တပြိုင်နက်ချီတက်ကြာ သူတို့၏အရှေ့တွင်ရှိနေသော မည်သည့်ရန်သူကိုမဆို တစ်စစီဆုတ်ဖြဲပစ်မည်ဖြစ်သည်။
ဤအနေထားမှာ ကျယ်လောင်စွာအော်ဟစ်နေကြသည့် ရန်သူများကို ခနတာခန့်ကြက်သေသေသွားစေသည်။
သို့သော် “ဟားဟားဟား...ပြန်ဆုတ်ကြမည်ဟေ့...”
ဤအချိန်တွင် အရပ်ရှည်ရှည်ဗလတောင့်တောင့်ဖြင့် မဟူရာတိုင်းပြည်တပ်ဖွဲ့မှ ခေါင်းဆောင်ဟု ယူဆရသူသည် လက်ကို၀ှေ့ရမ်းလိုက်သည်။ ရယ်မောသံများနှင့်အတူ စစ်သည်၄၀၀ခန့်မှာ မြင်းများကိုနောက်သို့ပြန်လှည့်ကာ ညအမှောင်အတွင်းတွင်ဆုတ်ခွာပျောက်ကွယ်သွားကြတော့သည်။ သူတို့တွင် အမှန်တကယ်ပင်တိုက်ခိုက်ရန်ရည်ရွယ်ချက်ရှိပုံမရချေ။
“လာဖိန့်ရုံပဲလား...” ဖှေးမျက်မှောင်ကြုံ့လိုက်သည်။ ပီတာနှင့် လမ်းပါဒ့်တို့နှစ်ယောက်လဲသူ့ကိုကြောင်ကြည့်နေကြသည်။ သူခေါင်းရမ်းပြလိုက်ပြီး လက်ကိုအသာယာ၀ှေ့ရမ်းကာ စစ်သည်များအား ပြန်လည်အနားယူစေလိုက်တော့သည်။
သူထင်ထားသည့်အတိုင်းပင် အရာများသည် ဤနေရာ၌ပင်ရိုးရှင်းစွာပြီးဆုံးသွားခြင်းမရှိပေ။
နောက်တစ်ခါရီခန့်အကြာလူများပြန်လည်အိပ်ပျော်စပြုနေသည့်အချိန်တွင်မူ ညာသံပေးကာအော်ဟစ်သံများစတင်ထွက်ပေါ်လာပြန်သည်။ လူတိုင်းနိုးလာကြပြီး မဟူရာတိုင်းပြည်မှမြင်းစစ်သည်များ သူတို့အားနှောင့်ယှက်ရန်အတွက် ထက်မံရောက်ရှိနေကြောင်းသိလိုက်ရ၏။ ယခင်တုန်းကလိုပင် ချမ်းဘော့ဒ်တပ်ဖွဲ့အနားသို့ မီတာ၇၀၀ထက်ပို၍ နီးကပ်လာခြင်းမရှိပဲ အော်ဟစ်ညာသံပေးပြီးရယ်မောကာ ပြန်လည်ဆုတ်ခွာသွားကြပြန်သည်။
ဤဖြစ်ရပ်မှာ ခနခနအကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့ပြီး ညကုန်သည့်အချိန်တွင်မူ မဟူရာတိုင်းပြမှမြင်းစစ်သည်များ လာရောက်သည်မှာ ဆယ်ကြိမ်ခန့်ပင်ရှိသွားပြီဖြစ်သည်။
၀ေလီ၀ေလင်းအချိန်သို့ ရောက်သောအခါမှ ထိုစစ်သည်များပျောက်ကွယ်သွားပြီး ထက်မံရောက်ရှိလာခြင်းမရှိတော့ပေ။ သို့သော် ဖှေးသူ၏စစ်သည်များမောပန်းနေသည်ကို မျက်နှာမြင်ရုံဖြင့်ပင်သိနိုင်၏။ သူတို့အားလုံးတစ်ညလုံးကောင်းကောင်းအနားမယူခဲ့ကြသောကြောင့်ပင်။ ပီတာမှာ သူတော်စဥ်တပ်ဖွဲ့အား အထုတ်ပိုးပြင်၍ အဆင့်သင့်ပြင်ထားရန်အတွက် ညွှန်ကြားနေသည်။ တစ်ချိန်ထဲမှာပင် ၃ကီလိုမီတာပတ်လည်တွင်ဖြစ်ပွားနေသည့် အရာများအားလုံးကို သိရှိရန်အတွက် ကင်းထောက်များစွာကို စေလွှတ်လိုက်သည်။
ချမ်းဘော့ဒ်တပ်ဖွဲ့မှာ ခရီးပြန်လည်စတင်တော့သည်။ ဖှေးအမဲရောင်ခွေးကြီး၏နောက်ကြောပြင်ပေါ်တွင် စီးနှင်းကာလိုက်ပါလာရင်း သူ၏မေးစေ့ကိုပွတ်သပ်ကာ တစ်စုံတစ်ခုကို စဥ်းစားကြည့်နေ၏။ ရှေ့သို့ခရီးဆက်သည့်တစ်လျှောက်တွင် မဟူရာတိုင်းပြည်မှ မြင်းစစ်သည်များစွာကို ထက်မံ၍တွေ့ရခြင်းမရှိပေ။ သို့သော် မဟူရာတိုင်းပြည်မှ ကင်းထောက်၁၂ယောက်ခန့်မှာ ချမ်းဘော့ဒ်တပ်ဖွဲ့အနောက် မနီးမ၀ေးနေရာမှ နောက်ယောင်ခံလိုက်ကာ တပ်ဖွဲ့၏လှုပ်ရှားမှုများကို စောင့်ကြည့်လျှက်ရှိကြသည်။ ဒရော့ဂ်ဘာ၊ ပီးရာ့စ်နှင့် တစ်ခြားဒေါသကြီးသည့် စစ်သည်တစ်ချို့မှာ စိတ်မရှည်ဖြစ်လာကြပြီဖြစ်သည်။ သူတို့၏ ပုဆိန်များကို ၀ှေ့ရမ်းကာထိုကင်းထောက်များကို သတ်ဖြတ်ပစ်လိုနေကြသည်။ သို့သော်ပီတာမှာ သူတို့အား တားဆီးလိုက်သည်။ ထိုမဟူရာတိုင်းပြည်မှလူများမှာ မကောင်းသည့်အကြံစည်များရှိသော်လည်း ချမ်းဘော့ဒ်စစ်သည်များသည် သူတို့၏နယ်မြေအတွင်းတွင်ဖြတ်သန်းကာ သွားလာနေခြင်းဖြစ်သည့်အတွက် ထိုကဲ့သို့ပြုမူခြင်းမှာ သူတို့အတွက် လုပ်ပိုင်ခွင့်ရှိသည်အရာလည်းဖြစ်သည်။ အကယ်၍ပီးရာ့စ်နှင့် ဒရော့ဒ်ဘာတို့သာ စိတ်လိုက်မန်ပါဖြင့်ပြုမူလိုက်မိပါက ထိုအကြောင်းရာအတွက် သင့်လျှော်သည့်ဖြေရှင်းချက်ရှိလိမ့်မည်မဟုတ်ပေ။ ဇီးနစ်အင်ပါယာမြို့တော်သို့သွားနေသည့်လမ်းပေါ်တွင် ပြသနာများရှုပ်ထွေးသွားနိုင်သည်။ ထို့အပြင်ဘုရင်အလတ်ဇန္ဒားမှာ ဘာမှပြောဆိုခြင်းမရှိသေးသောကြောင့်ဘုရင့်ထံတွင် တစ်ခြားသောအကြံစည်များရှိနေသေးပုံရ၏။ ထို့ကြောင့်ပီတာသည် ထိုကမူရှူးထိုးနှစ်ယောက်ကြောင့်ဘုရင့်၏ အကြံစည်များပျက်စီးသွားမည်ကို လိုလားခြင်းမရှိပေ။
မဟူရာတိုင်းပြည်မှာ အဆင့်၄အဖွဲ့၀င်နိုင်ငံတစ်ခုဖြစ်သည်။ ထို့ကြောင့်သူ၏မြေပိုင်နက်မှာလည်း ချမ်းဘော့ဒ်တိုင်းပြည်နှင့် ရေ့စ်တိုင်းပြည်တို့ထက် ပို၍ကြီးမားသည်။ ချမ်းဘော့ဒ်တပ်ဖွဲ့မှာ တစ်နေ့လုံးနီးပါးခရီးနှင်လာပြီးဖြစ်သော်လည်း မဟူရာတိုင်းပြည်နယ်နိမိတ်အပြင်သို့ မရောက်ရှိသေးပေ။
သို့သော် နေ၀င်ချိန်ရောက်ည့်အချိန်တွင် တပ်ဖွဲ့မှာ နောက်ဆုံးတွင် မြက်ခင်းလွင်ပြင်များမှထွက်ခွာလာခဲ့ပြီဖြစ်သည်။
တောင်တန်းများ တောင်ကုန်းများ၊ သစ်တောကြီးများကို အ၀ေးမှလှမ်းမြင်လိုက်ရသည့်အခါတွင်မူ ချမ်းဘော့ဒ်မှစစ်သည်များမှာ ထိန်းချုပ်၍မရအောင်ပျော်ရွှင်စွာဖြင့် အော်ဟစ်ကြတော့သည်။ တစ်ချို့စစ်သည်များမှာ သီချင်းများပင်စတင်၍ ဟစ်ကြွေားကြတော့၏။ တစ်ခါမှ ၀ေး၀ေးလှံလှံခရီးမသွားဖူးသည့်စစ်သည်များအတွက် အဆုံးမရှိသည်ဟုထင်ရသော ရွှေရောင်မြက်ခင်းပြင်ကြီးကိုကြည့်ရသည်မှာ သူတို့၏မျက်လုံးများပင်နာကြင်ခဲ့သည်။ တောင်တန်းများနှင့် မက်စောက်သောတောင်ကုန်းများမှာ သူတို့အားရင်းနှီးသည့်ခံစာချက်ကို ပေးလျှက်ရှိသောကြောင့်ပင်။
သူတို့တွေ့မြင်နေရသည့်တောင်တန်းကို နေမင်းတောင်ဟုခေါ်၏။ တောင်တန်း၏အစွန်းတစ်ဖက်မှာ မဟူရာတိုင်းပြည်၏နယ်နိမိတ်ထဲတွင် တည်ရှိကာ တောင်တန်းအစိတ်ပိုင်းများစွာမှာ တစ်ခြားအဖွဲ့၀င်နိုင်ငံများထဲတွင် ဖြတ်သန်းသွားသည်။ တောင်တန်း၏တစ်ခြားအစွန်းတစ်ဖက်မှာ အင်ပါယာမြို့တော်အတွင်းတွင်တည်ရှိ၏။ ချမ်းဘော့ဒ်တိုင်းပြည်တွင်ရှိသည့် ကြီးမားထည်၀ါမက်ဆောက်ကာ အဆုံးမရှိဟုထင်ရသည့် တောင်တန်းများနှင့်နှိုင်းယှဥ်၍မရသော်လည်း ထိုတောင်တန်းများထဲတွင် တွင်ထွက်ပစ္စည်းများအများပြားပါ၀င်သည်။ ဇီးနစ်အင်ပါယာပိုင်နက်ထဲရှိ သံသတ္တုရိုင်းအများဆုံးထွက်ရှိသည့် တောင်တန်းတစ်ခုဖြစ်သည်။ ဤသည်မှာ မဟူရာတိုင်းပြည်မှာ အင်အားကြီးပြီး အဆင့်၄အဖွဲ့၀င်နိုင်ငံအဖြစ်သို့ ရောက်ရှိနိုင်ခြင်း၏ အကြောင်းပြချက်တစ်ခုပင်။ တိုင်းပြည်ထဲတွင်တွင်းထွက်ပစ္စည်းနှင့် ငွေကြေးမှာ လုံလောက်စွာရှိသည်။ ချမ်းဘော့ဒ်တိုင်းပြည်နှင့်နှုင်းယှဥ်ကြည့်ပါက ချမ်းဘော့ဒ်သည် အလွန်ဆင်းရဲနေသေးသည်။ အကယ်၍ချမ်းဘော့ဒ်သာ စစ်ပွဲနှစ်ခုအားအနိုင်ရရှိခဲ့ခြင်းမရှိပါက စစ်သည်များကို အခြေခံလက်နက်များ ချပ်၀တ်များထောက်ပံ့ရန်ပင်ခက်ခဲနေမည်ဖြစ်သည်။
နေမင်းတောင်တန်းပေါ်တွင် အရွယ်စားမျိုးစုံရှိသော မိုင်းတွင်းများစွာရှိသည်။ တမျိုးအနေဖြင့်ထိုမိုင်းတွင်းများကို ခံတပ်အနေဖြင့်လည်းအသုံးပြုနိုင်သည်။ လမ်းတစ်လျှောက်တွင် မျှော်စင်များ အတားစီးများများစွာကိုတွေ့ရပြီး လမ်းတစ်ခုခြင်းစီတိုင်းတွင် လုံခြုံရေးများတင်းကြပ်စွာချထားသည်။ ချမ်းဘော့ဒ်တပ်ဖွဲ့တောင်တန်းနှင့်နီးလာသည်နှင့်အမျှ မဟူရာတိုင်းပြည်မှ စစ်သည်အရတွက်မှာလည်း သိသာစွာပင်တိုးများလာတော့သည်။ သို့သော်၄င်းတို့မှာ အ၀ေးမှာပင်ရှိနေကြပြီးချမ်းဘော့ဒ်တပ်ဖွဲ့၏ အနီးနားသို့ချည်းကပ်လာခြင်းမပြုကြချေ။
သို့သော်ချမ်းဘော့ဒ်တပ်ဖွဲ့သည် မြို့တော်စိန့်ပီတာစဘာ့ခ်ျသို့ အချိန်မှီရောက်ရှိလိုပါက ထိုတောင်တန်းများကို ဖြတ်ကျော်ခြင်းသည်သာ တစ်ခုတည်းသောရွေးချယ်မှုပင်။
လမ်းခရီးမှာ ရှည်လျားလွန်းလှသဖြင့်မြင်းများပင် သေလုမြောပါးပင်။ ချမ်းဘော့ဒ်တပ်ဖွဲ့လဲတောင်ခြေသို့ရောက်ရှိလာကြသည်။
ဤအချိန်သည် မှောင်စပြုနေပြီဖြစ်၏။ ဖှေးအစောင့်များတင်းကြပ်သည့် မဟူရာတိုင်းပြည်မှခံတပ်များကို လှမ်းကြည့်ရင်းတစ်စုံတစ်ခုကိုစဥ်းစားလိုက်မိသည်။ ထို့နောက်တွင် ပီတာအားကင်းထောက်များကို ပြန်လည်ခေါ်ယူရန်အတွက်အမိန့်ပေးလိုက်ပြီး ထိုခံတပ်များမှလှမ်းမြင်နိုင်သည့် တောင်ခြေတစ်နေရာတွင် စခန်းချရန်ပြင်ဆင်လိုက်သည်။
သန်းခေါင်ရန်ကျော်ပြီးသည့်နောက်တွင် မဟူရာတိုင်းပြည်မှ မြင်းစစ်သည်များထက်မံ၍ရောက်ရှိလာကြပြန်သည်။
သူတို့အားလုံးချမ်းဘော့ဒ်တပ်ဖွဲ့၏ အနီးနားသို့ ချည်းကပ်လာခြင်းမပြကြသေးပေ။ ရူးသွပ်စွာဖြင့်ရယ်မောပြီး ဒိုင်းကာများကို လက်နက်များဖြင့်ထုရိုက်ကာ ညာသံပေးလျှက်ရှိကြသည်။ အကျယ်လောင်ဆုံးဆူညံသံများပြုလုပ်နိုင်ရန်အတွက် အတက်နိုင်ဆုံးကြိုးစားနေကြပြီး တစ်ဖက်တွင် စခန်းချနေသည့် ချမ်းဘော့ဒ်စစ်သည်များကို ဒုက္ခပေးလျှက်ရှိသည်။ ထို့နောက်တွင် တစ်ဖက်တွင် လှုပ်လှုပ်ရှားရှားဖြစ်သွားသည့် ပုံရိပ်များကိုကြ့ည့်ကာ ဂုဏ်ယူစွာဖြင့်ရယ်မောကြသည်။