အခန်း (၂၀၃)
Vol. 14 Ch. 203
စစ်သည်လူငယ်မှာ ကြောရိုးများပင်စိမ့်အေးသွားသည်ကို ခံစားလိုက်ရသည်။ သူသည် အားနည်းသူတစ်ယောက်မဟုတ်ပေ။ တကယ်တန်းဆိုပါက သူသည် ကြယ်လေးလုံးအလယ်လတ်အဆင့်စစ်သည် တစ်ယောက်ဖြစ်ပြီး မဟူရာတိုင်းပြည်၏အသန်မာဆုံးမင်းသားများထဲမှတစ်ယောက်လဲဖြစ်သည်။ သို့သော် သူကိုယ်တိုင်ပင်လျှင်ထိုလူ၏ ရွေ့လျားမှုများ၊ တိုက်ခိုက်မှလာသည့်နေရာများကို သိရှိမြင်နိုင်ခြင်းမရှိပေ။ “ဒီလူရဲ့လက်သီးချက်တွေက ဘယ်လောက်တောင်မြန်ဆန်နေတာလဲ...”
သူ၏မျက်လုံးများမှာ ထိုလူ၏ရွေ့လျားမှုများကိုပြင်မြင်နိုင်ခြင်းမရှိရခြင်း၏အဓိပ္ပါယ်မှာ ထိုလူအားသူကိုယ်တိုင်တိုက်ခိုက်စေကာမူ ယှဥ်နိုင်မည်မဟုတ်ဆိုသည်ပင်။
“မင်းတို့က ဘယ်သူတွေလဲ...ငါတို့ကမဟူရာတိုင်းပြည်ကမြင်းစစ်သည်တွေဆိုတာကိုမသိဘူးလား...မင်းတို့ မဟူရာတိုင်းပြည်ကို ရန်လာစနေတာပဲကွ..ဘာထဲအကုန်သေသွားချင်လို့လား...” ခေါင်းဆောင်လူငယ်၏နှလုံးသားမှာ သူ၏အစာအိမ်ထဲသို့ပင် နစ်မြုပ်လုနီးနီးဖြစ်သွား၏။ သူသည် ဒေါသဖြစ်စွာဖြင့် သတ္တိရှိလာလို့ ရှိလာငြားမဟူရာတိုင်းပြည်၏နာမည်ကို အကြိမ်ပေါင်းများစွာအော်ဟစ်၍ ခြိမ်းခြောက်လိုက်သည်။
“ဟီးဟီး ငါတို့ကလဲမဟူရာတိုင်းပြည်က ခွေးသားတွေကိုသတ်မလို့လာခဲ့တာကွ...”
“မင်းတို့ တိုင်းပြည်ကို ဘာကြောက်ရမှာလဲ...”
အမဲရောင်ဓားကြီးကိုလွယ်ထားသည့် လူမှာ တပ်ဖွဲ့ခေါင်းဆောင်လူငယ်၏ခြိမ်းခြောက်မှုကို ဂရုမစိုက်သော်လည်း အ၀ေးမှထွက်ပေါ်လာသည့်အသံနှစ်ခုမှာ တပ်ဖွဲ့ခေါင်းဆောက်အော်ဟစ်သည်ကို ပြန်လည်ကာ တုန့်ပြန်လိုက်သည်။ ၂မီတာခန့်ကြီးမားသည့် ပုဆိန်ကြီးများနှင့် လူတစ်ရပ်မျှရှည်လျားသည့်ဒိုင်းကာကြီးများကို ကိုင်ဆောင်ထားသည့် လူသန်ကြီးနှစ်ယောက်ပြေး၀င်လာသည့်အချိန်တွင် မြင်းစစ်သည်များ၏ နာကြဥ်စွာအော်ဟစ်သံများဖြင့် ပြည့်နှက်သွားတော့သည်။ ထိုလူသန်ကြီးနှစ်ယောက်မှာ လူသားဒိုင်နိုဆောများကဲ့သို့ပင်။ ခွန်အားမှာ အလွန်ကြီးမားလှသဖြင့် သူတိုပြေး၀င်လာသည့် လမ်းတစ်လျှောက်တွင်ရှိသော စစ်သည်များမှာ စီးနှင်းနေသည့် မြင်းများနှင့်အတူ စာခြောက်ရုပ်များကဲ့သို့လွင့်ထွက်ကုန်တော့သည်။ “မင်းတို့ကောင်တွေပဲ....”
ရန်သူများ၏သရုပ်မှန်ကို သိလိုက်ရသည်နှင့်အတူ တပ်ဖွဲ့ခေါင်းဆောင်လူငယ်၏ မျက်လုံးများမှာလည်းကျဥ်းမြောင်းသွားတော့၏။ ထိုလူသန်ကြီးနှစ်ယောက်မှာ ချမ်းဘော့ဒ်တိုင်းပြည်၏ ရွှေရောင်သူတော်စဥ်နှစ်ယောက်ဖြစ်သည့် ရွှေရောင်တောရပ်စ်နှင့် ရွှေရောင်ကပ်ပရီကွန်းတို့ ဖြစ်ကြသည်။
ကောလဟာလများအရ ထိုလူနှစ်ယောက်မှာ အလွန်သန်မာပြီး၊ အလွန်ရက်စက်ကြမ်းကြုတ်သည့် လူများဖြစ်ကြသည်။ အလွန်ကြီးမား သောပုဆိန်ကြီးများကို အသုံးပြ၍ရန်သူများ၏ ခေါင်းများကိုထုခြေရန်သော်လည်းကောင်း၊ အသားများကိုနုတ်နုတ်ဆင်းပစ်ရန်သော်လည်းကောင်းနှစ်သက်ကြသူများဖြစ်ကြသည်။ သူတို့နှစ်ယောက်လုံးတွင် ထူးခြားသည့်သိုင်းပညာများကို ပိုင်ဆိုင်ထားသည်ဟုလည်းပြောကြသည်။ တောရပ်စ်သူတော်စဥ်စဲယမှာ သူ၏ဦးခေါင်းကိုအသုံးပြု၍တောင်များကိုပင် ဖောက်ထွင်းနိုင်သည်၊ ကပ်ပရီကွန်းသူတော်စဥ်စဲယ၏ လက်ဖ၀ါးနှစ်ဖက်မှာ နတ်ဘုရားအဆင့် လက်နက်များကဲ့သို့ပင် ချွန်ထက်သည်ဟုဆိုကြသည်။ မဟူရာတိုင်းပြည်၏ထောက်လှမ်းရေးအဖွဲ့မှ ပေးပို့ထားသောသတင်းအချက်လက်များအရ ထိုလူနှစ်ယောက်အား အလွန်အန္တရာယ်များသော် လူနှစ်ယောက်အဖြစ်သတ်မှတ်ထားသည်။ လူငယ်စစ်သည်မှ ထိုလူနှစ်ယောက်လုံးအား ယခုညတွင်မြင်နိုင်လိမ့်မည်ဟုမမျှော်လင့်ထားပေ။
ထိုသားရဲနှစ်ယောက်မှာ သူ့ထံသို့ရပ်တံ့နိုင်ခြင်းမရှိပဲ တဟုန်ထိုးချီတပ်လာသည်ကို ကိုယ်တိုင်မြင်ရသည့်အချိန်မှ သတင်းအချက်များ၏ တိကျမှန်ကန်မှုကို သိလိုက်ရတော့သည်။ သူ၏စိတ်ထဲတွင် ကျန်နေဆဲဖြစ်သည့် တော်၀င်ပုဂ္ဂိုလ်တို့၏ မာနထောင်လွှားမှုတို့နှင့် တစ်ဖက်လူအပေါ်တွင် အထင်မြင်သေးမှုတို့မှာ ချက်ချင်းပင်ပျောက်ကွယ်သွားတော့သည်။ သူမြင်းကိုတစ်ဖက်သို့အမြန်လှည့်ကာ ထွက်ပြေးမည်ရန်ကြံလိုက်သည်။ သို့သော်ထိုလူနှစ်ယောက်မှာ သူ့အားပစ်မှတ်ထားလိုက်ပြီဖြစ်ပြီးသူ့နောက်မှ တဟုန်ထိုးလိုက်ပါလာကြသည်။
“မင်းငါတို့ကို ကောင်းကောင်းမအိပ်ရအောင်လာရှုပ်နေခဲ့တဲ့ကောင်ပဲ..သေစမ်းကွာ...” ပီးရာ့စ်အော်လိုက်သည်။
“မင်းအဖေစိတ်ဆိုးသွားပြီကွ..အကျိုးဆက်တွေကတော့ဆိုး၀ါးလိမ့်မယ်...” ဒရော့ဂ်ဘာမှာ ရယ်မောလိုက်သည်။
ထိုလူသန်ကြီးနှစ်ယောက်မှာ ပင်လယ်လှိုင်းလုံးကြီးများကိုနှစ်ခြမ်းခွဲလိုက်သည့် ရက်စက်ကြမ်းကြုတ်သည့် ငါးမန်းကြီးများကဲ့သို့ပင်။ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ဖြင့် မြင်းစစ်သည်များကို နှစ်ခြမ်းခွဲကာ တပ်ဖွဲ့ခေါင်းဆောင်လူငယ်၏ အရှေ့သို့ချက်ချင်းပင်ရောက်ရှိလာတော့သည်။ ကြီးမားသည့် ပုဆိန်ကြီးနှစ်လက်သည် လူငယ်စစ်သည်၏မျက်နှာပေါ်သို့ ကျရောက်လာတော့သည်။ လူငယ်စစ်သည်မှာ သူ၏ဓားကိုအမြန်ဆွဲထုတ်ပြီး ခုတ်ပိုင်းလာသော်ပုဆိန်ချက်ကို ကာလိုက်နိုင်ရုံသာတတ်နိုင်လိုက်သည်။ စွမ်းအားမြင့်စွမ်းအင်မီးတောက်များမှာ သူ၏ခန္ဓာကိုယ်နှင့်ဓားတို့ကို လွှမ်းခြုံသွားသော်လည်း ဓားရှည်မှာ စက္ကန့်အနည်းငယ်သာ ခံနိုင်လိုက်ပြီး ကျိုးပဲ့ကာကြေမွသွားတော့သည်။ သနားစရာကောင်းသည့် တပ်ဖွဲ့ခေါင်းဆောင်လူငယ်မှာ အော်ဟစ်ခြင်းပင်မပြုလုပ်ရသေးခင်မှာပင် ပုဆိန်ချက်တစ်ခုကြောင့် ခါးလည်မှနှစ်ပိုင်ပြတ်သွားတော့သည်။ တစ်ခြားပုဆိန်ချက်တစ်ခုမှာ ခေါင်းဆောင်လူငယ်စီးနှင်းနေသောမြင်းအား အသားစများဖြစ်အောင်ပြလုပ်လိုက်တော့သည်။
လူငယ်ခေါင်းဆောင်၏ ခန္ဂာကိုယ်အပေါ်ပိုင်းမှာ ကြီးမားလှသည့်အရှိန်ကြောင့် ကောင်းကင်ပေါ်သို့လွင့်ထွက်သွားတော့သည်။ အသက်အနည်ငယ်ကျန်ရှိနေသေးသော်လည် ပါးစပ်ဟကာ အသံကုန်ခြစ်၍ အော်ဟစ်လိုသော်လည်း သူ၏အသံကားထွက်ပေါ်မလာတော့ပေ။ သူ၏စိတ်ဓာတ်များလဲပြိုကျသွားသည့် အကြောင်းရင်းမှာ သူ၏မျက်လုံးများထဲတွင် တစ်ဖက်တွင် နဖူးတွင်အမာရွတ်တစ်ခုရှိသော ခပ်၀၀လူကြီးတစ်ယောက်သည် သူ၏စစ်သည်များအားသတ်ဖြတ်နေသည်ကို မြင်လိုက်ရခြင်းပင်။ သူသွားသည့် နေရာတိုင်းတွင် မဟူရာတိုင်းပြည်မှ စစ်သည်များသည် အသားစများသွေးများအဖြစ်သို့ ပြောင်းလဲသွားခြင်းပင်။ လက်ထဲတွင်ကြီးမားသည့် ပုဆိန်ကြီးကိုင်တွယ်ထားသည့် ခပ်၀၀လူကြီးအားမည်သူမျှပင် မခုခံနိုင်ကြချေ။ သူရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်သည့်အချိန်တွင် သူ၏ခန္ဂကိုယ်ရှိအဆီများမှာ တရိပ်ရိပ်လှုပ်ခါသွားမည်ဖြစ်သည်။ သို့သော် သူ၏လှုပ်ရှားမှုများမှာ သာမန်လူများထက်ပင် ပို၍လျှင်မြန်သည်။
တစ်ချိန်ထဲမှာပင် ပေါ့ပါးသောချပ်၀တ်နှင့် အနီရင့်ရောင်၀တ်ရုံ၀တ်ဆင်ထားသည့် ပိန်ရှည်ရှည်လူတစ်ယောက်လဲထက်မံရောက်ရှိလာသည်။ သူ၏လက်ထဲတွင်ရှိနေသည့် ဓားမှာ အလွန်တောက်ပသဖြင့် သန်းခေါင်ရံကြယ်ပွင့်များနှင့်ပင် နှိုင်းယှဥ်နိုင်သည်။ ကြယ်အလင်းရောင်များကဲ့သို့ပင် မဟူရာစစ်သည်များထံသို့ကွေးညွတ်သွားသည်။ အနုပညာရှင်တစ်ယောက်ကဲ့သို့ပင် ဓားမှာ ပေါ့ပါးးကာမြန်ဆန်သည်။ ရက်စက်ကာကြမ်းကြုတ်သည်။ သူသွားသည့် နေရာတိုင်းတွင် သေခြင်တရားသည် ကပ်လျှက်လိုက်ပါလာသည်။
ဘယ်ကရောက်ရှိလာမှန်းမသိသည့် ဆရာများသည် မဟူရာမြင်းစစ်သည်များအား အမဲဖြတ်လျှက်ရှိသည်။
ခေါင်းဆောင်လူငယ်၏ ခန္ဓာကိုယ်အပေါ်ပိုင်းမြေပေါ်သို့ ပြန်လည်ကျရောက်သည့်အချိန်တွင် နောက်ဆုံးမြင်လိုက်ရသည့်မြင်ကွင်းမှာ ကျန်ရှိနေသေးသည့် မဟူရာမြင်းစစ်သည်များသည် အစိမ်းရောင်နှင့်ခရမ်းရောင်ဓားနှစ်လက် လက်ချက်ဖြင့် မြင်းများနှင့်အတူ ၆ပိုင်းပိုင်းဖြတ်ခါ သတ်ဖြတ်ခြင်းခံနေရခြင်းပင်။ မဟူရာတိုင်းပြည်မှ စစ်သည်၂၀၀ကျော်မှာ စက္ကန့်အနည်းငယ်အတွင်းမှာပင် အကုန်သေဆုံးသွားကြတော့သည်။
သေဆုံးသည့်အချိန်ထိပင် လူငယ်ခေါင်းဆောင်မှာ သူမြင်ရသည့်အရာများကို ယုံနိုင်ခြင်းမရှိသေးပေ။
သူတိုက်ခိုက်သည့်လူများ၏ မျက်နှာကိုမှတ်မိသည်။ ထိုလူများအားလုံးမှာ ချမ်းဘော့ဒ်မှလူများနှင့် ဆရာများဖြစ်ကြသည်။ ချမ်းဘော့ဒ်ဘုရင်ကိုယ်တိုင်ပင် ပါ၀င်နေသည်။
“ချမ်းဘော့ဒ်ဘုရင်ကိုယ်တိုင်က မဟူရာတိုင်းပြည်ပိုင်နက်မှာ မဟူရာတိုင်းပြည်ကစစ်သည်တွေကို သတ်ဖြတ်ရဲတာလား....”